← Chapters

ပွင့်လင်းလာသောဇတ်လမ်းတွဲများ

Vol. 4 Ch. 38

ပွင့်လင်းလာသောဇတ်လမ်းတွဲများ

Vol. 4 Ch. 38

အခန်း (၃၈)

ပွင့်လင်းလာသော ဇာတ်လမ်းတွဲများ

လပ်တို့ အာကာသစ်နွယ်များလက်မှ လွတ်မြောက်လာပြီးနောက် အာကာသအတွင်း ဆက်လက် ပျံသန်းကာ ခရီးနှင်ခဲ့လေသည်။ လပ်နှင့်အသေးလေးတို့သည် လမ်းတစ်လျှောက် ရုပ်ရှင်များကြည့်ခြင်း၊ ဂိမ်းဆော့ခြင်းများ ဖြင့် အချိန်ဖြုန်းလာခဲ့ကြသည်။

အသေးလေးမှာ မျက်နှာလေးရှုံ့မဲ့ကာ ငိုရှိုက်နေလေသည်။

“ တွီ ဆရာ ဒီဇာတ်ကားက သနားဖို့ကောင်းလိုက်တာ မင်းသမီးနဲ့မင်းသား တွေ့ခါနီးကျမှ လွဲသွားပြန်ပြီ မင်းသားကလည်း နောက်ဆယ်နှစ်ကြာမှ ပြန်လာတော့မှာ သူတို့ ပြန်တွေ့ပါအုံးမလား ”

“ အဟမ်း ” လပ် ချောင်းတစ်ချက်ဟန့်လိုက်သည်။

“ မသိပါဘူးကွာ အဲဒီဇာတ်လမ်းတွဲကလည်း ပြတာ နှစ်နှစ်လောက်ရှိပြီ လူကြိုက်များတော့ ဇာတ်လမ်း ကို ဆွဲဆန့်ထားရတာ ”

လပ်လည်း သူ့ထင်မြင်ချက်ကို အသေးလေးအား ပြောပြလိုက်သည်။ လက်ရှိခေတ်တွင် နည်းပညာများ တိုးတက်မှုကြောင့် ရုပ်သံဇာတ်လမ်းတွဲများနှင့် တိုက်ခိုက်ရေးဂိမ်းများမှာ လွန်စွာ ရေပန်းစားလေသည်။

ထို့ပြင် ဆင်ဆာလည်းမရှိသဖြင့် အလွန် ပွင့်ပွင့်လင်းလင်း မြင်တွေ့ကြရလေသည်။ သတ်ဖြတ်ခန်းများ၊ ချစ်ကြိုက်ခန်း များမှာ လွန်စွာကြမ်းကြုတ်ပီပြင်လှပေသည်။ မင်းသားမင်းသမီးများမှာလည်း တိုက်ခိုက်ခြင်းနှင့် အိမ်ထောင်ရေး ဇာတ်ဝင်ခန်းများ၊ လိင်ဆက်ဆံခန်းများကို လူစားမထိုးဘဲ တကယ်ပင် ပီပြင်စွာ သရုပ်ဆောင်ကြလေသည်။

လပ်တစ်ယောက် ဇာတ်ဝင်ခန်းများကို ကြည့်ပြီး မျက်လုံးကြီးပြူးကျယ်နေသည်။ အသက်ရှုသံတွေ လည်း မြန်လာနေသည်။ ထို့နောက် ခလုတ်ကို ပိတ်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။

“ အင်း အနုပညာဆိုတာ ဘယ်ခေတ်ရောက်ရောက် လူသားတွေရဲ့ရင်ထဲကို လှုပ်ခတ်စေနိုင်တာပဲ ” ဟု ရေရွတ်လိုက်သည်။

အသေးလေး၏ ချစ်စရာအသံလေး ထွက်လာလေသည်။

“ တွီ တွီ ဆရာ ကျွန်တော်တို့ စိမ်းပြာဂြိုလ်ကို ရောက်ပါတော့မယ် အဝင်နားမှာ တွင်းနက်ကြီးသုံးခု ရှိပါတယ် အဲဒါကို ပတ်ပြီး သွားရပါမယ် ”

“ ကော်ဖီသောက်နေတာကို ရပ်ထားပါဆရာ ဂျွမ်းထိုးမှောက်ခုံ ပျံသန်းရမှာဖြစ်တဲ့အတွက် ထိုင်ခုံပေါ်မှာ သေချာထိုင်နေပါဆရာ တွီ ”

“ အေးပါကွာ လုံခြုံရေးခါးပတ်ပါ ပတ်ထားတယ် မောင်းသာမောင်း ” ဟု လပ်က အော်လိုက်လေသည်။

နာရီဝက်ခန့် ပျံသန်းမောင်းနှင်ပြီးနောက် စိမ်းပြာဂြိုလ်ပတ်လမ်းထဲသို့ ယာဉ်ပျံသည် အောင်မြင်စွာ ဖြတ်သန်း ဝင်ရောက်လာခဲ့လေသည်။

“ တီ တီ ဝင်ရောက်လာသော ယာဉ်ပျံ ကွင်းအမှတ်ခြောက်ကို ဆင်းသက်ပါ၊ ထပ်ပြောမယ် ကွင်းအမှတ် ခြောက်ကို ဆင်းသက်ပါ ”

ဂြိုလ်၏လုံခြုံရေးစနစ်မှ အချက်ပေးသံများ ထွက်ပေါ်လာလေသည်။

“ အသေးလေး ၆ ကို ဆင်းဟေ့ ”

“ ဟုတ်ကဲ့ဆရာ ဆင်းသက်နေပါပြီ ”

A.I သက်ရှိများ ပုံရိပ်ယောင်များ၏ကိုယ်စား ဆောင်ရွက်ပေးမှုကြောင့် လူသားများမှာ ကိုယ်တိုင်လုပ်စရာမရှိ သလောက်ပင် ဖြစ်လေ၏။

အားလုံးမှာလည်း အမိန့်ပေးစနစ်ထည့်ထားသော နည်းပညာများဖြင့် အသုံးပြုကြ လေသောကြောင့် ပို၍ တိကျမှု၊ စေ့စပ်မှုများ ရှိလာခဲ့လေသည်။ သို့ပေမယ့် လူသားဆန်သော ခံစားချက်များ တဖြည်းဖြည်း လျော့နည်းလာပြီး Give And Take “ ရော့ ပတ္တမြား ရော့ နဂါး ” စနစ်ကြီး ဖြစ်လေသည်။ လူသား ဆန်မှု၊ စာနာမှု၊ ဂရုဏာနှင့် မေတ္တာတရားများ ခေါင်းပါးလာကြလေသည်။

လပ်တို့၏ယာဉ်ပျံသည် ကွင်း(၆)၏အစီအရင်နှင့် ဆက်သွယ်ပြီးနောက် လေဆာစက်ကွင်းတစ်ခုမှာ ယာဉ်ပျံကို ဆွဲပတ်၍ ဝိုင်းလိုက်သည်။ ထို့နောက် ကွင်း၏မြေပြင်အလွတ်ဆီသို့ ယာဉ်ပျံအား ဆွဲခေါ်သွားလေ သည်။

ဆင်းသက်မှုမှာ ငါးမိနစ်ခန့်သာကြာပြီး နောက်ဆုံးတွင် လပ်တို့ယာဉ်ပျံမှာ စိမ်းပြာဂြိုလ်၏ မြေပေါ်သို့ ဆင်းသက်နိုင်ခဲ့လေသည်။

မကြာမီ ယာဉ်ပျံအနီးသို့ အပြာရောင်ကားတစ်စီး ဆိုက်ရောက်လာသည်။ ထို့နောက် ကားပေါ်မှ လုံခြုံရေးအဝတ်အစားများ ဝတ်ဆင်ထားသော အသက်လေးဆယ်အရွယ် လူနှစ်ဦး ဆင်းသက်လာ သည်။ ထိုသူနှစ်ဦး၏ လက်ထဲတွင် တစ်ပေပတ်လည်ခန့် လက်ဆွဲအိတ်နှစ်ခုကို ကိုင်ဆောင်ထားလေသည်။

လပ်တစ်ယောက် ယာဉ်ပျံအတွင်းမှ တံခါးဖွင့်၍ ထွက်လိုက်ပြီး အသေးလေးကလည်း ဘေးနားတွင် ရပ်၍ လိုက် ပါလာလေသည်။

“ မင်္ဂလာပါ အမှတ်စဉ် 200773 ဗိုလ်ကြီးလပ်များလားခင်ဗျာ ” ဟု ထိုလုံခြုံရေးနှစ်ဦးက နှုတ်ဆက်လိုက် သည်။

“ ဟုတ်ကဲ့ ကျနော်က လပ်ပါ ”

“ တွေ့ရတာ ဝမ်းသာပါတယ်ဆရာ တာဝန်ပြီးမြောက်မှုအတွက် ဂုဏ်ယူပါတယ် ”

လပ်က ခပ်သွက်သွက် မေးလိုက်သည်။

“ အင်း တွေ့ရတာ ဝမ်းသာပါတယ်

ဒါပေမယ့်  ဘာအတွက်လာတာပါလဲ ”

“ ဟုတ်ကဲ့ ကျနော်တို့က မစ္စတာလပ် S2 အဆင့် ရောက်ရှိသွားကြောင်း ဌာနချုပ်ရဲ့အသိပေးချက် ကြောင့် ရောက်လာကြတာပါဆရာ ”

“ ဆရာ့ရဲ့ လက်ဗွေကို ဒီအိတ်ပေါ်က မျက်နှာပြင်ကို ထိလိုက်ပါဆရာ ”

လပ်လည်း ထိုလူ၏အိတ်ကို လက်မဖြင့် ထိလိုက်ရာ အပြာရောင်လေဆာတန်းတစ်ခု ထွက်ပေါ်လာပြီး လပ်ကို လွှမ်းခြုံသွားလေသည်။

စက်မှ အချက်ပေးသံ ထွက်ပေါ်လာသည်။

“ တီ တီ စစ်ဆေးမှု အောင်မြင်ပါတယ် ”

“ မစ္စတာလပ် S2 အဆင့် ရောက်ရှိကြောင်း အတည်ပြုပါတယ် ”

ထိုလူနှစ်ဦးမှာ ပြုံးရွှင်သောမျက်နှာဖြင့်

“ ဗိုလ်ကြီး အခုအချိန်ကစပြီး S2 အဆင့် သူရဲကောင်းဖြစ်သွားတဲ့အတွက် ဌာနချုပ်က ဗိုလ်မှူးအဖြစ် ရာထူးတိုးပေးလိုက်ပါပြီ နှစ်နှစ်အတွင်း အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ် ဗိုလ်မှူး ”

လပ်တစ်ယောက် အံသြဝမ်းသာဖြစ်သွားပြီး ပြောလိုက်သည်။

“ ဟုတ်ကဲ့ ကျေးဇူးပါ ”

မျက်နှာလေးထောင့်နှင့်လူက ဆက်လက်ပြီး ပြောလိုက်လေသည်။

“ ဟုတ်ကဲ့ ဒီအိတ်လေးကို လက်ခံပေးပါဆရာ ဒီအိတ်ထဲမှာ ဗိုလ်မှူးအဆင့် ရာထူးအတွက် ဝတ်စုံနဲ့ ခံစားခွင့်များ၊ တာဝန်များကို ထည့်သွင်းရှင်းပြထားပါတယ် ”

“ ဟုတ်ကဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ စီမံကို ကျနော် နှစ်ရက်အတွင်း သွားရောက်သတင်းပို့လိုက်ပါ့မယ် ” ဟု လပ်က ပြောလိုက်လေသည်။

ဆက်ရန်

All Chapters