← Chapters

အိမ်ပြန်ပို့ပေးပါ

Vol. 162 Ch. 2404

အိမ်ပြန်ပို့ပေးပါ

Vol. 162 Ch. 2404

ရီဖူရှင်းကား ကု့ချင်းတေးသံ၏မြင်ကွင်း၌ နစ်မြောနေသည်။ ဤသို့သော ခံစားချက်ကို သူ ခံစားရဖူးသည်။ ကြည့်ရသည်မှာ တေးသွားသည် သာမန်ခံစားချက်တစ်ခုမဟုတ်ဘဲ မဟာအင်ပါယာရှန့်ယင်၏ဘဝအတွေ့အကြုံ ဖြစ်ပေသည်။

သူ၏အလေးစားရဆုံးသော ဆရာ၊ သူ့ချစ်သူနှင့် သူ့မိသားစုများအားလုံးမှာ တိုက်ပွဲ၌ သေဆုံးခဲ့ရသည်။ သူသည် လောက၏ထိပ်ဆုံးကို ရောက်ခဲ့သော်လည်း မည်သို့ အဓိပ္ပာယ် ရှိတော့မည်နည်း။ သူသည် ကူရာမဲ့သော ခံစားချက်နှင့်အတူ နောက်ဆုံးတွင် တစ်လောကလုံးကို ကျော်ကြားသော အောက်မေ့ခြင်းနတ်တေးသွား အား ဖန်တီးနိုင်ခဲ့သည်။

သို့သော်လည်း နောက်ဆုံးရလဒ်အနေဖြင့် သူသည်လည်း ကု့ချင်း၏တစိတ်တစ်ပိုင်း ဖြစ်ခဲ့ရသည်။

ထိုအသက်ဝင်နေသော တီးလုံးများမှာ ရီဖူရှင်း၏စိတ်တွင်း၌ ပိုမို၍ ကြည်လင်ပြတ်သားလာသည်။ ရုတ်တရက် သူ့ရှေ့၌ နတ်ဝင်ရိုးမှ ဖွဲ့စည်းထားသော ကု့ချင်းတစ်လက် ပေါ်လာသည်။ ထိုကြိုးများက စတင်လှုပ်ရှားလျှင် တီးလုံးသံတစ်ချက်တိုင်းသည် ကောင်းကင်တေးသွား၏အနှစ်သာရကို ပုံဖော်ကြ၏။ ၎င်းသည် အောက်မေ့ခြင်းနတ်တေးသွားနှင့် ပနံသင့်စွာ တီးခတ်နေသည်။

ရီဖူရှင်းကိုယ်တိုင်က အောက်မေ့ခြင်းနတ်တေးသွားအား တီးခတ်နေသည့်အလား ထင်မှတ်ရ၏။

ရှန့်ယင်မဟာအင်ပါယာ၏ဘဝအတွေ့အကြုံများမှာ အံ့အားသင့်ဖွယ်ကောင်းအောင် ရီဖူရှင်း၏ဘဝအတွေ့အကြုံတချို့နှင့် ဆင်တူလှရာ ထူးခြားစွာ စိတ်ခံစားချက်များကိုလည်း ဝေမျှခံစားမိ၏။ သို့သော်လည်း ရီဖူရှင်းသည် ထိုအဆုံးမဲ့သော ဝမ်းနည်းကြေကွဲခြင်း၌ ပိတ်မိဖူးသော်လည်း တနည်းအားဖြင့် သူသည် ပြန်လည် လွတ်မြောက်လာခဲ့ဖူးသည်။ ထိုသို့သော အတွေ့အကြုံမျိုး ဖြစ်သန်းဖူးသူသည်သာလျှင် ကောင်းကင်တေးသွား၏အနှစ်သာရအား အနီးစပ်ဆုံး ဖမ်းဆုပ်နိုင်ပေလိမ့်မည်။

ယခု ရီဖူရှင်းသည်လည်း တစ်စုံတစ်ခုကို နားလည်သွားဟန်ရကာ ထပ်တူညီစွာ ကောင်းကင်တေးသွားအား တီးခတ်နေသည်။

သူတီးခတ်နေသော တီးလုံးများမှာ အောက်မေ့ခြင်းတေးသွားနှင့် နီးစပ်ရန် ဝေးကွာနေသေးသော်လည်း စိတ်ခံစားချက်များမှာ အတူတူဖြစ်ပြီး  တေးသွားနှစ်ခုမှာလည်း အချင်းချင်း ပနံသင့်နေ၏။

တဖြေးဖြေးဖြင့် ရီဖူရှင်း၏တေးသွားမှာလည်း ပိုမို၍ ညက်ညောလာခဲ့ကာ ဂီတဝိညာဉ်မှာလည်း ပိုအားကောင်းလာ၏။ တေးသွားမှ အဆုံးမဲ့သော ဝမ်းနည်းကြေကွဲခြင်းကို ခံစားလာရသည်။

တေးသံ ပျံ့လွင့်လာလျှင် မမြင်ရသော အသံလှိုင်းများသည် သူ့အား ရစ်ပတ်ကြ၏။ ကု့ချင်းရှေ့တွင် မဟာအင်ပါယာတစ်ပါး၏ပုံရိပ် ပေါ်လာကာ ရီဖူရှင်း တီးခတ်နေသည်အား ငြိမ်သက်စွာ ကြည့်သည်။

“အခု ဘယ်ခေတ်ကို ရောက်နေတာလဲ” မေးခွန်းတစ်ခု ရီဖူရှင်း၏ခေါင်းထဲကို ရောက်လာသည်တွင် သူ့အား ကြီးစွာ စိတ်လှုပ်ရှားစေသည်။

မဟာအင်ပါယာက သူ့အား စကားပြောချေပြီ။

ရီဖူရှင်းသည် ဧကရာဇ်ရီချင်ကဲ့သို့ မဟာအင်ပါယာနှင့် ပြောဆိုဆက်ဆံဖူးသော်လည်း တကယ့်အင်ပါယာကို မြင်တွေ့ဖူးခြင်းမှာ သည်တစ်ကြိမ် ဒုတိယ ဖြစ်ပေသည်။ သူသည် မဟာအင်ပါယာနှင့် စကားပြောနေခြင်း ဖြစ်သည်။

“အရှင်… အခုက ကောင်းကင်ပြက္ခဒိန် ၁၀၀၀၀ နှစ်ကို ရောက်နေပါပြီ” ရီဖူရှင်းက ပြောသည်။ သူ၏စကားကိုကြားလျှင် မဟာအင်ပါယာသည် အတန်ကြာ တိတ်ဆိတ်သွားပြီး တဖန် သက်ပြင်းချ၏။ သူသည် ကု့ချင်းကို ဘေးသို့ချကာ အဝေးကို ငေးကြည့်နေသည်။

သူသည် ကု့ချင်းဝိညာဉ်အဖြစ် ပြောင်းလဲသွားခဲ့ကာ နှစ်ပေါင်းမည်မျှ ကြာမြင့်ခဲ့သည်ကို မမှတ်မိတော့ပေ။

“ငါ့အိမ် ဘယ်မှာလဲ…”

ကြည့်ရသည်မှာ မဟာအင်ပါယာရှန့်ယင်သည် သူ၏အိမ် မရှိတော့သည်ကို သိဟန်ရ၏။ သူ၏မွေးရပ်မြေမှာ ယခင်ကတည်းက ပျက်စီးသွားပြီးဖြစ်သည်။ သူ၏ချစ်သူနှင့် သူ့ဆရာတို့မှာလည်း ဆုံးပါးသွားပြီးဖြစ်သည်။ အရာအားလုံးမှာ သူ၏အမှတ်တရထဲ၌သာ ကျန်ရစ်တော့၏။

“ကောင်းကင်လမ်းစဉ်ပြိုကွဲပြီးနောက်မှာ လောကကြီးက ပြောင်းလဲသွားခဲ့တယ်။ ဒါက မူလဘုံပါ” ရီဖူရှင်းက ဆက်ပြောသည် “အရှင်ပြောတဲ့ အိမ်ဆိုတာ ကျွန်တော့အထင် မရှိတော့ဘူး”

ရီဖူရှင်းက မလိမ်လိုပေ။ ရှန့်ယင်အင်ပါယာသည် မည်မျှ ခေါင်းမာပါစေ၊ မည်မျှ အိမ်ပြန်ရန် အစွဲအလမ်းကြီးပါစေ အမှန်တရားကို ငြင်းဆန်၍ မရပေ။

အတန်ကြာ တိတ်ဆိတ်သွားခဲ့သည်။ အင်ပါယာရှန့်ယင်က ရီဖူရှင်းအား မေးသည် “မင်း ဘယ်သူလဲ။ မင်းက အင်ပါယာရှန်ကျားရဲ့ရုပ်ခန္ဓာကို ဘာလို့ ထိန်းချုပ်နိုင်ရတာလဲ”

သိသာစွာပင် သူက မဟာအင်ပါယာရှန်ကျားကို မှတ်မိပေသည်။

“ကျွန်တော်က မူလဘုံ၊ကောင်းကင်အာဏာစက်ကျောင်းတော်က ရီဖူရှင်းပါ။ စီဝေ့ကောင်းကင်ရဲ့ နန်းတော်သခင်လည်း ဖြစ်ပါတယ်။ ကျွန်တော်က မဟာအင်ပါယာရှန်ကျားရဲ့ရုပ်ခန္ဓာကို အခွင့်အရေးရလို့ ဆင်ခြင်လေ့လာရင်း မဟာအင်ပါယာရဲ့အသိအမှတ်ပြုခြင်းကို ရခဲ့ပါတယ်” ရီဖူရှင်းက ပြန်ပြောသည်။

အင်ပါယာရှန့်ယင်က ရီဖူရှင်းအား သေသေချာချာကြည့်သည်။ ရီဖူရှင်းသည် မဟာအင်ပါယာနှစ်ပါး၏အမွေကို ဆက်ခံထားသည်လား။

“စီဝေ့ကောင်းကင်… စီဝေ့နန်းတော်သခင်… စီဝေ့မဟာအင်ပါယာက အသက်ရှင်နေသေးတာလား” မဟာအင်ပါယာရှန့်ယင်က မေးသည်။

“စီဝေ့အရှင်ဟာ မဟာလမ်းစဉ်ပြိုကွဲကတည်းက ဆုံးပါးသွားပြီးပါပြီ။ ဒါပေမဲ့ သူဟာ စီဝေ့ကောင်းကင်ကို ဖွဲ့စည်းပြီး စိတ်ဝိညာဉ်အပိုင်းအစတခု ချန်ထားခဲ့ပါတယ်။ မကြာခင်က ချိပ်စည်းဟာ ပျက်သွားပြီး စီဝေ့ကောင်းကင်ဟာလည်း ပြင်ပကမ္ဘာနဲ့ ပြန်ဆက်သွယ်ခဲ့တယ်။ စီဝေ့ကောင်းကင်ကိုလည်း ကျွန်တော်က အမွေဆက်ခံနိုင်ခဲ့ပါတယ်” ရီဖူရှင်းက ဆက်ပြောသည်။

ရှန့်ယင်အင်ပါယာ၏အကြည့်တွင် အနည်းငယ် အံ့အားသင့်ဟန်များ ရှိနေသည်။ သည်လူသည် မဟာအင်ပါယာနှစ်ပါး၏အမွေကို ဆက်ခံသည့်အပြင် မဟာအင်ပါယာရှန်ကျား၏ရုပ်ခန္ဓာကိုလည်း ပိုင်ဆိုင်၏။ ထို့အပြင် သူသည် အောက်မေ့ခြင်းကောင်းကင်တေးသွားကိုလည်း နားလည်နိုင်စွမ်းရှိအောင် ဂီတပညာ၌ ထူးချွန်၏။ သည်လူကား အမှန်တကယ် ထူးခြားသူဖြစ်သည်။ သူက ကောင်းကင်တေးသွားနှင့် ပနံသင့်သော တေးသွားကို တီးခတ်နိုင်ခြင်းမှာ မထူးဆန်းတော့ပေ။

“အရှင်… မူလဘုံက အရင်လို မဟုတ်တော့ပါဘူး။ ခင်ဗျားပြောတဲ့ မွေးရပ်မြေဆိုတာလည်း မရှိတော့တာ ကြာပါပြီ။ အရှင့်အနေနဲ့ မရှိတော့တဲ့နေရာကို အတင်းပြန်သွားဖို့ မကြိုးစားစေချင်ပါဘူး” ရီဖူရှင်းက ဦးညွတ်ကာ ပြောသည်။ လိပ်နဂါးသည် လေဟာနယ်ထဲတွင် ဦးတည်ရာမဲ့ လျှောက်သွားနေခြင်းက တခြားဘုံများ၏ရေမြေအနေအထားကို ပြင်းထန်စွာ ထိခိုက်စေကာ အပြစ်မဲ့လူများအား သေကြေစေနိုင်ပေသည်။ အောက်ဘုံများသည် လိပ်နဂါး၏ကြီးမားသော အားအင်ကို ခံနိုင်ရည်စွမ်း မရှိကြပါ။

မဟာအင်ပါယာ၏အစွဲအလမ်းကိုသာ လွှတ်ချပေးရန် ရီဖူရှင်းက မျှော်လင့်မိသည်။ သူကသာ လက်ရှိ အခြေအနေကို ဖြေရှင်းပေးနိုင်သူဖြစ်သည်။ နတ်ဘုရားကဒ်ဘေးဒုတိယအဆင့်များမှာ အားကောင်းသော်လည်း မဟာအင်ပါယာကို မည်သို့ တွန်းလှန်နိုင်မည်နည်း။

“လမ်းခရီးက ဆုံးနေပြီပဲ။ အိမ်ပြန်လမ်းက ဘယ်မှာလဲ…” ရှန့်ယင်မဟာအင်ပါယာက တီးတိုးရေရွက်သည်။

သူက အိမ်ပြန်လိုသည်။ သို့သော် အိမ်ပြန်လမ်း မရှိတော့ပါ။

သူ့အနေဖြင့် အိမ်မပြန်လျှင် တခြား မည်သည့်နေရာကို သွားရတော့မည်နည်း။

“ကျွန်တော်က အရှင့်အတွက် မက်မွန်ပန်းတွေရှိတဲ့နေရာတစ်ခု ရှာပေးပြီးတော့ မက်မွန်ပန်းတွေ ပွင့်တဲ့အချိန်မှာ ကု့ချင်းကို မြုတ်နှံပေးဖို့ ကတိပြုနိုင်ပါတယ်” ရီဖူရှင်းက ဆက်ပြောသည်။

ရှန့်ယင်အင်ပါယာက ရီဖူရှင်းအား ကြည့်လျှင် သူ၏မျက်လုံးများထဲမှ ရိုးသားမှုကို မြင်သည်။ ဂီတသည် လူတစ်ယောက်၏နှလုံးသားကို ဖွင့်ထုတ်နိုင်၏။ ရီဖူရှင်းသည် ကောင်းကင်တေးသွား၏အဓိပ္ပာယ်ကို ဖွင့်ထုတ်ကာ သူ့ခံစားချက်များကို နားလည်နိုင်သည်။ ဆိုလိုသည်က သူ့ရှေ့မှ လူငယ်သည် သူကဲ့သို့သော လူမျိုး သို့မဟုတ် ဆင်တူသော ဘဝအတွေ့အကြုံရှိသူ ဖြစ်သည်။

မဟာအင်ပါယာရှန့်ယင်က ရီဖူရှင်းအား တစ်ချက်ကြည့်သည်။ နတ်အလင်းများသည် သူ့ခန္ဓာကိုယ်အား ဖြန့်ကျက်လာ၏။ အလင်းသည် ရီဖူရှင်း၏တစ်ကိုယ်လုံးကို ထွင်းဖောက်သွားသည်။ ၎င်းသည် သူ၏စိတ်ဝိညာဉ်ကိုပင် ခွဲခြမ်းစိတ်ဖြာဟန်ရ၏။

မဟာအင်ပါယာရှန့်ယင်သည် ရီဖူရှင်းနှင့် တနည်းနည်းဖြင့် ဆက်နွယ်သွားဟန်ရ၏။ အတန်ကြာလျှင် နတ်အလင်းများ ပျက်ပြယ်သွားပြီး မဟာအင်ပါယာရှန့်ယင်၏အမူအရာကလည်း ပြောင်းလဲသွားသည်။

“ဒီလောကမှာ ဖြစ်ပျက်သမျှအားလုံးက ကံတရားအတိုင်းပါပဲ” မဟာအင်ပါယာရှန့်ယင်က ရေရွက်သည်။ ထို့နောက် သူက ရီဖူရှင်းအား ပြောသည် “ငါက ဒီကု့ချင်းကို မင်းဆီ နှစ်၃၀၀ ငှားပေးမယ်။ အနာဂတ်မှာ မင်း မြင့်မားတဲ့အဆင့်တစ်ခု ရောက်တဲ့အထိပေါ့။ အခုတော့ ငါ့ကို အိမ်သို့ ခေါ်သွားပေးတော့”

“အိမ်ကို…” ရီဖူရှင်းက နားမလည်ပေ။ သူ၏အိမ်ဆိုသည်ကား လွန်လေပြီးကတည်းက ပျက်စီးပျောက်ကွယ်သွားပြီးဖြစ်သည်။ သူက မည်သည်အိမ်ကို ခေါ်သွားရမည်နည်း။

All Chapters