← Chapters

ဝံပုလွေ အသားပြား

Vol. 13 Ch. 175

ဝံပုလွေ အသားပြား

Vol. 13 Ch. 175

အခန်း (၁၇၅) ဝံပုလွေ အသားပြား

သိုင်းပညာရှင်အဆင့် ကျင့်ကြံသူများသည် အလယ်ဆင့်မှော်ဝင်ပစ္စည်းတစ်ခုကို ကိုင်ဆောင်ရန်ပင် မတတ်နိုင်ကြလေရာ ပန်ပန်ကဲ့သို့ လည်ပင်းတွင်ဆွဲထားပေးရန် မည်သူမှ မလုပ်နိုင်ကြပေ။ သို့သော် ပန်ပန်၏ လည်ပင်းတွင်ဆွဲထားသည့် မှော်ဝင်လက်နက်ကတော့ ဝိညာဉ်စွမ်းအားပြည့်ဝလွန်းသည့် အဖိုးတန်မှော်ဝင်လက်နက်တစ်ခု ဖြစ်သည်။

ထိုဓားက “နေစင်ဓားဝှက်ဓား” ဖြစ်ပြီး ရန်ရှုကို တိုက်ခိုက်နှိမ်နင်းပြီးနောက် ရန်ကျောက်ကဲ ရယူလာခဲ့ခြင်း ဖြစ်၏။

ထိုသို့သော အဖိုးတန်မှော်ဝင်ပစ္စည်းကို ရန်ကျောက်ကဲက သူမွေးမြူထားသည့် ဝိညာဉ်သားရဲလည်ပင်းတွင် ဆွဲပေးထားသည်ကို တွေ့ရသည့်အခါ ချန်လင်းမှာ မနာလိုမှုရော အားကျမှုများပါ ရောနှောပြီး သွေးအန်လုမတတ် ဖြစ်ရသည်။

ထိန်းမနိုင်သိမ်းမရ မျက်စိမျက်နှာပျက်ယွင်းနေသည့် ချန်လင်းကိုကြည့်ပြီး ရန်ကျောက်ကဲက ရယ်မောလိုက်သည်။

“အလကားနောက်တာပါ ၊ တကယ်တော့ အဲဒီဓားကိုချွတ်ဖို့ မေ့သွားတာ”

အားဟူက ချက်ချင်းပင် ရှေ့တိုးလာပြီး ပန်ပန်၏လည်ပင်းတွင်ဆွဲထားသည့် နေစင်ဓားဝှက်ထားကို ချွတ်ယူလိုက်ကာ ဘေးတစ်နေရာတွင် မတ်တတ်ရပ်နေသည်။

တင်းမာနေသည့်လေထု အနည်းငယ် လွင့်စင်ပြေလျော့သွားပြီး ကြည့်နေကြသူများမှာ ငိုရမလို ရယ်ရမလို ဖြစ်သွားကြသည်။ တစ်ချိန်တည်းပင် ရန်ကျောက်ကဲ၏အဆင့်အတန်း ၊ နောက်ခံအင်အားနှင့် ကြွယ်ဝချမ်းသာမှုကိုလည်း နားလည်သွားကြသည်။

ပန်ပန်ကတော့ သူ့ရှေ့မှဝံပုလွေကြီးကို တစ်ချက်ပင်အရေးမစိုက်ဘဲ သူ့လည်ပင်းတွင်ဆွဲထားသည့်ဓား ချွတ်ယူခံလိုက်ရသည်ဖြင့် မကျေမနပ်ဖြင့် အားဟူကိုလှမ်းကြည့်သည်။

အနည်းငယ်နင်နေသည့်ချန်လင်းက အေးခဲတစ္ဆေဝံပုလွေကြီးကို ဆက်လက်လှုပ်ရှားရန် အချက်ပြလိုက်သည်။

ပန်ပန်ထံမှ ကြောက်မက်ဖွယ်ရာစွမ်းအားကို အာရုံခံမိသည့်တိုင် ရှားရှားပါးပါး သည်းခံနိုင်စွမ်းနှင့် တည်ငြိမ်မှုကို ပိုင်ဆိုင်သော အစိမ်းရောင်တစ္ဆေဝံပုလွေကြီးသည် အခြေအနေကို စောင့်ကြည့်အကဲခတ်နေဆဲ ဖြစ်သည်။

ဝံပုလွေကြီးထံမှ အေးစိမ့်နေသည့် ချီစွမ်းအားစီးကြောင်းများ ထွက်ပေါ်လာပြီး ‌ရေခဲမြူများဖြစ်ပေါ်လာကာ ရေခဲကမ္ဘာကြီးတစ်ခုက ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားပြီး နှင်းများက ပန်ပန်ကို ဖုံးလွှမ်းသွားသည်။

ပန်ပန်ကတော့ အေးအေးဆေးဆေးပင် ငုတ်တုတ်ထိုင်နေပြီး အခြေအနေကို မသိသလို ဟန်ဆောင်နေသည်။

ချန်လင်းက တိုက်ပွဲအခြေအနေကို စိတ်အားထက်သန်စွာ ကြည့်နေ၏။ သို့သော် ပန်ပန်လည်ပင်းတွင်ဆွဲထားသည့် နေစင်ဓားဝှက်ဓား မရှိတော့သည့်တိုင် ပတ်ဝန်းကျင်မှ ရေခဲမြူများက တဖြည်းဖြည်း ပါးလျားသွားသည်ကို သူမ သတိပြုလိုက်မိသည်။

ပတ်ဝန်းကျင်မှ အပူချိန်က ကျဆင်းမသွားသည့်အပြင် ပို၍ပင်တိုးလာသည်။

"ဒီတစ်ခါ ဘာဖြစ်ပြန်ပြီလဲ"

ချန်လင်းက ပန်ပန်၏ ခန္ဓာကိုယ်ပေါ် ကြည့်လိုက်သည့်အခါ မည်သည့်ရတနာပစ္စည်းမှ မတွေ့ရသဖြင့် ရူးတော့မလို ခံစားလိုက်ရသည်။

သို့သော် ပါဒါကြီး’ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အဖြူရောင်မီးတောက်များ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

တောက်လောင်နေသည့် မီးတောက်များက ရေခဲမြူများကို ဖြည်းဖြည်းချင်းပြယ်လွင့်သွးစေသည့်အပြင်  အစိမ်းရောင်တစ္ဆေဝံပုလွေကြီး၏ စွမ်းအားကိုပါ လျော့နည်းသွားစေသည်။

ချန်လင်း ရင်ထိတ်သွားသည်။

“ဖီရှိုးက အရမ်းအစွမ်းထက်တာပဲ ၊ အဖြူရောင်မီးတောက်နဲ့ အနက်ရောင်ရေကို ထိန်းချုပ်နိုင်စွမ်း ရှိတယ်”

သူမက ချက်ချင်း အော်ဟစ်လိုက်သည်။

“အေးခဲတစ္ဆေ တိုက်တော့ ၊ ငါတို့အချိန်ဆွဲလို့ မရဘူး”

တိုက်ပွဲအခြေအနေက ပြောင်းပြန် ဖြစ်သွားသည်။ ချန်လင်းနှင့် အစိမ်းရောင်တစ္ဆေဝံပုလွေကြီးတို့ အချိန်မဆွဲရဲတော့ပေ။ အချိန်ဆွဲပါက သူတို့သာလျှင် ကြီးကြီးမားမား ထိခိုက်မည် ဖြစ်သည်။

ချန်လင်း အမိန့်ပေးလိုက်သည်နှင့် အေးခဲတစ္ဆေဝံပုလွေကြီးက စတင်လှုပ်ရှားလိုက်သည်။ သူက အလွန်လျှင်မြန်သည့်အရှိန်အဟုန်ဖြင့် ပန်ပန်ထံသို့ ဝင်‌‌ရောက်သွားသည်။ သူ၏လျှင်မြန်မှုက ကောင်းကင်မိုးကြိုးနန်းတော်မှ ကျင့်ကြံသူများထက် လျော့နည်းခြင်း မရှိပေ။

ပန်ပန်ကတော့ နှေးကွေးလေးလံသူဖြစ်ပြီး မည်သည့်လှုပ်ရှားမှုမှမလုပ်ဘဲ နေရာတွင်ပင် ငုတ်တုတ်ထိုင်နေသည်။ သို့သော် သူ့ကို ဝင်ရောက်တိုက်ခိုက်ရန် ဟာကွက်တစ်ကွက်မှ ထုတ်ဖော်မပြခဲ့ပေ။

ဝံပုလွေများဆိုသည်က မွေးရာပါ သတိကြီးသူများဖြစ်လေရာ အစိမ်းရောင်တစ္ဆေဝံပုလွေသည် ဖီရှိုးသတ္တဝါအနားသို့ ပေါ့ပေါ့တန်တန် ချဉ်းကပ်ဝံ့ခြင်း မရှိပေ။

အစိမ်းရောင်တစ္ဆေဝံပုလွေကြီး သူ့ထံပြေးလာသည်ကိုတွေ့သည့်အခါ ပန်ပန်က ခုခံရန်အသင့်ပြင်သည့်အလား ခန္ဓာကိုယ်ကြီးကို အနည်းငယ်လှည့်လိုက်သည်။

ပန်ပန်က ခံစစ်တစ်ခုတည်းကိုသာ အာရုံစိုက်ထားလေရာ အစိမ်းရောင်တစ္ဆေဝံပုလွေကြီးမှာ အလောတကြီး ရှေ့မတိုးရဲဘဲ သတိထားလျှက် ရှိသည်။

ပန်ပန်၏ စွမ်းအားဖြင့်ဆိုလျှင် ဝံပုလွေကြီး၏ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ပြီး တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်နိုင်စွမ်းရှိသည်။

အစိမ်းရောင်တစ္ဆေဝံပုလွေကြီးက ခံနိုင်ရည်မြင့်မားသည့်တိုင် အားနည်းချက်ရှိလေရာ ရေရှည်တိုက်ပွဲတွင် ပန်ပန်နှင့် ယှဉ်နိုင်မည် မဟုတ်ပေ။

အစိမ်း‌ရောင်ဝံပုလွေက စတင်လှုပ်ရှားသူဖြစ်သော်လည်း သူက ပန်ပန်အနားတွင် လှည့်ပတ်နေပြီး ဝင်ရောက်တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ သူ့အနေဖြင့် ပန်ပန်ကို စတင်တိုက်ခိုက်ရန် သင့်တော်သည့်အခွင့်အရေး မတွေ့ရှိခဲ့ပေ။

ချန်လင်းက သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး...

“ငါတို့ စပြီးတိုက်ခိုက်မှတော့ နောက်ပြန်ဆုတ်လို့မရတော့ဘူး ၊ ငါတို့ နိုင်မှဖြစ်မယ်”

ထို့နောက် သူမက လေတစ်ချက်ချွန်လိုက်သည်။ သူမ၏ စူးရှသည့်လေချွန်သံကို နားထောင်ရင်း ပန်ပန်ကို လှည့်ပတ်နေသည့် အေးခဲတစ္ဆေဝံပုလွေကြီး ရုတ်တရက် ရပ်တန့်သွားသည်။

သူက ကောင်းကင်ထက်သို့ ခေါင်းကိုမော့ကာ ရှည်လျားစွာ အူလိုက်သည်။

“အူ... ဝူး”

ထိုအခါ နှင်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ ဖုံးလွှမ်းသွားသည်။

ဝံပုလွေကြီးက ကျယ်‌လောင်စွာအူလိုက်ပြီးနောက် နှင်းမုန်တိုင်း၏ အကူအညီဖြင့် ယခင်ကထက် ပိုမိုလျှင်မြန်လာပြီး ပြင်းထန်လွန်းသည့် အရှိန်အဟုန်ဖြင့် ပန်ပန်ကို ဝင်‌ရောက်တိုက်ခိုက်လိုက်သည်။

အစိမ်းရောင်တစ္ဆေဝံပုလွေက သူပိုင်ဆိုင်သည့် မွေးရာပါစွမ်းအားကို စတင်အသက်သွင်းလိုက်ပြီဖြစ်ရာ ကြည့်နေသူများအားလုံး မျက်လုံးများ ကျဉ်းမြောင်းလိုက်ကြသည်။

နှင်းမုန်တိုင်းမှရရှိသည့်စွမ်းအားက ပေါက်ကွဲထွက်သွားပြီး လျှင်မြန်မှုချက်ချင်းမြင့်တက်လာကာ ဝံပုလွေကြီး၏တိုက်ခိုက်မှုက ကျောက်စိမ်းပင်လယ်မြို့တော်မှ ကောင်းကင်ဒီရေလျှံတိုက်ကွက်အလား တစ်ချက်တည်းဖြင့် စွမ်းအားအကုန်လုံး ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသည်။

ရန်ကျောက်ကဲက အော်ဟစ်ရယ်မောလိုက်ရင်း...

“ထိပ်တိုက်တွေ့ရင်တော့ မင်းပဲ မြန်မြန်သေမှာပေါ့ကွာ...”

အပြစ်ကင်းစင်ဟန် မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်လုပ်နေသည့် ပန်ပန်သည် နောက်ဆုံးတော့ သူ၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးကို လှုပ်ရှားလိုက်သည်။

အစိမ်းရောင်တစ္ဆေဝံပုလွေ၏ စွမ်းအားအပြည့်နှင့် ထိုးနှက်ဝင်‌ရောက်လာခြင်းကို ရင်ဆိုင်ရသည့်တိုင် ပန်ပန်က တစ်ချက်လေးပင် ရှောင်တိမ်းရန် မကြိုးစားခဲ့ပေ။

သူ၏ ကြီးမားလှသောခန္ဓာကိုယ်ကြီးက မြောက်တက်သွားပြီး နောက်ခြေတစ်ချောင်းကို မြှောက်လိုက်ကာ လူတစ်ယောက်က ခြေနှင့်ဆောင့်နင်းလိုက်သည့်အလား မြေပြင်ပေါ်သို့ စောင့်နင်းချလိုက်လေ၏။

ပန်ပန်၏ တစ်ကိုယ်လုံးကို တောက်လောင်နေသည့် အဖြူရောင်မီးတောက်များက လွှမ်းခြုံထားသည်။

သူက မီးတောက်များကို ထိန်းချုပ်နိုင်စွမ်းရှိသည့် နတ်သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားသည့်အလား ထင်မှတ်ရသည်။

တောက်လောင်နေသည့် ယန်စွမ်းအားများက နှင်းမုန်တိုင်းများကို ချက်ချင်းဖယ်ရှားပစ်လိုက်သည်။

အစိမ်းရောင်တစ္ဆေဝံပုလွေကြီးမှာ ရှောင်တိမ်းချင်သည့်တိုင် ထိုသို့ပြုလုပ်ရန် အချိန်မရှိတော့ဘဲ သူ့ဦးခေါင်းထက်မှ အလင်းရောင်က မှိန်ဖျော့သွားသည်။

ထိုက်စန်းတောင်ကြီးတစ်ခုလုံး သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာသည့်အလား ၊ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း သူ့ကိုချုပ်နှောင်ထားသည့်အလား လုံးဝ လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။

“ခရက်...”

အရိုးကျိုးကျေသွားသည့်အသံများနှင့်အတူ ကျယ်လောင်သည့်ပေါက်ကွဲသံကြီးတစ်သံကို လူတိုင်းကြားလိုက်ရပြီး ငလျင်လှုပ်ခတ်သည့်အလား သူတို့ခြေထောက်အောက်မှ မြေကြီးသည်လည်း တုန်ခါသွားသည်။

နာကျင်စွာ အော်ညည်းသံနှင့်အတူ ပန်ပန်က အစိမ်းရောင်ဝံပုလွေကြီးကို မြေပြင်ထက် ဖိနင်းချလိုက်သည်။

သူက ဝံပုလွေကြီးကို နင်းချေပြီးသည့်နောက် ကြီးမားဝတုတ်သည့်ခန္ဓာကိုယ်ကြီးကို ဖြည်းဖြည်းချင်းလှည့်ကာ ဘေးသို့ရွှေ့သွားပြီး တေင်ငယ်လေးတစ်ခုပမာ ပုံ့ပုံ့လေး ထိုင်နေလေတော့သည်။

ချန်လင်းက အော်ဟစ်လိုက်သည်။

“ကျစ်ယီ... အေးခဲတစ္ဆေကို ကယ်ပါဦး”

သို့သော် သူမ ပြောနေစရာပင်မလိုပေ။ လျှပ်စီးလက်သလို လျှင်မြန်သည့် အရိပ်တစ်ခုက ပန်ပန်ဆီသို့ ပြင်းထန်သည့်အရှိန်ဖြင့် ဝင်ရောက်သွားသည်ကို တွေ့မြင်လိုက်ရသည်။

ယခုတစ်ကြိမ် ကယ်တင်ရှင်ဝင်လုပ်သည်ကတော့ ကောင်းကင်မိုးကြိုးခန်းမမှ လူငယ်အဖွဲ့ကို ဦးဆောင်သူ ရှဲ့ကျစ်ယီပင် ဖြစ်သည်။

သို့သော် သူ ပန်ပန်အနား မရောက်ခင်မှာပင် ရန်ကျောက်ကဲက သူသွားမည့်လမ်းကို ပိတ်ဆို့ထားလိုက်သည်။

နှစ်ယောက်သား ထိတွေ့မိသွားသည်နှင့် ကျယ်လောင်သည့်အသံကြီးတစ်သံ ထွက်ပေါ်လာသည်။

“ဝုန်း...”

ယခုတိုက်ပွဲက ဖီရှိုးနှင့် အစိမ်းရောင်တစ္ဆေဝံပုလွေတို့ကြား တိုက်ပွဲထက် များစွာပိုမိုထိတ်လန့်စရာကောင်းကြောင်း ပတ်ဝန်းကျင်မှလူများအားလုံး သိလိုက်ကြသည်။

သို့ပေသိ ပန်ပန်ကတော့ အနှောက်အယှက်ကင်းစင်စွာဖြင့် ပျင်းရိပျင်းတွဲ အေးဆေးစွာဖြင့် ငုတ်တုတ်ထိုင်နေတော့သည်။

ဝံပုလွေကြီးကတော့ ပန်ပန်၏ အနင်းခံရကာ ကြေကွဲဖွယ်ရာအူသံကိုပင် မထုတ်လွှတ်နိုင်တော့ဘဲ ဝံပုလွေအသားပြား ဖြစ်သွားလေပြီ။

ချန်လင်းမှာ မြေပေါ်လဲကျ သတိလစ်မတတ် ဖြစ်သွားသည်။

သူမ၏ ကျင့်ကြံခြင်းအဆင့်က အများနှင့်ယှဉ်လျှင် မနိမ့်ကျသော်လည်း သူမက သိုင်းတာအိုအကြောင်း သိပ်လေ့လာလေ့မရှိဘဲ ဝံပုလွေကြီး (၂)ကောင်ကို သေသေချာချာ ဂရုတစိုက်ပြုစုပျိုးထောင်ရင်း သူမ၏အချိန်အများစုကို ကုန်လွန်စေခဲ့သည်။

ရေနက်မှော်နဂါးဖြင့် တိုက်ခိုက်ခဲ့သည့် အစိမ်းရောင်တစ္ဆေဝံပုလွေဆိုလျှင် အဆင်ပြေသေးသော်လည်း “အေးခဲတစ္ဆေ” ဟု နာမည်ပေးထားသည့် ဝံပုလွေကြီးကတာ့ သူမဘဝ၏ အဓိကဖြစ်တည်မှုတစ်ခု ဖြစ်သည်။

ယခုတော့ “အေးခဲတစ္ဆေဝံပုလွေကြီး” မှာ သူမမျက်စိရှေ့တွင်ပင် ပန်ပန်အနင်းခံရကာ သေဆုံးသွားပြီ ဖြစ်သည်။

ချန်လင်းက သွေးကဲ့သို့ ရဲရဲနီနေသည့်မျက်လုံးများဖြင့် ရန်ကျောက်ကဲကို စိုက်ကြည့်ရင်း...

“ရှင်က တကယ်ပဲ အဲဒီလို ရက်စက်တဲ့တိုက်ခိုက်မှုမျိုး လုပ်လိုက်ရသလား”

ရန်ကျောက်ကဲက...

“တိုက်ပွဲမစခင် ညီမလေး’ချန်’ ဘယ်လိုပြောခဲ့သလဲ ၊ ငါအမှတ်မမှားဘူးဆိုရင် မင်းပြောခဲ့တာ ‘ဝိညာဉ်သားရဲတွေကြားက တိုက်ပွဲမှာ ကျဆုံးမှုတွေက ရှောင်လွှဲလို့မရဘူး’ လို့ ပြောခဲ့တယ် မဟုတ်လား ၊ ပြီးတော့... စောစောက ငါသာဝင်မကယ်ရင် အစ်ကို’ရဲ့’ ရဲ့ ရေနက်မှော်နဂါးကြီးကို မင်းရဲ့ဝံပုလွေက သတ်ပစ်တော့မှလေ ၊ တကယ်လို့ အဲဒီနဂါးကြီး သေသွားပါပြီတဲ့ ၊ မင်း ဘယ်လိုစကားမျိုး ပြောမလဲ”

ရန်ကျောက်ကဲက သူ့လက်များကို ဖြန့်လိုက်ရင်း...

“အင်း... မင်းပြောတာတော့ ‘အစိမ်းရောင်တစ္ဆေက ဉာဏ်အလင်းမရသေးပါဘူး ၊ ဒါကြောင့် တစ်ခါတစ်လေ သူ့ရဲ့ ရိုင်းစိုင်းတဲ့ဗီဇကို ထိန်းချုပ်ဖို့ခက်ပါတယ် ၊ သူ့ရဲ့ပင်ကိုယ်သဘာဝကိုက အရမ်းအစွမ်းထက်တာကြောင့် ကျွန်မလည်း အပြည့်အဝ မထိန်းချုပ်နိုင်ပါဘူး ၊ အစ်ကို’ရဲ့’ ရဲ့ ရေနက်မှော်နဂါး ထိခိုက်လုနီးပါး ဖြစ်ခဲ့တဲ့အတွက် ကျွန်မကပဲ အစ်ကို’ရဲ့’ ကို တောင်းပန်ပါတယ် ၊ အစ်ကို’ရဲ့’ ကပဲ ဒီကိစ္စကို သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးပြီး ဗွေမယူဖို့ ပြောချင်ပါတယ်’ ၊ အဲဒီလိုပြောခဲ့တာ ဟုတ်တယ်မလား”

ရန်ကျောက်ကဲက ရဲ့ကျုန်းကျိုးကို လှမ်းကြည့်လိုက်တော့ သူက အေးစက်စွာပြုံးရင်း ခေါင်းညိတ်ပြသည်။

ရန်ကျောက်ကဲက ချန်လင်းကို ပြန်လှည့်ကြည့်လိုက်ပြီး ရယ်မောလိုက်သည်။

“မင်းပြောခဲ့တဲ့စကားနဲ့ ငါက မင်းကိုပြန်ချေပမယ်လို့ ထင်နေသလား ၊ ဒါဆိုရင်တော့ လုံးဝ မဟုတ်ဘူး”

ရန်ကျောက်ကဲ၏ လွှမ်းမိုးနိုင်စွမ်းမြင့်မားပြီး မောက်မာလှသည့် အပြုံးကို တွေ့မြင်လိုက်ရသည့်အခါ ချန်လင်း အံ့သြမှင်တက်သွားသည်။

“လူအချင်းချင်း ဆက်ဆံတဲ့အခါ နည်းနည်းတော့ ရိုးသားဖို့လိုတယ်ကွ...”

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ရယ်မောရင်း ဆက်ပြောသည်။

“တကယ်တော့... မင်းရဲ့ဝံပုလွေ အသားပြားဖြစ်သွားတာ မင်း စ လို့ ဖြစ်တဲ့ပြဿနာပဲ ၊ မင်းရဲ့ခွေးကသာ ပန်ပန်ကို အတင်းဝင်မတိုက်ဘူးဆိုရင် ပန်ပန်က လှုပ်မှာတောင် မဟုတ်ဘူး ၊ ဒါပေမဲ့ အခုလိုဖြစ်လာမှတော့ ဖြစ်သမျှအကြောင်း အကောင်းချည်းသာမှတ်လိုက်ပေတာ့ ညီမလေး’ချန်’”

All Chapters