← Chapters

နောက်ဆုံးတာ၀န်

Vol. 4 Ch. 35

နောက်ဆုံးတာ၀န်

Vol. 4 Ch. 35

အခန်း (၃၅)

နောက်ဆုံးတာဝန်

လပ်တစ်ယောက် S2 အဆင့်သို့ ရောက်ရှိသွားလေပြီ။ ဆယ်မိနစ်ကြာ ခြေနင်းလွန်းပျံဖြင့် ပျံသန်းပြီးနောက် လပ် ယာဉ်ပျံရှိရာသို့ ပြန်ရောက်လာခဲ့လေသည်။

“ တီ တီ ” ယာဉ်ပျံတံခါးကို ဖွင့်လိုက်ပြီး လပ် ယာဉ်ပျံထဲသို့ ဝင်လိုက်သည်။ အသေးလေး၏အသံ ထွက် ပေါ်လာလေသည်။

“ S2 အဆင့်ကို ရောက်ရှိသွားလို့ ဝမ်းသာဂုဏ်ယူပါတယ်ဆရာ ”

“ အေးကွာ ငါ ကံကောင်းသွားတယ် ”

“ အသေးလေး ငါ့ကို အားဖြည့်အချိုရည်လေး တစ်ခွက်လောက် ပေးစမ်းပါ ” လပ် ပြောလိုက်သည်။

“ ဟုတ်ကဲ့ဆရာ ခဏလောက်စောင့်ပါ ”

မကြာမီ အသေးလေးမှာ လင်ပန်းတစ်ချပ်ပေါ်တွင် အနီရောင်အသီးဖျော်ရည်တစ်ခွက်ကို သယ်ယူလာပြီး လပ်အား ပေးလေသည်။

“ အား အရသာရှိလိုက်တာ ”

အသေးလေးက အမြန်ပြောလိုက်သည်။

“ ဆရာ ဒီဖျော်ရည်က အော်ဂဲနစ်အသီးဖျော်ရည်ပါ၊ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး လန်းဆန်းစေတယ် ဟဲ ဟဲ ဟဲ တစ်ခွက်ကို UM လေးရာ ပေးရပါတယ် ”

လပ်တစ်ယောက် A.I အသေးလေးကို မျက်စောင်းထိုးပြီး ကြည့်လိုက်သည်။

ဆယ်မိနစ်ခန့် အနားယူပြီးနောက် လပ်တစ်ယောက် မောပန်းမှုပြေပျောက်သွားသကဲ့သို့ စွမ်းအားများ လွန်ကဲမှုကို ထိန်းသိမ်းနိုင်သွားလေသည်။

A.I အသေးလေး၏ စကားသံ ထွက်လာသည်။

“ ဆရာ ကျနော်တို့ အခု ဘာဆက်လုပ်ရမလဲ ”

လပ်က အမိန့်ပေးလိုက်သည်။

“ အေး ယာဉ်ပျံ ဘယ်လောက်ပျက်စီးသွားသလဲ စစ်ဆေးလိုက်၊ ပြီးရင် ရေခဲဂြိုလ်ရဲ့ မြို့တော်ဖြစ်တဲ့ နှင်းခဲမြို့ကို ရောက်အောင် မောင်းကြတာပေါ့ ”

“ ဟုတ်ကဲ့ဆရာ ”

အသေးလေးမှာ လေချွန်၍ ထွက်သွားလေသည်။ လပ်တစ်ယောက် သက်ပြင်းချရင်း ရေရွတ်လိုက်သည်။

“ အင်း နောက်ဆုံးတာဝန်တစ်ခုပဲ ကျန်တော့တယ်၊ ပြီးဆုံးအောင်တော့ ရှာရမှာပဲ ”

အပြိုင်စကြာဝဠာကြီးထဲတွင် ဂြိုလ်သားမျိုးနွယ်စုအမျိုးမျိုးနှင့် သတ္တဝါအမျိုးမျိုး များပြားစွာ ရှိနေသောကြောင့် ရှောင်ပုန်းနေသောသူတစ်ဦးကို ရှာဖွေရန်မှာ လွန်စွာခဲယဉ်းလှပေသည်။

နည်းပညာများ ထွန်းကားသဖြင့် လူတစ်ဦးကို ရှာဖွေရန် လွယ်ကူသော်လည်း စာရင်းသွင်းမထားသောသူများမှာ လူဆိုးစာရင်းများဖြစ်သော ကြောင့် စနစ်များဖြင့် ရှာရန် မလွယ်ကူတော့ပေ။

“ ဝှစ် ”

လပ်တို့၏ ယာဉ်ပျံသည် ရေခဲဂြိုလ်၏မြို့တော် နှင်းခဲမြို့ကို ဖြတ်သန်းဝင်ရောက်လာခဲ့လေပြီ။ တစ်မြို့လုံး နှင်းခဲများဖြင့် ပြည့်နှက်နေပြီး အဆောက်အဦးများမှာ အထပ်ငါးဆယ်ထက် ပိုမမြင့်ဘဲ အပူပေးစနစ်ဖြင့် တစ်မြို့လုံးကို နွေးထွေးစေရန် ပြုလုပ်ထားလေသည်။ အကာအကွယ်အစီအရင်များကလည်း တစ်မြို့လုံးကို ဖြန့်ကျက်ထားလေသည်။

လပ်တို့ယာဉ်ပျံသည်လည်း ယာဉ်ပျံကွင်းအတွင်းသို့ ဆင်းသက်လိုက်လေသည်။

“ ဝှီး ဝှစ် ”

S4 ယာဉ်ပျံတစ်စီး ဆင်းသက်လာသောကြောင့် ပတ်ဝန်းကျင်မှ လူအများကလည်း စိတ်ဝင်တစားဖြင့် ကြည့်ရှု နေကြလေသည်။

ယာဉ်ပျံဆင်းသက်ပြီးနောက် လပ်နှင့်အသေးလေးတို့ ယာဉ်ပျံအတွင်းမှ ထွက်လာကြလေ သည်။ ဌာနချုပ်၏သတင်းပေးမှုကြောင့် ရေခဲဂြိုလ်မှ တာဝန်ရှိသူနှစ်ဦး လပ်တို့ကို လာရောက်ကြိုဆိုကြလေ သည်။ အနောက်တိုင်းဝတ်စုံကို သပ်ရပ်စွာဝတ်ဆင်ကာ မျက်မှန်အမည်းများ တပ်ထားသောလူနှစ်ဦး လပ်တို့ဆီ ရောက်လာလေသည်။

“ ဟယ်လို မင်္ဂလာပါ ကျနော်တို့က ရေခဲဂြိုလ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ကပါဆရာ ”

လပ်လည်း နှုတ်ဆက်လာသူ လူနှစ်ဦးကို ကြည့်လိုက်ရာ ဗလတောင့်တောင့်နှင့်ဖြစ်ပြီး ကာယ လေ့ကျင့်ခန်းကို အပြင်းအထန်လေ့ကျင့်ထားသူတွေမှန်း သိသာလှပေသည်။ လပ်ကလည်း အမြန် ပြန်နှုတ်ဆက်လိုက်သည်။

“ မင်္ဂလာပါ ကျနော်က လပ်ပါ တာဝန်အရ လူလာရှာတာပါ ”

“ ဟုတ်ကဲ့ဆရာ ကျနော်တို့ သံသယရှိသူကိုတော့ တွေ့ထားပါပြီ ”

“ ဒီကနေ တစ်မိုင်လောက်ဝေးတဲ့ QR အဆောက်အအုံမှာပါဆရာ ”

လူထွားကြီးနှစ်ဦးက အမြန်ပြော လိုက်လေသည်။

“ အိုကေ အဲဒီကို အမြန်ဆုံး သွားကြတာပေါ့ ”

“ ဝှစ် ”

ခြောက်ယောက်စီး ယာဉ်ပျံတစ်စီး လပ်တို့ရှေ့သို့ ရောက်လာလေသည်။ ယာဉ်ပျံမှာ အမိုးဖွင့်ထားသည့်ပုံစံ ဖြစ်လေသည်။ လပ်က ရှေ့မှတက်လိုက်ပြီး အသေးလေးကတော့ လပ်၏ပုခုံးပေါ်တွင် ထိုင်၍ ပတ်ဝန်းကျင်ကို စူး စမ်းလေ့လာနေသည်။ ထို့နောက် အသေးလေးက ပြောလိုက်သည်။

“ [ တီ ] ဆရာ ဒီဂြိုလ်ရဲ့ စွမ်းအားက လူတော်တော်များများကို မျိုးမပွားနိုင်အောင် ဖြစ်စေတယ်ဆရာ ”

“ ဆရာသာ ဒီဂြိုလ်မှာ လေးနှစ်လောက် ဆက်တိုက် နေမိလို့ကတော့ မျိုးမအောင်တော့ဘူးဆရာ ”

လပ်တစ်ယောက် နောက်တွင်ထိုင်နေသော လူထွားကြီးနှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး အားနာသွားလေ သည်။

“ လခွမ်း အသေးလေး မင်းပါးစပ် ပိတ်လိုက်တော့ ငါသိပြီးသား မင်း ဆက်မပြောနဲ့တော့ ”

“ တီ တီ ” မကြာမီ QR အဆောက်အအုံရှေ့သို့ ရောက်လာလေသည်။ လပ်က မဆင်းမီ လူထွားကြီးနှစ်ဦးကို အမိန့်ပေးလိုက်သည်။

“ မင်းတို့နှစ်ယောက် အဖွဲ့ဝင်တွေကို ထွက်ပေါက်တွေအားလုံးကို ပိတ်ထားခိုင်းလိုက် ”

“ ငါမပြောဘဲနဲ့ ဘာမှ စပြီးမလုပ်နဲ့၊ ဘယ်သူမှ မထိခိုက်စေနဲ့”

“ ဟုတ်ကဲ့ဆရာ ”

လူထွားကြီးနှစ်ဦးမှာ အမြန်ပြေးထွက်သွားလေသည်။ လပ်မှာ အသေးလေးကို ကြည့်ပြီး ပြောလိုက်သည်။

“ ဒီအဆောက်အအုံရဲ့ အမှိုက်ပစ်တဲ့နေရာကို တည်နေရာရှာပြီး လမ်းပြပေး ”

“ ဟုတ်ကဲ့ဆရာ ကျနော်ပြောတဲ့အတိုင်းသာ လိုက်ခဲ့ပါ ”

ဆယ်မိနစ်ခန့် အေးအေးလူလူလမ်းလျှောက်သွားပြီးနောက် အဆောက်အဦး၏ ချောင်ကျသော အမှိုက်ပုံးများ ထားရှိရာဘက်ကို လပ် ရောက်လာခဲ့လေသည်။ လပ်တစ်ယောက် လက်တွင်ပတ်ထားသော သိုလှောင်ကွင်း၏ အချိန်ပြမှုကို ကြည့်လိုက်ပြီး “ အင်း နောက်သုံးမိနစ်လောက်ဆိုရင် လာတော့မယ် ” ဟု ရေရွတ်လိုက်လေသည်။

မကြာမီ သန့်ရှင်းရေးဝန်ထမ်းဝတ်စုံ ဝတ်ဆင်ထားသော အသက်ငါးဆယ်အရွယ် အမျိုးသမီးတစ်ဦး ရောက်ရှိလာလေသည်။ သူ၏လက်ထဲတွင် အမှိုက်အိတ်နှစ်ခုကို ကိုင်ဆောင်ထားပြီး မျက်နှာမှာလည်း တရုတ် မိန်းမအိုကြီးများ၏ မျက်နှာပေါက်မျိုး ဖြစ်လေသည်။

“ ဂျလပ် ဂျလပ် ” ထိုအမျိုးသမီးမှာ အမှိုက်အိတ်များကို ပုံးထဲသို့ ထည့်လိုက်ပြီး လပ်ကို ဦးညွှတ်၍ နှုတ်ဆက်လိုက်လေသည်။

“ ဝှစ် ” လပ်၏ လက်တစ်ဖက်မှာ လှုပ်ရှားသွားလေသည်။ လေးထောင့် လေဆာကွင်းတစ်ခုက ထိုအမျိုး သမီးအား ဝိုင်းပတ်သွားပြီး လှုပ်မရအောင် ချုပ်နှောင်ထားလေသည်။

“ ဆရာ ဘာလုပ်တာလဲ ကျမ ဘာများလုပ်မိလို့လဲ ”

အမျိုးသမီးကြီးမှာ မျက်ရည်များ ကျဆင်းလာပြီး သနားစဖွယ်အမူအရာဖြင့် လပ်ကို မေးလိုက်သည်။ လပ်က ချောင်းတစ်ချက်ဟန့်ကာ

“ အဟမ်း အသေးလေးရေ ဒီမိန်းမမျက်နှာလေးကို ကြည့်ရအောင် ” ဟု ပြောလိုက်လေသည်။

“ ဟုတ်ကဲ့ဆရာ ”

အသေးလေး၏ ခန္ဓာကိုယ်သေးသေးလေးမှာ ထိုအမျိုးသမီး၏ပုခုံးပေါ်သို့ ရုတ်တရက် ခုန်တက်သွားလေသည်။

“ ဝှစ် ဝှစ် ”

ထို့နောက် သူ၏လက်သေးသေးလေးဖြင့် ထိုအမျိုးသမီးကြီး၏ လည်ပင်းနားမှ အရွတ်ကို ဆွဲကိုင်ကာ ဦးခေါင်းကို အပေါ်သို့ ဆွဲလှန်လိုက်လေသည်။

“ အား ” အမျိုးသမီးကြီးမှာ ရုတ်တရက်ဖြစ်သွားသောကြောင့် လှုပ်ရှားချိန်ပင် မရလိုက်ပေ။

“ စွပ် ပလွတ် ”

အသေးလေး၏လက်ထဲတွင် သားရေလူမျက်နှာဖုံးတစ်ခု ပါလာလေသည်။ ရုတ်တရက် ထိုအမျိုးသမီးကြီးမှာ အသက်သုံးဆယ်အရွယ် ကြည့်ကောင်းသော ပင်ကိုယ်ရုပ်ရည်ထွက်ပေါ်လာပြီး ၎င်း၏မျက်နှာမှာလည်း ကြောက်ရွံ့သည့် ဟန်ပန်အမူအယာများ ဖြစ်ပေါ်နေသည်ကို တွေ့ရပြီး ထိုအမျိုးသမီး၏ နားရွက်နှစ်ဖက် သည်လည်း ချွန်ထွက်နေသည်ကို တွေ့ရလေတော့သည်။

“ အိုး မင်္ဂလာပါ အန်တီ၀ေ တွေ့ရတာ ဝမ်းသာပါတယ် ”

“ ကျနော်က လပ်ပါ ” လပ်က အသေးလေးဘက်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ အသေးလေး စစ်ကြည့်လိုက်ပါဦး ”

“ ဟုတ်ကဲ့ဆရာ ”

အသေးလေး၏လက်အတွင်းမှ အနီရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ထိုအမျိုးသမီး၏ ဦးခေါင်းမှ ခြေထောက်အထိ စကန်ဖတ်လေတော့သည်။

“ တီ တီ တင်ပြပါတယ်ဆရာ ကျွန်တော်တို့ အလိုရှိနေတဲ့ ဝေ၀ေပါပဲဆရာ ”

“ သူ့မှာ နာမည်ခြောက်မျိုးရှိပြီး ကမ္ဘာပေါင်းများစွာမှာ လုပ်ငန်းအရောင်ပြပြီး လိမ်လည်ခဲ့သူပါပဲ ”

လပ်က ဝေ၀ေအား တစ်ချက်ကြည့်လိုက်ပြီး ယခုကဲ့သို့ ပြောလိုက်သည်။

“ မင်းကို ဖမ်းလိုက်ပြီ မင်းက ရုပ်ဖျက်ပညာတော့ အတော့်ကိုကောင်းပါတယ် ဒါပေမယ့် လာဗင်ဒါရေမွှေး အနံ့ကိုသုံးတာနဲ့ ပုခုံးတွန့်တာကိုတော့ မပြောင်းနိုင်ဘူးပဲ

အင်းလေ လူတွေရဲ့ တချို့အမူအကျင့်တွေက ဖျက်လို့မရဘူးကိုး ”

ဆက်ရန်

All Chapters