ရှန့်ယင်မဟာအင်ပါယာ၏အစွဲအလမ်း
Vol. 162 Ch. 2303
မဟာအင်ပါယာ၏သက်ပြင်းချသံကြားရပြီးနောက်တွင် မည်သည့်အသံမှ ထပ်မကြားရတော့။ သူက ကြိုးကို တစ်ချက် ထိခတ်လိုက်၏။
တီးလုံးမှသည် ရီဖူရှင်းသည် မဟာအင်ပါယာ၏ဝမ်းနည်းမှုကို ခံစားရ၏။ သို့သော်လည်း ထိုတီးလုံးမှ သူသည် ကု့ချင်းတေးသွား၏ရည်ရွယ်ချက်ကို တွေးဆမိသည်။
ဂီတဟူသည် နှလုံးသားမှ လာခြင်းဖြစ်သည်။ တေးသွားနောက်တွင် ပုံပြင်ရှိ၏။ ရီဖူရှင်းသည် ကောင်းကင်တေးသွား၏ပုံပြင်ကို မြင်တွေ့လိုသည်။
ရှန့်ယင်မဟာအင်ပါယာအား ထိုမျှ ဝမ်းနည်းစေအောင် သူ့တွင် မည်သည့်အတိတ်ရှိခဲ့သနည်း။
တေးသွားမှ ရီဖူရှင်းသည် တချို့တဝက်အား မပီပြင် ဝိုးတဝါး သိမြင်ခံစားမိ၏။
ရီဖူရှင်းက တမင်ကြိုးစားအားထုတ်ခြင်းမရှိသော်လည်း ဂီတတွင် ဆက်လက်၍ အာရုံဝင်စား၏။ သူသည် ကောင်းကင်တေးသွား၏ဆိုလိုရင်းကို ဖမ်းဆုပ်မိလုနီးပါးဖြစ်သည်။
သူ၏ခေါင်းထဲမှ ပုံရိပ်မှာ ပို၍ ကြည်လင်ပြတ်သား လာသည်။ ကု့ချင်းတေးသံနှင့်အတူ ရီဖူရှင်း၏အသိစိတ်မှာ တခြားသော အချိန်နှင့်နေရာတစ်ခုသို့ ရောက်သွား၏။
ထိုနေရာတွင် ရီဖူရှင်းသည် လူနှစ်ဦးကို မြင်တွေ့ရ၏။ တစ်ယောက်မှာ စာပေသမားဖြစ်ပြီး နောက်တစ်ယောက်မှာ လှပသော အမျိုးသမီးတစ်ဦးဖြစ်သည်။
လူငယ်၏ရုပ်သွင်မှာ မဟာအင်ပါယာရှန့်ကျားနှင့် အလွန်တူ၏။ သူသည် မဟာအင်ပါယာရှန့်ကျားငယ်စဉ်က ပုံဖြစ်ဟန်ရသည်။ ထိုစဉ်က သူသည် အပြစ်ကင်းကာ သန့်စင်သော ဟန်အမူအရာနှင့်ဖြစ်သည်။
ပုံရိပ်ထဲ၌ ရီဖူရှင်းသည် လူငယ်နှစ်ဦး ဆရာတစ်ဦးထံ၌ ကု့ချင်းကို အတူတူသင်ယူနေကြသည်ကို မြင်ရ၏။ နှစ်ဦးသား ပညာသင်ရင်း ချစ်ခင်စုံမက်သွားကြဟန်ရသည်။
သူတို့နှစ်ဦး ရှိနေရာတွင် အလွန်လှသော မက်မွန်ပင်တစ်ပင် ရှိ၏။ သူတို့သည် အတူတူ သံစဉ်များကို တီးခတ်ကာ ရေးဖွဲ့ကြသည်။ မြင်ကွင်းမှာ အလွန်လှပကာ သူတို့နှစ်ဦးမှာလည်း နတ်ဖက်သော စုံတွဲအလား လိုက်ဖက်လှသည်။ သူတို့၏ဆရာမှာလည်း သူတို့အပေါ် အလွန်ကြင်နာ၏။ သူသည် သူတို့အား ကျင့်ကြံခြင်းနှင့် ဂီတပညာတို့ကို ချစ်ခင်စွာ သင်ကြားပြသ၏။
သူတို့နှစ်ဦး၏ပျော်စရာပုံရိပ်များမှာ တစ်ကွက်ပြီး တစ်ကွက် မြင်ရ၏။ နှစ်ဦးသား၏ချစ်ခရီးလမ်းမှာ အတက် အကျ အနိမ့်အမြင့်များနှင့် ကြုံတွေ့ရသလို ဝမ်းနည်းခြင်း၊ ကြေကွဲခြင်း၊ ပျော်ရွှင်ခြင်းနှင့် ချစ်ခင်ခြင်းများကို မြင်တွေ့ရသည်။ တချို့သော မြင်ကွင်းတွင် သူတို့သည် အဓိက ဖြစ်ရပ်များကို ကြုံတွေ့ကြရ၏။ အဖြူရောင်လူငယ်၏အဆက်မပြတ်သော တိုးတက်သန်မာမှုများကို တွေ့ရသည်။ သူသည် သူ့ချစ်ရသူ အမျိုးသမီးအတွက် ကလန်အတွင်း၌ သွေးချောင်းစီးစေခဲ့သည်။ သူသည် ဂီတဖြင့် ထောင်ပေါင်းများစွာသော အသက်တို့အား သတ်ဖြတ်ခဲ့၏။ အရိုးများ တောင်လိုပုံသော နေရာမှ လူငယ်သည် အမျိုးသမီးနှင့်အတူ ထွက်ခွာသွားခဲ့သည်။
ထိုသို့သော မြင်ကွင်းများ ထပ်မြင်ရ၏။ သူတို့ အတူတူ ခရီးရှည်ကို အတူလျှောက်လှမ်းရာတွင် နှစ်ဦးသား အလွန်မြင့်မားသော အဆင့်သို့ ရောက်လာကြသလို ဂီတပညာ၌လည်း အလွန်ထူးချွန်လာကြ၏။ သို့သော်လည်း နှစ်အနည်းငယ်ကြာတိုင်း သူတို့သည် ပညာသင်ယူခဲ့သော နေရာသို့ ပြန်ကာ ဆရာသခင်အား လည်ပတ်ပြီး မက်မွန်ပန်းပင်၌ တေးဂီတများ တီးခတ်ရေးဖွဲ့ကြ၏။
အဖြစ်အပျက်ပေါင်းများစွာ၌ ထိုအကြောင်းအရာမှာ ထပ်ခါထပ်ခါ ပါနေရာ သူတို့ဘဝအတွက် မည်မျှ အရေးကြီးသည်ကို ထင်ဟပ်စေသည်။ သူတို့သည် မည်သည့်အဆင့်၊ မည်သည့်နေရာသို့ ရောက်နေပါစေ၊ ထိုနေရာသို့ ရောက်အောင် ပြန်ကြ၏။
နောက်ဆုံးတွင် လောကကြီး ပြောင်းလဲလာသည်။ နေရာအနှံ့၌ ပရမ်းပတာဖြစ်လာ၏။ အဖြူရောင်လူငယ်သည်လည်း အလွန်နာမည်ကျော်ကြားသော တန်ခိုးရှင်ဖြစ်နေလေပြီ။ မရေမတွက်နိုင်သော တန်ခိုးရှင်များသည် သူ့လက်အောက်၌ သင်ယူလိုကြ၏။ သူသည် လောက၏ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူ့ခေတ်တွင် ကျင့်ကြံခြင်းသည် အလွန်လွယ်ကူဟန်ရကာ များစွာသော ထိပ်သီးပုဂ္ဂိုလ်များ မွေးဖွားလာခဲ့သည်။
ထိုနှစ်များ၌ လောကကြီး များစွာ အပြောင်းအလဲဖြစ်သောအခါ စစ်ပွဲများလည်း အဆက်မပြတ် ဖြစ်ပွားသည်။ သို့သော်လည်း အချိန်အများစုတွင် လူငယ်သည် သူ၏ချစ်သူနှင့် အချိန်ကုန်ဆုံးနေခဲ့သည်သာဖြစ်သည်။ တစ်နေ့တွင် နတ်ဘုရားများ၏တိုက်ပွဲတွင် တစ်စုံတစ်ခု ဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် ကောင်းကင်နှင့်မြေပြင် ပြိုလဲကာ လောကကြီးတစ်ခုလုံး အစိတ်စိတ်အမွှာမွှာဖြစ်ရသည်။ အရာအားလုံးမှာ လုံးဝ ပျက်စီးလုနီးပါးဖြစ်သည်။
စာပေသမားလူငယ်ကား ထိုတိုက်ပွဲတွင် ဝင်မပါသော်လည်း နောက်ဆုံးတွင် သူ၏ကလန်မှာ ပါဝင်ပတ်သက်ခဲ့သည်။ မက်မွန်ပန်းပန်မှာ လောင်ကျွမ်းပြာကျသွားကာ သူ၏လေးစားရသော ဆရာသခင်မှာလည်း တိုက်ပွဲ၌ ကျဆုံးသွား၏။ ဒေါသစိတ်လောင်မြိုက်မှုကြောင့် သူသည် နောက်ဆုံးတွင် တိုက်ပွဲ၌ ပါဝင်ခဲ့သည်။
သို့သော်လည်း ထိုတိုက်ပွဲတွင် သူ၏ချစ်ရသူ အမျိုးသမီး ကျဆုံးသွားခဲ့သည်။ အဆုံးမဲ့သော နာကျင်ခြင်း၊ ဝမ်းနည်းခြင်းကြောင့် သူသည် သူမအတွက် အဖြူရောင်ခေါင်းတလားကို ပြုလုပ်ခဲ့၏။ သို့သော်လည်း ခေါင်းတလားထဲတွင် အမျိုးသမီးသည် ကု့ချင်းအဖြစ် ပြောင်းလဲသွားခဲ့ကာ လူငယ်အား ထာဝရအဖော်ပြုပေးခဲ့ပြီး တိုက်ပွဲတွင် ဆက်လက်ပါဝင်ပေးခဲ့သည်။
ထို့ကြောင့် ကု့ချင်း၏အကူအညီဖြင့် သူသည် ကောင်းက်တေးသွားတစ်ပုဒ်ကို ဖန်တီးနိုင်ခဲ့၏။
ကောင်းကင်တေးသွား၏သံကိုကြားလျှင် တစ်လောကလုံးသည် ပူဆွေးဝမ်းနည်းရသည်။
အဆုံးသတ်၌ သူသည် ကံကြမ္မာကို ပြုပြင်ပြောင်းလဲနိုင်ခြင်း မရှိပါ။ ကောင်းကင်လမ်းစဉ် ပြိုလဲကာ လောကကြီး ပျက်စီးသွားတော့သည်။ မဟာအင်ပါယာရှန့်ယင်သည်လည်း သေလုနီးပါး ဖြစ်သွား၏။ နောက်ဆုံး ထွက်သက်တွင် သူသည် သူ၏အသက်ဓာတ်အား ကု့ချင်းနှင့်ပေါင်းစပ်၍ ကု့ချင်း၏ဝိညာဉ် ဖြစ်လာခဲ့သည်။ ထို့နောက် ကု့ချင်းအား ခေါင်းတလားအဖြူထဲ၌ ထည့်သွင်းမြှုတ်နှံခဲ့တော့သည်။
ထိုမြင်ကွင်းများအားလုံးသည် သူ၏ခေါင်းထဲမှ ပျောက်သွားသောအခါ ကု့ချင်း မည်သည့်နေရာမှ လာသည်ကို ရီဖူရှင်း နားလည်လိုက်သည်။ ကု့ချင်းမှာ မဟာအင်ပါယာရှန့်ယင်နှင့် သူ့ချစ်ရသူတို့၏အနားယူရာ နေရာ ဖြစ်၏။ လိပ်နဂါးသည် ခေါင်းတလားကို အဘယ်ကြောင့် ဝမ်းနည်းစွာ သယ်ဆောင်၍ အာကာသထဲ၌ ဦးတည်ရာမဲ့သွားနေသည်ကို နာလည်လိုက်သည်။
အရာအားလုံးက ထိုကု့ချင်းကြောင့် ဖြစ်သည်။
သူတို့မှာ အိမ်ပြန်လမ်းကို ရှာနေခြင်းဖြစ်သည်။ သို့သော်လည်း ကောင်းကင်လမ်းစဉ် ပြိုကွဲကာ ရှေးဟောင်းကမ္ဘာမှာလည်း ပျက်စီးသွားပြီးဖြစ်သည်။ သူတို့က မည်သို့ အိမ်ပြန်နိုင်တော့မည်နည်း။
ရီဖူရှင်းက ထိုမက်မွန်ပင်အား အမှတ်ရသည်။ ရှန့်ယင်မဟာအင်ပါယာ၏ဆရာနှင့် သူ့ချစ်သူတို့သည် ထိုမက်မွန်ပင်နှင့်ဆက်နွယ်ကာ အမှတ်တရ များစွာ ရှိကြသည်။
သူသည် လောကထိပ်ဆုံးသို့ ရောက်သည့်တိုင် ထိုနေရာအား အမြဲ အမှတ်ရကာ ပြန်လာလည်သည်။ သူကား အမှန်တကယ် စိတ်ထား မှန်ကန်သူဖြစ်သည်။ ထို့ကြောင့်လည်း လောကထိပ်ဆုံးသို့ ရောက်ခြင်း ဖြစ်တန်ရာ၏။
လိပ်နဂါးရှာနေသော အိမ်ကိုလည်း သူ သိနားလည်သည်။ ထိုနေရာကား မက်မံပန်းပင်တည်ရှိရာ နေရာဖြစ်သည်။ ထိုအရာသည် ရှန့်ယင်မဟာအင်ပါယာ၏အစွဲအလမ်းလည်းဖြစ်သည်။ သူက သူ့ချစ်သူအား မက်မွန်ပန်းတည်နေရာသို့ ခေါ်သွားလိုသည်။
သို့သော်လည်း ထိုအိပ်မက်ကား မည်သည့်အခါမှ ဖြစ်မလာနိုင်သော ကိစ္စဖြစ်သည်။ ကောင်းကင်လမ်းစဉ် ပြိုကွဲပြီးကတည်းက ရှေးဟောင်းလောကမှာလည်း ပျက်စီးသွားပြီးဖြစ်သည်။