အခန်း(၁၂၈) ၂.၄ သန်းစာချုပ်နဲ့ သီးသန့်မူပိုင်ခွင့်အား ရောင်းချခြင်း
Vol. 9 Ch. 128
အခန်း(၁၂၈) ၂.၄ သန်းစာချုပ်နဲ့ သီးသန့်မူပိုင်ခွင့်အား ရောင်းချခြင်း
နှလုံံးသားရေကန်ဗီလာတွင်။
လင်းဖန် ဇာတ်ညွှန်းရေးနေစဥ် QQ စီးပွားရေးဌာန ခေါင်းဆောင်ထံမှ ဖုန်းဝင်လာပါသည်။
"ဟယ်လို မစ်စတာလင်း QQ Music စီးပွားရေးဌာန ခေါင်းဆောင် လျို့ပါ။ ညည့်နက်အချိန်ကြီး နှောင့်ယှက်ရတာ အားနာပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီက ဒီနေ့ အလောကြီးသွားမိတဲ့အတွက်လည်း တောင်းပန်ပါတယ်။”
"ကျွန်တော်တို့က ခင်ဗျားရဲ့သီချင်း သီးသန့်မူပိုင်ခွင့်ကို ယွမ် ၂ သန်းနဲ့ ဝယ်ပါ့မယ်။ အခုချိန်ကစပြီး QQ Musicက ခင်ဗျားရဲ့ သီချင်းကို ပရိုမိုးရှင်းဆင်းပြီး ကြော်ငြာပေးသွားမှာပါ။ ခင်ဗျားကျေနပ်မလားတော့ မသိဘူး။ ခင်ဗျားကျေနပ်မယ်ဆိုရင် အခုပဲ စာချုပ်ချုပ်ချင်ပါတယ်" စီးပွားရေးဌာနခေါင်းဆောင် လျို့က ပြောလိုက်ပါသည်။
"ခဏလေး ကျွန်တော် အခုပဲ မက်ဆေ့ချ်ရတယ်။ NetEase ဝန်ထမ်းက ၂.၁ သန်းပေးမယ်တဲ့" လင်းဖန်က မဲ့ပြုံးပြုံးကာ ပြောလိုက်ပါသည်။
ကုမ္ပဏီနှစ်ခုကို စျေးများ ဆက်မတိုးစေချင်ပါ။ သူတို့တိုးလည်း သူ့အတွက် အကျိုးကျေးဇူးရှိပါသည်။
သို့သော်လည်း QQ Music ဆီက ဖုန်းလာစဥ် NetEase Music ဝန်ထမ်းဆီကလည်း မက်ဆေ့ချ်ဝင်လာသည်။
ဒီသီချင်းအတွက် မူပိုင်ခွင့်ကို ယှဥ်ပြိုင်ဖို့နဲ့ သူ့ကိုခေါ်ယူနိုင်ဖို့ ကုမ္ပဏီနှစ်ခုက စျေးနှုန်းများကို စတင် တိုးမြှင့်နေပါသည်။
သီချင်းတစ်ပုဒ်ကို မူပိုင်ခွင့်ကြေး ၁ သန်းဆိုတာတောင် အလွန်မြင့်မားနေပါသည်။ တစ်ပုဒ်ကို ၂သန်းဆိုတာတော့ မယုံနိုင်စရာ ပမာဏ ဖြစ်သွားလေပြီ။
ကုမ္ပဏီနှစ်ခုပေးသည့် စျေးများက ဆက်တက်နေဆဲ ဖြစ်သည်။ NetEase ဝန်ထမ်းကလည်း လင်းဖန်ကို ဝီချက် မှ ဖုန်းခေါ်လိုက်သည်။
"မစ်စတာလင်း QQ Music က ၂.၁၅ သန်းပေးပါ့မယ်..."
"မဟုတ်ဘူး မစ်စတာလင်း NetEase က ၂.၂ သန်းပေးပါ့မယ်..."
"၂.၂၅ သန်း"
"မစ်စတာလင်း QQ Music က ခင်ဗျားရဲ့မူပိုင်ခွင့်ကို ဝယ်ဖို့ ၂.၄ သန်း ထုတ်ပေးပါ့မယ်။ ခင်ဗျားသဘောတူလိုက်တာနဲ့ အခုပဲ စာချုပ်ချုပ်လို့ရပါတယ်" စီးပွားရေးဌာနခေါင်းဆောင်လျို့က ပြောလိုက်ပါသည်။
နောက်ဆုံးတော့ စျေးနှုန်း ၂.၄ သန်းအထိ ရောက်သွားသောအခါ NetEase Music က ယှဥ်ပြိုင်မှုကို လက်လျှော့သွားခဲ့ပါသည်။
၂.၄ သန်းဆိုတာ အတော့်ကို မြင့်မားနေပါပြီ။
ဒါက စာချုပ်ကြေးမဟုတ်ဘဲ သီချင်းတစ်ပုဒ်၏ သီးသန့်မူပိုင်ခွင့်ကြေး ဖြစ်သည်။
"ကောင်းပါပြီ၊ ကျွန်တော် လိပ်စာပို့လိုက်ပါ့မယ်။ ရောက်တဲ့အခါ ဆက်သွယ်လိုက်ပါ။ လုံခြုံရေးအစောင့်တွေကို ဝင်ခိုင်းလိုက်ပါ့မယ်" လင်းဖန်က ပြုံးကာ ပြောလိုက်သည်။ သူတောင် ၂.၄သန်းဖြင့် သီချင်းတစ်ပုဒ်ကို ရောင်းထွက်လိမ့်မည်ဟု မထင်ထားခဲ့ပါ။ သိပ်မဆိုးလှပေ။
"ကောင်းပါပြီ မစ်စတာလင်း ကျေးဇူးပြုပြီး ခဏလောက်စောင့်ပါဦး။"
"ဝိုး... မစ်စတာလင်း ခင်ဗျားက လှိုင်းပြာပင်လယ်အော်အိမ်ရာမှာ နေတာကိုး။ အဲ့တာ အဆင့်မြင့်အိမ်ရာကြီးပဲ။” စီးပွားရေးဌာနခေါင်းဆောင် ရှောင်းလျို့က အံ့သြသွားပါသည်။
လှိုင်းပြာပင်လယ်အော်အိမ်ရာက စျေးနှုန်းများနဲ့ဆို QQ Music ၏ စီးပွားရေးဌာန ခေါင်းဆောင်ဖြစ်ပြီး နှစ်စဥ်ဝင်ငွေ သိန်းချီရနေသည့် ရှောင်းလျို့တောင် လှိုင်းပြာပင်လယ်အော်အိမ်ရာမှ အိမ်ကို ဝယ်ယူနိုင်မှာ မဟုတ်ပါ။
လျို့၏ တစ်နှစ်ဝင်ငွေက ၅၀၀,၀၀၀ သာရှိသည်။ မစားမသောက်ဘဲ လှိုင်းပြာပင်လယ်အော်က ယွမ် သန်း ၂၀တန် အိမ်တစ်လုံးကိုဝယ်ဖို့ အနည်းဆုံး နှစ် ၄၀ ကြာလိမ့်မည်။
"လမ်းမှာ ဂရုစိုက်ပါ။ ရောက်ရင် အသိပေးနော်" လင်းဖန်က ပြောလိုက်သည်။
"ကောင်းပါပြီ။ ခုချက်ချင်းပဲထွက်လာခဲ့ပါ့မယ်။” စီးပွားရေးဌာနခေါင်းဆောင်လျို့က လေးစားစွာ ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် သူ့ BMW ကားဖြင့် လင်းဖန်၏ အိမ်ကို မောင်းလာခဲ့ပါသည်.
လှိုင်းပြာပင်လယ်အော်အိမ်ရာကို ရောက်သောအခါ လျို့ အံ့သြသွားပါသည်။
လှိုင်းပြာပင်လယ်အော်အိမ်ရာတွင် အဆောက်အဦးမြင့်ကြီးများစွာ ရှိသည်။ လှပသော သစ်ပင်ပန်းမန်များစွာနဲ့ လုံခြုံရေးအပြည့်အဝလည်း ရှိသည်။ တိရိစ္ဆာန်အသေးစားလေးတွေတောင် ရှိပါသည်။ အလွန်လှပသော ကမ္ဘာတစ်ခု ဖြစ်၏။
လျို့အနည်းငယ် အားကျမိပါသည်။ ဒါ စူပါစတားတစ်ယောက်ရဲ့ လောကလား။
သူတို့ သာမန်လူတွေရဲ့ လောကနဲ့ လုံးဝ ခြားနားပါသည်။
လျို့လေး ဆက်လျှောက်လာပြီး လင်းဖန်၏ ဗီလာအနားသို့ ရောက်သောအခါ သူ့မျက်လုံးများ ပြူးကျယ်သွား၏။
ဒါက.... သန်း ၂၀၀ ကျော်တန်ဖိုးရှိသည့် နှလုံးသားရေကန်ဗီလာကြီး ဖြစ်သည်။
အထဲသို့ ဆက်ဝင်လာသောအခါ လင်းဖန်၏ ဂိုထောင်ကို လျို့ မြင်လိုက်ရပါသည်။
အထဲတွင် Bugatti, Koenigsegg One, Rolls-Royce Cullinan ကားကြီးများ ရှိကြသည်။
ဂိုထောင်ထဲက ပြိုင်ကားကြီးနှစ်စီးက Limited Edition များ ဖြစ်ကြပြီး သန်းရာချီ တန်ဖိုးရှိသည်။ သူ့ BMW ကားကိုကြည့်ရင်း လျို့ သက်ပြင်းသာချနိုင်ပါတော့သည်။
သူ့မှာ ခံစားချက်တစ်ခုသာရှိတော့သည်။ QQ Music အပေါ် လင်းဖန် အမြင်ကြည်အောင် ယွမ် ၂.၄ သန်း သုံးလိုက်တာ တန်ပါသည်။
ဘာပဲဖြစ်ဖြစ် လင်းဖန်က ငွေလည်း မလိုအပ်ပေ။
လင်းဖန်က နာမည်ကျော်ဖြစ်နေရင်တောင် ငွေအများကြီး ရနိုင်မှာ မဟုတ်ပါ။
လင်းဖန်က နှလုံးသားရေကန်ဗီလာကြီးမှာ နေနိုင်ပြီး သန်းရာချီတန်သည့် ပြိုင်ကားကြီးများကို မောင်းနိုင်သည်။ ဆိုလိုတာက လင်းဖန် တော်တော်ချမ်းသာသည့်သဘောပင်။ နာမည်ကျော်တစ်ယောက် လုပ်တာက အရန်လုပ်ငန်းသဘောမျိုးသာ။
"သူ ဘာလို့ ဒီလောက်တောင်ရတာလဲ။ ပိုက်ဆံလည်းရှိ၊ အိမ်လည်းရှိ၊ ကားလည်းရှိ၊ သရုပ်လည်းဆောင်တတ်၊ သီချင်းလည်းဆိုတတ်၊ ချောလည်းချောသေးတယ်။ အရေးအကြီးဆုံးက စူပါစတားရှားဝမ်ချွေ့ရဲ့ ပထမဆုံးအနမ်းကို ရသွားတာပဲ။ ငါ့ကိုကြည့်ပါဦး။ ငမွဲလေးပဲ။” လျို့က သက်ပြင်းချလိုက်ပြီး လင်းဖန်၏ ဗီလာတံခါးဆီသို့ လျှောက်သွားလိုက်ပါသည်။ သူ တံခါးခေါက်လိုက်၏။
"ဝင်ခဲ့ပါ။” လင်းဖန် ထိုသို့ပြောလိုက်ပြီးနောက် နှလုံးသားရေကန်ဗီလာ၏ တံခါးမကြီး အလိုအလျောက် ပွင့်သွားခဲ့ပါသည်။
လက်ရှိလင်းဖန်က ဒီနှလုံးသားရေကန်ဗီလာကြီး၏ ပိုင်ရှင် ဖြစ်သည်။ ထို့အပြင် ဗီလာကြီးထဲတွင် အဆင့်မြင့် ခေတ်မှီနည်းပညာများ အသုံးပြုထားသည်။ မျက်နှာစကင်ဖတ်ခြင်းစသဖြင့် ဝန်ဆောင်မှုစက်ရုပ်များစွာလည်း ရှိပါသည်။
သူ့အတွက် အိမ်ကို သန့်ရှင်းရေး လုပ်ပေးသည့် စက်ရုပ်များပင် ရှိသေးသည်။ အမှန်ပင်။ သန့်ရှင်းလို့ မရသည့် တချို့နေရာများ ရှိပါက အိမ်ရာစီမံရေးဝန်ထမ်းများကို အကူအညီသွားတောင်းနိုင်ပါသည်။
ဘာပဲဖြစ်ဖြစ် အိမ်ရာစီမံရေးက ကောင်မလေး ရှားရန်ရန်ကလည်း သဘောကောင်းပါသည်။
"မစ်စတာလင်း ခင်ဗျားအိမ်က... အကြီးကြီးပါလား။” လျို့က အထဲဝင်လာကာ ပြုံးရင်း ပြောလိုက်ပါသည်။ ဒါက လင်းဖန်လို စူပါစတားတစ်ယောက်နဲ့ ပထမဆုံး အနီးကပ် ကြုံဖူးတာ ဖြစ်သည်။
"ဟားဟား အိမ်ကဘယ်လောက်ကြီးကြီး နေစရာနေရာတစ်ခုပါပဲ။ ကြီးတာ မကြီးတာ အရေးမကြီးဘူး။”
"စာချုပ်မူကြမ်း ပြင်လာခဲ့ရဲ့လား" လင်းဖန်က ဆိုဖာပေါ်မှာထိုင်ရင်း မေးလိုက်ပါသည်။
"ဟုတ်ကဲ့ ပြီးသွားပါပြီ" လျို့က အနည်းငယ် စိတ်လှုပ်ရှားနေသည်။ သူ စာချုပ်ကိုထုတ်လိုက်ပြီး လင်းဖန်ရှေ့မှာ မတ်တပ်ရပ်နေပါသည်။
"ကျွန်တော့်အိမ်ထဲမှာ အားနာစရာ မလိုပါဘူး။ ထိုင်ပါဦး။ ကျွန်တော် စာချုပ်ကို ဖတ်ကြည့်လိုက်ဦးမယ်။ ပြဿနာမရှိရင် လက်မှတ်ထိုးပါ့မယ်။” လင်းဖန်က ပြောလိုက်ပါသည်။
"ကျေးဇူးပါ အစ်ကိုဖန်" လင်းဖန်ကို ခေါ်ဝေါ်သည့်ပုံစံအား လျို့ ပြောင်းလဲလိုက်ပါသည်။
အရင်တုန်းက လင်းဖန်ကို အလွန်လေးစားခဲ့သည်။ အခုတော့ သူ့ကို ရင်ထဲက နှစ်နှစ်ကာကာ လေးစားအားကျမိပါသည်။
ဒါက လင်းဖန်၏ စတိုင် ဖြစ်သည်။ လင်းဖန်၏ အဆင့်အတန်းက သူ့ထက် အများကြီး မြင့်မား၏။ သို့သော်လည်း သူ့ရှေ့မှာ ခြားနားနေသလို မခံစားရပါ။
ယခင်တုန်းက လျို့ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် ရင်ဆိုင်ရတုန်းက သူတို့ကို ဦးညွှတ်ရပါသည်။ ကုမ္ပဏီထဲမှာလည်း ထိုနည်းလည်းကောင်း ဖြစ်သည်။ ရှင်သန်ဖို့အတွက်သာ မဟုတ်ပါက ဘယ်သူက သူများကို ဦးညွှန်ချင်မှာလဲ။
သို့သော် လင်းဖန်ဘေးမှာတော့ သူ့ကိုလေးစားသလိုခံစားရပြီး သူ့ကို ခေါ်ဝေါ်သည့် ပုံစံအား ပြောင်းလဲလိုက်ပါသည်။
လင်းဖန်က သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံသည်။ သူကလည်း လင်းဖန်ကို ပို၍ပင် ကောင်းကောင်းမွန်မွန် ဆက်ဆံပါမည်။ သူပြန်သွားသောအခါ လင်းဖန်၏ သီချင်းကို ပရိုမိုးရှင်းဆင်းပေးဖို့အတွက် သေချာပေါက် စီစဥ်ပါတော့မည်။
"စာချုပ်က အဆင်ပြေပါတယ်။ ကျွန်တော် လက်မှတ်ထိုးပြီးပြီ။ မပြန်ခင် လက်ဖက်ရည် သောက်သွားဦးမလား။” လင်းဖန်က ပြုံးကာ လျို့ကို စာချုပ်မိတ္ထူတစ်ခု ပေးလိုက်ပါသည်။ သူ့အတွက်လည်း စာချုပ်မိတ္ထူတစ်ရွက် သိမ်းထား၏။
"အစ်ကိုဖန် လုပ်ငန်းတူတူတွဲလုပ်ရတာ ဝမ်းသာပါတယ်။ နောက်ကျနေပြီဆိုတော့ လက်ဖက်ရည်တွေလုပ်မနေပါနဲ့တော့။” လျို့က စာချုပ်ကိုယူလိုက်ပြီး လင်းဖန်နဲ့ ဝမ်းသာစွာ လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။
ဒီလိုလူမျိုးနဲ့ အလုပ်လုပ်ရတာ သူ့အတွက် အလွန် သက်တောင့်သက်သာရှိပါသည်။
လျို့ပြန်သွားပြီး နာရီဝက်လောက်အကြာတွင် လင်းဖန်ဆီသို့ QQ Music မှ ငွေလွှဲလွှာ ရောက်လာခဲ့ပါသည်။
စာချုပ်ကြေး ၂.၄ သန်းယွမ်ကို လင်းဖန်၏ ဘဏ်အကောင့်ထဲသို့ တရားဝင် ထည့်သွင်းပေးလိုက်ပါပြီ။