← Chapters

လက်လျှော့ခြင်း

Vol. 162 Ch. 2306

လက်လျှော့ခြင်း

Vol. 162 Ch. 2306

“ကျုပ်တို့ လှုပ်ရှားမှာလား” တန်ခိုးရှင်များက အချင်းချင်း စိတ်ဖြင့် ဆက်သွယ်ကာ ဆွေးနွေးကြသည်။

လိပ်နဂါးသည် ရီဖူရှင်းနှင့်ကု့ချင်းကို စီဝေ့ကောင်းကင်သို့ ခေါ်သွားနေသည်။ အကယ်၍ ရီဖူရှင်းသာ စီဝေ့ကောင်းကင်သို့ ရောက်သွားပါက သူတို့အတွက် မျှော်လင့်ချက် ရှိတော့မည် မဟုတ်ပေ။

တစ်ဘက်တွင် သူတို့က ကု့ချင်းနှင့်ရင်ဆိုင်ရန် ယုံကြည်ချက် မရှိကြချေ။

ထိပ်သီးတန်ခိုးရှင်များ တွန့်ဆုတ်နေကြသည်။ သည်ကု့ချင်းကား နတ်ကု့ချင်းဖြစ်ကာ ကောင်းကင်တေးသွားကို အလိုအလျောက် တီးခတ်နိုင်၏။ ထို့အပြင် ထိပ်သီးတန်ခိုးရှင်များမှာ ထိုတေးသွား၏ဒဏ်ကို ခံနိုင်ခြင်း မရှိချေ။

ထို့အပြင် သူတို့က ရီဖူရှင်းနှင့် မဟာအင်ပါယာရှန့်ကျားတို့အကြား ဆက်သွယ်မှုကိုလည်း အဖြေမရှာနိုင်သေးပေ။

ထိပ်သီးတန်ခိုးရှင်တစ်ဦးသည် စိတ်မရှည်တော့ဘဲ လိပ်နဂါးကို စတင်တိုက်ခိုက်သည်။ သူက လက်ကိုမြှောက်ကာ လိပ်နဂါးအား ဖမ်းဆုပ်ဟန်ပြု၏။ ရုတ်တရက် ကြောက်မက်ဖွယ် တွင်းနက်ကြီးတစ်ခုပေါ်လာကာ လိပ်နဂါး၏လှုပ်ရှားမှုမှာလည်း နှေးကွေးသွားရသည်။ လေဟာနယ်သည် စတင်ပြိုလဲလာ၏။ ၎င်းသည် ဘာမှမကျန်တော့အောင် ပြိုပျက်တော့မည့်အလား ထင်မှတ်ရသည်။

သည်မတိုင်ခင်က နတ်ဘုရားကဒ်ဘေးအဆင့်များသည် လိပ်နဂါးပေါ်သို့ တက်ကာ ကု့ချင်းကို လုယက်လိုခဲ့ကြသည်။ သူတို့မှာ တေးသံ၏ဖမ်းစားမှုကို ခံရပြီး ရည်ရွယ်ချက်များ ပျက်စီးသွားသော်လည်း သူတို့၏ပူးပေါင်းတိုက်ခိုက်မှုမှာ ကြောက်စရာကောင်းလောက်အောင် ပြင်းထန်ပေသည်။

၎င်းကိုမြင်သည်တွင် ရီဖူရှင်း၏လက်ထဲမှ ကု့ချင်းသည် လေထဲကို အလိုအလျောက် ပျံတက်သွား၏။ ကြောက်မက်ဖွယ် တေးသံတစ်ခုသည် မှော်နက်လောကမှ တန်ခိုးရှင်ထံသို့ ပျံ့လွင့်သွားသည်။ ချက်ချင်းပင် လုံးဝပျောက်ကွယ်သွားခြင်း မရှိခဲ့သော ဝမ်းနည်းပူဆွေးမှုဓာတ်ခံသည် သူ့စိတ်နှလုံးတွင် ပြန်လည်၍ နိုးထလာခဲ့ကာ သူ့အမူအရာက ပြောင်းလဲသွားခဲ့သည်။ သူ၏တိုက်ခိုက်မှုမှာလည်း ချက်ချင်းပင် ရပ်တန့်သွားခဲ့ကာ နောက်ကို ဆုတ်သွားရ၏။

လူတိုင်းက ရှေ့မှ ကု့ချင်းကို ကြည့်ကြသည်။ ကြည့်ရသည်မှာ သခင်လော့ပြောသည်မှာ မှန်ကန်၏။ မဟာအင်ပါယာ၏ဝိညာဉ်မှာ ကု့ချင်းထဲ၌ ရှိနေသည်။

မဟုတ်လျှင် ဤသို့ ထူးခြားဖြစ်စဉ်ကို ရှင်းပြရန် မလွယ်ပေ။

ရီဖူရှင်းက မဟာအင်ပါယာနှင့် ဆက်သွယ်နိုင်သလား။ တန်ခိုးရှင်များ တွေးဆကြသည်။

ထိုအခိုက်တွင် နောက်တစ်ယောက်က စတင်လှုပ်ရှားသည်။ ကောင်းကင်ဒေသမှ တန်ခိုးရှင်တစ်ဦဂသည် လေထုကို လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်တွင် အာကာသထဲ၌ အက်ကြောင်းများဖြစ်ပေါ်လာပြီး ၎င်းသည် ဧရာမကြီးမားသော လိပ်နဂါးအား ဝါးမျိုသွားသည်။

“ဆက်ကြောင်း…” ရီဖူရှင်း၏မျက်လုံးများ စူးရှသွားသည်။ တစ်ဘက်လူသည် မူလဘုံမှ လေထုကို ထွင်းဖောက်ကာ ကောင်းကင်ဒေသသို့ ဆက်ကြောင်းဖွင့်လှစ်လျှက် လိပ်နဂါးကို ထိုနေရာသို့ ပို့ဆောင်သည်။ သူက လိပ်နဂါးအား စီဝေ့ကောင်းကင်သို့ ပြန်ခြင်းအား တားဆီးလိုသည်။

အာကာသထဲမှ အက်ကြောင်းထဲတွင် လိပ်နဂါးသည် ရွေ့လျားနေ၏။ သို့သော် ကု့ချင်းထံမှ တေးသွားသည် လိပ်နဂါးအား တစ်နည်းအားဖြင့် ထောက်ပံ့ပေးထားကာ ၎င်းသည် အမှန်တကယ် မူလဘုံသို့ ပြန်လှည့်လာခဲ့သည်။

ချက်ချင်းပင် ဧရာမလိပ်နဂါးသည် ပိုမိုမြန်ဆန်စွာ ရွေ့လျားလာကာ နောက်မှ တန်ခိုးရှင်များကိုပင် အဝေး၌ ချန်ထားရစ်ခဲ့၏။ တန်ခိုးရှင်များ၏အမူအရာက သိပ်မကောင်းပါ။ လိပ်နဂါးကို သူတို့က တားဆီးရ ခက်နေသည်။

“အကြီးအကဲများ ရပ်လိုက်ပါတော့။ တေးသွားကသာ ဆက်ပြီး တီးခတ်နေသေးရင် ခင်ဗျားတို့ လွတ်မြောက်ခဲ့ပါ့မလား။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံ့သစေချင်ပါတယ်” ရီဖူရှင်းက ကျယ်လောင်စွာ ပြောသည် “မဟာအင်ပါယာက ခင်ဗျားတို့ကို လျစ်လျူရှုခဲ့တယ်။ ဘာလို့ အတင်းတွန်းအားပေးချင်ရတာလဲ။ တကယ်လို့ ခင်ဗျားတို့က မိုက်မိုက်မဲမဲ တွန်းအားပေးရင် မဟာအင်ပါယာရဲ့အမျက်ဒေါသသင့်မှာ မကြောက်ဘူးလား” ရီဖူရှင်းက ပြောသည်။

သူတို့အားလုံးက ရီဖူရှင်း၏စကားကိုကြားကာ မှင်တက်သွားကြသည်။ သူတို့၏စိတ်တွင်း၌ ဒွိဟများဖြစ်လာကြ၏။

မဟာအင်ပါယာ အမှန်တကယ် ရှိနေသေးကြောင်း ရီဖူရှင်းက ဆိုသည်။ သူတို့ကသာ အတင်းဖိအားပေးပါက မဟာအင်ပါယာ အပြစ်ယူနိုင်ကြောင်း သတိပေးသည်။

သူတို့အားလုံးက အကျိုးအပြစ်များကို ချိန်ဆနေကြသည်။ ရီဖူရှင်းက လိမ်နေခြင်းမဟုတ်ကြောင်း သူတို့သိသည်။ ကု့ချင်းက အလွန်တန်ဖိုးကြီးနေခြင်းက သူတို့၏လောဘကို နှိုးဆွနေခြင်းသာဖြစ်သည်။

သို့သော်လည်း မဟာအင်ပါယာဟူသည် မည်သို့သော ဖြစ်တည်မှုနည်း။ မည်သူက မဟာအင်ပါယာကို မလေးမစား ပြုမူရဲမည်နည်း။

မဟာအင်ပါယာက ဆုံးဖြတ်ပြီးမှတော့ ကြည့်ရသည်မှာ သူတို့ ဘာမှ တတ်နိုင်တော့ဟန်မတူ။

အားလုံးက တွက်ဆနေချိန်မှာပင် လိပ်နဂါးသည် ရှေ့ကို ဆက်သွားကာ ကြယ်အလင်းများ တောက်ပနေသော ကောင်းကင်အောက်သို့ ရောက်လာသည်။ သူတို့က စီဝေ့ကောင်းကင်ပိုင်နက်သို့ ဝင်လာခြင်းဖြစ်သည်။

ဤတွင် တန်ခိုးရှင်များသည် ရပ်လိုက်ကာ နောက်မှ ဆက်မလိုက်ကြတော့ပေ။ သူတို့က အဝေးမှ လိပ်နဂါးကို နှမြောတသစွာ ကြည့်နေကြသည်။ သူတို့အတွက်‌ မျှော်လင့်ချက် မရှိတော့ချေ။

ကြည့်ရသည်မှာ ဤခရီးစဉ်၌ ရီဖူရှင်းသည်သာ အကျိုးအမြတ်ရခဲ့သူဖြစ်သည်။ သူသည် ရှန့်ယင်မဟာအင်ပါယာ၏အမွေကို ဆက်ခံရခဲ့ပြန်သည်။

မူလဘုံတွင် ဤသို့ ပါရမီရှင်တစ်ဦး တည်ရှိနေခြင်းက ကောင်းကင်ဒေသ၊ မှော်နက်လောကနှင့် တခြားဘုံများကို ငြိမ်းချမ်းစေမည် မဟုတ်ပေ။ အနှေးနှင့်အမြန် သူတို့မှာ ရင်ဆိုင်တွေ့ကြပေမည်။

“သွားရအောင်…” တစ်ယောက်က ပြောသည်။ ထို့နောက် သူတို့က နောက်လှည့်ထွက်သွားကြသည်။ သူတို့အတွက် ဆက်နေလည်း မထူးတော့ပေ။

ရီဖူရှင်းတို့က စီဝေ့ကောင်းကင်သို့ ဝင်ရောက်သွားပြီးဖြစ်သည်။ သူတို့ ဘာမှ မတတ်နိုင်တော့ပေ။

လိပ်နဂါးသည်လည်း စီဝေ့နန်းတော်သို့ သက်ဆင်း၏။ မကြာခင် ထိုသတင်းမှာ မူလဘုံသို့ မြန်ဆန်စွာ ပျံ့နှံ့သွားတော့သည်။

ကောင်းကင်အာဏာစက်ကျောင်းတော် ကျောင်းအုပ် ရီဖူရှင်းသည် နောက်ထပ် မဟာအင်ပါယာတစ်ပါး၏အမွေကို ဆက်ခံရရှိခဲ့သည်။

All Chapters