အနာဂတ်ဟောပြောသူ
Vol. 4 Ch. 36
အခန်း (၃၆)
အနာဂတ်ဟောပြောသူ
လပ်က အေးဆေးစွာ ပြောလိုက်လေသည်။
“ မဒမ်၀ေ ကို ဖမ်းလိုက်ပါပြီ နှစ်ပေါင်းများစွာ လိမ်လည်မှုတွေအတွက် ပြစ်ဒဏ်ကို ရုံးချုပ်က စီရင်မှာပါ ”
“ အခုတော့ ဒီရေခဲဂြိုလ်ရဲ့ အချုပ်ခန်းထဲမှာ ခဏ အနားယူပါအုံး ”
“ မလုပ်ပါနဲ့ဆရာ ကျမမှာ သားသမီးတွေ ရှိပါတယ် ”
ထိုဝေ၀ေဆိုသော အမျိုးသမီးက တောင်းပန်လေသည်။
“ အသက်မသေသေးပါဘူးခင်ဗျာ ကြိုးစားပါ ဒါကတော့ ခင်ဗျားလုပ်ခဲ့တဲ့အရာတွေအတွက် ခင်ဗျားပြန်ခံ ရတာပဲလေ ”
လပ်လည်း တတ်နိုင်သမျှ အားပေးစကား ပြောလိုက်လေသည်။
မကြာမီ လပ်၏ လူထွားကြီးနှစ်ဦးရောက်ရှိလာပြီး ထိုအမျိုးသမီးမား တင်းကြပ်စွာ ချုပ်နှောင်၍ ဆွဲခေါ်သွားကြ လေသည်။
“ ဟူး ” လပ်တစ်ယောက် သက်ပြင်းရှည်ကြီးချလိုက်ပြီး ရေရွတ်လိုက်သည်။
“ ဟူး ငါ့ရဲ့ နောက်ဆုံးတာဝန်ကတော့ အခုပဲ ပြီးသွားပြီ ”
“ ဟား ဟား ဟား စိမ်းပြာဂြိုလ်ကို ပြန်ပြီး အေးဆေးအနားယူရတော့မယ်ကွ ဟား ဟား ဟား ”
လပ်တစ်ယောက် ပျော်ရွှင်စွာ အော်ဟစ်နေစဉ်တွင် ရုတ်တရက် ဖုန်းဝင်လာလေသည်။
“ တီ တီ သင့်ကို နိုရာက ဖုန်းခေါ်နေပါတယ် ဖုန်းကိုင်မလား ငြင်းဆိုမလား ”
လပ် အမြန်ပြောလိုက်သည်။ “ ကိုင်မယ် ”
နိုရာ၏အသံလေး ထွက်ပေါ်လာလေသည်။
“ တီ တီ ဟယ်လို လပ်လား အခု ဘယ်ရောက်နေတာလဲ ”
“ ဟေး နိုရာ ငါ အခု ရေခဲဂြိုလ်ပေါ်မှာ ”
“ အေးနော် နင်က ဘာလို့ ဗီဒီယိုCall မဖွင့်တာလဲ ဘာတွေလုပ်နေတာလဲ ” နိုရာက ဆွဲငင်သံလေးနှင့် ပြောလိုက်သည်။
လပ်က “ ဟဲ ဟဲ ဟဲ ဒီနေ့မှပဲ ဌာနချုပ်က တာဝန်တစ်ခု ပြီးသွားတာ မကြာသေးဘူး စိမ်းပြာဂြိုလ်ကို ပြန်လာတော့မှာ ”
“ အေး ဒီမှာ ပွဲတော်ဖြစ်နေတယ် နိုင်ငံတကာက အဆိုတော်တွေလည်း ရောက်နေကြတယ် နင့်ကို သတိရလို့ ငါ ခေါ်လိုက်တာ ”
“ အေးဟေ့ ငါလည်း နောက်ငါးရက်လောက်ဆို ပြန်ရောက်မှာပါဟ ”
“ အယ် ဒါနဲ့ နင် ရောက်နေတာ ရေခဲဂြိုလ်မဟုတ်လား ”
“ ဟုတ်တယ်လေ ”
“ အဲ့ဒါဆိုရင် အဲဒီမှာ အနာဂတ်ကြည့်သူတစ်ယောက်ရှိတယ်လို့ ကြားဖူးတယ် နင့်ရဲ့ အနာဂတ်ကို မေးကြည့်လိုက်ပါလား ”
“ ဘယ်လို ငါ့ရဲ့ အနာဂတ် ဟုတ်လား အိုး ဗေဒင်တွေလား ငါ စိတ်မဝင်စားဘူး ” လပ် အမြန်ပြောလိုက် သည်။
“ မဟုတ်ဘူး နင့်သွေးစက်ကို ကြည့်ပြီး ဟောပြောတာ နင် သွားကြည့်သင့်တယ် ”
“ ကမ္ဘာအရပ်ရပ်က နာမည်ကြီး မင်းသမီးတွေ စီးပွားရေးသမားတွေတောင် အဲဒီကို သွားမေးကြတာ ” နိုရာ၏ ထပ်တလဲလဲ တိုက်တွန်းမှုကြောင့် လပ်တစ်ယောက် နောက်ဆုံး ခေါင်းညိတ်လိုက်ရလေသည်။
“ အေးပါ ငါသွားကြည့်လိုက်ပါ့မယ် ”
နောက်ဆုံးဖုန်းပြောပြီးခါနီးတွင် နိုရာတစ်ယောက် လပ်အား ယခုကဲ့သို့ ပြောလိုက်လေသည်။
“ ဟေး လပ် နင့်ကို ဗီဒီယိုCall ငါမဖွင့်တာ သိချင်လား ”
“ ငါအခု တစ်ကိုယ်လုံးချွတ်ပြီး ဆေးရည်စိမ်နေတယ်လေ ဟိ ဟိ ဒါပဲ ကလောက် ”
“ အမ် ဒီကောင်မလေးတော့ ငါ့ကို ရန်စသွားပြန်ပီ ဟဲ ဟဲ ဟဲ ဘာပဲဖြစ်ဖြစ် ငါစိတ်ချမ်းသာတယ် ”
ညနေငါးနာရီလောက်တွင် လပ်၏ကိစ္စရပ်များ ရှင်းလင်းသွားပြီဖြစ်သည်။
အသေးလေးကို ခေါ်၍ မြို့တောင်ဘက်ရှိ ရပ်ကွက်တစ်ခုသို့ ထွက်လာခဲ့လေသည်။ ဆင်ခြေဖုန်းရပ်ကွက်တစ်ခုအတွင်းတွင် သုံးထပ် အဆောက်အအုံတစ်ခုလည်း တည်ရှိလေသည်။
ထိုအဆောက်အအုံမှာ အခန်းများစွာဖြင့် ဖွဲ့စည်းထား တည်ဆောက်ထားပြီး ရှေးဟောင်းအငွေ့အသက်များစွာ ကိန်းအောင်းနေလေသည်။
လပ်၏ရှေ့တွင် လူခြောက်ယောက်ရှိလေသည်။ အားလုံးမှာ သက်ကြီးပိုင်းများဖြစ်ကြလေသည်။
မကြာခင် လပ်အလှည့်သို့ ရောက်လာလေသည်။ အခန်းအတွင်း လပ်ဝင်ရောက်လိုက်သောအခါ နဂါးနှင့်ဇာမဏီ ပုံကို ထွင်းထုထားသော ကျွန်းကုလားထိုင်ပေါ်တွင် အသက်ငါးဆယ်ခန့်အရွယ်ရှိသော တစ်ခေါင်းလုံး ဆံပင်များ ဖြူဖွေးနေသော အမျိုးသမီးကြီးတစ်ဦး ထိုင်နေသည်ကို တွေ့ရလေသည်။
ထိုအမျိုးသမီးကြီး၏ရုပ်ရည်မှာ လွန်စွာကျက်သရေ ရှိလှပေသည်။ မျက်လုံးအစုံမှာလည်း စူးရှတောက်ပ နေသည်။ လပ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ယခုကဲ့သို့ ပြောလိုက်လေသည်။
“ ရှေ့က ဖန်လုံးပေါ်ကို သွေးတစ်စက်ချလိုက် ”
လပ်က အမြန်ပဲ ထိုအမျိုးသမီးကြီးပြောတဲ့အတိုင်း သွေးတစ်စက် ချလိုက်သည်။ ဖန်လုံးအတွင်း မီးခိုးရောင်အခိုး အငွေ့များ ဖြစ်ပေါ်လာလေသည်။ အမျိုးသမီးကြီးက ပြုံး၍ လပ်ကို ပြောလိုက်သည်။
“ အိုး ကောင်လေး မင်းက ထူးဆန်းတဲ့ကောင်လေးပဲ ထူးဆန်းတဲ့သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ် စကြာဝဠာကြီးမှာ ကျော်ကြားတဲ့သူတစ်ယောက်ဖြစ်လာမယ် မင်း မိန်းမတွေကို မယုံနဲ့ မင်းရဲ့အနာဂတ်က ”
ပြောနေရင်းမှာပင်
“ အား ” ထိုအမျိုးသမီးကြီး၏မျက်လုံးအတွင်းမှ သွေးစက်တစ်ချို့ ထွက်ကျလာလေသည်။
“ အား မဟုတ်ဘူး အား ” အမျိုးသမီးကြီးက သွေးများကိုသုတ်ရင်း “ ငါ မင်းရဲ့အနာဂတ်ကို ကြည့်လို့ မရဘူး ” ဟု ထိတ်လန့်တကြား ပြောလိုက်လေသည်။
“ အင်အားကြီးမားလွန်တဲ့အရာတစ်ခုက ပိတ်ဆို့ထားတယ် ” အမျိုးသမီးကြီးက ပြောလိုက်လေသည်။
“ ကလေး မင်းက ဘယ် ဘယ်သူများလဲ ”
“ ကျတော်က လပ်ပါ အုပ်ချုပ်ရေးအဖွဲ့ကပါ ” လပ်က သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
“ မင်းကို ငါ အဆုံးထိ ကြည့်ပေးလို့ မရတော့ဘူး ဒါပေမယ့် မင်းဟာ အောင်မြင်ကျော်ကြားတဲ့သူ ဖြစ်မှာတော့ ကျိန်းသေတယ် ဒါပေမယ့် အမျိုးသမီးတွေကြောင့် မင်း ဒုက္ခရောက်အုံးမယ် ဒါပဲပြောနိုင်တယ် ”
“ တကယ်စစ်မှန်တဲ့ ကံတရားကို ဘယ်သူမှ မရှောင်လွဲနိုင်ဘူး ”
ထိုကဲ့သို့ ထူးဆန်းသောစကားများကို ပြောနေသော အမျိုးသမီးကြီးအား လပ် ကြောင်၍ ကြည့်နေလေသည်။
“ ဟုတ်ပြီ မင်း ပြန်လို့ရပြီ ” ဟု အမျိုးသမီးကြီးက ပြောလိုက်သည်။
လပ်လည်း “ ဟုတ်ကဲ့ ”ဟု ဆိုကာ ထွက်လာလိုက်လေသည်။ ဟောပြောမေးမြန်းမှုက ခဏတာနှင့် ပြီးဆုံးသွား လေသည်။ လပ်လည်း ခဏတာ စဉ်းစားခန်းဝင်နေပြီးမှ ရေရွတ်လိုက်သည်
“ နောင် ဖြစ်မယ့်ကိစ္စက ဒီနေ့ကိစ္စလောက် အရေးမကြီးဘူး ဟူးးး ဘာပဲဖြစ်လာဖြစ်လာ အကောင်းဆုံး ကြိုးစားလိုက်မယ်ကွာ ”ဟု အော်ဟစ်လိုက်လေသည်။
သိုလှောင်လက်ပတ်ကို နှိပ်လိုက်ပြီး
“ အသေးလေးရေ စိမ်းပြာဂြိုလ်ကို ပြန်ကြမယ်ဟေ့ ” ဟု အမိန့်ပေးလိုက်လေတော့သည်။
ဆက်ရန်