မူလဘုံမှ အပြောင်းအလဲများ
Vol. 162 Ch. 2307
ကြယ်တာရာကောင်းကင်၊ စီဝေ့ကျင့််ကြံခြင်းခန်းမ။
အဆုံးမဲ့သော ကြယ်ကောင်းကင်အောက်တွင် ရီဖူရှင်းသည် တိတ်ဆိတ်သော နေရာတစ်ခု၌ ထိုင်နေသည်။ သူ့အား ကြယ်တရာများ ဝန်းရံထားကာ ကြယ်အလင်းများကြောင့် ကျက်သရေရှိလှသည်။
သူ့ရှေ့တွင်ကား ကု့ချင်း တစ်လက်ရှိနေ၏။ ၎င်းမှာ “ကျွမ့်ကျွမ့်” ဖြစ်သည်။ ထိုအခိုက်တွင် ကု့ချင်းမှ တေးသံလှိုင်းများ စတင်ဖြစ်ပေါ်လာပြီး ရီဖူရှင်း၏နဖူး သွေးကြောမထံသို့ စီးဆင်းလာသည်။ သူ၏စိတ်ထဲတွင် မဟာအင်ပါယာ၏ဂီတနှင့် ကျင့်ကြံခြင်းစနစ်များ၊ အတွေ့အကြုံများသည် တစ်ခုပြီးတစ်ခု ထင်ဟပ်လာခဲ့၏။
မဟာအင်ပါယာရှန့်ယင်သည် သူ့ခေတ်အခါ၌ နံပါတ် ၁ ဂီတပညာရှင်ဖြစ်သည်။ ရှေးခေတ်ကဲ့သို့ ပညာရပ်များ ထွန်းကားသောအချိန်အခါ၌ပင် ဂီတပညာ၌ သူ့အား ကျော်လွှားနိုင်သူ မရှိခဲ့ပေ။ သူသည် အောက်မေ့ခြင်းကောင်းကင်တေးသွားဖြင့် နာမည်ကျော်ကြားသူဖြစ်သော်လည်း ထိုတေးသွားမတိုင်ခင်ကတည်းက သူသည် မရေမတွက်နိုင်သော ဂီတတေးသံများကို ဖန်တီးခဲ့ကာ ၎င်းတို့မှာ အလွန်အားကောင်းပြီး တချို့မှာ ကောင်းကင်တေးသွားများထက် အားမနည်းပေ။
ယခု မဟာအင်ပါယာရှန့်ယင်သည် သူ၏အသိပညာ၊အတတ်ပညာများအားလုံးကို ရီဖူရှင်းအား စတင်ပို့ချနေပြီ ဖြစ်သည်။
ရီဖူရှင်းသည် မဟာအင်ပါယာ၏တကယ့်ရည်ရွယ်ချက်ကို နားမလည်သော်လည်း မဟာအင်ပါယာက ရှင်းပြခြင်းမရှိသည်များအတွက် အတင်းမေးမြန်းနေမည် မဟုတ်ပေ။ လက်ရှိတွင် သူ၏အရေးကြီးဆုံးသော ရည်ရွယ်ချက်မှာ ပိုမိုသန်မာရန် ဖြစ်သည်။ ယခု သူသည် စီဝေ့ကောင်းကင်နှင့် မူလဘုံကို ထိန်းချုပ်ထားရာ သူသာ မသန်မာပါက အကျိုးဆက်မှာ မတွေးဝံ့ပေ။ သူ့အနေဖြင့် အဆင့်မြင့်ရန်ဟောင်မျှဖြင့် မလုံလောက်ပေ။ ပိုမိုမြင့်မားသော ကျင့်ကြံဆင့်နှင့် စွမ်းအားများကို ပိုင်ဆိုင်ရန် လိုအပ်၏။
တစ်ရက်ပြီးတစ်ရက် ရီဖူရှင်းသည် မဟာအင်ပါယာ၏ဂီတပညာများအား ဆက်ခံရယူခဲ့သည်။ နောက်ဆုံးတွင် ကု့ချင်းထံမှ နတ်အလင်းများသည် မှေးမှိန်သွားခဲ့ကာ တေးသံများလည်း ပျောက်ကွယ်သွားသည်။ သို့သော်လည်း ရီဖူရှင်းသည် ကျင့်ကြံခြင်းအား ရပ်တန့်ခြင်း မရှိပါ။ သူသည် ဂီတသင်္ကေတများ ခြံရံလျှက် ဆက်လက်ကျင့်ကြံနေသည်။
သူသည် မဟာအင်ပါယာရှန့်ယင် သင်ကြားပေးသော ဂီတပညာရပ်များအား နားလည်ဆင်ခြင်ရန် အချိန်တစ်ခု လိုအပ်ပေသည်။
မြေပြင်တွင်ကား လူအများအပြားက ရီဖူရှင်းကို လှမ်းကြည့်နေကြသည်။ ကြယ်တာရာကောင်းကင်၌ ကျင့်ကြံနိုင်သူများမှာ ရီဖူရှင်း၏မိတ်ဖက်များနှင့် သူ့မိတ်ဆွေများဖြစ်ကြသည်။ ရီဖူရှင်းသည် မဟာအင်ပါယာရှန်ယင်၏အမွေအနှစ်များအား ဆက်ခံရရှိခဲ့ရာ သည်လူငယ်၏အနာဂတ်မှာ မည်သို့ဖြစ်မည်ကို သူတို့ တွေးဆနေကြသည်။
မြူခိုးဝေနတ်နန်းတော်မှ ဓားနတ်မိမယ်သည် ရီဖူရှင်းအား လှမ်းကြည့်ကာ ပြောသည် “နင်ယွမ်… ကြည့်ရတာ အခြေအနေက ငြိမ်သက်တော့မယ်လို့ မထင်ဘူး”
သည်ယခင်က ကုန်းမြေသခင်နင်ယွမ်က ရီဖူရှင်းအား မည်သို့ ဆက်ဆံခဲ့သည်ကို သူတို့အားလုံး သိကြသည်။ နင်ဟွာသည် ရီဖူရှင်းအား အဆက်မပြတ် အမဲလိုက်ခဲ့ကာ သူ့အား သတ်ဖြတ်နိုင်လုနီးပါး ဖြစ်ခဲ့သည်။ ယနေ့ ရီဖူရှင်း ဆုပ်ကိုင်ထားသော စွမ်းအားများမှာ တုန်းဟွာကုန်းမြေသခင်နင်ယွမ်ထက် မြင့်မားပေသည်။ အကယ်၍ ရီဖူရှင်းသာ အကြွေးဟောင်းများကို ဖြေရှင်းလိုပါက တုန်းဟွာကုန်းမြေသို့ သွားရောက်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
သို့သော်လည်း ကုန်းမြေသခင်အိမ်တော်မှာ မဟာအင်ပါယာ၏လက်အောက်ခံအင်အားစုတစ်ခုဖြစ်ရာ ရီဖူရှင်းအနေဖြင့် အတင့်ရဲစွာ လှုပ်ရှား၍ မဖြစ်ပေ။ သို့သော်လည်း သူ၏ပါရမီနှင့် အလားအလာအရ နောင်တွင် ရီဖူရှင်းသည် လောကထိပ်ဆုံးသို့ ရောက်ရန် ရှိသည်။ သူ့အား မည်သည့်မတော်တဆမှ မဖြစ်ပေါ်ခဲ့လျှင် နောင်တွင် ထိုအကြွေးဟောင်းများကို ဖြေရှင်းရန်မှာ သိပ်မခက်ပေ။ ထိုအချိန်ရောက်လျှင် တုန်းဟွာကုန်းမြေသခင်အိမ်တော်မှာ ကြီးမားသော ဘေးအန္တရာယ်နှင့် ကြုံတွေ့ရပေလိမ့်မည်။
လက်ရှိတွင် နင်ဟွာသည် တုန်းဟွာကုန်းမြေ၏အကြီးကျယ်ဆုံးသော ပါရမီရှင်ဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းတွင် သူ့လက်အောက်တွင် အင်အားစုများစွာကို ပိုင်ဆိုင်ပြီး နင်ဟွာတွင် မည်သည့်အရာမှ မရှိချေ။ ရီဖူရှင်းအနေဖြင့် နင်ဟွာကို သတ်ဖြတ်ရန် သိပ်မခက်ပေ။
ကြယ်ကောင်းကင်၌ လူတိုင်းမှာ တိတ်ဆိတ်စွာ ကျင့်ကြံနေပြီး အင်ပါယာကြယ်၏စွမ်းအားကို လေ့လာဆင်ခြင်နေကြသည်။ လူအများအပြားမှာ ပိုမိုတိုးတက်လာနေကြ၏။ အထူးသဖြင့် ကြယ်တာရာစွမ်းအားကို ကျင့်ကြံသူများမှာ တိုးတက်မှု မြန်ဆန်သည်။
ရက်သတ္တပတ်များစွာ ကြာမြင့်သွားပြီး နောက်ဆုံးတွင် ရီဖူရှင်းသည် ကျင့်ကြံခြင်းကို ရပ်တန့်ကာ အောက်သို့ ဆင်းလာသည်။ သူက ရင်းနှီးသော မျက်နှာများကို မြင်တွေ့၏။
သခင်လော့က သူ့ထံသို့ လျှောက်လာကာ မေးသည် “အခြေအနေ ဘယ်လိုလဲ”
“မဟာအင်ပါယာရှန့်ယင်က သူ့ခေတ်အခါက အတော်ဆုံးဂီတပညာရှင်ပဲ။ သူ့ပညာရပ်တွေက နက်နဲပြီးတော့ အလုံးစုံ နားလည်ဖို့ခက်တယ်။ ကျွန်တော်က အနာဂတ်မှာ သေချာကျင့်ကြံဖို့ လိုသေးတယ်” ရီဖူရှင်းက ပြောသည်။
ထိုစကားများအရ ရီဖူရှင်းသည် မဟာအင်ပါယာ၏အမွေအနှစ်များကို အလုံးစုံ ဆက်ခံနိုင်ခဲ့ပြီဟု သခင်လော့က သိလိုက်သည်။
ကြည့်ရသည်မှာ လက်ရှိမျိုးဆက်၌ တေးဂီတပိုင်းတွင် ရီဖူရှင်းအား ယှဉ်နိုင်သူ မရှိလောက်တော့ပေ။
ဖန်းကိုင့်နှင့် မျက်မမြင်ထျယ်တို့လည်း ရောက်လာသည်။
“ပြင်ပလောက ဘယ်လိုအခြေအနေရှိလဲ” ရီဖူရှင်းက မေးသည်။
“အရမ်းကြီး တိတ်ဆိတ်မနေဘူး” ဖန်းကိုင့်က ပြောသည် “လိပ်နဂါးက စီဝေ့ကောင်းကင်သို့ ရောက်လာတယ်။ သတင်းက နေရာတိုင်းကို ပျံ့သွားပြီ။ ထိပ်သီးအင်အားစုတွေက မင်းနဲ့တွေ့ချင်ကြတယ်။ ဒါပေမဲ့ မင်းက တံခါးပိတ်ကျင့်ကြံနေတော့ သူတို့ ပြန်ထွက်သွားကြတယ်။ ကြည့်ရတာ သူတို့က မင်းနဲ့ မိတ်ဆွေဖြစ်ချင်ကြပုံပဲ”
လက်ရှိတွင် ရီဖူရှင်းသည် မူလုံဖြစ်စေ၊ ကောင်းကင်ဒေသဖြစ်စေ၊ တခြားဘုံများတွင်ဖြစ်စေ သူ့၏အလားအလာမှာ အလွန်ကောင်းနေသည်။
သူသည် အနာဂတ်တွင် အလွန်အရေးပါ အရာရောက်သော ထိပ်သီးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာတော့မည်ကို မြင်နေကြရသည်။ သူတို့အားလုံးက ရီဖူရှင်း မကြီးထွားခင် မိတ်ဆွေဖြစ်လိုကြသည်။ သူသည်သာ လောကထိပ်ဆုံးကို ရောက်သွားပါက ထိုအခွင့်အရေးမှာ မလွယ်ကူတော့ပေ။
“ကောင်းကင်ဒေသက မှော်နက်လောကကို ရင်ဆိုင်ဖို့ စိတ်မကူးမရှိသရွေ့ ကျုပ်က သူတို့ကို မိတ်ဆွေလုပ်တော့ရော ဘာထူးမှာမလို့လဲ” ရီဖူရှင်းက ဆိုသည်။
“အင်း အဲဒါကို မေ့ထားလိုက်ပါဦး။ အခုက လိပ်နဂါးကိစ္စဖြစ်သွားတယ်။ ကောင်းကင်ဒေသနဲ့ တခြားဘုံတွေက အင်အားစုတွေက မူလဘုံကို ဆင်းသက်လာနေကြတယ်။ ဟောကိန်းတစ်ခုက လောလောလတ်လတ် ပျံ့နှံ့လာနေတယ်။ မူလဘုံဟာ ကောင်းကင်နဲ့မြေပြင်အကြား ကြီးမားတဲ့ အပြောင်းအလဲရဲ့ ရင်းမြစ်ဖြစ်မယ်တဲ့” သူက ဆက်ပြောသည် “ဟောကိန်းအတိုင်းပဲ အခု မူလဘုံမှာ ရှေးဟော်ငးအရင်းအမြစ်တွေ အဆက်မပြတ် ပေါ်လာနေတယ်။ အင်အားစုတွေကလည်း အဲဒါကို ယှဉ်ပြိုင်ရယူဖို့ မူလဘုံကို ရောက်လာနေကြတယ်”
ရီဖူရှင်း၏အမူအရာ ပြောင်းလဲသွားသည်။
သူက မေးသည် “အဲဒီ ဟောကိန်းက ဘယ်က လာတာလဲ”
“ငါ မသိဘူး” သခင်လော့က ပြောသည် “ဒါပေမဲ့ အခု ကောင်းကင်ဒေသနဲ့ တခြားဘုံတွေက အင်အားစုတွေကတော့ မူလဘုံကို ရောက်နေကြပြီ”