တောင်းပန်မှု
Vol. 003 Ch. 248
ကု့ချင်းဥယျာဉ်သို့ တန်ခိုးရှင်အုပ်စု တစ်စု အရှိန်အဝါ ကြီးမားစွာ ဆင်းသက် လာကြသည်။ သူတို့ကား နန်းကုန်း မိသားစုမှ လူများ ဖြစ်ကြသည်။ နန်းကုန်း မိသားစုကား မွေးနေ့ပွဲကို ကျင်းပ နေသင့်သော်လည်း စာတစ်စောင်ကြောင့် သူတို့က မွေးနေ့ပွဲအား ဖျက်ခဲ့ရသည်။ နန်းကုန်း မိသားစု အကြီးအကဲ၊ နန်းကုန်းကျာ၊ နန်းကုန်းချန်းနှင့် သူ၏ သားတို့အပြင် များစွာသော နန်းကုန်းမိသားစု တန်ခိုးရှင်များက ကု့ချင်းဥယျာဉ်ထံသို့ တောင်းပန်ရန် ရောက်ရှိ လာခဲ့ကြသည်။ သို့သော်လည်း သူတို့က ရီဖူရှင်းနှင့် တခြား လူများအား မမြင်တွေ့ရပေ။ ထိုနေရာတွင် အစေခံ နှစ်ယောက်က အိမ်သန့်ရှင်းရေး လုပ်နေသည်ကိုသာ တွေ့မြင် ကြရသည်။
အစေခံများ၏ အဆိုအရ ကု့ချင်းဥယျာဉ်မှ လူများက ကျောင်းတော်သို့ သွားရောက် ကြသည်ဟု သိကြရသည်။ နန်းကုန်း မိသားစုကလည်း လမ်းကြောင်း ပြောင်းကာ ကျင်းဝူ ကျောင်းတော်သို့ ဦးတည်လျက် လိုက်ပါ သွားကြသည်။
ကျင်းဝူ ကျောင်းတော်ကား ထျန်းရီမြို့တွင် တည်ရှိသည်။ သူတို့က အရှေ့မြေရိုင်း ကျောင်းတော်ထက် နိမ့်ကျသည့်တိုင် ထျန်းရီမြို့မှ အင်အားစုတစ်ခု ဖြစ်သည့်အတွက် အင်အား ကြီးမားပေသည်။
ကျောင်းတော်ကား ကြီးမားကာ ထည်ဝါသည်။ ကျောင်းတော်ထဲတွင် လျှောက်သွားရင်းက ရီဖူရှင်းနှင့် တခြား လူများကား ကောင်းမွန်သော ခံစားချက်ကို ရသည်။
“ကျွန်တော်က အရွယ် ရောက်လာပေမဲ့ ဒီလို နေရာမျိုးတွေနဲ့ ရင်းနှီးနေတယ်…. ကျွန်တော်က အရင်က အချိန်တွေကို သတိရတယ်….” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ သူကား ချင်းကျူ ကျောင်းတော်နှင့် ဒွန်ဟိုင် ကျောင်းတော် တို့တွင် သင်ယူခဲ့ရာ အတိတ်တွင် ကျောင်းတော်များနှင့် ပတ်သက်၍ များစွာသော အမှတ်ရစရာများ ရှိသည်။
“မင်းက မင်းရဲ့ အစ်မချင်ယီ ဒါမှမဟုတ် ဖန်းရှင်းဇွီကို သတိရ နေတာမလား…” ဟွာဖန်းလူက ပြုံးလျက် ပြောသည်။ ရီဖူရှင်းက ချင်းကျူ ကျောင်းတော်တွင် ဘာလုပ်ခဲ့သည်ကို သူ ကောင်းကောင်း သိသည်။
ဟွာဖန်းလူ၏ စကားကို ကြားလျှင် ရီဖူရှင်းက ဆွံ့အသွားကာ ပြောသည်… “ဆရာ… ကျွန်တော်က အစ်မချင်ယီနှင့် ဖန်းရှင်းဇွီတို့နဲ့ မိတ်ဆွေအဆင့်ပဲ ရှိပါတယ်…. ကျွန်တော် တကယ်တမ်း သတိရတာက ချင်းကျူ ကျောင်းတော်ပါ…. ဂျီယူနဲ့ ဆရာကို သိခွင့်ရတာလည်း ကျွန်တော့်အတွက် ကံကောင်းမှုပါပဲ…. မဟုတ်ရင် ကျွန်တော်က ဒီနေ့ အခြေအနေ ဖြစ်လာမှာ မဟုတ်ဘူး…..”
လူတိုင်းက ရီဖူရှင်း၏ စကားများကို ရင်းနှီးနေကြပြီး ဖြစ်ရာ သိပ်ထူးထူးခြားခြား မရှိပေ။
“အဓိပ္ပာယ်ရှိတယ်….” ဟွာဖန်းလူက ပြုံးလျက် ခေါင်းညိတ်သည်။
“နည်းပြဟွာ….” လမ်းတစ်လျှောက်တွင် ကျောင်းသားများက ဟွာဖန်းလူနှင့် တခြားလူများကို နှုတ်ဆက်ကြသည်။ သူတို့ကား ဤကျောင်းတော်၏ နည်းပြများဖြစ်ရာ လူအများအပြားက သိကြသည်။ သို့သော်လည်း ကျင်းဝူ ကျောင်းသားများ၏ မျက်လုံးထဲတွင်မူ များစွာသော လေးစားမှုများကို မတွေ့ရပေ။ မည်သို့ပင် ဆိုစေ ဟွာဖန်းလူတို့ကား ကျော်ကြားသူများ မဟုတ်ကြပေ။ ကျင်းဝူ ကျောင်းတော်တွင် စွမ်းအားမြင့်သော ဆရာများကသာ လူအများ၏ လေးစားမှုကို ရသည်။ လာဘ်လာဘ ကျောင်းဆောင်၏ ကျောင်းအုပ်ဖြစ်သော ယိချန်ပင်လျှင် ဤကျောင်းတော်တွင် သာမန် ဆရာတစ်ယောက် အဆင့်မျှသာ ရှိသည်။ သို့သော် နန်ဒူဝန်ယမ်နှင့် တန်လန်တို့က ပိုမို၍ နာမည် ကျော်ကြားသည်။
“ကျင်းဝူ ကျောင်းတော်မှာ ကျောင်းသားတွေက သင်ခန်းစာတွေကို လွတ်လွတ်လပ်လပ် နားထောင်လို့ ရတယ်…. နည်းပြတွေကလည်း လက်ရင်း တပည့်တွေကို မွေးလို့ရတယ်… တချို့ကျောင်းသားတွေကလည်း နည်းပြကောင်းတွေကို ချဉ်းကပ်ကြလေ့ ရှိတယ်….” ဟွာဖန်းလူက ပြောသည်။
“ဆရာ… နောက်ထပ် တပည့်တွေ မွေးဖို့ ဆန္ဒမရှိဘူးလား….” ရီဖူရှင်းက မေးသည်။
ဟွာဖန်းလူက ခေါင်းယမ်းလိုက်သည်။ ဤနေရာတွင်ကား သူ့ကဲ့သို့သော တန်ခိုး အဆင့်နိမ့်သော သူကို မည်သူက ဆရာအဖြစ် သဘောထား မည်နည်း။ သူတို့က လိုလားလျှင်ပင် ဟွာဖန်းလူတွင် ထိုသို့သော အတွေးများ မရှိတော့ပေ။ သူက ရီဖူရှင်းနှင့် မကြာခဏ အချေအတင် ပြောသည့်တိုင် သူ၏ တစ်ဦးတည်းသော တပည့်အား သမက်အဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။
“နည်းပြဟွာ….” ထိုအခိုက်တွင် ဆယ်ကျော်သက် အရွယ် ကောင်မလေး တစ်ယောက်က ဟွာဖန်းလူအား စိုးရိမ်စွာ ကြည့်ကာ ခေါ်သည်။
“အင်း…” ဟွာဖန်းလူက ကြည့်လိုက်သည်။
သူမ၏ လက်များကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် ဟွာဖန်းလူအား စိုးရိမ်စွာ ပြောသည်…. “နည်းပြဟွာကို ကျွန်မက ဆရာအဖြစ် တင်လိုပါတယ်….”
ဟွာဖန်းလူက ပြုံးလျက် ပြောသည်…. “တကယ်လို့ မင်းက ငါ့ရဲ့ ပို့ချချက်တွေကို နားထောင်ချင်ရင် အချိန်မရွေး လာလို့ရတယ်….”
“မဟုတ်ဘူး… ကျွန်မက နည်းပြဟွာကို တကယ့်ဆရာအဖြစ် သတ်မှတ်ချင်တာ…” မိန်းကလေးက ထပ်ပြောသည်။
“ကျုပ်က တပည့် လက်မခံဘူး…..” ဟွာဖန်းလူက ပြုံးလျက် ပြောသည်။ ထိုမိန်းကလေး၏ မျက်နှာတွင် အနည်းငယ်သော စိတ်ပျက်မှုကို တွေ့ရသည်။
ရီဖူရှင်းက မိန်းကလေးအား ကြည့်လိုက်သည်။ ထို့နောက် သူ၏ ဆရာအား မျက်လုံးပြူးလျက် ကြည့်လိုက်၏။ ကြည့်ရသည်မှာ သူ၏ ဆရာကား မူလကလို ဆွဲဆောင်အား ကောင်းနေဆဲပင်။
“ဟိတ်ဟန် များတယ်….” အဝေးမှ အေးစက်သော အသံတစ်သံ ထွက်လာသည်။ မိန်းမတစ်ယောက်က ဟွာဖန်းလူ၏ ရှေ့မှ မိန်းကလေးထံကို လျှောက်လာသည်… “ယွီချန်… ငါမင်းကို တပည့်အဖြစ် လက်ခံနိုင်တယ်….”
မိန်းကလေးက ထိုမိန်းမအား ကြည့်ကာ အသာအယာ ပြောသည်…. “ကျေးဇူးတင်ပါတယ် နည်းပြဟန်… ဒါပေမဲ့ မလိုအပ်ပါဘူး….”
“မင်း ဘာတွေ တွေးနေလဲ ငါတကယ် မသိတော့ဘူး…” ထိုမိန်းမ၏ အသက်ကား နန်ဒူဝန်ယမ်နှင့် အတူတူလောက် ရှိမည်ဖြစ်ပြီး ရုပ်ရည်က နန်ဒူဝန်ယမ်လောက် မချောမောသည့်တိုင် အတော်လှသည်ဟု ပြောရပေမည်။ သူမက ဟွာဖန်းလူအား ကြည့်ကာ ပြောသည်…. “ကျောင်းတော်မှာ အရမ်းတော်တဲ့ နည်းပြတွေ ရှိတယ်…. မင်းက ဘာလို့ ဒီလို ခေါင်းမာတဲ့ လူကို ဆရာတင်ချင် ရတာလဲ….”
ယွီချန်က မချိပြုံး ပြုံးလိုက်သည်။ ဟွာဖန်းလူ၏ ပို့ချချက်များကို နားထောင်ရသည်မှာ သူမအတွက် လွန်စွာ သက်သောင့်သက်သာ ဖြစ်သည်ဟု ခံစားရ၏။ သူ၏ တန်ခိုးအဆင့်က အလွန် မမြင့်မားသော်လည်း သူမက ဟွာဖန်းလူ၏ ပို့ချက်ချက်များကို နားထောင်လိုသည်။
နည်းပြဟန်က ဟွာဖန်းလူအား စူးစိုက်ကြည့်လျက် ပြောသည်… “ရှင်က ကျောင်းတော်မှာ ဟိတ်ဟန် များတာကို ရပ်လိုက်လို့ မရဘူးလား…. ကျောင်းတော် တစ်ခုလုံးမှာ ရှင်တို့ကပဲ တပည့် လက်မခံဘူး…..”
“ကျုပ်က သူတို့ကို လမ်းမှားကို ပို့မိမှာ စိုးရိမ်တယ်….” ဟွာဖန်းလူက သူမ၏ အပြုအမူများကို သိပ်အလေးအနက် ထားဟန် မရှိဘဲ ပြုံးလျက် ပြောသည်။
နည်းပြဟန်က မည်သို့မှ မပြောတော့ပေ။ ဟွာဖန်းလူက ကောင်းမွန်စွာ ပြန်ပြောရာ သူမက မည်သို့ ထပ်ပြော ရတော့မည်နည်း။
“မိန်းကလေး… ကျောင်းတော်မှာ နည်းပြတွေ အများကြီး ရှိတယ်… မင်းက ဘာလို့ ဒီလောက် ခေါင်းမာရတာလဲ….” ထိုအခိုက်တွင် လူလတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က လျှောက်လာကာ ယွီချန်အား ပြောသည်။
“နည်းပြမို….” ယွီချန်က ခေါ်လိုက်သည်။
“သူ့ပို့ချချက်ကို သွားနားထောင်တာ လူနည်းနည်းပဲ ရှိတယ်… မင်းက သူ့ကို ဆရာအဖြစ် တင်ချင်နေတယ်…. မင်းက ဘာတွေ တွေးနေလဲ ငါတကယ် မသိဘူး… နည်းပြဟန်က သူ့လောက် မတော်ဘူးလို့ မင်းက ထင်နေတာလား….” သူက ဟွာဖန်းလူအား မကြည့်ဘဲ ယွီချန်ကိုသာ ကြည့်လျက် ပြောသည်…. “နည်းပြဟန်က မင်းကို တကယ် သဘောကျတယ်…. တကယ်လို့ သူမက မင်းရဲ့ဆရာ ဖြစ်လာရင် ငါကလည်း မင်းကို အချိန်ရရင် ရသလို သင်ပေးမယ်…..”
ယွီချန်၏ မျက်လုံးများက လင်းလက်သွားကာ နည်းပြဟန်နှင့် နည်းပြမိုတို့ကို ကြည့်သည်။ နည်းပြမိုကား ကျင်းဝူကျောင်းတော်တွင် လွန်စွာ နာမည်ကျော်ကြားသော နည်းပြဖြစ်ကာ လွန်စွာ စွမ်းအားမြင့်သည်။
“နည်းပြမိုက အကြံပေးမှတော့ ကျွန်မက နည်းပြဟန်ရဲ့ လက်အောက်မှာ လေ့ကျင့်ချင်ပါတယ်….” ယွီချန်က ပြောသည်။ နည်းပြဟန်က ပြုံးလျက် ပြောသည်…. “ကောင်းပြီ… မင်းက ဆုံးဖြတ်ပြီးမှတော့ ငါနဲ့လိုက်ခဲ့…..” သူမက ထိုသို့ ပြောပြီးသည်နှင့် ဟွာဖန်းလူအား ဖြတ်ကျော်လျက် ထွက်ခွာသွားသည်။ ယွီချန်က ဟွာဖန်းလူအား တစ်ချက် ကြည့်ကာ နည်းပြဟန်နှင့် နည်းပြမိုတို့ နောက်ကို လိုက်ပါသွားသည်။
“ဆရာ… ဘာလို့ တပည့်တစ်ယောက်မှ လက်မခံတာလဲ….” ရီဖူရှင်းက ညင်သာစွာ ပြောသည်။ ဟွာဖန်းလူက ရီဖူရှင်းအား မျက်လုံးများ ပြူးကျယ်လျက် ပြောသည်…. “မင်းက ငါ့ကို မင်းအတွက် ဆရာတူ ညီမတစ်ယောက် ရှာပေးစေချင်တာလား…”
“ကျွန်တော်….” ရီဖူရှင်း ဆွံ့အသွားသည်။
နည်ပြမိုနှင့် နည်းပြဟန်တို့က ကျောင်းတော်၏ လမ်းကလေးတစ်ခုမှ လျှောက်လာကြသည်။ ထိုအချိန်တွင် နည်းပြမို၏ မျက်နှာပေါ်တွင် အနည်းငယ်မျှသော မောက်မာသော ဟန်ပန်ကို တွေ့ရသည်။ သူက ဟွာဖန်းလူတို့ အုပ်စုကို သဘောမကျပေ။ သူကား တန်ခိုးအဆင့်က သိပ်မမြင့်ဘဲ ဟန်ရေးများလှသည်။
“ဘယ်လောက်တောင် ဟန်ဆောင် ကောင်းလိုက်တဲ့ အကောင်လဲ….” နည်းပြမိုက ပြောသည်။
“ဟွာဖန်းလူက မာနကြီးတယ် ဆိုပေမဲ့ သူက ဟန်ဆောင် တတ်တယ်လို့ ကျွန်မ မထင်ဘူး… “နည်းပြဟန်က ခေါင်းယမ်းလျက် သူ၏ အမြင်ကို လက်မခံကြောင်း ပြောသည်။
“သူ့ရဲ့ အဆင့်နဲ့ ဘာလို့ မာနကြီးနေရတာလဲ…. သူက ထူးချွန်တဲ့ ကျောင်းသားတွေကို သင်ပေးနိုင်တယ်လို့ မင်းထင်ထား…. ယွီချန်ကြောင့်သာ မဟုတ်ရင် သူ့လိုလူကို ဆရာတင်ချင်တဲ့ လူတောင် ရှိမှာ မဟုတ်ဘူး…..” နည်းပြမိုက နှာခေါင်းရှုံ့လျက် ပြောသည်။
သူတို့ ပြောနေကြစဉ်မှာပင် လူတစ်စု ကောင်းကင်မှ အရှိန်အဝါ ကောင်းစွာ ဆင်းသက် လာကြသည်။ ဒဏ်ရာ ပြင်းထန်စွာ ရလျက် တခြားလူများ ဆွဲခေါ်ခြင်း ခံလာရသော သူတစ်ယောက်ကို မြင်လျှင် နည်းပြဟန်နှင့် နည်းပြမိုတို့၏ အမူအရာများ ပြောင်းလဲ သွားကြသည်။ သူက နန်းကုန်းချန်း မဟုတ်လား။ သူက ရှေ့ဆုံးမှ အကြီးအကဲကိုလည်း သိသည်။ သူကား နန်းကုန်း မိသားစု၏ ဒုတိယနေရာတွင် ရှိသော ခေါင်းဆောင် ဖြစ်သည်။
ရှေ့ကို လျှောက်သွားလျက် နည်းပြမိုက ဦးညွှတ်ကာ ပြောသည်… “စီနီယာကို နှုတ်ဆက်ပါတယ်…. နန်းကုန်းအစ်ကိုက ဘာဖြစ်တာလဲ….”
“မင်းက ဟွာဖန်းလူနဲ့ သူ့လူတွေကို မြင်မိလား…” အကြီးအကဲက ပြောသည်။
“ခုနကပဲ သူတို့ကို တွေ့လိုက်တယ်…” ထူးဆန်းသလို ခံစားရကာ နည်းပြမိုက ပြောသည်။
“ဘယ်မှာလဲ… မင်းက လမ်းပြပေးလို့ ရမလား….” အကြီးအကဲက ပြောသည်။
“သေချာတာပေါ့… ကျွန်တော် လိုက်ပို့ပေးနိုင်ပါတယ် စီနီယာ….” နည်းပြမိုက လေးစားစွာ ပြောသည်။ နန်းကုန်း မိသားစုကား အင်အားကြီး ကလန်တစ်ခုဖြစ်ပြီး ကျင်းဝူကျောင်းတော် အပေါ်တွင် လွန်စွာ အားကောင်းသော လွှမ်းမိုးမှု ရှိသည်။ သို့သော်လည်း သူတို့က ဟွာဖန်းလူကို အဘယ်ကြောင့် လိုက်ရှာနေသည်ကို သူနားမလည်ပေ။ ကြည့်ရသည်မှာ ဟွာဖန်းလူက နန်းကုန်းချင်းနှင့် ပြဿနာဖြစ်ပြီး သူ့အား ဒဏ်ရာ ရစေခဲ့ဟန် တူသည်။
နည်းပြဟန်ကလည်း နားမလည်ပေ။ ထို့နောက် သူတို့အားလုံးက ဟွာဖန်းလူ ရှိနေရာနေရာသို့ လှမ်းသွားကြသည်။ ကျင်းဝူကျောင်းတော်၏ တပည့်များ အများအပြားကလည်း သူတို့နောက်မှ လိုက်ပါလာကြသည်။ နန်းကုန်းမိသားစုမှ စွမ်းအားမြင့် တန်ခိုးရှင်များက ကျောင်းတော်သို့ လာရောက်ခြင်ကား ထူးဆန်းသော ဖြစ်ရပ်ပင်။
ရီဖူရှင်း၊ ဟွာဖန်းလူနှင့် တခြားလူများက ကျောင်းတော်တွင် အေးဆေးစွာ သွားလာနေကြဆဲ ဖြစ်သည်။ သူတို့က ဤသို့ လူစုံတက်စုံဖြင့် အေးဆေးစွာ လျှောက်မသွား ဖြစ်သည်မှာ အတော်ကြာပြီ ဖြစ်သည်။
“ဟိုမှာ….” ထိုစဉ် စွမ်းအားမြင့် တန်ခိုးရှင် အုပ်စုတစ်ခုက သူတို့၏ နောက်မှ လျှောက်လာကြသည်။ တစ်စုံတစ်ခုအား ခံစားမိလျှင် ရီဖူရှင်းတို့က နောက်ကို လှည့်ကြည့် လိုက်ကြလျှင် နန်းကုန်း မိသားစုမှ လူများ လျှောက်လာသည်ကို မြင်သည်။
“ဘာဖြစ်နေတာလဲ….” နန်းကုန်းချန်း၏ ဆိုးရွားသော အခြေအနေကို မြင်လျှင် ဟွာဖန်းလူက အံ့အားသင့် သွားသည်။ သူက ရီဖူရှင်း လုပ်ခဲ့သည်များကို မသိပေ။
လျင်မြန်စွာပင် နန်းကုန်း မိသားစုမှ လူများက အနီးကို ရောက်လာကြသည်။ အကြီးအကဲက ရီဖူရှင်းတို့ အုပ်စုအား ကြည့်လိုက်သည်။
ထိုအခိုက်တွင် နောက်ထပ် တန်ခိုးရှင်တစ်ယောက် ရောက်လာသည်။ သူကား ကျင်းဝူ ကျောင်းတော်၏ အကြီးအကဲ တစ်ယောက် ဖြစ်သည်။ နန်းကုန်း မိသားစုက ကျင်းဝူ ကျောင်းတော်ကို ရောက်လာသည်ကို မြင်လျှင် သူက လျင်မြန်စွာ ပြေးလာခဲ့သည်။ နန်းကုန်းချန်းကို မြင်လျှင် သူက မျက်မှောင်ကြုတ် သွားကာ အကြီးအကဲအား မေးသည်… “သူ့ကို ဒီလိုဖြစ်အောင် ဘယ်သူ လုပ်ခဲ့တာလဲ….”
“ကျုပ်ပဲ…” နန်းကုန်း အကြီးအကဲက ပြောသည်။
“အစ်ကိုနန်းကုန်း…” ကျောင်းတော်မှ အကြီးအကဲက အံ့အားသင့် သွားသည်။
နန်းကုန်းမိသားစု အကြီးအကဲက ရှေ့ကို လျှောက်သွားလိုက်ကာ ပြောသည်… “သူတို့ကို ဒူးထောက်ခိုင်းလိုက်…..”
“ဟုတ်ကဲ့….” နန်းကုန်းမိသားစုမှ နိုဘယ်များက နန်းကုန်းချန်းနှင့် သူ၏ သားကို ရီဖူရှင်းတို့ အုပ်စုရှေ့တွင် ဒူးထောက်စေသည်။ သူတို့နှစ်ယောက်က ရီဖူရှင်းအား မျက်နှာများ ဖြူရော်လျက် ကြည့်ကြသည်။ ဟွာဖန်းလူတွင် သူကဲ့သို့သော တပည့်ရှိမည် လုံးဝ မထင်ထားကြပေ။
သူတို့က မူလက သိခဲ့ပါက ဤသို့သော မကောင်းသော စိတ်ကူး အတွေးများ ထားရဲမည် မဟုတ်ပေ။
ပတ်ဝန်းကျင်မှ လူများက နန်းကုန်းမိသားစု၏ အပြုအမူကို မြင်လျှင် အံ့အားသင့် သွားသည်။ နန်းကုန်းမိသားစုမှ အကြီးအကဲက နန်းကုန်းချန်းနှင့် သူ့သားကို ဟွာဖန်းလူ၏ ရှေ့တွင် ဒူးထောက်ခိုင်းသည်။ ဘာဖြစ်နေသနည်း။ ဟွာဖန်းလူက သာမန် နည်းပြတစ်ယောက် မဟုတ်ပေဘူးလား။ နည်းပြဟန်နှင့် နည်းပြမိုတို့ကလည်း ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်ကြသည်။
ထိုအခိုက်တွင် နန်းကုန်းမိသားစုမှ အကြီးအကဲက ရီဖူရှင်း၏ ရှေ့ကို လျှောက်သွားကာ လက်နှစ်ဖက်အား ဆုပ်ကိုင်လျက် ပြောသည်…. “ကျုပ်က နန်းကုန်းထန်ပါ…. ကျုပ်တို့ မိသားစုက လူတွေက စည်းကမ်းမဲ့တယ်…. ဒီနှစ်ယောက်က ပြင်ပမှာ ဒီလို မကောင်းတဲ့ အရာတွေ လုပ်နေတယ်… အခု သူတို့ရဲ့ စွမ်းအားတွေက လုံးဝ ဖျက်ဆီး ခံရပြီးပါပြီ…. သခင်လေးရီက သူတို့ကို သဘောရှိသလို အပြစ်ပေးလို့ ရပါတယ်….”
“နန်းကုန်းထန်….” ကြည့်နေကြသော လူငယ်များက ထိုနာမည်ကို ကြားလျှင် ထိတ်လန့် သွားကြသည်။ နန်းကုန်းမိသားစု၏ ဒုတိယ စွမ်းအားအမြင့်ဆုံး နိုဘယ်က အသက် ဆယ့်ရှစ်နှစ်အရွယ် လူငယ်လေးအား အမှန်ပင် တောင်းပန်နေသည်။ ထို့အပြင် သူက ထိုလူငယ်အား နန်းကုန်းချန်းတို့ကို စိတ်ရှိသလို အပြစ်ပေးခိုင်း နေသည်။
ထိုလူငယ်က မည်သူနည်း။ နည်းပြဟန်နှင့် နည်းပြမိုတို့ကား မှင်တက်နေပြီ ဖြစ်သည်။ ဟွာဖန်းလူ၏ ဘေးမှ လူငယ်လေး၏ မျိုးရိုးနာမည်မှာ ရီဖြစ်သည်။ ထျန်းရီမြို့တွင် ရီနာမည်ဖြင့် မိသားစု မရှိပေ။
ရီဖူရှင်းက စာကို သွားရောက် ပေးလိုက် ကတည်းက နန်းကုန်းမိသားစုက ဤကိစ္စကို ဖြေရှင်းပေးမည်ကို သိသော်လည်း ဤမျှ အခြေအနေအထိ အလေးအနက် ထားမည်ဟု မထင်ထားပေ။
“စီနီယာက ကျွန်တော့် ဆရာကို မေးလို့ ရပါတယ်…” ရီဖူရှင်းက နောက်ဆုတ်က ဟွာဖန်းလူ၏ နောက်တွင် ရပ်နေလိုက်သည်။
နန်းကုန်းထန်၏ မျက်လုံးက ဟွာဖန်းလူထံ ရောက်သွားကာ ဟွာဖန်းလူအား ဦးညွှတ်လျက် သူက ပြောသည်…. “ဒီခွေးကောင်က ဘာလုပ်မယ်ဆိုတာ ကျုပ်သိပြီးပါပြီ…. သူက တကယ်ပဲ ခွင့်လွှတ်လို့ မရပါဘူး… ဆရာဟွာ… သူတို့ကို ဘယ်လို စီရင်ပါမလဲ…. ကျုပ်ကလည်း ဆရာဟွာ စိတ်ကျေနပ်အောင် ဖြေရှင်းပေးပါ့မယ်….”
ကျောင်းတော်မှ လူများက ရီဖူရှင်းအား ထိတ်လန့်စွာ ကြည့်ကြသည်။ နန်းကုန်းမိသားစုမှ နန်းကုန်းထန်က ကျင်းဝူကျောင်းအုပ်ကို တွေ့လျှင်ပင် ဦးညွှတ်စရာ မလိုပေ။ ဟွာဖန်းလူက မည်သူနည်း။
ဟွာဖန်းလူနှင့် နန်ဒူဝန်ယမ်က ရီဖူရှင်းအား ကြည့်လိုက်ကြသည်။ ဤကောင်က တမင် လုပ်ခဲ့သည်လား။ ယခု ကျင်းဝူကျောင်းတော်မှ လူများအားလုံးက သူတို့အား သိသွားကြပြီ ဖြစ်သည်။
“နန်းကုန်းချန်း… မင်းက မကောင်းကြံပြီးတော့ ကျုပ်ဆီက တစ်စုံတစ်ခု ယူချင်နေတယ် ဆိုတာ ကျုပ်သိတယ်…. အခု မင်းက ဒီအကျိုးဆက်ကို ခံစားနေရပြီ…. ဘာကြောင့်လဲ…” ဟွာဖန်းလူက ခေါင်းယမ်း လိုက်သည်။
“သူက မင်းရဲ့ တပည့်ဆိုမှတော့ ဘာလို့ မပြောခဲ့လဲ….” နန်းကုန်းချန်းက ဒေါသတကြီး အော်ဟစ် လိုက်သည်။
သူ၏ စကားကို ကြားလျှင် ဟွာဖန်းလူက ခေါင်းယမ်း လိုက်သည်။ နန်းကုန်းချန်း ဆိုလိုသည်မှာ ရီဖူရှင်းကသာ သူ၏ တပည့်မဟုတ်လျှင် နန်းကုန်းချန်းက သူစိတ်ရှိသလို လုပ်နိုင်သည် ဟူ၍ပင်။ ထိုကဲ့သို့သောသူကား သူက သနားညှာတာ နေစရာ မလိုပေ။
“သူတို့ကို ခေါ်သွားတော့….” ဟွာဖန်းလူက လက်ဝှေ့ယမ်းလျက် ပြောသည်။
“သူတို့ နှစ်ယောက်လုံးကို နန်းကုန်း မိသားစုက နှင်ထုတ်လိုက်တော့…. အခု ခေါ်ထုတ်သွား…..” နန်းကုန်းထန်က အမိန့်ပေးလျှင် နိုဘယ်အချို့ ရှေ့ကို တက်လာကာ နန်းကုန်းချန်းနှင့် သူ့သားအား ခေါ်သွားကြသည်။
နည်းပြဟန်နှင့် နည်းပြမိုတို့ကား စိတ်တည်ငြိမ်အောင် ထိန်း၍ မရတော့ပေ။ ဟွာဖန်းလူ၏ တပည့်က မည်သူနည်း။ သူ့အား နန်းကုန်းမိသားစု ခေါင်းဆောင်ကပင်လျှင် မဆန့်ကျင်ရဲသည့် ပုံစံကို မြင်နေရသည်။
မိန်းကလေး ယွီချန်က ဟွာဖန်းလူအား ကြည့်သည်။ ထို့နောက် ရီဖူရှင်းအား ကြည့်ကာ တွေးသည်။ ဟွာဖန်းလူက သူမအား လက်မခံသည်က အလွန် အားနည်း၍ ပေလော။
ထိုအခိုက်တွင် နန်းကုန်းကျာက ထွက်လာကာ ရီဖူရှင်းအား ပြောသည်… “ကျွန်မက နန်းကုန်းကျာပဲ… ရှင်က စာကို ကျွန်မဆီကို ပို့ပေးမှတော့ ကျွန်မကို မှတ်မိမယ်လို့ ထင်တယ်….” သူမကား နန်းကုန်း မိသားစု၏ ပင်မမျိုးရိုးမှ ဖြစ်ကာ အလွန် နာမည် ကျော်ကြားသည်။
“အင်း… ကျုပ်က မင်းကို ကောင်းကောင်း သိတယ်….” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
“ကျွန်မက စာကို ရပြီးတာနဲ့ အဘိုးက ဒီကိစ္စကို ချက်ချင်း ဖြေရှင်းတယ်…. ဒါက တကယ်ပဲ နန်းကုန်းချန်းနဲ့ သူ့သားတို့ရှာတဲ့ ပြဿနာပဲ…. ဒါပေမဲ့ နန်းကုန်း မိသားစုက ရှင့်ရဲ့ ဆရာနဲ့ ရှင့်ညီမ တန်ဝမ်တို့ကို မကောင်းကြံဖို့ ဘယ်တုန်းကမှ စိတ်ကူးမရှိခဲ့ဘူး…. ရှင်က ကျွန်မပြောတာကို ယုံမယ်လို့ မျှော်လင့်တယ်…..” နန်းကုန်းကျာက ပြောသည်။ တန်ဝမ်က ရီဖူရှင်းအား ကြည့်သည်။ သူမက မည်သည့် အချိန်က သူ၏ ညီမ ဖြစ်သွားသနည်း။
ပတ်ဝန်းကျင်မှ လူများမူကား လုံးဝ ထိတ်လန့် သွားသည်။ နန်းကုန်း မိသားစုမှ ဒုတိယ ခေါင်းဆောင် ကိုယ်တိုင်က လာရောက် တောင်းပန်သလို ယခု နန်းကုန်း မိသားစု၏ ပါရမီရှင် ဖြစ်သူ ကျောင်းတော်၏ တပည့် နန်းကုန်းကျာကလည်း လာရောက် တောင်းပန်သည်။
“ဒီကိစ္စ ဒီမှာ ပြီးပြီ…” ရီဖူရှင်းက နန်းကုန်းကျာကို ပြောသည်။
ရီဖူရှင်း၏ စကားကို ကြားလျှင် နန်းကုန်းကျာ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူမကပြောသည်… “ကျေးဇူးတင်ပါတယ်…”
“သခင်လေးရီက အခုလို နားလည်ပေးတာ တကယ်ကို ကျေးဇူးတင်စရာပဲ…. တကယ်လို့ သခင်လေးရီက တစ်ခုခု လိုအပ်တာ ရှိရင် ကျေးဇူးပြုလို့ ပြောပါ…. နန်းကုန်း မိသားစုက စွမ်းအားရှိသမျှ လုပ်ပေးပါ့မယ်….” နန်းကုန်းထန်က လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် ပြောသည်။
“ဒါက မလိုအပ်ပါဘူး… ဒီကိစ္စက ပြီးသွားပြီးပါပြီ…” ရီဖူရှင်းက ပြောသည်။ ထိုမှသာ နန်းကုန်း မိသားစုများမှ လူများ အားလုံး ရင်အေး သွားကြသည်။
နန်းကုန်းထန်က ရီဖူရှင်းအား ဦးညွှတ်ကာ ပြောသည်… “ဒီနေ့ ကျုပ်က အရှေ့မြေရိုင်း ဒေသတစ်ခွင်ကို လှုပ်ခတ်စေတဲ့ သခင်လေးရီကို တွေ့ရတာ ကံကောင်းမှုပါပဲ…. အနာဂတ်မှာ သခင်လေးရီက ကော့တေးက အစ်ကိုကြီးနဲ့ အစ်ကိုသုံးလိုပဲ နာမည်ကျော် လာမယ်လို့ ကျုပ် ယုံကြည်ပါတယ်… အခု ကျုပ်ကို သွားခွင့်ပြုပါဦး…” ထို့နောက် နန်းကုန်းမိသားစုမှ လူများက ထွက်ခွာ သွားကြသည်။
သို့သော်လည်း လူတိုင်း၏ ရင်ဘတ်များ တုန်ခါသွားကြကာ ဟွာဖန်းလူ၏ ဘေးမှ လူငယ်လေးအား ကြည့်လိုက်ကြသည်။ အရှေ့မြေရိုင်း ဒေသအား တုန်လှုပ်စေနိုင်သော ရီမျိုးရိုး နာမည်နှင့် ကော့တေး၏ တပည့်ကား တစ်ယောက်သာ ရှိသည်။ သူတို့က ခန့်မှန်းနေစရာ မလိုတော့ပေ။
သူကား ကော့တေးမှ ရီဖူရှင်း ဖြစ်သည်။
***