ထန်ချီ၏အကြံအစည်
Vol. 14 Ch. 183
“ဖုန်းရှို့တောင်သို့…”
ဓားစံအိမ်ရှေ့တွင် ဓားအလင်းသည် ပေတစ်ထောင်နဂါးအသွင်သို့ ပြောင်းလဲသွားကာ မိုးခြိမ်းသံပေးလျှက် အဝေးသို့ ပျံသန်းထွက်ခွာသွားသည်။
“ဒီလောက်မြန်တာလား…”
လျှိုဟုန်က အဝေးသို့ ပျံသန်းပျောက်ကွယ်သွားသော ဓားအလင်းကို ကြည့်ကာ ငေးမောနေသည်။
သူသည် ဂိုဏ်းတွင် မွေးဖွားကာ ကြီးပြင်းလာသူ ဖြစ်ရာ မရေမတွက်နိုင်သော ပညာရှင်များကို မြင်ဖူး၏။ သူက မြန်ဆန်သော ဓားအလင်းများအားလည်း မြင်ဖူးသည်။
သို့သော်လည်း ဟန်မူယဲ့ကဲ့သို့ မြန်သောသူအား မမြင်ဖူးသေးပါ။
ကမ္ဘာမြေအဆင့်၊ အမြုတေဖွဲ့စည်းခြင်း ဓားသမားများသည်ပင် ဟန်မူယဲ့ကဲ့သို့ မြန်ဆန်စွာ ပျံသန်းနိုင်ခြင်း မရှိပါ။
အံ့ဖွယ်ကိုးပါးတောင်ထိပ်၌ ထို့ပါ့ချန်နှင့် ဂိုဏ်းချုပ်ကျင်းကျီတို့သည် ဘေးချင်းယှဉ်ရပ်နေကြသည်။
ထို့ပါ့ချန်၏တက်ကြွအားကောင်းသော ဟန်ပင်နှင့် ကွဲပြားစွာ ကျင်းကျီမှာ အိုမင်းရင့်ရော်ကာ အားနည်းသော ဟန်ပင် ရှိနေသည်။
သို့သော်လည်း ကျင်းကျီ၏မျက်လုံးများက စူးရှနေဆဲ ဖြစ်သည်။
“ဟဟ… ဒီကောင်လေး မနေနိုင်တော့ဘူးပဲ”
ကျင်းကျီက အဝေးသို့ ပျံသန်းသွားသော ဓားအလင်းအား ကြည့်ကာ ရယ်မောလိုက်သည်။
“ဒီကောင်လေးဟာ တခြားနေရာတွေမှာ ကောင်းတယ်။ ဒါပေမဲ့ သူ့စရိုက်လက္ခဏာဟာ သိပ်ပြီး ပြိုင်ဆိုင်လိုစိတ် မရှိဘူး။ ဘာကိစ္စကိုမှလည်း အလေးထားဟန်မရဘူး”
ထို့ပါ့ချန်က စိတ်ပျက်လက်ပျက်ဟန်ဖြင့် ပြောသည်။
သူ့စကားက ကျင်းကျီအား ရယ်မောစေသည်။
“ကောင်လေးက ရှားမှရှားတဲ့ ပါရမီရှင်ပဲ။ ဓားစံအိမ်ဟာ အနောက်ဘက်ကုန်းမြေမှာ ရှိလာတာ နှစ်တစ်သောင်းကျော်ပြီ။ လွန်ခဲ့တဲ့နှစ်ငါးထောင်က ပါရမီရှင်တစ်ယောက်ပဲ သူ့လို တစ်နှစ်အတွင်း နည်းစနစ်သုံးခုကို သူ့လက်ရှိအဆင့်အထိ ကျင့်ကြံနိုင်ခဲ့တယ်”
ကျင်းကျီက ပြုံးလျက် ခေါင်းယမ်းသည်။ ထို့နောက် သူ့မျက်နှာ၌ နောင်တရသော အငွေ့အသက်များ ဖြစ်ပေါ်လာသည်။
“စိတ်မကောင်းစရာက ဓားစံအိမ်ကို စောင့်ကြပ်တဲ့သူဟာ နောက်ဆုံးမှာ ပျောက်ကွယ်သွားခဲ့တာပဲ။ မဟုတ်ရင် ငါတို့ ဂိုဏ်း ဒီလို အခက်အခဲမျိုးနဲ့ ကြုံရမှာ မဟုတ်ဘူး”
ထို့ပါ့ချန်ကလည်း ခေါင်းညိတ်သည်။
“ဒါပေမဲ့ ကျုပ်တို့ ကောင်လေးကို ဒီနေ့ အတင်းတွန်းအားပေးခဲ့ရင် ခင်ဗျားနဲ့ကျုပ်ကို သူက ပြဿနာရှာမယ်လို့ ထင်လား”
ထို့ပါ့ချန်၏စကားကို ကြားလျှင် ကျင်းကျီ ပြုံးလိုက်သည်။
“သူ မကြေနပ်ဘူးဆိုရင်တောင် ငါ့ကို ဘာလုပ်နိုင်မှာလဲ။ ငါက သေခါနီးလူတစ်ယောက်ပဲ”
“မင်းကတော့… ဟားဟား… အဲဒါ မင်းကိစ္စပဲ”
ထို့နောက် သူသည် ခန်းမဆောင်ထံသို့ ဖြေးလေးစွာ လမ်းလျှောက်ထွက်သွားသည်။
“မင်း ဂိုဏ်းကိစ္စတွေ ဖြေရှင်းပြီးရင် တံခါးပိတ်ကျင့်ကြံဖို့ သွားပါ။ ငါ သိပ်ကြာကြာ မခံတော့ဘူး”
ကျင်းကျီ၏အသံ ပျံ့လွင့်လာသည်။
ထို့ပါ့ချန်က ခေါင်းညိတ်၏။
…
တိမ်မြုံကမ်းပါး၊ ဖုန်းရှို့တောင်မှ အနောက်ဘက်အရပ်သို့ မိုင်တစ်ထောင်ဝေးသော ကမ်းပါးတစ်ခု။
မူလအားဖြင့် ထိုနေရာတွင် ဧရာမသစ်ပင်ကြီးများ ရှိသည်။
ယခုတွင်ကား ထိုသစ်ပင်များအားလုံးမှာ ဖြတ်တောက်ခံရကာ ကြီးမားသော မြေကွက်လပ်ကြီး ဖြစ်နေစေသည်။
ကမ်းပါးပေါ်၌ ထန်ချီသည် အစိမ်းရောင်ဝတ်စုံ၊ သရဖူတစ်ခုကို ဆောင်းကာ ငြိမ်သက်စွာ ရပ်နေသည်။
သူ့နောက်တွင် အဖိုးအိုတချို့ ရပ်နေကြ၏။
“သခင်လေးထန်… စုယန်ဂိုဏ်း၊ သန့်စင်ရေကျောင်းတော်နှင့် တခြား သစ္စာဖောက်ဂိုဏ်းတွေ ပုန်းနေတာ သုံးရက်တောင် ကြာပြီ။ သူတို့ ထပ်ပြီး တောင့်ခံနိုင်မယ် မထင်ဘူး။ သူတို့ သေချာပေါက် အညံ့ခံတော့မယ်”
ထန်ချီဘေးတွင် ခရမ်းရောင်တာအိုဝတ်စုံဖြင့် အဖိုးအိုတစ်ဦးက ပြုံးလျက် ပြောသည်။
“သခင်လေး… မင်းက ကျင့်ကြံသူတစ်သိန်းလောက်ရှိတဲ့ သစ္စာဖောက်တွေကို မတိုက်ခိုက်ဘဲ အနိုင်ယူခဲ့တယ်။ ဒီအောင်မြင်မှုဟာ သေချာပေါက် အနောက်ဘက်ကုန်းမြေတခွင် ကျော်ကြားတော့မှာပဲ”
သူ့စကားကို ကြားလျှင် တခြားလူများကလည်း ရယ်မောကြသည်။
သူတို့က ထန်ချီနောက်ကို လိုက်ခြင်းမှာ သူ့နောက်မှ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အင်အားကို တန်ဖိုးထား၍ ဖြစ်သည်။
မှန်သည်၊ ထန်ချီကိုယ်တိုင်က အစွမ်းအစရှိကာ ရဲရင့်သည်။
သူသည် ပညာရှင်တစ်ရာမျှဖြင့် သစ္စဖောက်ဂိုဏ်းများအား တားဆီးရဲ၏။
ယခု တောင်ပိုင်းကုန်းမြေမှ စစ်ကူများသည် ထိုသစ္စာဖောက်များထံသို့ လာမကူနိုင်တော့ပေ။ ထို့ကြောင့် ချန်မင်းတောင်ကုန်းမှ သူတို့၏စစ်တပ်ရောက်လာသောအခါ ထိုသစ္စာဖောက်များမှာ အလွယ်တကူ ရှုံးနိမ့်ပေလိမ့်မည်။
“ကျုပ်က သူတို့ အရှုံးပေးမှာကို လိုချင်တယ်လို့ ဘယ်သူပြောလဲ”
ထန်ချီက အဝေးကို ကြည့်ကာ တင်းမာသော မျက်နှာထားဖြင့် ပြောသည်။
သူ့စကားက အဖိုးကြီးများ၏အပြုံးကို တောင့်တင်းသွားစေသည်။
“သခင်လေးထန်… ခင်ဗျားက သူတို့အရှုံးပေးတာ လက်မခံရင် သူတို့က အသေခံပြီး နှစ်ရက်ကြာအောင် တောင့်ခံလိမ့်မယ်။ တကယ်လို့ ဖုန်းရှို့တောင်က ခံစစ်စည်း ကျိုးပျက်သွားရင်…”
အဖိုးအို၏စကား အဆုံးမသတ်သေးခင် ထန်ချီက ထူးမခြားနားစွာ ပြောသည်။
“ဒီနေရာသာ မပျက်စီးသွားရင် ဒီနေရာဟာ ဘယ်လိုလုပ် တောင်ပိုင်းနဲ့ မြောက်ပိုင်းရဲ့ အဓိက စစ်မြေပြင် ဖြစ်လာမှာလဲ”
အဓိက စစ်မြေပြင်လား…
အားလုံး အံ့အားသင့်သွားကြသည်။
သည်နေရာက အဘယ်ကြောင့် အဓိက စစ်မြေပြင် ဖြစ်လာရမည်နည်း။
သူတို့သည် ကမ္ဘာမြေအဆင့် ဖြစ်သော်လည်း သူတို့၏အကန့်အသတ်ကို သိကြပေသည်။
သူတို့၏စွမ်းရည်ဖြင့် ဆိုပါက တောင်ပိုင်းကုန်းမြေမှ မိစ္ဆာများ ဖုန်းရှို့တောင်ကို ကျော်ဖြတ်၍ ရောက်လာပါက ထိုမိစ္ဆာများ၏လက်သီးတစ်ချက်ကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
“ကျုပ် ထန်ချီက ဒီနေရာကို စစ်ကူပေးဖို့ ရောက်လာတယ်ထင်လား”
ထန်ချီက သူ့နောက်မှ ကျင့်ကြံသူများအား ကြည့်ကာ ရူးသွပ်သော အမူအရာဖြင့် မေးသည်။
“အံ့ဖွယ်ကိုးပါးတောင်ကုန်းမှာ ကျုပ်ရဲ့ အဆင့်အတန်းကို ခင်ဗျား သိသင့်တယ်”
“ကျုပ် ဒီနေရာကို ရောက်လာတာ စစ်ပွဲကို ဦးဆောင်ဖို့ပဲ”
“အနောက်ဘက်ကုန်းမြေနဲ့ တောင်ပိုင်းကုန်းမြေက လူတွေ ဖုန်းရှို့တောင်မှာ လာစုကြတယ်။ သူတို့ကို ဒီနေရာသို့ မြူဆွယ်ခေါ်ယူပြီးတော့ နယ်ရုပ်အဖြစ် အသုံးချတာက အကောင်းဆုံးနည်းလမ်းပဲ”
ကမ္ဘာမြေအဆင့်ကျင့်ကြံသူများဖြစ်စေ၊ တခြားလူငယ်များဖြစ်စေ သူတို့အားလုံး မျက်နှာသိပ်မကောင်းကြတော့ချေ။
ထန်ချီက ဖုန်းရှို့တောင်တစ်ခုလုံးကို စစ်တုရင်နယ်ရုပ်အဖြစ် အသုံးချမည်ဟု သူတို့ မထင်မှတ်ထားကြပေ။ ထိုသို့သော ကိစ္စသည် တစ်လောကလုံးအား ဗြောင်းဆန်သွားနိုင်လောက်သည်။
သူက အတင့်ရဲလွန်းသည်။
ဖုန်းရှို့တောင်စစ်မြေပြင်၌ သန်းပေါင်းများစွာသော ကျင့်ကြံသူများ ရှိကာ ကောင်းကင်ဘုံအဆင့်မှသည် ချီစုစည်းခြင်းအဆင့်များသို့အထိ ရှိကြသည်။
ထိုကျင့်ကြံသူများအား ပရမ်းပတာ စစ်မြေပြင်အခြေအနေသို့ တွန်းပို့ခြင်းက ဆိုးရွားသော အဆုံးသတ်ကို ဖြစ်စေနိုင်သည်။
အားလုံး၏အမူအရာကို ကြည့်ကာ ထန်ချီက သက်တောင့်သက်သာ ပြုံးလျက် ပြောသည်။
“ကျုပ်က စစ်တုရင်နယ်ရုပ်မဟုတ်ဘူး။ ကစားတဲ့သူပဲ”
“ဟဟ… စိတ်မပူပါနဲ့… ကျုပ်တို့ကတော့ အဲဒီတိုက်ပွဲအရှုပ်အထွေးထဲ ဘယ်လိုလုပ် ဝင်ပါမှာလဲ”
သူ့စကားကို ကြားလျှင် အဖိုးအိုများက အချင်းချင်း ကြည့်ကာ ခေါင်းညိတ်ကြသည်။
တခြားလူများလည်း အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။
အမှန်တကယ်လည်း ထန်ချီ၏ကျင့်ကြံဆင့်သည် သူတို့ထပ် သိပ်မမြင့်ပါ။ သူ့အနေဖြင့်လည်း ထိုအခြေအနေမျိုးတွင် အသက်ရှင်ရန် မဖြစ်နိုင်ပေ။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ လူငယ်ပါရမီရှင်တစ်ဦးဖြစ်သော ထန်ချီသည် မိမိကိုယ်ကို ထိုသို့သော အန္တရာယ်အတွင်းသို့ ကျရောက်စေမည် မဟုတ်ပေ။
သူ့တွင် တခြားသော ဝှက်ဖဲများ ရှိနေသည်လည်း ဖြစ်နိုင်၏။
“ဟွမ်လောင်လျှို ရောက်လာခဲ့ရင် သူ့ကို ရှာပေးပါ”
ထန်ချီက အဝေးမှ တောအုပ်ကို လှမ်းကြည့်ကာ ထူးမခြားနားစွာ ပြောသည်။
“သူက နည်းနည်း ပိုပြီး ဉာဏ်ကောင်းဖို့ မျှော်လင့်တယ်”
ထန်ချီနောက်မှ ရပ်နေကြသူများအားလုံးကလည်း ခေါင်းညိတ်ကြသည်။
သူတို့၏အမြင်တွင် ဟွမ်လောင်လျှိုကား အနောက်ဘက်ကုန်းမြေအား ထိုမျှ လှုပ်ခတ်အောင် လုပ်နိုင်ခြင်းကို ကြည့်ခြင်းအားဖြင့် ထိုမျှ မိုက်မဲသူ မဟုတ်ပါ။
ထိုလူက အခြေအနေကို ရှင်းလင်းစွာ သိမြင်နိုင်လောက်သည်။
…
ထိုအခိုက်တွင် တောတွင်းတစ်နေရာ၌ ဟွမ်လောင်လျှိုသည် ကောင်းရှောင်ရွှမ်နှင့် တခြားလူများကို ဦးဆောင်ကာ မြန်ဆန်စွာ ပြေးလွှားနေသည်။
ဟွမ်လောင်လျှို၏နောက်တွင်ကား ဆိုင်ရှင်ဟယ်နှင့် တခြားကမ္ဘာမြေအဆင့် ပညာရှင်များ ရှိကြသည်။
သူတို့အားလုံးက အင်မော်တယ်အဆင့်ဆေးလုံးကို လိုချင်ကြသည်။
“အစ်ကိုဟွမ်… စိတ်မပူပါနဲ့… ကျွန်တော်တို့ သေချာပေါက် မရီးကို ကယ်တင်မယ်”
ဘေးနားတွင် ကောင်းရှောင်ရွှမ်က စိတ်သက်သာရာရအောင် ပြောသည်။
ဟွမ်လောင်လျှိုက သူ့အား ပြုံးလျက် ကြည့်သည်။
“ကောင်လေး… မင်း ငါနဲ့ ဘာလို့ လိုက်လာတာလဲ”
အဝေးကို ကြည့်ကာ ဟွမ်လောင်လျှိုက ပြောသည်။
“သေချာပေါက် ညီမဖျင် အဆင်ပြေလိမ့်မယ်”
အဝေးတွင် ချီနှင့်သွေးဓာတ်များ စုဝေးကာ မီးခိုးများ တလူလူထွက်နေသော နေရာတစ်ခုရှိသည်။
ထိုနေရာသည် သစ္စာဖောက်ဂိုဏ်းများ စုဝေးစတည်းချရာနေရာလည်း ဖြစ်သည်။