အာကာသ သစ်နွယ်
Vol. 4 Ch. 37
အခန်း (၃၇)
အာကာသသစ်နွယ်
ဂြိုလ်များနှင့် ဥက္ကာခဲများ ဝဲပျံလွင့်မျောနေသော စကြာဝဠာကြီးအတွင်း တည်ငြိမ်နေပြီး မှောင်မဲနေသော ဝန်းကျင် တွင် ကြယ်စင်တန်းကလေးများမှာ မှိတ်တုတ်မှိတ်တုတ်ဖြင့် ဝင်းလက်တောက်ပ၍ ရွေ့လျားနေကြသည်။
“ ရွှီး ဝှစ် ”
S4 အဆင့် ယာဉ်ပျံတစ်စီးသည် လေထုကို ခွဲထွက်
လျှက် အရှိန်ပြင်းစွာဖြင့် ပျံသန်းလာလေသည်။ ယာဉ်ပျံ၏ လမ်းတွင်ရှိသော အတားအဆီးများကို ယာဉ်ပျံ၏အစီအရင်က တွန်းထုတ်လိုက်သောကြောင့် အနီရောင် စွပ်ကြောင်းကြီးသဖွယ် လေထုထဲတွင် ဖြစ်ပေါ်နေလေသည်။ ထိုယာဉ်ပျံမှာ လပ်၏ယာဉ်ပျံဖြစ်သည်။ တာဝန်ပြီး ဆုံးသွားသောကြောင့် စိမ်းပြာဂြိုလ်ကို ပြန်ရန်အတွက် အမြန်ဆုံး ပျံသန်းနေခြင်း ဖြစ်လေသည်။
S4 အဆင့် ယာဉ်ပျံတစီးမှာ သာမန်ဂြိုလ်သိမ်၊ ဂြိုလ်ပဲ့များကိုပင် ဖောက်ထွက်ပျံသန်းနိုင်လေသည်။ A.I အသေးလေး၏ ထိန်းချုပ်ပျံသန်းမှုမှာ လွန်စွာ ကျွမ်းကျင်လှပပေသည်။ ချစ်စရာ ကလေးသံလေး ထွက်ပေါ်လာ လေသည်။
“ တွီ တွီ ဆရာ နောက်လေးရက်ဆိုရင် စိမ်းပြာဂြိုလ်ကို ရောက်ပါတော့မယ် ”
အသေးလေးမှာ နွေရာသီဝတ်စုံကိုဝတ်ဆင်ထားပြီး ဘောင်းဘီတိုဖြင့် စတိုင်ကျနေသည်။
လပ် သူ့ကို ကြည့် လိုက်တော့ ယာဉ်ပျံကို တစ်ဖက်က ထိန်းကျောင်းမောင်းနှင်နေရင်းဖြင့် တစ်ဖက်က စကားလုံးများဆက်သော ဂိမ်းကို ဆော့နေသည်ကို တွေ့ရသည်။ လပ်တစ်ယောက် မျက်မှောင့်ကျုံ့ပြီး မေးလိုက်သည်။
“ အမ် မင်းက ဂိမ်းဆော့နေတာလား အဲဒီဂိမ်းက ဘယ်သူမှ မဆော့တဲ့ ဂိမ်းဟောင်းကြီးလေကွာ ”
“ တွီ ဆရာမသိလို့ ဒီလိုဂိမ်းတွေက ဦးဏှောက်ကို ဖွံ့ဖြိုးတိုးတက်စေတယ် ဆရာရဲ့ ”
“ အခု ဆက်နေတဲ့ စကားလုံးက အာဖရိက စကားလုံးတွေလေ ”
“ မှော်စွမ်းအင်နဲ့ ပတ်သက်တဲ့ ပညာရပ်တွေမှာ လက်ရှိ အာဖရိကကို ဘယ်သူမှ မမှီသေးဘူးလေ ဆရာ ကျနော်က လေ့လာနေတာပါ ”
“ အေးပါ မင်းစိတ်ကြိုက်ဆော့ပေါ့ ” လပ်က ပြန်ပြောလိုက်သည်။ လပ်က နှာခေါင်းတွင် အနံ့ရသဖြင့် မေးလိုက်သည်။
“ အမ် ဒါနဲ့ မင်းကိုယ်က လိုးရှင်းနံ့တယ် ဘာတွေလုပ်ထားပြန်ပြီလဲ ”
“ ဟဲ ဟဲ ဟဲ ဆရာ ကျနော် ထောပတ်သီးလိုးရှင်း လူးထားတာလေ မွှေးတယ်မလား ”
“ အမ် မင်းက ပုံရိပ်ယောင် A.I လေ၊ လိုးရှင်းလိုသေးလို့လား ”
“ ဟီး ဟီး ဟီး လိုတာပေါ့ဆရာရယ် ခုခေတ်ကြီးမှာ Skin Care ကို ဂရုစိုက်ရတယ်လေ ဟီး ဟီး ဟီး ”
“ ငါ့ပိုက်ဆံတွေတော့ ကုန်ပါပြီ စောက်ကလေးရယ် ” လပ်လည်း မကျေမနပ်ဖြင့် ငြီးတွားလိုက်သည်။ ရုတ်တရက် စက်သံ ထွက်ပေါ်လာလေသည်။
“ တွီ တွီ သင့်ကို မစ္စတာလင်းဖန်မှ ဆက်သွယ်လာပါသည်၊ ပြောဆိုမည်လား ငြင်းဆိုမည်လား ”
လပ် အမြန်ပြောလိုက်သည်။
“ ပြောမယ် ”
ဦးလေးလင်းဖန်နှင့် မတွေ့ရတာ ကြာပြီမဟုတ်လား။
“ တွီ ”
ယာဉ်ပျံ၏ လက်မလေးဆယ် TV မျက်နှာပြင်တွင် မစ္စတာလင်းဖန်၏ ပုံရိပ်ပေါ်ထွက်လာလေသည်။
“ ဟား ဟား ဟား လပ် မင်း ပိုတောင့်တင်းလာသလိုပဲ ”
“ မင်္ဂလာပါ ဘကြီးလင်း နေကောင်းလား ”
လပ် သေချာကြည့်လိုက်တော့ ဘကြီးလင်းတစ်ယောက် အရက်တစ်ပုလင်းကို လက်ထဲကိုင်ထားလေသည်။ ဘကြီးလင်းက အပြုံးစစဖြင့် ပြောလေသည်။
“ မင်း ဘယ်တော့လောက် ပြန်ရောက်မလဲ အေးကွာ ငါလည်း အသက်ကြီးသွားတော့ ဘေးနားမှာ ဆွေမျိုးဆိုလို့ သစ္စာရှိအရက်ပဲ ရှိတော့တာ၊
နယ်စပ်က စော်လေးတွေကလည်း အခု အသစ်ရောက်နေတာ တွေက လန်းတယ်ဟ ဟား ဟား ဟား ”
“ အိုး ဘကြီးလင်းကတော့ အမြဲမှောင်နေတာပဲ ” လပ်က ပြန်ပြောလိုက်လေ၏။
“ အမ် မင်းမသိဘူး ဘဝမှာ ငယ်တုန်း ကိုယ်ကြိုက်တာ ကိုယ်လုပ်ရတာကွ အသက်ကြီးလာရင် သူများ ကြိုက်တာတွေပဲ လိုက်လုပ်ပေးနေရတာ ဟား ဟား ဟား ”
လပ်က စကားဆက်လိုက်သည်။
“ ကျနော် စိမ်းပြာဂြိုလ်က ပြန်ရောက်ရင် ဘကြီးဆီကို ဝင်ခဲ့မယ် ”
“ အေးကွာ ငါတို့ဖက်ကတော့ အေးချမ်းပါတယ် ဒါပေမယ့် ဂျပန်မှာ ဆည်းဆာဂိုဏ်းဆိုတာ ပေါ်လာတယ် ရုတ်ရုတ်ရက်ရက်တွေ ဖြစ်သွားသေးတယ်ကွ ”
“ ဟုတ်ကဲ့ဘကြီး ”
“ အေး အေး ပြန်ရောက်ရင် တွေ့ကြတာပေါ့ ကောင်လေး မင်းကို ငါ ပြောလိုက်မယ် လောကမှာ မြန်မြန် လုပ်ရမယ့်ဟာ နှစ်ခုရှိတယ်ကွ စိတ်ကူးသစ်နဲ့ တီထွင်မှုရယ် မိန်းမယူတာရယ်၊ အဲ့ နှစ်ခု မြန်မြန်သာလုပ် မဟုတ်လို့ကတော့ နောက်ပိုင်း မင်း မလုပ်ဖြစ်တော့ဘူး ဟား ဟား ဟား ”
လပ်က အမြန်ပြောရင်း အဆုံးသတ်လိုက်သည်။ “ ဟုတ်ကဲ့ဘကြီးလင်း မကြာခင် တွေ့ကြမယ်လေ ”
ပုံရိပ်ပျောက်သွားတော့မှ လပ် သက်ပြင်းတစ်ချက် ချလိုက်သည်။ မစ္စတာလင်းသည် သူငယ်ရွယ်စဉ် ခက်ခဲနေ သောအချိန်တွင် အများဆုံး ကူညီပေးခဲ့သူဖြစ်သည်။ တကယ်ပင် မိတ်ဆွေကောင်းတစ်ယောက် ဖြစ်လေသည်။
“ ဒိန်း ဝှစ် ပလပ် ”
လပ်၏ယာဉ်ပျံမှာ ရုတ်တရက် သိမ့်ကနဲ တစ်ချက်ဖြစ်သွားပြီး တစ်စုံတစ်ခုကို ပြင်းထန်စွာ ဝင်တိုက်မိလေသည်။ ထို့နောက် ယာဉ်ပျံမှာ ပြောင်းပြန် ဖြစ်သွားလေသည်။ ယာဉ်ပျံအတွင်းရှိ ပစ္စည်းအချို့မှာလည်း ဗြောင်းဆန်သွား လေသည်။
လပ်မှာ ရုတ်တရက် ထိတ်လန့်သွားပြီး အော်ဟစ်ပြောဆိုလိုက်သည်။
“ အသေးလေး ဘာဖြစ်တာလဲကွ ”
“ တွီ ဆရာ ကျတော်တို့တော့ ဒုက္ခရောက်ပြီ ” အသေးလေး၏အသံ ထွက်ပေါ်လာသည်။
“ အခု အာကာသသစ်နွယ်တွေရဲ့ ဖမ်းထားခြင်းကို ခံနေရပါတယ် S4 အဆင့် သစ်နွယ်တွေဖြစ်လို့ ယာဉ် ပျံက လှုပ်လို့မရတော့ပါဘူး ”
“ အမ် အဲဒီကောင်တွေက ရှားပါးမျိုးစိတ်တွေ မဟုတ်လား လခွီးတဲ့မှပဲ ” လပ်က အမြန်မေးလိုက်သည်။
အသေးလေးက
“ ဟုတ်ကဲ့ဆရာ သူတို့ချုပ်နှောင်ပြီး ဝါးခြေစားသုံးတတ်တယ်လို့ ကြားဖူးတယ် တစ်ရက်လောက် ကြာလို့မှ ကျနော်တို့ယာဉ်ပျံမလွတ်ရင် ကျနော်တို့ယာဉ်ပျံကို သူတို့ကြိတ်ချေတာ ခံရတော့မှာ ”
“ အဲဒါဆို ငါတို့ ဘယ်လိုရုန်းထွက်ကြမလဲ ” လပ်က အမြန်မေးလိုက်သည်။
“ ဟဲ ဟဲ ဟဲ ကျနော်က ဘယ်သူလဲ မဟာဥာဏ်ကြီးရှင်ပါဆရာရဲ့ ဟဲ ဟဲ ဟဲ ”
“ တွီ ဆရာ ကျနော်တို့ဆီမှာရှိတဲ့ အချိုရည်တွေအကုန်လုံး ဆရာ့သိုလှောင်လက်ပတ်ထဲ ပြောင်းထည့်လိုက် ”
“ ရွှမ်း ရှလွတ် ”
လပ်တစ်ယောက် အသေးလေးပေးသည့် အချိုရည်များကို သိုလှောင်လက်ပတ်ထဲသို့ ပြောင်းထည့်လိုက်သည်။
“ အမ် အသေးလေး များလှချည်းလား ”
“ ဟုတ်တယ်ဆရာ ကျနော်ဝယ်ထားတာ တန်ဝက်နီးပါး ရှိတယ် ”
“ ဆရာ အခုလုပ်ရမှာက အပြင်ထွက်ပြီး ရစ်ပတ်ထားတဲ့ လက်တွေပေါ် အချိုရည် လောင်းချလိုက် ဆရာ ” အသေးလေးက ပြောလိုက်သည်။
လပ်တစ်ယောက် ယာဉ်ပျံအတွင်းမှ ထွက်လိုက်သည်။
ဂြိုလ်သိမ်တစ်လုံးသဖွယ်ဖြစ်နေသော နွယ်ပင်များသည် လက်တံများကို ရစ်ပတ်ပြီး ပင့်ကူအိမ်သဖွယ် တည်ရှိနေကြလေသည်။
လပ်၏ယာဉ်ပျံမှာ ပင့်ကူအိမ်တွင် ငြိနေသော ယင်ကောင်လေးနှင့်ပင် ဆင်တူလှပေသည်။ လပ်တစ်ယောက် ယာဉ်ပျံကို ရစ်ပတ်ထားသော နွယ်ပင်များပေါ်တွင် အချိုရည်များဖွင့်ပြီး လောင်းချလိုက်လေသည်။
“ ဝှစ် ပြွတ် ပြွတ် ”
ကြည့်နေရင်းနှင့်ပင် နွယ်ပင်များအတွင်းသို့ အချိုရည်များ စိမ့်ဝင်သွားလေသည်။ နွယ်ပင်များမှာ ရုတ်တရက် ရစ်ပတ်ထားမှုများ ပြေလျော့သွားပြီး လုံးထွေးတိုဝင်ကာ သွားလေသည်။ ပင့်ကူများသဖွယ် အမျှင်များမှာလည်း သူ၏ မိခင်ဂြိုလ်သိမ်ကျွန်းမျောကြီးပေါ်သို့ ပြန်လည်ဝင်ရောက်သွားလေသည်။
လပ်တို့၏ယာဉ်ပျံမှာ အနည်းငယ် ပွန်းပဲ့ရုံမျှသာရှိပြီး မူလအတိုင်း ပြန်လည်ဖြစ်သွားလေသည်။
“ ဆရာ မြန်မြန်သွားမယ် အထဲပြန်ဝင် ”
အသေးလေး၏ အလျင်စလိုအော်ဟစ်သံကြားလိုက်ရသည်။ လပ်တစ်ယောက် ယာဉ်ပျံအတွင်းသို့ အမြန်ဆုံး ပြန်လည်ဝင်ရောက်လိုက်သည်။
“ ဟူး ”
ယာဉ်ပျံကို စစ်ဆေးပြီးနောက် အသေးလေးက စမ်းသပ်မောင်းနှင်လိုက်လေသည်။
“ ဝှီး ဝှစ် ဝူး ”
မကြာမီ ထိုနေရာမှ လပ်တို့ လွတ်မြောက်လာခဲ့လေသည်။
“ ဟား ဟား ဟား လွတ်ပြီကွ ” လပ် အားရဝမ်းသာစွာ အော်ဟစ်လိုက်လေသည်။ ဆယ်မိနစ်ခန့်ကြာပြီး နောက် လပ်တို့ စိမ်းပြာဂြိုလ်သွားရာ လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိခဲ့လေသည်။
“ အသေးလေး မင်းရဲ့ ဗဟုသုတနဲ့လေ့လာမှုကို ငါ ချီးကျူးပါတယ်ကွာ တကယ်ပါ ”
“ ဟုတ်ကဲ့ဆရာ အဲဒီအာကာသနွယ်ပင်တွေက အချိုရည်လိုမျိုးကို သောက်လိုက်ရင် အိပ်ပျော်သွားပြီး ချုပ်နှောင်မှုတွေကို အကုန်လျော့ချလိုက်တယ်လေ ”
လပ်က “ အေးပေါ့ကွာ ငါတို့ အတွေ့အကြုံအသစ် ရတာပေါ့ ” ဟု ပြောလိုက်လေတော့သည်။