← Chapters

စာတစ်စောင်

Vol. 14 Ch. 184

စာတစ်စောင်

Vol. 14 Ch. 184

“တစ်ယောက်ယောက် ရှိနေတယ်”

ဟွမ်လောင်လျှိုနောက်မှ ဆိုင်ရှင်ဟယ်က ရှေ့ကို တက်လာကာ ပြောသည်။

သိပ်မဝေးသောနေရာတွင် အနက်ရောင်ဝတ်ထားကာ မျက်နှာဖုံးတပ်ထားသူတစ်ဦး သူတို့ထံသို့ ပြေးလာနေသည်။

“ဟွမ်ကျန်းရှုံးလား…”

ထိုလူက သိပ်မဝေးသောနေရာတွင် ရပ်လိုက်ကာ မေးသည်။

ဟွမ်လောင်လျှို ရှေ့ကို တက်သွားကာ ခေါင်းညိတ်သည်။

“ကျုပ်ပဲ…”

ထိုလူက ကျောက်စိမ်းပြားတစ်ခု ဟွမ်လောင်လျှိုထံသို့ ပစ်ပေးလိုက်၏။

ဟွမ်လောင်လျှိုက ကျောက်စိမ်းပြားကို ဖမ်းယူကာ ကြည့်လိုက်ပြီးနောက် မျက်နှာပျက်သွားသည်။

“မင်းက ဒီအမှတ်အသားတံဆိပ်ပြားကို သိတယ်မလား”

အနက်ရောင်ဝတ်လူက တင်းမာသော လေသံဖြင့် ပြောသည်။

ဟွမ်လောင်လျှိုက ခေါင်းညိတ်ကာ စိတ်ခံစားချက်များကို ချိုးနှိမ်လျှက် တည်ငြိမ်စွာ မေးသည်။

“ခင်ဗျား ဘာလိုချင်တာလဲ”

အနက်ရောင်ဝတ်လူက ဟက်ခနဲ ရယ်လိုက်ကာ ပြောသည်။

“မင်း ငါနဲ့လိုက်ခဲ့ပါ”

“မင်းတစ်ယောက်တည်းပဲ…”

ဆိုင်ရှင်ဟယ်နှင့် တခြားလူများ မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။ သူတို့က တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် ဟွမ်လောင်လျှိုက လက်ဝှေ့ယမ်းသည်။

“အားလုံးပဲ… ကျုပ် သူနဲ့ လိုက်သွားမယ်။ သူတို့ ကျုပ်ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး”

ထို့နောက် သူက ကောင်းရှောင်ရွှမ်အား ပုခုံးအသာပုတ်ကာ ရှေ့ကို လှမ်းသွားသည်။

သူတို့သည် မိုင်အနည်းငယ် လမ်းလျှောက်လာပြီးနောက်တွင် တောင်ကုန်းနောက်တစ်နေရာသို့ ရောက်လာသည်။ ထိုနေရာတွင် လူအနည်းငယ် ရပ်နေ၏။

“ဟား… ဟား… တာအိုရောင်ရင်းဟွမ်…”

ခေါင်းဆောင်လုပ်သူကား ခရမ်းရောင်ဝတ်တာအိုဆရာတစ်ဦး ဖြစ်သည်။ သူကပြုံးလျက် ဟွမ်လောင်လျှိုအား လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။

“ကျုပ်ဟာ သန့်စင်ရေကျောင်းတော်က ဖုန်းရှုပါ။ ချန်းဖျင်ရဲ့ ဆရာဦးလေးပဲ”

ဟွမ်လောင်လျှိုက မည်သည့်အမူအရာမှ မပြဘဲ အေးစက်စွာ မေးသည်။

“ညီမဖျင် ဘယ်မှာလဲ”

တာအိုဆရာဖုန်းရှုက ရယ်မောလိုက်သည်။

“စိတ်မပူပါနဲ့… လုချန်းဖျင် ဘေးကင်းပါတယ်”

ထို့နောက် သူက ဘေးနားမှ လူများကို ခေါင်းညိတ်ပြသည်။ တဖန် ဟွမ်လောင်လျှိုဘက်သို့ လှည့်ကာ ပြောသည်။

“တာအိုရောင်းရင်းဟွမ်… မင်းက ငါတို့ကို ကူညီပေးရင် လုချန်းဖျင်ဟာ သေချာပေါက် မင်းရှေ့ ဘေးကင်းကင်းရောက်လာမှာပါ”

ဟွမ်လောင်လျှိုကား တိတ်ဆိတ်နေသည်။

သူက လုချန်းဖျင်အား ကယ်တင်လိုပေသည်။

သို့သော်လည်း သူ လုပ်နိုင်သောအရာ၊ မလုပ်သင့်သောအရာများကို နားလည်၏။

သူသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဖြစ်ကာ သူ၏ဂိုဏ်းကို ထိခိုက်စေသောအရာအား မည်သည့်အခါမှ လုပ်ဆောင်မည် မဟုတ်ချေ။

“ဟားဟား… စိတ်မပူပါနဲ့… ကျုပ်တို့ကို အနောက်ဘက်ကုန်းမြေက ကယ်တင်ပေးဖို့ မတောင်းဆိုပါဘူး။ အဲဒီကိစ္စက နည်းနည်းခက်ခဲတယ်”

တာအိုဆရာဖုန်းရှုက ဟွမ်လောင်လျှို၏အတွေးများကို နားလည်သည့်အလား ပြောသည်။

ဟွမ်လောင်လျှိုက ခေါင်းညိတ်သည်။

“ဒါဆို ခင်ဗျား ဘာလိုချင်တာလဲ”

“တာအိုရောင်းရင်းဟွမ်… မင်း ငါတို့အတွက် သခင်လေးထန်ချီဆီကို စာတစ်စောင် ပို့ပေးရုံပါပဲ”

တာအိုဆရာဖုန်းရှုက မသက်မသာ ပြောသည်။

“မင်း သိပါတယ်။ ငါတို့သာ ရွေးချယ်စရာမရှိရင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို သစ္စာမဖောက်ဘူးဆိုတာ”

“ကျုပ်တို့ အခု နောင်တရပါပြီ။ သခင်လေးထန်ချီက ကျုပ်တို့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”

“တာအိုရောင်းရင်းဟွမ်က စာကို သခင်လေးထန်ချီဆီကို ပို့ပေးတာနဲ့ ဘယ်လိုရလဒ်မျိုးပဲ ဖြစ်ပါစေ လုချန်းဖျင်ကို လွှတ်ပေးပါ့မယ်”

ဟွမ်လောင်လျှိုက တာအိုဆရာဖုန်းရှုအား လေးနက်စွာ ကြည့်သည်။

“ခင်ဗျားတို့ စကားတည်မယ်လို့ ကျုပ် မျှော်လင့်တယ်”

တာအိုဆရာဖုန်းရှု ဝမ်းသာသွားသည်။ သူ့ဘေးမှ တစ်ယောက်က စာတစ်စောင် ကမ်းပေး၏။

ဟွမ်လောင်လျှို စာကို ယူလိုက်ကာ နောက်လှည့်ထွက်ခွာသွားသည်။

သူ ထွက်သွားသည်တွင် တာအိုဆရာဖုန်းရှုဘေးမှ တစ်ယောက်က ပြောသည်။

“သူ တကယ်ပဲ လုပ်နိုင်မှာလား”

တာအိုဆရာဖုန်းရှို့က‌ ခေါင်းယမ်းကာ သက်ပြင်းချသည်။

“ရာစုနှစ်တချို့ ကျင့်ကြံလာပြီးမှ ငါတို့က တကယ်အသက်မသေချင်ဘူးလေ”

တခြားလူများတွင်လည်း ရှုပ်ထွေးသော အမူအရာများ ရှိနေကြသည်။

“ဖုန်းရှု… မင်းက လုချန်းဖျင်ကို တကယ်ပဲ ထုတ်ပေးမှာလား”

ခရမ်းရောင်ဝတ်အဖိုးအိုတစ်ဦးက အံကြိတ်ကာ ပြောသည်။

“အဲဒီကောင်က လူတွေ စုပြီး ငါတို့ အစီအစဉ်ကို ရှုပ်ထွေးအောင် လုပ်ခဲ့တာလေ”

တာအိုဆရာဖုန်းရှုက ဘာမှ မပြောပေ။ သူက လေ၏အလျင်နှင့် ထွက်ခွာပျောက်ကွယ်သွားသည်။

….

ဟွမ်လောင်လျှို တောထဲကို ပြန်ရောက်လာသောအခါ ကောင်းရှောင်ရွှမ်နှင့် ဆိုင်ရှင်ဟယ်တို့က အခြေအနေကို မေးမြန်းကြသည်။

ဟွမ်လောင်လျှိုက စာကို ထုတ်ယူကာ တစ်ဘက်မှ တောင်းဆိုမှုများအား ပြောပြသည်။

ဆိုင်ရှင်ဟယ်က မျက်မှောင်ကြုတ်သည်။

“ညီလေးဟွမ်… အဲဒီလူတွေက မယုံကြည်ရဘူးထင်တယ်”

ထိုကိစ္စသည် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏အသက်နှင့် သက်ဆိုင်နေသည်။ စာတစ်စောင်က မည်သို့ အခြေအနေကို ဖြေရှင်းနိုင်မည်နည်း။

ဟွမ်လောင်လျှိုက ခေါင်းညိတ်ကာ အိတ်ငယ်လေးတစ်လုံးကို ထုတ်ယူလိုက်သည်။

“အားလုံးပဲ… ဒါတွေက ညီလေးဟန် ဖော်စပ်ထားတဲ့ဆေးလုံးတွေပဲ”

သူက အိတ်ထဲမှ ကျောက်စိမ်းပုလင်းငယ်အချို့အား ထုတ်ယူလိုက်သည်။

“ကျုပ်မှာ ခင်ဗျားတို့ လိုချင်တဲ့ဆေးလုံးမရှိဘူး။ ဒါပေမဲ့ ဒီဆေးလုံးတွေဟာလည်း ဆေးလုံးကောင်းတွေပဲ။ ဒါကို ကျေးဇူးတင်တဲ့အနေနဲ့ ယူကြပါ”

ကျောက်စိမ်းပုလင်းငယ်များအား ဆိုင်ရှင်ဟယ်ကို ထုတ်ပေးကာ ဟွမ်လောင်လျှိုက လက်နှစ်ဖက်ဆုပ်သည်။

“ကျုပ်က တိမ်မြုံကမ်းပါးကို သွားပြီးတော့ ထန်ချီနဲ့ တွေ့မှာ။ ခင်ဗျားတို့ လိုက်လာစရာ မလိုတော့ပါဘူး”

ထန်ချီသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဖြစ်သည်။ သူ့အား သွားတွေ့ခြင်းက ဟွမ်လောင်လျှိုအတွက် အန္တရာယ်မရှိပါ။

ဆိုင်ရှင်ဟယ်တို့က အချင်းချင်း ကြည့်ကာ ခေါင်းညိတ်ကြသည်။

ဤသည်က ခက်ခဲသော တာဝန်ဖြစ်ကြောင်း သူတို့ သိကြသည်။ သို့သော်လည်း အခြေအနေက ထင်ထားသည်ထက် ရှုပ်ထွေးလာ၏။

သည်နေရာမှာ ဖုန်းရှို့တောင်နှင့် သိပ်မဝေးပေ။ သူတို့က ရှေ့ဆက်မသွားလိုကြတော့ချေ။

ဟွမ်လောင်လျှိုက ကောင်းရှောင်ရွှမ်နှင့် ထွက်သွားသည်။ ဆိုင်ရှင်ဟယ်တို့ကား ထိုနေရာတွင်ပင် ရပ်ကာ ကြည့်နေကြ၏။

“ကျွတ်… ဟွမ်လောင်လျှိုရဲ့ စိတ်နေသဘောထားက သိပ်မဆိုးလှဘူး။ ကံမကောင်းတာက ကျင့်ကြံခြင်းလောကဟာ သူ့လိုလူအတွက် မသင့်တော်ဘူး”

ဆိုင်ရှင်ဟယ်က နောင်တရစွာ ပြောသည်။

နောက်ထပ် အဖိုးအိုတစ်ဦးကလည်း ခေါင်းယမ်းသည်။

“ကျင့်ကြံခြင်းလောကဟာ စိတ်ခံစားချက်ကို ဦးစားပေးတဲ့သူတွေအတွက်တော့ တကယ့် ခက်ခဲတဲ့နေရာပဲ”

“လူတိုင်းမှာ သူတို့ရဲ့ကိုယ်စီ လိုအင်ဆန္ဒရှိတာပဲ။ ကျုပ်တို့ ဉာဏ်မမီတာလည်း ဖြစ်နိုင်တာပဲ”

နောက်ထပ် အဖိုးအိုတစ်ဦးက ပြောကာ သူ၏လက်ထဲမှ ကျောက်စိမ်းပုလင်းငယ်အား ကြည့်သည်။

“ဒီအမြင့်ဆုံးအရည်အသွေး, သွေးကြောဖွင့်ဆေးလုံးဟာ အရမ်းတန်ဖိုးကြီးတယ်”

“အံ့ဖွယ်ကိုးပါးတောင်ကုန်းမှာ ဟွမ်လောင်လျှိုကို ကူညီပေးနေတဲ့ လူထူးလူဆန်းတစ်ယောက် ရှိနေသေးတာပဲ”

ဟန်မူယဲ့…

သူ၏အာခီမီပညာရပ်ဖြင့်ဆိုပါက အနောက်ဘက်ကုန်းမြေတခွင်လုံးအား ကိုင်လှုပ်နိုင်သည်။

ဟန်မူယဲ့က ဟွမ်လောင်လျှိုအား နောက်ကွယ်မှ ကူညီပေးထားခြင်း မရှိလျှင် သူတို့ရောက်လာစရာ အကြောင်း မရှိပါ။

“သွားရအောင်… ဟွမ်လောင်လျှို သူလိုချင်တာ ရသွားပါစေလို့ ကျုပ် မျှော်လင့်ပါတယ်”

ဆိုင်ရှင်ဟယ်က ပြောကာ အားလုံးကို နှုတ်ဆက်လျှက် ထွက်သွားသည်။

သူတို့၏မဟာမိတ်မှာ ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။

သူတို့ အချင်းချင်း နှုတ်ဆက်ကာ ထွက်သွားကြ၏။

…

ဖုန်းရှို့တောင်တွင် အနောက်ဘက်ကုန်းမြေမှ ဂိုဏ်းအများအပြား စတည်းချနေကြသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဖုန်းရှို့တောင် စစ်မျက်နှာပြင်တွင် တိုက်ခိုက်နေကြကာ နေရာတိုင်း၌ ဓားအလင်းများ၊ အဆောင်လက်ဖွဲ့ ပေါက်ကွဲသံများနှင့် အော်ဟစ်မာန်သွင်းသံများ ဆူညံနေသည်။

တောင်ပိုင်းကုန်းမြေဘက်မှလည်း များစွာသော မိစ္ဆာများ ထိုးနှက်တိုက်ခိုက်နေကြ၏။

ထိုမိစ္ဆာများသည် အလွန်သန်မာသော သဘာဝခန္ဓာကိုယ်နှင့် တိုက်ရည်ခိုက်ရည်များအား ပိုင်ဆိုင်ထားသည်။

သူတို့က အနောက်ဘက်ကုန်းမြေမှ ပညာရှင် အများအပြား၏အသက်ကို နှုတ်ယူထားပြီး ဖြစ်သည်။

ဂိုဏ်းအများအပြားမှ လူငယ်ပါရမီရှင်များ၏သွေးများမှာလည်း ဖုန်းရှို့တောင်၌ သွေးမြေကျခဲ့ပြီး ဖြစ်သည်။

“ဝုန်း…”

မိစ္ဆာတစ်ဆယ်ခန့်သည် စုပေါင်းကာ ကမ်းပါးတစ်နေရာအား ဖြိုဖျက်လိုက်ကြသည်။

ထိုကမ်းပါး၌ စတည်းချနေသော တပည့်များမှာ သေဆုံးဒဏ်ရာရသွားပြီး ဖြစ်သည်။

အသက်ရှင်ကျန်ရစ်သော လူတချို့မှာ အသက်လုကာ ထွက်ပြေးနေကြ၏။

မိစ္ဆာများလက်ထဲသို့ ကျဆင်းသွားပါက အသက်ရှင်ခြင်းထက် သေခြင်းက ပိုကောင်းပေသေးသည်။

“ဟဟ… အသက်ရှင်တဲ့လူရှိတယ်ဟေ့”

“အဲဒါ ငါ့အစာတွေ…. မင်းတို့ မလုနဲ့…”

“ငါ နှစ်ရက်လောက် ငတ်ပြတ်နေတာ”

မိစ္ဆာများ အော်ဟစ်ကာ ကမ်းပါးဆီသို့ ပြေးတက်လာကြသည်။

ကလင်…

ဓားသံတစ်ချက် ကြားရသည်။ အစိမ်းရောင်အလင်းများ လင်းလက်သွား၏။

ကမ်းပါးဆီသို့ ပြေးတက်လာကြသော မိစ္ဆာများ၏အမူအရာများ ပြောင်းလဲသွားသည်။ သူတို့၏ခန္ဓာကိုယ်မှ သွေးချီများ ထွက်ပေါ်လာကာ အရံအတားအဖြစ်ဖြင့် ကာကွယ်ကြသည်။

“အဲဒါ ဓားတစ်လက်နဲ့ မိန်းကလေးပဲ”

“သတိထား… အဲဒီမိန်းကလေးက အရူးလို သတ်ဖြတ်နိုင်တယ်”

All Chapters