စီဝေ့ကောင်းကင်သို့ ပြန်သွားခြင်း
Vol. 162 Ch. 2305
ရှန့်ယင်မဟာအင်ပါယာက ကု့ချင်းအား သူ့ကို နှစ် ၃၀၀ ငှားယမ်းပေးပေမည်။
မဟာအင်ပါယာ၏စကားအရ သူ့အပေါ် မျှော်လင့်ချက်တချို့ ထားသည်မှာ သေချာ၏။ ရှန့်ယင်မဟာအင်ပါယာက တစ်စုံတစ်ခုကို တွေ့ရှိသွားခဲ့သည်များလား။
ရီဖူရှင်းက သူ့အား အိမ်ပြန်ခေါ်သွားနိုင်မည်ဟု မဟာအင်ပါယာက အဘယ်ကြောင့် တွေးထင်သနည်း။
ရီဖူရှင်းက သိပ်နားမလည်သော်လည်း ရှန့်ယင်မဟာအင်ပါယာက ပြောသည် “ငါ မင်းကို ပြန်ခေါ်သွားမယ်။ ဘယ်ကိုသွားမလဲ”
“စီဝေ့ကောင်းကင်ကို အရင်သွားမယ်” ရီဖူရှင်းက ပြောသည်။ မဟာအင်ပါယာက သူ့အား ကု့ချင်းကို အသုံးပြုခွင့်ပေးခဲ့ကာ များစွာသော ထိပ်သီးတန်ခိုးရှင်များမှာ အနီးတဝိုက်၌ ရှိနေကြ၏။ စီဝေ့ကောင်းကင်သည်သာ ထိုလူများအား တားဆီးနိုင်ပေမည်။
“ကောင်းပြီ…” ရှန့်ယင်မဟာအင်ပါယာက သဘောတူသည်။ ရုတ်တရက် ပြင်းထန်စွာ တုန်ခါမှုတစ်ခုနှင့်အတူ လိပ်နဂါးသည် တခြားအရပ်တစ်ခုသို့ စတင်ထွက်ခွာ၏။ ၎င်းသည် လေထဲတွင် အလွန်မြင်ဆန်စွာ ရွေ့လျားသွား၏။
ကု့ချင်းထံမှ အားကောင်းသော လှိုင်းများဖြစ်ပေါ်လာကာ တန်ခိုးရှင်များမှာ နောက်ကို လွင့်စင်သွားကြ၏။
ရီဖူရှင်းက လေထဲတွင် ပျံသန်းနေသော ကု့ချင်းကို ကြည့်ကာ အရာအားလုံး အိပ်မက်အလား ခံစားရသည်။
နတ်ကု့ချင်းထံမှ ရောင်ဝါများသည် သူ့ထံသို့ ကျဆင်းနေခဲ့ကာ ရီဖူရှင်းက ကု့ချင်းနှင့် ဆက်သွယ်မှုတခုကို ခံစားရသည်။ သူက လက်ကို ဆန့်တန်းကာ ကု့ချင်းအား ထိခတ်လိုက်သည်။ ဤကု့ချင်းကား ရှန့်ယင်မဟာအင်ပါယာနှင့် သူ့ချစ်သူတို့မှ ပြောင်းလဲဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၎င်းသည် ဘဝနှစ်ခု၏ဝမ်းနည်းစရာ အတွေ့အကြုံများကို သယ်ဆောင်ထားသည်။
“အရှင်… ကု့ချင်းရဲ့နာမည်ကို ဘယ်လိုခေါ်ရမလဲ” ရီဖူရှင်းက မေးသည်။
“မင်းပဲ နာမည်ပေးပါ” ရှန့်ယင်မဟာအင်ပါယာ၏အသံက သူ့စိတ်ထဲတွင် ပေါ်လာသည်။
“ဒါဆို ကျွမ့်ကျွမ့် လိုပဲ ခေါ်မယ်” ရီဖူရှင်းက ပြောသည်။ {အဓိပ္ပာယ်မှာ လွမ်းဆွတ်တမ်းတခြင်းဖြစ်သည်}
ရှန့်ယင်မဟာအင်ပါယာသည် တခဏမျှ တိတ်ဆိတ်သွားပြီး သဘောတူသည် “ကောင်းပြီ”
ကု့ချင်း၏နာမည်မှာ ကျွမ့်ကျွမ့် ဖြစ်လာသည်။
လိပ်နဂါးပေါ်မှ နောက်ကို လွင့်စင်သွားကြသော တန်ခိုးရှင်များမှာ တဖြေးဖြေး ပြန်သတိလည်လာကြသည်။ သူတို့အားလုံးမှာ ထိပ်သီးတန်ခိုးရှင်များဖြစ်ကာ ပြန်လည်သက်လာနှုန်းမှာ တခြားလူများထက် မြန်၏။ သို့သော်လည်း ဝမ်းနည်းဆွေ့မြေ့သော စိတ်ခံစားချက်ကား ကျန်နေရစ်သေးသည်။
“လိပ်နဂါး…” သူတို့က ကောင်းကင်ထက်ကို ကြည့်ကာ နတ်အာရုံဖြင့် ဖြန့်ကျက်ရှာဖွေကြ၏။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် လေထဲကို ပျံတက်ကာ လိပ်နဂါးနောက်သို့ လိုက်ကြသည်။
စိတ်တွင်းမှကား သူတို့အားလုံး အံ့အားသင့်နေကြသည်။ လိပ်နဂါးသည် အမှန်တကယ် တခြားအရပ်တစ်ခုသို့ ထွက်သွားခဲ့သည်။
၎င်းက မဖြစ်နိုင်ပေ။
သို့သော်လည်း သူတို့သည် လိပ်နဂါးကို မှီလာခဲ့၏။ သူတို့က လိပ်နဂါးပေါ်မှ အဖြူရောင်ဆံပင်ဖြင့် ရီဖူရှင်းကို တွေ့ကြ၏။ ထိုအဖြစ်က သူတို့အားလုံးကို ထိတ်လန့်စေသည်။
သူပဲလား… ဘယ်နှစ်ကြိမ် ရှိပြီလဲ…။
ချန်ချင်းကုန်းမြေမှ တန်ခိုးရှင်များအားလုံးမှာ အလွန်အမင်း နားမလည်ဖြစ်ကြရသည်။ ရှန်ကျားမဟာအင်ပါယာမှသည် စီဝေ့ကောင်းကင်၊ ယခု နောက်တစ်ကြိမ် သူ ဖြစ်ရပြန်၏။
လိပ်နဂါး၏ကျောကုန်းတွင်ကား သူတစ်ဦးတည်းသာ ရှိသည်။ ဆိုလိုသည်က ရီဖူရှင်းအား မဟာအင်ပါယာက အသိအမှတ်ပြုခဲ့သည်လား။
သည်လူငယ်က မည်သို့သော တည်ရှိမှု ဖြစ်သနည်း။
ရီဖူရှင်းက ရန်ဟောင်ချန်းနှင့် တခြားလူများကို ကြည့်သည်။ သူက သူတို့အား အသာခေါင်းညိတ်ပြ၏။ ရန်ဟောင်ချန်းနှင့် တခြားလူများက ချက်ချင်း ရှေ့တက်လာကာ လိပ်နဂါးပေါ်သို့ ရောက်လာကြ၏။ သူတို့အားလုံးမှာလည်း စိတ်တွင်းမှ အံ့အားသင့်နေကြသည်။ သူတို့အားလုံးမှာ အဆုံးမဲ့ဝမ်းနည်းခြင်း၌ ပိတ်မိနေခဲ့ကြသော်လည်း ရီဖူရှင်းသည် မဟာအင်ပါယာနှင့် ဆက်သွယ်နိုင်ခဲ့သည်။
သခင်လော့မှာလည်း အလွန်ချီးမွှမ်းမိသည်။ သူကိုယ်တိုင်သည် ဂီတပညာ၌ ထူးချွန်ပေါက်ရောက်သူဖြစ်သော်လည်း ကောင်းကင်တေးသွားကို နားမလည်ခဲ့ပေ။ ရီဖူရှင်းက နားလည်ခဲ့ဟန်ရသည်။ မဟုတ်လျှင် လိပ်နဂါးပေါ်တွင် ရပ်နေမည် မဟုတ်ပေ။
မဟာအင်ပါယာသည် တခြားပုံစံတစ်မျိုးဖြင့် တည်ရှိနေဆဲဖြစ်သည်ဟု သူ အမြဲယုံကြည်ခဲ့၏။ ယခု မဟာအင်ပါယာသည် ရီဖူရှင်းအား ရွေးချယ်ခဲ့ဟန်ရသည်။
စီဝေ့အရှင်ပြီးနောက်တွင် ရီဖူရှင်းသည် နောက်ထပ် မဟာအင်ပါယာတစ်ပါး၏အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။ ဆံပင်ဖြူလူငယ်သည် ပိုပို၍ ထင်ရှားလာမည့်ဟန်ရှိသည်။
ထိပ်သီးတန်ခိုးရှင်များမှာကား ကိုယ်စီ အတွေးများ ရှိနေကြသည်။ ကု့ချင်းသည် သူကိုယ်တိုင် ကောင်းကင်တေးသွားကို တီးခတ်နိုင်ကာ ၎င်းအား ထိပ်သီးတန်ခိုးရှင်များပင် ခံနိုင်ရည် မရှိပါ။ ယခု ထိုကု့ချင်းကို ရီဖူရှင်း ရရှိသွားသည်။
“လိပ်နဂါးက ဘယ်ကို သွားနေတာလဲ” သူတို့က လိပ်နဂါးသွားရာအရပ်ကို ကြည့်ကာ တွေးဆကြ၏။ လိပ်နဂါးက ရီဖူရှင်းအား မည်သည့်နေရာသို့ ခေါ်သွားလိုသနည်း။
တန်ခိုးရှင်များအားလုံးက လိပ်နဂါးနောက်သို့ လိုက်ပါလာကြသည်။
လိပ်နဂါးသည် မြန်ဆန်စွာ ရွေ့လားနေခဲ့ကာ ဘုံများစွာကို ဖြတ်သန်းသွားနေခဲ့သည်။
သခင်လော့နှင့် ရီဖူရှင်း၏မိတ်ဆွေများအားလုံးမှာ လိပ်နဂါးပေါ်တွင် ရီဖူရှင်းနှင့်အတူ ရှိနေကြသည်။ သခင်လော့က ရီဖူရှင်းအား ကြည့်ကာ ပြောသည် “ဂုဏ်ယူပါတယ် အင်ပါယာရီ”
သူတို့က မည်သည့်အတွက် ဂုဏ်ပြုသည်ကို ရီဖူရှင်း နားလည်၏။
“အကြီးအကဲရဲ့ အတွေးအမြင်က ပိုပြီး ကောင်းမွန်ပါတယ်” ရီဖူရှင်း ပြန်ပြောသည်။ သခင်လော့သည် မဟာအင်ပါယာက တခြားပုံစံတစ်မျိုးဖြင့် တည်ရှိသည်ဟု ဦးဆုံး တွေးထင်ခဲ့သူဖြစ်သည်။ သူ့တွင် မဟာအင်ပါယာအပေါ် ကြီးမားသော လေးစားမှုရှိပြီး မြင့်မားသော အတွေးအမြင် ဗဟုသုတများရှိသည်။
“မင်း မဟာအင်ပါယာကို တွေ့ခဲ့လား” သခင်လော့က ရီဖူရှင်းအား စိတ်ဖြင့် မေးသည်။ သိသာစွာပင် သူက ရီဖူရှင်းသည် မဟာအင်ပါယာနှင့် တွေ့ခဲ့ကြောင်း သံသယဝင်သည်။
“ဟုတ်တယ်…” ရီဖူရှင်းက မငြင်းပေ။ ဂီတဝိညာဉ်ထဲတွင် သူသည် မဟာအင်ပါယာနှင့် တွေ့ခဲ့သည်။
သခင်လော့က ရီဖူရှင်းအား အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်သည်။ သူက ခန့်မှန်းမိသော်လည်း ရီဖူရှင်းက အတည်ပြုသောအခါ အလွန် အံ့အားသင့်ရသည်။ မဟာအင်ပါယာအား တွေ့ရန်မှာ သူ၏ကြီးမားသော ဆန္ဒဖြစ်သော်လည်း ကံမကောင်းသည်က မဟာအင်ပါယာသည် ရီဖူရှင်းကိုသာ အသိအမှတ်ပြုခဲ့သည်။
လိပ်နဂါးသည် လေထဲတွင် ဖြတ်သန်းသွားလာသည်မှာ အချိန်များ တရွေ့ရွေ့ ကြာမြင့်လာခဲ့သည်။
ဦးတည်ချက်မှာ ကြာလေ သိသာလေဖြစ်ရာ ထိပ်သီးတန်ခိုးရှင်များအားလုံး တွေးဆမိလာကြသည်။
“သူက စီဝေ့ကောင်းကင်ကို သွားနေတာပဲ” တန်ခိုးရှင်တစ်ဦးက ပြောသည်။
ရီဖူရှင်းသည် စီဝေ့ကောင်းကင်တွင် ဘုရင်ဖြစ်သည်။ သူသည် မဟာအင်ပါယာ၏စွမ်းအားကို အသုံးပြုနိုင်ကာ ထိုနေရာ၌ သူ့အား မည်သူမှ မယှဉ်နိုင်ပေ။
ယခု ကု့ချင်းသည်လည်း သူ့လက်ထဲတွင်ဖြစ်ကာ လိပ်နဂါးသည် စီဝေ့ကောင်းကင်သို့ ဦးတည်နေသည်။