← Chapters

မဟာအင်ပါယာ ထွက်ပေါ်လာခြင်း

Vol. 162 Ch. 2302

မဟာအင်ပါယာ ထွက်ပေါ်လာခြင်း

Vol. 162 Ch. 2302

လိပ်နဂါး စတင်ထွက်ခွာသည်။ လေထဲတွင် တစ်ဝုန်းဝုန်း မြည်သံများ ထွက်ပေါ်လာ၏။ အာကာသအက်ကြောင်းများသည် ကောင်းကင်နှင့်မြေပြင်အကြား ပေါ်လာခဲ့ကာ လိပ်နဂါးထံမှလည်း မျက်ရည်များ စတင်စီးကျလာခဲ့သည်။

နတ်ဘုရားကဒ်ဘေးဒုတိယအဆင့်များမှာ သန်မာသော်လည်း ကု့ချင်းကို မဖမ်းဆုပ်နိုင်ကြပါပေ။ တဖြေးဖြေးဖြင့် ကု့ချင်းသံစဉ်သည် သူတို့အား အဆုံးမဲ့သော ဝမ်းနည်းဆုံးအောက်သို့ နစ်မြုတ်သွားစေတော့သည်။ တန်ခိုးရှင်တစ်ဦးက သူ၏စိတ်ခံစားချက်များအား အလုံးစုံ မပယ်ရသေးသရွေ့ မဟာအင်ပါယာတစ်ပါး၏ဂီတကို မည်သို့ တွန်းလှန်နိုင်မည်နည်း။

သူတို့၏ကျင့်ကြံဆင့်မှာ မည်မျှ မြင့်မားပါစေ၊ ထိုခံစားချက်အောက်သို့ ကျရောက်သွားပေမည်။

နောက်ဆုံးတွင် လိပ်နဂါး၏ဝမ်းနည်းစွာ ငိုကြွေးသံမှအပ ပတ်ဝန်းကျင်တစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်သွားတော့သည်။

ရီဖူရှင်းသည်လည်း ကု့ချင်းသံစဉ်၌ နစ်မြောသွားပြီးဖြစ်သည်။ သူက သံစဉ်ကို တားဆီးနိုင်စွမ်းမရှိသည်ကို သိရှိရာ တေးသွားနှင့်အတူ လိုက်ပါစီးမြောခံစားသည်။ သူက တေးသွားထဲမှ ဝမ်းနည်းမှုသည် သူ့အား ဖျက်ဆီးနိုင်မည်လော သိလို၏။ တစ်ဘက်တွင် ထိုတေးသွားထဲမှ ဖုန်းကွယ်ထားသောအရာအား တွေ့မြင်လို၏။

သူ၏ဂီတပညာကြောင့် ထိုတီးလုံးတစ်ခုစီမှာ ကိုယ်စီအဓိပ္ပာယ်များရှိကြောင်း သူသိသည်။ ကု့ချင်းကို တီးခတ်နေသော ရှန့်ယင်မဟာအင်ပါယာ၏စိတ်ခံစားမှုကို ခံစားသိမြင်လိုကာ အဘယ်ကြောင့် တေးသွားကို ဖန်တီးခဲ့ကြောင်း တွေ့မြင်လိုသည်။

ရီဖူရှင်း၏စိတ်ဝိညာဉ်အတွင်း၌ ပုန်းကွယ်နေသော ဝမ်းနည်းမှုများမှာ ချက်ချင်း နိုးထလာခဲ့ဟန်ရသည်။ သူ၏ကလေးဘဝမှနေ၍ ယနေ့အထိ မေ့ပျောက်ထားသော အမှတ်တရများမှာ အဆုံးစွန်သော ဝမ်းနည်းမှုနှင့်အတူ ပြန်ပေါ်လာသည်။ သူ၏စိတ်ခံစားချက်များအားလုံးမှာ ဝမ်းနည်းမှုအဖြစ်သို့ ပြောင်းလဲသွားပြီး တခြားသော ခံစားချက်များမှာ အရေးပါဟန်မတူတော့ပေ။

သူသည် အတိတ်ကို ပြန်ရောက်သွားကာ အမှတ်တရများထဲသို့ ဝင်သွားဟန်ရသည်။ ဟွာဖန်းလူ၏ကျင့်ကြံဆင့် ပျက်စီးခြင်းကို သူမြင်သည်။ တိုက်ပွဲတွင် ဂျီယူ သေဆုံးသွားသည်ကို ပြန်ခံစားရ၏။ တာလီနန်းတွင်းအကြံပေးသည် သူ့အား လွှတ်ပေးကာ ထွက်သွားသည်ကို သူတွေ့မြင်၏။ အတိတ်မှ ဝမ်းနည်းစရာများအားလုံး သူ့ခေါင်းထဲကို ရောက်လာသည်။ ထိုခံစားချက်များမှာ ပြင်းထန်လွန်းရကား သူသည် မည်သည့်အခါမှ လွတ်မြောက်နိုင်တော့မည် မဟုတ်သည့်အလား ထင်မှတ်ရသည်။

သူ၏မျက်နှာတွင် မျက်ရည်များ တသွင်သွင်စီးကျလာ၏။ သူ့မျက်လုံးများမှာ စူးရှခြင်းမရှိတော့ဘဲ အသက်မဲ့နေသည်။ သူသည် ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များအားလုံးကို မေ့လျော့သွားသည်။

သူတစ်ယောက်တည်းသာမဟုတ်၊ လူတိုင်းမှာလည်း ထိုနည်းတူဖြစ်သည်။ လူတိုင်းမှာ ကိုယ်စီပုံပြင်များဖြင့် ဖြစ်ကာ မည်သူမှ ထိုခံစားချက်မှ လွတ်ကင်းဟန်မတူ။

သည်မြင်ကွင်းမှာ အံ့ဖွယ်ကောင်းလှ၏။ ကောင်းကင်ဒေသမှဖြစ်စေ၊ မှော်နက်လောကဖြစ်စေ၊ နတ္တိအင်ပါယာဘုံမှ ဖြစ်စေ ဤလူများမှာ ထိပ်သီးပုဂ္ဂိုလ်များဖြစ်ကြ၏။ သူတို့အားလုံး ငိုကြွေးနေကြသည်။

တိတ်ဆိတ်သော လေဟာနယ်ထဲတွင် ကု့ချင်းသည် ဆက်လက်၍ တီးခတ်နေသည်။ ကြိုးများမှာ အလိုအလျောက် တုန်ခါနေပြီး နတ်တေးသွားကို ပုံဖော်နေ၏။ လိပ်နဂါးသည်လည်း ဆက်လက်ရွေ့လျားနေ၏။

ရီဖူရှင်းဘေးတွင် ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များမှာလည်း အသိစိတ်ပျောက်နေပြီဖြစ်သည်။ အဘိုးမာ၏မျက်နှာတွင် မျက်ရည်များ ပြည့်လျှံနေသည်။ လင်းကလေး၏သေဆုံးခြင်းသည် သူ့အတွက် ထာဝရနာကျင်ခြင်းဖြစ်သည်။ ကျင့်ကြံဆင့် မည်မျှ မြင့်မားပါစေ သူ့အနေဖြင့် ထိုနာကျင်စရာကိစ္စကို မေ့ဖျောက်ရန် ခက်၏။

လူတိုင်းတွင် ကိုယ်စီဝမ်းနည်းစရာကိစ္စရှိသော်လည်း အဆုံးသတ်သည် ကွဲပြားခြားနား၏။ တန်ခိုးရှင်များအားလုံးမှာ ထိုနာကျင်ခြင်း၌ ပိတ်မိနေကြသည်။

အချိန်များ မည်မျှ ကြာမြင့်သွားသည် မသိ။ အဆုံးမဲ့သော ဝမ်းနည်းခြင်း၌ ပိတ်မိနေသော ရီဖူရှင်းသည် ရုတ်တရက် အသိစိတ်အနည်းငယ် ပြန်ဝင်လာသည်။ သူသည် အလွန်ထူးဆန်းသော စိတ်အခြေအနေသို့ ရောက်သွားဟန်ရှိသည်။ ဝမ်းနည်းမှုသည် ခံစားနေရဆဲဖြစ်သော်လည်း အသိစိတ်မှာလည်း ပြန်ဝင်လာသည်။ တစ်ဘက်တွင် တေးသွားကို ပိုမို၍ အာရုံဝင်စားလာနိုင်၏။

သူ၏မျက်လုံးများမှာ ပိတ်ထားသော်လည်း အရာခပ်သိမ်းကို ရှင်းလင်းပြတ်သားစွာ မြင်နေရသည်။ တချိန်တည်းတွင် ၎င်းသည် ခန့်မှန်းရခက်ကာ ဝေဝါး၏။ သူ့ရှေ့တွင် အလိုအလျောက် တီးခတ်နေသော ကု့ချင်းမှာ ကု့ချင်း မဟုတ်တော့ပေ။ ကု့ချင်းရှေ့၌ လူကြီးတစ်ယောက် ထိုင်နေ၏။ သူသည် အသက်သုံးဆယ်ဝန်းကျင်ရှိကာ နှင်းများကဲ့သို့ ဖြူဆွတ်သော အဝတ်အစားကို ဝတ်ထားသည်။ သူ၏ကိုယ်ရှိန်ကိုယ်ဝါမှာ ပြိုင်စံရှား၏။

ထိုလူ၏ရုပ်သွင်ကို မြင်သည်နှင့် ရီဖူရှင်း ရင်ထိတ်သွားသည်။ သူ၏ခေါင်းထဲကို အတွေးတစ်ချက် ဝင်လာ၏။

ဤသည်က ပုံရိပ်ယောင်လား။

ကု့ချင်းရှေ့တွင် လူတစ်ယောက် ရှိနေသည်။ ထိုလူသည် ကု့ချင်းအား တီးခတ်နေဟန်ရ၏။ သို့သော်လည်း သူ့အား ရီဖူရှင်းမှလွဲ၍ မည်သူမှ မမြင်ရပေ။

“ဒါက ပုံရိပ်ယောင် မဟုတ်ဘူး” ရီဖူရှင်း၏ခေါင်းထဲ၌ အသံတစ်သံ ကြားရသည်။ ပုံရိပ်ယောင် မဟုတ်သည်မှာ ထင်ရှားသွားပြီ ဖြစ်သည်။ သူသည် ထူးဆန်းသော အာရုံဝင်စားခြင်းဖြင့် မဟာအင်ပါယာအား မြင်တွေ့ခွင့်ရခြင်း ဖြစ်၏။

သခင်လော့ပြောသလိုပင် မဟာအင်ပါယာရှန့်ယင်သည် တခြားပုံစံတစ်မျိုးဖြင့် တည်ရှိ၏။ သူသည် ကု့ချင်းနှင့် တစ်ပေါင်းတစ်စည်းတည်း ဖြစ်နေ၏။

ကု့ချင်းသည် သာမန်တူရိယာတစ်ခုသာ မဟုတ်ဘဲ မဟာအင်ပါယာ၏အသိ ကိမ်းအောင်းနေခြင်းမျှသာလည်း မဟုတ်ပေ။

“ခင်ဗျားက မဟာအင်ပါယာလား မသိဘူး” ရီဖူရှင်းက စိတ်ဖြင့် မေးသည်။

ရီဖူရှင်းက မေးပြီးလျှင် ငြိမ်သက်စွာ စောင့်နေ၏။ အချိန်သည် အလွန်နှေးကွေးစွာ သွားနေဟန်ရသည်။ ထိုစဉ် သက်ပြင်းချသံတစ်ချက်ကို ကြားရသည်။ ထိုသက်ပြင်းချသံသည် အဆုံးမဲ့သော ဝမ်းနည်းခြင်းကို ကိုယ်စားပြု၏။

၎င်းသည် ရီဖူရှင်း၏စိတ်နှလုံးကို ပြင်းထန်စွာ တုန်ခါစေ၏။ သူ၏ယခင် ခန့်မှန်းချက်များအားလုံး မှန်ကန်ဟန်ရသည်။ သခင်လော့ တွေးဆချက်မှာလည်း မှန်၏။ မဟာအင်ပါယာကား အမှန်တကယ် တည်ရှိသည်။

All Chapters