← Chapters

အခန်း (၁၆) အဲလို သိပုံလည်း မတူပါဘူး

Vol. 2 Ch. 16

အခန်း (၁၆) အဲလို သိပုံလည်း မတူပါဘူး

Vol. 2 Ch. 16

အခန်း (၁၆) အဲလို သိပုံလည်း မတူပါဘူး

ရှောင်ဟန်ကျန့်ရဲ့ ကိုယ်ခန္ဓာက အရမ်းအားနည်းနေသည်။ ဆန်ပြုတ်တစ်ပန်းကန် စားပြီးနောက် မျက်လုံးမှိတ်ကာ အိပ်ပျော်သွားခဲ့သည်။

ရှစ်ချင်းလျို့က သူ့ကို မနှောင့်ယှက်တော့ဘဲ ပွဲသိမ်းဖို့ အပြင်ထွက်ကာ အမေရှောင်နှင့် တခြားလူတွေကို သွားကူခဲ့သည်။

ညနေမစောင်းခင်အထိ သူမ အလုပ်တွေ ရှုပ်နေခဲ့သည်။

ညစာစားပြီးနောက် ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ရဲ့ အခန်းထဲကိုပြန်ပြီး စာဖတ်ဖို့ စာအုပ်တစ်အုပ် ရှာလိုက်သည်။

ရှစ်ချင်းလျို့ ခဏလောက် စာဖတ်ပြီးနောက် ရှောင်ဟန်ကျန့်က နိုးလာခဲ့သည်။

ရှစ်ချင်းလျို့ပြောသည့် သကြားရေနှင့် ဆန်ပြုတ်သောက်ပြီးလို့လားဆိုတာ သူ မသိပေမယ့် အခု သူ့ကိုယ်ခန္ဓာက အားနည်းမနေတော့ပေ။

အနည်းဆုံးတော့ ထထိုင်နိုင်ပြီ ဖြစ်သည်။

ရှစ်ချင်းလျို့ စာဖတ်နေတာတွေ့တော့ သူက မေးလေသည်၊ "ခင်ဗျားက စာဖတ်တတ်လား"

ရှစ်ချင်းလျို့ကို အထင်သေးတာမဟုတ်ဘဲ သူက အံ့သြနေခြင်းသာ ဖြစ်သည်။

ရွာထဲမှာ စာဖတ်တတ်သည့် အမျိုးသမီးမရှိဘဲ ယောက်ျားလေးတွေတောင် ကျောင်းသွားနိုင်ဖို့ ခက်ခဲသည်။

ရှစ်ချင်းလျို့က စာအုပ်ကိုဖယ်ပြီး သူ့ကိုကြည့်လိုက်သည်၊ "အင်း ဖတ်တတ်တယ်၊ တာအိုဘုရားကျောင်းမှာနေတုန်းက တာအိုဆရာကြီးဆီကနေ သင်ခဲ့တာလေ။"

ဘုန်းတော်ကြီးက ရှန်းယွမ်နှင့် တခြား တာအိုကလေး ၄ယောက်ကို စာဖတ်နည်း တကယ် သင်ပေးခဲ့သည်။

သူမက ထပ်ပြောလေသည်၊ "သူ ဆေးဖော်တဲ့အချိန်ဆို ကျွန်မတို့က မီးအပူပေးတာနဲ့ မီးငြိမ်းတဲ့အချိန်တွေကို ကူမှတ်ပေးခဲ့တာ၊ လုပ်ဆောင်နေတဲ့အချိန်အတွင်း ပြောင်းလဲသွားတဲ့ အချက်တွေ အဲ့တာတွေကော ကူမှတ်ပေးခဲ့တာလေ။"

တာအိုဘုန်းကြီးက ယောက်ျားလေး နှစ်ယောက်ကို ပိုဦးစားပေးကာ သင်ကြားခဲ့သည်။

ရှန်းယွမ်နှင့် တခြားမိန်းကလေးတွေက အိမ်မှုဝေယျာဝစ္စတွေသာ လုပ်ခဲ့ရတာကြောင့် ရိုးရှင်းသည့် စာလုံးတွေလောက်သာ ဖတ်တတ်ခဲ့သည်။

သူမရဲ့ အဖိုးက ရှေးခေတ်စာပေတွေကို မြတ်နိုးသည်။

သူမ ငယ်ငယ်တုန်းက အရမ်းဆိုးတာကြောင့် အဖိုးက အိမ်ခေါ်သွားပြီး သူမစိတ်ငြိမ်ဖို့အတွက် ပိဋိကတ်ကျမ်းတွေ ရှေးခေတ်စာပေတွေကို စုတ်တံဖြင့် ကူးရေးခိုင်းခဲ့သည်။

ဒါကြောင့် တရုတ်ရိုးရာစာပေကို ဖတ်ရှုတတ်ရုံတင်မကဘဲ ရေးလည်းရေးတတ်သည်။

ဘုန်းတော်ကြီး တည်ရှိခြင်းက တကယ်အသုံးဝင်သည်။

သူမရဲ့ ထက်မြတ်မှုတွေအကုန် သူ့အပေါ်ပုံချလိုက်လို့ရသည်။

ရှောင်ဟန်ကျန့်က တစ်ဝက်သာ ယုံကြည်ခဲ့သည်၊ "သိပြီ"

သူက စကားပြောဖို့ ခေါင်းစဥ်ရှာခဲ့သည်၊ "ဒီစာအုပ်က ကောင်းလား"

ရှစ်ချင်းလျို့က ရွံရှာစွာ နှုတ်ခမ်းကို ကွေးပြီး "မကောင်းဘူး၊ ကောင်မလေးတစ်ယောက်က မြို့ထဲမှာတွေ့တဲ့ စာသင်သားကို အရမ်းကပ်တွယ်တာကို ဇာချဲ့ရေးထားတာလေ။" ဟု ပြောလိုက်သည်။

အတိတ်တုန်းက သူမ အားလပ်သည့်အခါ အချိန်ဖြုန်းဖို့ ဝတ္ထုတွေဖတ်လေ့ရှိသည်။

ခေတ်ဆန်သည့်ဇာတ်ကြောင်းတွေကို ဖတ်လေ့ မရှိပေ။

"ဒါဆို ဘာလို့ အာရုံစိုက်ဖတ်နေသေးလဲ" ရှောင်ဟန်ကျန့်က ရယ်မိလေသည်။

ရှစ်ချင်းလျို့က သမ်းဝေလိုက်သည်၊ "ပျင်းလို့လေ အချိန်ကုန်အောင်လို့ဖတ်နေတာ"

သူမကို သူ့ကိုနှုတ်ခမ်းတစ်ခြမ်းတွန့်ရုံ ပြုံးကာကြည့်ပြီး မေးလေသည်၊ "ရှင်က ဒီလိုဝတ္ထုတွေ ဖတ်ရတာကို ကြိုက်တာလား။"

သူမက သူ့ကို တစ်ချက်ကြည့်ပြီး "ရှင့်ကို အထင်မှားမိပြီထင်တယ်" ဟု ပြောလိုက်သည်။

ရှောင်ဟန်ကျန့်က ရယ်ရမလား ငိုရမလားမသိ ဖြစ်သွားလေသည်၊ "ဒီစာအုပ်က ကျုပ်သတိမမေ့ခင် မြို့ကနေ ယူလာတဲ့ စာအုပ်ပါ၊ ဒါတွေ ဖတ်ရတာ မကြိုက်ပါဘူး။"

သူက ဒီလိုမျိုးတွေ ကြိုက်မည့်လူမဟုတ်ကြောင်း သူမ တကယ်ခံစားမိသည်။

"ဒါဆို ပိုက်ဆံရှာဖို့ပေါ့"

သူမက ထပ်မေးလေသည်၊ "ဘာလို့ ကိုယ်တိုင်မရေးတာလဲ၊ စာအုပ်ကူးရေးပေးတာထက်စာရင် ပိုပြီး အမြတ်အစွန်း ကျန်တယ်လေ။"

ရှောင်ဟန်ကျန့်က ကူကယ်ရာမဲ့စွာ ပြောလေသည်၊ "စာသင်သားတွေနဲ့ မိန်းကလေးတွေကြားက အချစ်ကို ကျုပ်မသိပါဘူး၊ ဒီလိုဇာတ်လမ်းတွေလည်း မကြိုက်တော့ မရေးနိုင်ဘူး။"

ဝင်ငွေကောင်းတာကြောင့် သူက စာကူရေးခြင်းကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

ရှစ်ချင်းလျို့က သူမရဲ့ မေးစေ့ကိုကိုင်လိုက်ပြီး "ဒါဆို ဘယ်လိုဇာတ်လမ်းမျိုးကို ကြိုက်လဲ" ဟု မေးသည်။

"ဘာသဲလွန်စပေးချင်နေတာလဲ" သူမရဲ့ စကားနောက်ကွယ်မှာ ဖုံးကွယ်ထားသည့်အရာရှိနေကြောင်း ရှောင်ဟန်ကျန့် ခံစားမိသည်။

ရှစ်ချင်းလျို့က ပြောလေသည်၊ "ကျွန်မက အကြံတွေ၊ ဇာတ်ကွက်တွေ၊ ခံစားချက်တွေကို ကူတွေးပေးနိုင်တယ်၊ ရှင်က စုတ်တံနဲ့ရေးဖို့သာပြင်ထားလိုက်တော့"

ရှောင်ဟန်ကျန့်က မျက်ခုံးပင့်လိုက်သည် "ခင်ဗျားက မိန်းကလေးတွေနဲ့ စာသင်သားတွေကြားက အချစ်ကို သိတယ်ပေါ့"

အဲ့လို သိပုံလည်း မပေါ်ပါဘူး။

ရှစ်ချင်းလျို့က မျက်လုံးလည်လိုက်လေသည် "ရှင်အတွေးလွန်နေပြီ၊ ကျွန်မတို့ တခြားခေါင်းစဥ် ပြောင်းရေးလို့ရတယ်လို့ပြောတာလေ။"

"ဥပမာအားဖြင့် မသေမျိုးကျင့်ကြံစဥ်တွေမျိုးလေ" သူမက မသေမျိုးဝတ္ထုတွေနှင့်ဇာတ်လမ်းတွေ အကြည့်များသည်။

သူများရဲ့ အရေးအသားကိုတော့ မခိုးယူချင်ပေ။

တော်တော်လေး ကောင်းမွန်သည့် ဇာတ်လမ်းဇာတ်အိမ်ကို သူမဘာသာ တည်ဆောက်နိုင်လိမ့်မည်ဟု ယုံကြည်သည်။

သူမ ဝက်သား မစားဖူးသော်လည်း ဝက်ပြေးတာကိုတော့ မြင်ဖူးသည်။

သူမက ရည်းစားမထားဖူးသော်လည်း ရှောင်ဟန်ကျန့်နဲ့ လက်ထပ်ဖို့ လုပ်ခဲ့တာကြောင့် သူနဲ့ အရင်ဆုံး စကားတွေ ပြောကြည့်ဖို့ လိုသည်။

သူတို့သာ အလုပ်တစ်ခုကို အတူတူလုပ်ပါက စကားပြောစရာခေါင်းစဥ်တွေ ရှိလာပြီး အတူတူနေဖို့ ပိုသဘာဝကျသွားနိုင်သည်။

ဒါကြောင့်ပဲ ရှောင်ဟန်ကျန့်ကို ဝတ္ထုရေးဖို့ အကြံပြုခြင်း ဖြစ်သည်။

သူမက ငယ်ငယ်တုန်းက အဆင့်အေ ကျောင်းသူဖြစ်ပြီး အနိုင်ကျင့်သည်။

သူမရဲ့ အတန်းဖော်ကို အနိုင်ကျင့်သည့် ယောက်ျားလေးမိန်းကလေးတွေကိုအကုန် ရိုက်နှက်ခဲ့တာကြောင့် ဘယ်ယောက်ျားလေးမှ သူ့ကို မလိုက်ရဲပေ။

တက္ကသိုလ်တက်တော့ သူမကို လူပျိုလှည့်သည့် ယောက်ျားလေးတွေရှိသော်လည်း သူမက တစ်ယောက်ကိုမှ စိတ်မဝင်စားခဲ့ပေ။

ဘွဲ့ရပြီးတော့လည်း မိဘတွေရဲ့ ဆန္ဒကို ဆန့်ကျင်ခဲ့သည်။ ကုမ္ပဏီကို မဝင်ခဲ့ဘဲ စိုက်ပျိုးရေးသုတေသနကို နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေခဲ့သည်။

သူမရဲ့ စိတ်တွေ အကုန်လုံးက သုတေသနလုပ်သည့်အပေါ်မှာပဲရှိတာကြောင့် အချစ်ကိစ္စတွေပြောဖို့ အချိန်ကော စွမ်းအားပါ မရှိပေ။

ရှောင်ဟန်ကျန့်က ကြက်သေသေသွားပြီး "မသေမျိုးကျင့်ကြံမှုလမ်းစဥ်" ဟု ပြန်မေးသည်။

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်၊ "ဟုတ်တယ် ဥပမာဆိုရင် အဓိကဇာတ်ကောင် ရွာသားလေးက တစ်ရက်မှာ မတော်တဆဖြစ်ခဲ့တယ်၊ ဒီလိုနဲ့ပဲ သူ့ရဲ့ မသေမျိုးကျင့်ကြံမှု လမ်းကြောင်း စတင်ခဲ့တာမျိုးပေါ့။"

ရှောင်ဟန်ကျန့်က ပိုစိတ်ဝင်စားသွားပြီး "အသေးစိတ် ထပ်ပြောပြဦး၊ ဒါကို ရေးသင့်တယ်" ဟု ပြောသည်။

သူက ဝတ္ထုရေးဖို့ လက်ခံခဲ့ပြီး စာသင်သားလေးနှင့် ညှို့ဓာတ်ပြင်းသည့် အမျိုးသမီးရဲ့ အချစ်ဇာတ်ကြောင်းတော့ မဟုတ်ခဲ့ပေ။

ဒီလိုနဲ့ပဲ သူတို့တွေ စကားစပြောခဲ့ကြသည်။

တံခါးခေါက်သံကြားမှပဲ စကားပြောတာ ရပ်လိုက်လေသည်။

ရှစ်ချင်းလျို့ တံခါးသွားဖွင့်လိုက်တော့ အမေရှောင်က စောင်တွေ ယူလာတာကို တွေ့လိုက်သည်။

အမေရှောင်က ရှစ်ချင်းလျို့ကို နူးညံ့စွာ ပြုံးပြပြီး ပြောလေသည်၊ "ကျန့်အာလည်း နိုးလာပြီဆိုတော့ အမေ၊ ပိုင်လီနဲ့ အာ့လန်က ညစောင့်အိပ်စရာမလိုတော့ဘူး၊ ဒီမှာ သမီးအတွက် စောင်ယူလာပေးတာပါ။"

အမေရှောင်ရဲ့ အမြင်မှာတော့ သူတို့နှစ်ယောက်က လက်ထပ်ထားပြီးပြီဖြစ်သည်။

လင်မယားနှစ်ယောက်ဆိုတာ အတူတူနေရသည်။

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အမေ" ရှစ်ချင်းလျို့က သူမရဲ့ ဆိုလိုရင်းကိုသိသည်။

ဒါ့အပြင် ဒီအိမ်မှာ သူမနေဖို့ အခန်းလွတ် မရှိပေ။

ဒါက အခန်း၂ခန်းသာပါရှိသည့် ရှောင်မိသားစုရဲ့ အိမ်အဟောင်း ဖြစ်သည်။

မူလတုန်းက အမေရှောင်နှင့် ရှောင်ပိုင်လီက တစ်ခန်းအိပ်ပြီး ရှောင်ဟန်ကျန့်နှင့် အာ့လန်က တစ်ခန်းနေသည်။

သူမ ရောက်လာတော့ အမေရှောင်က တခြားလူတွေကို သူမရဲ့ အခန်းထဲခေါ်ခဲ့ပြီး အာ့လန်အတွက် ထောင့်လေးမှာ နေရာပြင်ပေးခဲ့သည်။

ရှစ်ချင်းလျို့က အမေရှောင်နှင့် တခြားလူတွေနဲ့ ပြွတ်သိပ်မနေရသလို ထင်းတဲထဲမှာနေဖို့လည်း ဆက်ဆံမခံရပေ။

ဘာပဲဖြစ်ဖြစ် သူမနှင့် ရှောင်ဟန်ကျန့်က လက်ထပ်ပြီးပြီ ဖြစ်သည်။

မင်္ဂလာပွဲ မကျင်းပသော်လည်း လက်ထပ်စာချုပ် ရှိသည်။

သူတို့က လင်မယားဆိုသော်လည်း အစမ်းလက်ထပ်ထားခြင်းဖြစ်သည်။

အနာဂတ်မှာ ကွာရှင်းရှင်း မကွာရှင်းရှင်း အခု အတူတူနေလိုက်လို့လည်း သူတို့အတွက် ကိစ္စကြီး မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် သူမ သဘောမတူမချင်း သူမကို ရှောင်ဟန်ကျန့် ဘာမှလုပ်နိုင်မည်မဟုတ်ပေ။

မဟုတ်ပါက သူ့ခေါင်းကို တူနှင့် ထုချေပစ်မည်ဖြစ်သည်။

အမေရှောင်က အပြုံးခပ်ကြီးကြီး ပြုံးလိုက်သည်၊ "ဒီအိမ်ကနေ မိသားစုဝင်အဖြစ် ကြိုဆိုပါတယ်"

သူနှင့်တစ်ခန်းထဲနေဖို့ ရှစ်ချင်းလျို့ လက်ခံလိမ့်မည်ဟု ရှောင်ဟန်ကျန့် မထင်မိခဲ့ပေ။

အိမ်မှာနေဖို့ တခြားနေရာမရှိတာကို တွေးလိုက်မိပြီး သူမက ထင်းတဲထဲမှာ နေမည်မဟုတ်ကြောင်းကိုလည်း သိလိုက်သည်။

တကယ်လို့ သူမက ထင်းတဲထဲမှာ အိပ်မယ်ဆိုရင်တောင် သူတို့က သဘောတူမည်မဟုတ်ပေ။

သူက အာ့လန်ရဲ့ ညောင်စောင်းသေးသေးလေးမှာ အိပ်မှာလား သူနဲ့ ညောင်စောင်းတစ်ခုတည်း အတူတူ အိပ်မှာလားဟု ရုတ်တရက်ကြီး တွေးလိုက်မိလေသည်။

သေချာပေါက်ကို သူ့ဇနီးလေးကို ညောင်စောင်းအသေးမှာ မအိပ်ခိုင်းနိုင်ပေ။ သူက ဒီတိုင်း သိချင်ရုံသာဖြစ်သည်။

အမေရှောင်က ရှောင်ဟန်ကျန့်ရဲ့ အိပ်ရာဘေးမှာ စောင်ကိုထားလိုက်သည်။

သူမက သားဖြစ်သူကို ပြောလေသည်၊ "သားနေကောင်းသွားရင် ရွာသူကြီး၊ ရွာအကြီးအကဲတွေနဲ့ တခြားလူတွေကို  ကိုယ်တိုင်သွားပြီး ကျေးဇူးသွားတင်လိုက်ဦး၊ သားသတိမေ့နေတုန်းက သူတို့ဆီကနေ အမေတို့က အကူအညီတွေ အများကြီးရခဲ့တယ်။"

"ဒီနေ့ ဒီမှာရွာသူကြီးရှိနေလို့ သားအဖေဖက်က အမျိုးတွေ လာမနှောက်ယှက်တာလေ။"

ချင်းလျို့ကြောင့် အယုတ်တမာမိန်းမ နှစ်ယောက် မလာတာဖြစ်နိုင်သည်။

ထိုသို့မဟုတ်ပါက လာပြီး နှောက်ယှက်ကာ ပွဲက စားပွဲဝိုင်း အကုန်လုံးကို အုပ်စိုးထားလိမ့်မည်။

သေချာပေါက် သားဖြစ်သူကိုတော့ ဒါတွေ မပြောပြပေ။

သားဖြစ်သူက ချင်းလျို့ကို ကျားမလေးတစ်ကောင်အဖြစ် အထင်လွဲသွားရင် မကောင်းပေ။

ချင်းလျို့က နူးညံ့ပြီး ကြင်နာတတ်သည်။ သူမ တစ်ခုခု လုပ်ခဲ့ရင်တောင် အဲဒီပြဿနာကောင်တွေရဲ့ တွန်းအားကြောင့်သာ ဖြစ်သည်။

ဟုတ်တယ် အဲလိုပဲ။

ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်၊ "သား သူတို့ကို ကျေးဇူးသွားတင်လိုက်ပါ့မယ်။"

အတိတ်ဘဝတုန်းက သူ့အဖေမိသားစုကနေ မခွဲထွက်ခင်ကော ခွဲထွက်ပြီးတဲ့အခါပါ ရွာသူကြီးနှင့် တခြားလူတွေက သူ့မိသားစုကို အများကြီး ကူညီပေးခဲ့သည်။

သူ့ရဲ့ ကျေးဇူးရှင်တွေကို သူ အမြဲ မှတ်ထားသည်။

အတိတ်ဘဝတုန်းက သူက ကျေးဇူးပြန်ဆပ်ခဲ့ပြီး အခု သူက အတိတ်ဘဝမှာမဟုတ်တော့လို့ လက်ရှိဘဝမှာ ကျေးဇူးပြန်ဆပ်မည်။

အမေရှောင်က သူ့အဖေဘက်က ဆွေမျိုးအကြောင်းပြောလိုက်တော့ သူ့ရဲ့မူလက နူးညံ့သည့်မျက်နှာက အေးစက်သွားခဲ့သည်။

All Chapters