← Chapters

သူ မဟုတ်မှတော့ ထားလိုက်ပါတော့

Vol. 58 Ch. 805

သူ မဟုတ်မှတော့ ထားလိုက်ပါတော့

Vol. 58 Ch. 805

ထို ပုဂ္ဂိုလ်မှာ ဝမ်ပေါင်လဲ့၏ မိတ်ဆွေဟောင်းတစ်ယောက်ဖြစ်သူ ရှဲ့ဟေးရန် ဖြစ်ပေသည်။

ကောင်းကင်တာအိုကျောင်းထဲ၌ သူ့ကိုယ်သူ စီးပွားရေးသမားတစ်ယောက်ဟူ၍ မိတ်ဆက်ခဲ့ပြီးနောက် ပျောက်ကွယ်သွားခဲ့သည့် လျှို့ဝှက်ဆန်းကြယ် ရှဲ့ဟေးရန်ပင် ဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့နှင့် ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ ပြန်လည်ဆုံတွေ့ခဲ့ပြီး နောက်တွင်လည်း နောက်ထပ်တစ်ကြိမ်ထပ်၍ ပျောက်ကွယ်သွားခဲ့သေးသည်။

သို့သော် ယခုတွင် သူ ပြန်လည်ပေါ်ပေါက်လာပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ဤနေရာ၌ ရှဲ့ဟေးရန်အား မြင်လိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားရသည့်တိုင်အောင် အလွန်အမင်း အံ့အားသင့်နေခြင်းတော့ မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အချိန်မရွေး ရှဲ့ဟေးရန်နှင့် ပြန်လည်ဆုံတွေ့နိုင်ခြေရှိကြောင်း မှတ်ယူထားသောကြောင့်ပင်။

" ကြည့်ရတာ ဒီကောင်က ငါ ထင်ထားတာထက်ကို ပိုပြီးတော့ ကျောထောက်နောက်ခံ ကောင်းတာပဲကွ " ဝမ်ပေါင်လဲ့မှာ အတွေ့များထဲတွင် နစ်မျောသွား၏။ ထို့နောက် သူသည် ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ ရှဲ့ဟေးရန်ကြောင့် လူသိများလာခဲ့သည့် ကစားပွဲအား ပြန်၍ သတိရသွား၏။ ထို့ကြောင့် သူသည် ထို ခရီးသွားဂြိုဟ်အဖြစ် သတ်မှတ်ထားသည့် နေရာမှာ ကိုလိုနီနယ်မြေတစ်ခု ဖြစ်ရမည်ဟု တွေးမိလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့ စဉ်းစားတွေးတောလိုက်ပြီးနောက် စိတ်ထဲတွင် သတိကြီးကြီး ထားလိုက်ပါသော်လည်း မျက်နှာအမူအရာ လုံးဝပြောင်းလဲသွားခြင်းမရှိပေ။ သူသည် နောက်သို့လှည့်ကာ တစ်ချက်မျှသာကြည့်လိုက်ပြီး ရှေ့သို့ပြန်လှည့်သွား၏။ သို့သော် သူသည် ရှဲ့ဟေးရန်အား မြင်လိုက်ရရုံသာမက သူ၏ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရားလက်နက်များနှင့် ဓမ္မရတနာများကိုပါ သတိထားမိလိုက်သည်။

သူသည် ခေါင်းပေါ်တွင် ခေါင်းပေါင်းတစ်ခုနှင့်တူသော နတ်ဘုရားလက်နက်တစ်ခုကို ဆောင်းထားပြီး ခန္ဓာကိုယ်ပေါ်တွင် သဘာဝနိယာမများ ကိန်းအောင်းနေသည့် ဝတ်ရုံများကို ဆင်မြန်းထားသလို သူ၏ ယပ်တောင်မှာလည်း ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ဖိနှိပ်ချုပ်တည်းခြင်း စွမ်းအားများကို ထုတ်လွှတ်နေသေးသည်။ ထိုဓမ္မအဆောင်ပစ္စည်းများကို မြင်လိုက်ရသူတိုင်းမှာ လောဘစိတ်များ တက်လာကြပြီး ၎င်းတို့အား ခိုးယူချင်စိတ်များ ပေါက်လာကြမည်သာဖြစ်သည်။ သို့သော် ထို ပစ္စည်းများအားလုံးမှာ လူတစ်ယောက်တည်း၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေလျှင်မူ မည်သူကမှ ထိုကဲ့သို့ လောဘတက်ရဲကြတော့မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ထို ပစ္စည်းသုံးခုစလုံးအား ပိုင်ဆိုင်ထားသည့် လူတစ်ယောက်မှာ တမူထူးခြားသည့် ရာထူးအဆင့်အတန်းတစ်ခုတွင် ရှိနေမည်မှာ မလွဲဧကန်ပင်။ ထို့အပြင် ထိုပုဂ္ဂိုလ်မှာ မိုးကောင်းကင်ကြီးကိုပင် တုန်ရီသွားစေနိုင်သည့် ကြောက်မက်ဖွယ်ရာ ကျောထောက်နောက်ခံ အင်အားတစ်မျိုးကိုလည်း ပိုင်ဆိုင်ထားရပေမည်။ ထို့ကြောင့်လည်း သူသည် ထိုပစ္စည်းသုံးခုစလုံးအား သူ၏ ခန္ဓာကိုယ်ပေါ်၌ ပေါ်ပေါ်ထင်ထင် ဆင်မြန်းထားနိုင်ခြင်း ဖြစ်သည်။

ထို ပစ္စည်းသုံးခုကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် သေချာသွားရ၏။ သို့သော် သူသည် ရှဲ့ဟေးရန်အား နှုတ်ဆက်ရန် စိတ်ကူးမရှိပေ။ သူ့လိုမျိုး လျှို့ဝှက်ဆန်းကြယ်သည့် လူတစ်ယောက်နှင့် ခပ်ကင်းကင်းနေခြင်းမှာ အကောင်းဆုံးဖြစ်ကြောင်း ဝမ်ပေါင်လဲ့က မှတ်ယူထား၏။

တစ်ချိန်ထဲမှာပင် သူသည် ယခုတွင် လုံနန်ကျစ်အဖြစ် ဟန်ဆောင်ထားသည်ဖြစ်ရာ အလိမ်ပေါ်သွားမည်ကို စိုးရိမ်နေစရာမလိုပေ။ ဝူလေးနှင့် မြည်းလေးတို့မှာလည်း ဝမ်ပေါင်လဲ့ သိမ်းဆည်းလိုက်သည့် ဓမ္မစစ်သင်္ဘောကြီးထဲ၌ ရှိနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ဤအခွင့်အရေးကို အသုံးချကာ ရှဲ့ဟေးရန်၏ နောက်ကြောင်းရာဇဝင်အား စုံစမ်းနိုင်ပေသည်။

ဥပမာပြရလျှင် ဤနေရာတစ်ခုလုံး၌ အကြီးမားဆုံးလည်း ဖြစ်သလို ပစ္စည်းအစုံအလင်ဆုံးလည်းဖြစ်သည့် ဤဈေးဆိုင်ကြီး၏ ပိုင်ရှင်မှာ ရှဲ့ဟေးရန် ဖြစ်ရပေမည်။ ထိုသို့သာမဟုတ်ပါက သူ၏ရှေ့တွင် ရှိနေသည့် အရောင်းစာရေးမှာ သူ့အား သခင်လေးဟု တရိုတသေ ခေါ်နေစရာအကြောင်းမရှိပေ။

ဝမ်ပေါင်လဲ့မှာ ထိုသို့စဉ်းစားတွေးတောရင်း သူ၏ ဘေးနားတစ်ဝိုက်တွင် ရှိနေသည့် ကုန်ကြမ်းပစ္စည်းများကို ကြည့်ရှုနေလိုက်၏။ သူသည် အရောင်းစာရေးအား ဈေးနှုန်းများ မေးမြန်းနေပြီး ရှဲ့ဟေးရန်အား သိပ်ဂရုမစိုက်သည့်ပုံစံ ဟန်ဆောင်နေသည်။ သူ၏ ပုံရိပ်ယောင်ပညာရပ်ကြောင့် သူ၏ လေသံမှာလည်း သူ ပြည်ထောင်စုကြီးထဲတွင် ရှိနေခဲ့စဉ်တုန်းက လေသံနှင့် မတူတော့ဘဲ ပြောင်းလဲနေပြီဖြစ်သည်။

ဝမ်ပေါင်လဲ့၏ သရုပ်ဆောင်စွမ်းရည်များမှာ ကောင်းလွန်းနေသောကြောင့်လားတော့ မသိပေ။ ရှဲ့ဟေးရန်မှာ ဈေးဆိုင်ထဲ ဝင်လာပြီးနောက် ဘေးဘီဝဲယာအား သာမန်ကာလျှံကာ ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီး ဒုတိယထပ်ဆီသို့ သွားသည့် လှေကားဆီသို့ ဦးတည်သွားလိုက်၏။ လမ်းတစ်လျှောက်လုံးတွင်လည်း အခြား အရောင်းစာရေးများအားလုံးမှာ သူ့အား ဂါရဝပြုခဲ့ကြသည်သာ ဖြစ်သည်။ ထိုမျှသာမက ဈေးဝယ်အများစုပင်လျှင် ရိုသေလေးစားမှုရှိသောညအမူအရာများဖြင့် သူ့အား နှုတ်ဆက်နေကြ၏။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ တစ်ခဏမျှ ရပ်တန့်သွားရသည်။ သူသည် ခဏကြာလျှင် ဤနေရာမှ ထွက်သွားပြီး အခြားစျေးဆိုင်များသို့ သွားကာ ဤဈေးဆိုင်၏ နောက်ကြောင်းရာဇဝင်အကြောင်း သွယ်ဝိုက်၍မေးမြန်းရန် သင့်မသင့် စဉ်းစားတွေးတောနေတော့သည်။

ဝမ်ပေါင်လဲ့တစ်ယောက် ထိုသို့စဉ်းစားနေစဉ် ရှဲ့ဟေးရန်မှာ လှေကားပေါ်သို့ ရောက်သွားပြီဖြစ်သည်။ သို့‌သော် သူ ဒုတိယထပ်သို့ ရောက်သွားပြီး သူ၏ လူရိပ် ပျောက်ကွယ်သွားခါနီးတွင် သူ၏ ခြေလှမ်းများမှာ တစ်ခဏမျှရပ်တန့်သွား၏။ ထို့နောက် သူသည် ရှေ့သို့ဆက်လက်လျှောက်လှမ်းသွားပြီး ဒုတိယထပ်ပေါ်သို့ တက်သွားတော့သည်။

သူတို့၏ကြားထဲတွင် အတားအဆီးများ ရှိနေပြီး ဤဈေးဆိုင်ထဲ၌ အသိစိတ်များအသုံးပြုကာ အာရုံခံခွင့်အား ပိတ်ပင်တားမြစ်ထားသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်၏ အမူအရာများကို သတိမထားမိလိုက်ပေ။ သို့သော် သူ၏ ခြေလှမ်းများ အနည်းငယ်ခန့် ရပ်တန့်သွားသောကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ခုခုလွဲနေပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် သူ သဘောကျနှစ်သက်သည့် ပစ္စည်းများအားလုံးကို ရွေးချယ်လိုက်ပြီးနောက် သူ၏ လက်ထဲတွင် ငွေမည်မျှ ကျန်သေးကြောင်း အကဲခတ်လိုက်သည်။ ထို့နောက် သူသည် ‌ငွေအကုန်ခံကာ ရင်နာနာနှင့် ၎င်းတို့အား ဝယ်ယူလိုက်တော့သည်။

သို့သော် သူ ငွေရှင်းနေစဉ် အရောင်းစာရေးမှာ ဝမ်ပေါင်လဲ့၏ ပြေစာအား စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် ခေါင်းမော့လာပြီး ဝမ်ပေါင်လဲ့အား ကြည့်ကာ ခေါင်းယမ်း၍ ဆိုလိုက်၏။

" တာအိုရောင်းရင်း။ တာအိုရောင်းရင်း ဝယ်ထားတဲ့ပစ္စည်းတွေထဲမှာ ဒီဆိုင်က ဖောက်သည်ဟောင်းတွေမဟုတ်ရင် မရောင်းတဲ့ ပစ္စည်းတွေ ပါနေတယ်ဗျ။ တာအိုရောင်းရင်း ဒီဈေးဆိုင်မှာ သတ်မှတ်ထားတဲ့ ငွေကြေးပမာဏတစ်ခုအထိ သုံးစွဲပြီးမှ ကျွန်တော်တို့က တာအိုရောင်းရင်းရဲ့ အဆင့်အပေါ် မူတည်ပြီးတော့ ဒီပစ္စည်းတွေကို ရောင်းလို့ရမှာ "

ထိုစကားကြောင့် ဝမ်ပေါင်လဲ့မှာ ဆွံ့အမှင်တက်သွားရ၏။ သူသည် အသေးစိတ်မေးမြန်းလိုက်ပြီးနောက် မျက်နှာအမူအရာ ပျက်သွားရတော့သည်။ သူ ရွေးချယ်ထားသည့်ပစ္စည်းများထဲမှ အများစုမှာ ထိုကဲ့သို့ ဖြစ်နေ၏။ သို့ဖြစ်ရာ အကယ်၍ သူသာ ၎င်းတို့အား ဝယ်ယူခွင့်မရှိပါက လက်ဗလာနှင့် ပြန်သွားရတော့မည်သာဖြစ်သည်။

ထို့အပြင် ၎င်းတို့ထဲတွင် သူ အခြားစျေးဆိုင်များထဲ၌ ရှာမတွေ့ခဲ့သော ပစ္စည်းသုံးမျိုးလည်း ပါနေသည်။ ထို့ကြောင့် သူသည် ၎င်းတို့အား ဤဈေးဆိုင်ထဲ၌ မဝယ်နိုင်လျှင် အခြားမည်သည့်နေရာ၌ ဝယ်ယူ၍ ရနိုင်မည်ကို မသိပေ။

သို့ဖြစ်ရာ အရောင်းစာရေးလေး၏ စကားကြောင့် သူသည် မျက်မှောင်ကြုတ်မိသွားရ၏။

" ဒီလိုလုပ်။ ကျွန်တော်တို့ရဲ့ သခင်လေးက အခုလေးတင်မှ ပြန်ရောက်လာတာ။ ခဏစောင့်ပါ တာအိုရောင်းရင်း။ ကျွန်တော် သူနဲ့ စကားသွားပြောကြည့်လိုက်မယ်။ သခင်‌လေးက မိတ်ဆွေဖွဲ့ရတာ အရမ်းဝါသနာတဲ့အပြင် ဖော်ဖော်ရွေရွေလည်း ရှိတယ်ဗျ။ သူ တာအိုရောင်းရင်းကို ဒီပစ္စည်းတွေ ရောင်းပေးလောက်မှာပါ " ထို အရောင်းစာရေးမှာ ဝမ်ပေါင်လဲ့ ဝယ်ယူသည့် ပမာဏအပေါ် မူတည်၍ ပွဲခ ရရှိမည့် ပုံပင်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ ပစ္စည်းအများကြီး ရွေးချယ်ထားသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား ခေတ္တစောင့်ခိုင်းထားလိုက်ပြီး နောက်သို့လှည့်ကာ ဒုတိယထပ်ပေါ်သို့ တက်သွားလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ထို အရောင်းစာရေးအား တားနေခြင်းမရှိဘဲ မျက်လုံးများမှေးကာ စောင့်ဆိုင်းနေလိုက်၏။ အကယ်၍ အရောင်းအဝယ်ဖြစ်သွားပါက အကောင်းဆုံး ဖြစ်ပေသည်။ သို့သော် အရောင်းအဝယ် ပျက်သွားလျှင်မူ သူသည် သတိကြီးကြီးထားကာ မီးစဉ်ကြည့်ကရတော့မည် ဖြစ်သည်။

အသက်ရှူကြိမ် အကြိမ်တစ်ရာဝန်းကျင်ခန့် ကုန်ဆုံးသွားပြီးနောက် အရောင်းစာရေးလေးမှာ အပြုံးမျက်နှာဖြင့် ဒုတိယထပ်ပေါ်မှ ဆင်းလာပြီး ဝမ်ပေါင်လဲ့၏ ရှေ့သို့ ရောက်သောအခါ ဆိုလိုက်၏။

" တာအိုရောင်းရင်း။ သခင်လေးက တာအိုရောင်းရင်းကို ဒီပစ္စည်းတွေ ဝယ်ခွင့်ပြုလိုက်ပါတယ်။ ပြီးရင် တာအိုရောင်းရင်းကို အပေါ်ထပ်မှာ ခဏလောက် ‌အနားလာယူပါဦးတဲ့။ ကျွန်တော် တာအိုရောင်းရင်း ရွေးထားတဲ့ ပစ္စည်းတွေကို ထုပ်ပိုးပေးထားပါ့မယ် "

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ ထို အရောင်းစာရေးအား သေသေချာချာ အကဲခတ်လိုက်၏။ ထို့နောက် သူသည် မသင်္ကာစရာ အရိပ်အယောင်တစ်ခုမှ ရှာမတွေ့ခဲ့သဖြင့် ဒုတိယထပ်ဆီသို့ သွားသည့် လှေကားအား လှမ်းကြည့်လိုက်သည်။ တစ်ခဏမျှ ကြာပြီးနောက် သူသည် မျက်ဝန်းများ အရောင်လက်သွားပြီး ရုတ်တရက်ဆိုသလို ရယ်မောကာ ဆိုလိုက်တော့သည်။

" ကောင်းပြီလေ " သူသည် ထိုသို့ဆိုလိုက်ပြီးနောက် လှေကားဆီသို့ လျှောက်လှမ်းသွားလိုက်၏။ အရောင်းစာရေးလေးမှာမူ ဝမ်ပေါင်လဲ့ဆီမှ ရုတ်တရက် ထွက်ပေါ်လာသည့် ရယ်မောသံကြောင့် ဇဝေဇဝါဖြစ်သွားရသည်။ သို့သော် သူသည် အလေးအနက် စဉ်းစားတွေးတောနေခြင်းမရှိဘဲ ဝမ်ပေါင်လဲ့အား လှေကားဆီသို့ လိုက်ပို့ပေးလိုက်ပြီးနောက် ဝမ်ပေါင်လဲ့၏ ပစ္စည်းများကို ထုပ်ပိုးပေးထားရန် နောက်သို့ပြန်လှည့်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာလည်း အပေါ်ထပ်သို့ တက်သွားရန် ဆုံးဖြတ်ထားပြီးသားဖြစ်ရာ တွေဝေတုံ့ဆိုင်းမနေဘဲ ဒုတိယထပ်သို့ ချက်ချင်း တက်သွားလိုက်၏။ သူ ဒုတိယထပ်ပေါ်သို့ ရောက်လာပြီး နောက်သို့လှည့်ကြည့်လိုက်သောအခါ သူနှင့် မလှမ်းမကမ်းရှိ စားပွဲတစ်ခုတွင် လက်ဖက်ရည်သောက်နေသည့် ရှဲ့ဟေးရန်အား လှမ်းမြင်လိုက်ရသည်။

ဒုတိယထပ်ပေါ်ရှိ အပြင်အဆင်များမှာ ပထမထပ်ရှိ အပြင်အဆင်များထက် အများကြီးပို၍သပ်ရပ်ကြော့ရှင်းမှု ရှိနေ၏။ ရှားပါးဓမ္မအဆောင်ပစ္စည်းများ တင်ထားသည့် ရှေးဟောင်းစင်များမှာ ဒုတိယထပ်၏ ပတ်ပတ်လည်တွင် ရှိနေကြသည်။ ထို့အပြင် ထောင့်လေးထောင့်တွင်လည်း အမွှေးတိုင်အိုးလေးအိုးကိုလည်း ချထား၏။ ထို အမွှေးတိုင်အိုးများထဲမှ အစိမ်းရောင်မီးခိုးငွေ့ အမျှင်အတန်းလေးများ ထွက်ပေါ်နေပြီး အခန်းတစ်ခန်းလုံးထဲ၌ ပြည့်နှက်နေသည်။ ၎င်းတို့၏ ရနံ့မှာ နှစ်လိုဖွယ်ကောင်းပြီး ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ချီများ၏ လည်ပတ်မှုနှုန်းကို တိုးမြှင့်ပေးနိုင်သောကြောင့် ကျင့်ကြံခြင်းစွမ်းအားများအတွက် အထောက်အကူ ပြုပေသည်။

ထို့အပြင် ကြမ်းပြင်ကြီး တစ်ခုလုံးပေါ်တွင်လည်း သားရေတစ်မျိုး ခင်းထားသေးသည်။ ၎င်းမှာ ဝမ်ပေါင်လဲ့ လုံးဝမမြင်ဖူးသော သားရဲကြီးတစ်ကောင်၏ သားရေ ဖြစ်ပေသည်။ ၎င်းမှာ အနွေးဓာတ်များကို ထုတ်လွှတ်နိုင်စွမ်း ရှိနေသောကြောင့် ဒုတိယထပ်ပေါ်ရှိ အပူချိန်မှာ အလွန်အင်မတန်မှ သက်သောင့်သက်သာရှိနေ၏။

ဝမ်ပေါင်လဲ့တစ်ယောက် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုနေစဉ် ရှဲ့ဟေးရန်မှာလည်း ခေါင်းမော့လာပြီး ဝမ်ပေါင်လဲ့အား အကဲခတ်နေ၏။ သူသည် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေသဖြင့် ဝမ်ပေါင်လဲ့ သူ၏ဘက်သို့ လှည့်လာသောအခါ မျက်လုံးချင်း ဆုံသွားတော့သည်။ ထိုအခါ ရှဲ့ဟေးရန်မှာ မျက်လုံးများမှေးသွားပြီး ရယ်မောလိုက်၏။

ဝမ်ပေါင်လဲ့မှာမူ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ ရှဲ့ဟေးရန်အား ယခုမှ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးသည့် အမူအရာနှင့် ပြုံးကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ သူ့အား နှုတ်ဆက်လိုက်သည်။

" ကျွန်တော့်ကို ပစ္စည်းတွေရောင်းပေးဖို့ သဘောတူခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး။ ကျွန်တော် သခင်လေးကို ဘယ်လိုခေါ်ရမလဲဗျ "

" ကျုပ်နာမည်က ရှဲ့ဟေးရန်ပါ။ အခုလို ယဉ်ကျေးပြနေစရာ မလိုပါဘူး တာအိုရောင်းရင်းရ။ ခဗျားနဲ့ ကျုပ်က မိတ်ဆွေဟောင်းကြီးတွေပဲကို။ ဒီလို အပေါ်ယံတွေ မလိုပါဘူးကွ၊ ဟုတ်တယ်မလား "

" မိတ်ဆွေဟောင်းတွေ ဟုတ်လား " ဝမ်ပေါင်လဲ့မှာ ဆွံ့အသွားပြီး ရှဲ့ဟေးရန်အား အထူးတဆန်းနှင့် ကြည့်လိုက်၏။ ထို့နောက် သူသည် စကားဆက်မပြောဘဲ တစ်စုံတစ်ခုအား ပြန်လည်မှတ်မိနိုင်အောင် ကြိုးစားနေသည့်ပုံစံ ဟန်ဆောင်နေလိုက်သည်။ တစ်အောင့်ခန့် ကြာပြီးမှ သူသည် ရှုံ့မဲ့မဲ့နှင့်ပြုံးကာ ဆိုလိုက်၏။

" ကျွန်တော်က ကျင်ကြံခြင်း လေ့ကျင့်နေတုန်း ကျွန်တော့်ရဲ့ အငွေ့အသက်တွေကို ကမောက်ကမဖြစ်သွားအောင် လုပ်မိခဲ့တာ။ အဲတာမလို့ ကျွန်တော့်ရဲ့ မှတ်ဉာဏ်တွေ ရီဝေဝေဖြစ်နေလို့လား မသိဘူး။ အခုလောလောဆယ် ဘာကိုမှ မမှတ်မိနိုင်ဘူး ဖြစ်နေတာ။ သခင်လေး ဗွေမယူဖို့ မျှော်လင့်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကျွန်တော့်ကို အဲဒီပစ္စည်းတွေ ဝယ်ယူခွင့်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်‌ဗျာ " ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်၏ စကားများကို ငြင်းဆန်ခဲ့ခြင်း မရှိပေ။ သူသည် လူရည်လည်သူတစ်ယောက်ဖြစ်ရာ အချို့သောအချိန်များတွင် ဘူးခံ၍ ငြင်းနေပါက အမှန်အတိုင်းဝန်ခံနေသကဲ့သို့ ဖြစ်နေမည်ဖြစ်ကြောင်း နားလည်ထား၏။ သာမန်လူများမှာ ယခုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရပါက သူတို့ကိုယ်သူတို့ ရှင်းပြနိုင်ရန် အလောတကြီး ကြိုးစားနေကြမည်မဟုတ်ပေ။

သူ ‌ခန့်မှန်းထားသည့် အတိုင်းပင်။ ဝမ်ပေါင်လဲ့၏ အမူအရာများနှင့် စကားများကြောင့် ရှဲ့ဟေးရန်မှာ အနည်းငယ်ခန့် ဇဝေဇဝါ ဖြစ်သွားရ၏။ ထို့ကြောင့် သူသည် ထိုအကြောင်း ထပ်မပြောတော့ဘဲ သူ၏ လက်ဖက်ရည်ခွက်ကို မြှောက်ကာ ဝမ်ပေါင်လဲ့နှင့် အာလာပသလ္လာပ စကားများသာ ပြောနေလိုက်တော့သည်။

ရှဲ့ဟေးရန်တစ်ယောက် သူ့အား မှတ်မိခြင်းမရှိကြောင်း သိလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်လိုက်ပြီး ထွက်ခွာသွားရန် ပြင်လိုက်၏။ သို့သော် သူ နောက်သို့လှည့်သွားချိန်မှာပင် နှလုံးသားတစ်ခုလုံး ဆတ်ခနဲ တုန်ရီသွားရပြီး စိတ်ထဲတွင်ကျိတ်၍ သူ့ကိုယ်သူ ကျိန်ဆဲမိလိုက်တော့သည် " သွားပြီ... ငါ အလိမ်ပေါ်သွားပြီထင်တယ် "

ဝမ်ပေါင်လဲ့ ထိုသို့ သတိထားမိလိုက်သည်နှင့် ရှဲ့ဟေးရန်မှာ မျက်ဝန်းများ အရောင်တောက်ပသွားပြီး ပြုံးကာ ဆိုလိုက်၏ " ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါပဲလား ဂိုဏ်းတူအစ်ကိုကြီး ပေါင်လဲ့ရာ။ အစ်ကို အဆင်ပြေတယ်မလား "

ထိုအခါ ဝမ်ပေါင်လဲ့မှာ ခြေလှမ်းများရပ်တန့်သွားကာ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် ရှဲ့ဟေးရန်အား လှည့်ကြည့်လိုက်၏။ သူသည် ဇဝေဇဝါဖြစ်နေသည့်ပုံ မပေါက်ဘဲ နာမည်မှားခေါ်ခံလိုက်ရသဖြင့် စိတ်ကသိကအောက် ဖြစ်သွားသည့်ပုံစံသာ ပေါက်နေသည်။

" ကျေးဇူးတင်ပါတယ် သခင်လေး။ ကျွန်တော် လုံနန်ကျစ် ပြန်ပါတော့မယ် " သူသည် ထိုသို့ပြန်ပြောကာ ရှဲ့ဟေးရန် သူ့အား နာမည်မှားခေါ်မိလိုက်သဖြင့် နားလည်မှုလွဲသွားရသည့် ကိစ္စကို သူ့ဘက်မှစ၍ ဖြေရှင်းပေးလိုသည့် အမူအရာဖြင့် ချောင်းတစ်ချက်ပင် ဟန့်လိုက်သေးသည်။

ထိုအခါ ရှဲ့ဟေးရန်မှာ သက်ပြင်းချမိသွားပြီး စိတ်ထဲ၌ ခံစားချက်မျိုးစုံ ရောယှက်နေသည့် အမူအရာဖြင့် ခေါင်းယမ်းလိုက်၏။

" တောင်းပန်ပါတယ်ဗျာ။ ကျုပ် လူလွဲသွားတာ ဖြစ်မှာ။ ကျုပ်က ခဗျားကို ကျုပ် အရမ်းခင်ရတဲ့ မိတ်ဆွေဟောင်းကြီးတစ်ယောက်လို့ ထင်လို့ လျှော့စျေးပေးမလို့ပါ။ ရေမြေရပ်ခြား နေရာတစ်ခုမှာ မိတ်ဆွေဟောင်းတစ်ယောက်နဲ့ ပြန်ဆုံဖို့ဆိုတာ မလွယ်ဘူး မဟုတ်လားဗျ။ ခဗျားက သူ မဟုတ်ဘူး ဆိုမှတော့လည်း... ထားလိုက်ပါတော့ဗျာ "

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားပြီး ချက်ချင်းပြန်မေးလိုက်၏။

" ဘယ်လောက် လျှော့ပေးမှာလဲ "

All Chapters