ဘဝကြီးက ဇာတ်ခုံတစ်ခုဆိုရင် ငါတို့က သရုပ်ဆောင်တွေပေါ့
Vol. 58 Ch. 806
ထိုအခါ ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့အား မပွင့်တပွင့် ပြုံးပြလိုက်ပြီးနောက် အသာအယာ ချောင်းဟန့်ကာ လေသံတိုးတိုးဖြင့် ဆိုလိုက်၏။
" ကျွန်တော်တို့က မိတ်ဆွေဟောင်းကြီးတွေဆိုမှတော့ အများကြီး လျှော့ပေးရမှာပေါ့ဗျာ။ နှစ်ဆယ်ရာခိုင်နှုန်းအထိ... လျှော့ပေးမယ်ဆို ဘယ်လိုသဘောရလဲ "
ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်၏ စကားကို ကြားလိုက်ရသောအခါ မျက်ဝန်းများ အရောင်လက်သွား၏။ ထို့နောက် သူသည် ဈေးဆိုင်ထဲမှ ထွက်ခွာသွားလိုသည့် အတွေးများကို မေ့ပျောက်ထားလိုက်ပြီး အော်ဟစ်ရယ်မောကာ ရှဲ့ဟေးရန်ဆီသို့ လျှောက်လှမ်းလာတော့သည်။ သူသည် ရှဲ့ဟေးရန်နှင့် ဆယ်ပေအကွာတွင် ရပ်ရင်း ရေမြေရပ်ခြား နေရာတစ်ခု၌ မိတ်ဆွေဟောင်းတစ်ယောက်အား ပြန်တွေ့လိုက်ရသဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်နေသည့် မျက်ဝန်းများဖြင့် လှမ်းပြောလိုက်၏။
" ရှဲ့ဟေးရန်။ တာအိုရောင်းရင်း ဟေးရန်။ ဟားဟား။ ကျုပ်တို့တွေ မတွေ့တာတောင် တော်တော်ကြာပြီနော်။ ခဗျားနဲ့ ဒီနေရာမှာ ဆုံရလိမ့်မယ်လို့ ကျုပ် လုံးဝ ထင်မထားမိဘူး။ စောစောတုန်းက ကျုပ်က မယခဗျားနဲ့ စကားပြောရမှာကို လန့်နေတာ။ ဒါပေမဲ့ အခု သေသေချာချာ ကြည့်လိုက်တော့မှ ခဗျားက ကျုပ်ရဲ့ မိတ်ဆွေဟောင်းကြီး ရှဲ့ဟေးရန်ဖြစ်နေမှန်း တကယ် သေချာသွားတာပဲ "
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သက်ပြင်းချလိုက်ပြီး အတိတ်က အကြောင်းများကို ပြန်ပြောင်းသတိရနေသည့်ပုံ ပေါက်သွား၏။ သူ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင်များကိုပင် အထင်းသား မြင်နိုင်ပေသည်။ ထို့ကြောင့် သူသည် ဟန်ဆောင်နေသည့်ပုံပင် ပေါက်နေ၏...
" တာအိုရောင်းရင်း ဟေးရန်။ ကျုပ်က ခဗျားနဲ့ ဒီနေရာမှာ ဆုံလိမ့်မယ်လို့ လုံးဝ ထင်မထားမိဘူး။ ကံကြမ္မာဆိုတဲ့ အရာက တော်တော်လေးကို ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်တာပဲ။ ဒါပေမဲ့ အဲတာ့ကြောင့်လည်း ဘဝကြီးက လှပပြီးတော့ အံ့ဩစရာ ကောင်းနေတာပဲလေ " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ ထိုင်ခုံတစ်ခုပေါ်၌ ထိုင်လိုက်၏။
သူသည် အကြိမ်အနည်းငယ်ခန့် ထပ်၍ သက်ပြင်းချလိုက်ပြီးနောက် မျက်တောင်တဖျပ်ဖျပ် ခတ်ကာ အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ဆိုလိုက်၏ " ဒါက မင်းရဲ့ ဈေးဆိုင်ဖြစ်နေတဲ့အပြင် ငါ့ကို နှစ်ဆယ်ရာခိုင်နှုန်း လျှော့ပေးဦးမှာဆိုတော့ ငါကလည်း အားပေးတဲ့အနေနဲ့ ပစ္စည်းတွေ ထပ်ဝယ်ပေးရတာပေါ့ကွာ "
ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့တစ်ယောက် ရုတ်တရက်ကြီး ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါ ဆွံ့အမှင်တက်သွားပြီး တွေဝေတုံ့ဆိုင်းသွား၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား သေသေချာချာ အကဲခတ်ကြည့်ရှုရင်း ရုတ်တရက် မေးလိုက်သည် " တာအိုရောင်းရင်းရဲ့ နာမည်က ဘာလဲဗျ "
" ဟင် " ထိုအခါ ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ကြက်သေသေသွား၏။ သို့သော် သူသည် အပြုံးပျက်သွားခြင်း မရှိဘဲ ချက်ချင်းပြန်ဖြေလိုက်သည် " ငါက ပေါင်လဲ့လေကွာ။ တာအိုရောင်းရင်းဟေးရန်။ ငါ့နာမည်ကို မေ့သွားတာလားကွ "
ရှဲ့ဟေးရန်မှာ ထိုစကားများကို ကြားလိုက်ရသောအခါ အထူးတဆန်းဖြစ်သွားပြီ ပို၍ပင် တွေဝေဆုံ့ဆိုင်းလာရတော့သည်။ သူသည် သူ၏ ထင်မြင်ယူဆချက်များအား သံသယဝင်နေသည့်ပုံ ပေါက်နေ၏။ သူသည် သူ ပြည်ထောင်စုကြီးထဲတွင် ရှိနေခဲ့စဉ်တုန်းက ဝမ်ပေါင်လဲ့၏ ပစ္စည်းအချို့ပေါ်၌ ချန်ရစ်ခဲ့သည့် အမှတ်အသားများကို လုံနန်ကျစ်၏ ခန္ဓာကိုယ်ပေါ်၌ ခပ်ရေးရေးမျှ ခံစားနေရခြင်းဖြစ်သည်။
၎င်းမှာ လျှို့ဝှက်ဆန်းကြယ် အမှတ်အသားတစ်ခု ဖြစ်၏။ အစွမ်းထက် ကျင့်ကြံသူကြီးများပင်လျှင် သေသေချာချာ အကဲခတ်ကြည့်ရှုစစ်ဆေးခြင်းမရှိပါက ၎င်းအား ရှာတွေ့နိုင်မည်မဟုတ်ပေ။ ၎င်းမှာ သူ၏ ဂိုဏ်းခေါင်းဆောင်ကြီး ပေးခဲ့သော အမွေတစ်ခု ဖြစ်သည်။ သူ၏ မျိုးနွယ်စုဝင်များမှာ သူတို့ ငွေအရင်းအနှီးအမြောက်အမြား ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ထားသည့် ဖောက်သည်များပေါ်တွင် ထို အမှတ်အသားကို အသုံးပြုလေ့ရှိပေသည်။ ထို အမှတ်အသားကြောင့် အခြားမျိုးနွယ်စုဝင်များမှာ ထို ဖောက်သည်အား အလွယ်တကူ မှတ်မိနိုင်၏။ ထို့အပြင် ၎င်းကြောင့် သူတို့မှာ ထို ဖောက်သည်များ သူတို့၏ ဝန်ဆောင်မှုအားအလိုရှိသည့် အချိန်တိုင်း ချက်ချင်းရောက်ရှိလာနိုင်စွမ်းလည်း ရှိပေသည်။ သို့ဖြစ်ရာ သူတို့မှာ ထို အမှတ်အသားအား မကောင်းကြံလိုသည့်စိတ်ဖြင့် အသုံးပြုခြင်း မဟုတ်ဘဲ ဖောက်သည်များ၏ အကျိုးစီးပွားအတွက် အသုံးပြုခြင်းသာ ဖြစ်ပေသည်။
သို့သော် လက်ရှိတွင် ထိုအမှတ်အသားဆီမှ ထွက်ပေါ်နေသည့် စွမ်းအင် အငွေ့အသက်များမှာ အလွန်အင်မတန်မှ အားပျော့နေ၏။ အကယ်၍ လုံနန်ကျစ်သာ သူအနီးတွင် ရပ်နေခြင်းမရှိပါက ရှဲ့ဟေးရန်မှာ ထိုအငွေ့အသက်များကို လုံးဝ အာရုံခံမိခဲ့မည် မဟုတ်ပေ။ ထို့ကြောင့်လည်း သူသည် သံသယဝင်နေရခြင်း ဖြစ်၏။ သူသည် ထိုအမှတ်အသားကို အာရုံခံမိနေသည့်တိုင်အောင် ၎င်းအား အသုံးပြုကာ လုံနန်ကျစ်၏ သရုပ်မှန်အား ဖော်ထုတ်နိုင်စွမ်း မရှိဘဲ ဖြစ်နေရ၏။
လုံနန်ကျစ်ဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များမှာ သူ ထိုအမှတ်အသားအား တံဆိပ်ရိုက်နှိပ်ခဲ့သည့် ဖောက်သည်၏ အငွေ့အသက်များနှင့် လုံးဝမတူဘဲ ကွဲပြားခြားနားနေသည် မဟုတ်ပါလော။
ထို့ကြောင့်လည်း သူသည် အရင်ဆုံး စမ်းသပ်ကြည့်ခဲ့ခြင်း ဖြစ်ပေသည်။ သူသည် သူ၏ ပထမဆုံးစမ်းသပ်မှုမှ လိုချင်သည့်အဖြေ မရခဲ့သောကြောင့် သူ၏ လက်ဖက်ရည်ခွက်အား မြှောက်ကာ ဒုတိယအကြိမ်အဖြစ် ထပ်၍ စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်တုန်းက လုံနန်ကျစ်၏ အပြုအမူများကြောင့် သူသည် သူ၏ ခန့်မှန်းချက်မှာ မှန်ကန်သည်ဟု ပို၍ ယုံကြည်လာရ၏။
သူသည် လူမှုအဖွဲ့အစည်းအမျိုးမျိုးထဲ၌ ခရီးလှည့်လည်သွားလာဖူးခဲ့သည့်တိုင်အောင် ပြည်ထောင်စုကြီးထဲတွင်သာလျှင် မိမိ၏ လက်ဖက်ရည်ခွက်ကို မြှောက်ကာ စကားဝိုင်းအား အဆုံးသတ်ပြီး ဧည့်သည်များအား ပြန်ခွင့်ရှိကြောင်း အရိပ်အခြည်ပြသည့် ဓလေ့တစ်မျိုး ရှိသည် မဟုတ်ပါလော။
သို့သော်... လုံနန်ကျစ်၏ အပြုအမူများကြောင့် သူသည် ထပ်၍ သံသယဝင်သွားရပြန်သည်။ လုံနန်ကျစ်မှာ ချက်ချင်း ဝန်ခံလိုက်သည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် လျှော့စျေးလိုချင်သောကြောင့် တမင်တကာ ဝန်ခံလိုက်သည့်ပုံစံ ပေါက်နေ၏။
အချိန်အနည်းငယ်ခန့် ကြာပြီးနောက် ရှဲ့ဟေးရန်မှာ ခန့်မှန်းမနေတော့ရန် ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား သေသေချာချာ စိုက်ကြည့်ကာ ပွင့်ပွင့်လင်းလင်း မေးလိုက်တော့သည် " အစ်ကိုကြီးပေါင်လဲ့။ အစ်ကို့ရဲ့ မျိုးရိုးနာမည်က ဘာလဲဗျ "
" အဲ " ထိုအခါ ဝမ်ပေါင်လဲ့မှာ အံ့ဩမှင်တက်သွားပြီး ဇဝေဇဝါဖြစ်သွားသည့်ပုံစံ ဟန်ဆောင်လိုက်သည်။ သူသည် အဘယ့်ကြောင့် သူ၏ မိတ်ဆွေဟောင်းကြီးမှာ သူ၏မျိုးရိုးနာမည်အား မေ့သွားခဲ့ရပါသနည်းဟု နားမလည်နိုင်လောက်အောင် ဖြစ်နေသည့်ပုံ ပေါက်နေ၏။ သို့သော် သူသည် စိတ်ထဲတွင်မူ သူ့ကိုယ်သူ ကျိတ်၍ ကျေနပ်နေပြီဖြစ်သည်။
သူသည် ရှဲ့ဟေးရန် သူ၏ ဟန်ဆောင်မှုများကို မည်သို့မည်ဖုံ ဖောက်ထွင်းမြင်နိုင်ခဲ့မှန်း မသိပါသော်လည်း စစချင်းတွင် သူ၏ သရုပ်မှန်အား ထုတ်ပြောရန် စိတ်ကူးမရှိခဲ့သလို ရှဲ့ဟေးရန်နှင့် သိကျွမ်းဝင်သည်ဟုလည်း ဝန်ခံရန် စိတ်ကူးလုံးဝမရှိခဲ့ပေ။ သို့သော် ရှဲ့ဟေးရန်မှာ လက်ဖက်ရည်ခွက်အား မြှောက်ကာ သူ့အား အလိုလို ထပြန်မိသွားအောင် လှည့်စားခဲ့သဖြင့် သူသည် အလိမ်ပေါ်သွားရသည် မဟုတ်ပါလော။ အခြားတစ်ယောက်ယောက်သာ ဆိုပါက ထိုအချက်အား ရိပ်မိမည် မဟုတ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်သည် တမူထူးခြားသော လူတစ်ယောက်ဖြစ်ကြောင်း သိရှိထားပြီးဖြစ်သည်။ သို့ဖြစ်ရာ သူသည် ရှဲ့ဟေးရန်မှာ တစ်စုံတစ်ခုအား ရိပ်မိသွားခဲ့လိမ့်မည်ဖြစ်ကြောင်း ယုံကြည်ထား၏။
ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ မီးစဥ်ကြည့်ကကာ နောက်သို့ မဆုတ်တော့ဘဲ ထိုးစစ်ဆင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ သူသည် လျှော့ဈေးရလိုသောကြောင့် မိတ်ဆွေတစ်ယောက်အဖြစ် ဟန်ဆောင်နေသည့်ပုံစံ ဖမ်းလိုက်၏။ ရှဲ့ဟေးရန်တစ်ယောက် ထိုသို့မေးမြန်းလိုက်သည့်အချိန်တွင် သူ၏ အစီအစဉ်မှာ အလုပ်ဖြစ်သွားပြီဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိလိုက်ရသည်။ ထို့ကြောင့် သူသည် တစ်ခဏမျှ အံ့အားသင့်သွားကာ နားမလည်နိုင်လောက်အောင် ဖြစ်နေသည့်ပုံစံ ဟန်ဆောင်လိုက်ပြီးနောက် မျက်နှာအမူအရာ ပျက်သွားပြီး ဒေါသတကြီးနှင့် မတ်တတ်ထလာတော့သည်။
" တာအိုရောင်းရင်း ဟေးရန်။ ကျုပ်က ခဗျားနဲ့ ဒီ နေရာမှာ ဆုံရလိမ့်မယ်လို့ တကယ် ထင်မထားတာပါ။ ခဗျားက မပြောမဆိုနဲ့ ပျောက်သွားခဲ့တာလေ။ ပြီးတော့ ခဗျားက ဒီလိုနေရာမျိုးကို လာလိမ့်မယ်လို့ ကျုပ်က လုံးဝ မထင်ထားဘူး။ ဒါပေမဲ့ ကျုပ်ရဲ့ မိသားစုနာမည်ကို မေ့သွားလို့ပါဆိုပြီး ကျုပ်ကို စော်ကားတဲ့အထိ လုပ်ဖို့တော့ မလိုဘူးလို့ ထင်ပါတယ်ဗျာ "
" ကျုပ်ကို မိတ်ဆွေဟောင်းတစ်ယောက်ဖြစ် သတ်မှတ်တာ မသတ်မှတ်တာက ခဗျားကိစ္စပါ။ ကျုပ်က လျှော့ဈေးလေး နှစ်ဆယ်ရာခိုင်နှုန်းလောက်ကို ငမ်းငမ်းတက် လိုချင်နေတဲ့ လူစားမျိုး မဟုတ်ဘူးဗျ " ဝမ်ပေါင်လဲ့မှာ မကျေမနပ်ဖြစ်နေသည့် မျက်နှာအမူအရာဖြင့် ဆိုလိုက်ပြီးနောက် နောက်သို့လှည့်ကာ ထွက်ခွာသွားရန် ပြင်လိုက်၏။ သို့သော် သူသည် အလောတကြီးပြုမှုနေခြင်းမရှိပေ။ ရှဲ့ဟေးရန်အား စကားပြောခွင့်ပေးရဦးမည် မဟုတ်ပါလော။ လျှော့ဈေး နှစ်ဆယ်ရာခိုင်နှုန်းဆိုသည့် ပမာဏမှာ မက်လောက်စရာ ပမာဏတစ်ခု ဖြစ်နေဆဲပင်။
သူသည် အဓိပ္ပါယ် အတိအကျမရှိသော စကားလုံးများကို အသုံးပြုခဲ့၏။ သူသည် ရှဲ့ဟေးရန်မှာ မပြောမဆိုနှင့် ပျောက်သွားခဲ့သည်ဟု ဆိုခဲ့သည် မဟုတ်ပါလော။ ထိုစကားလုံးအား အဓိပ္ပါယ်အမျိုးမျိုး ကောက်၍ရပေသည်။ အကယ်၍ ရှဲ့ဟေးရန်မှာ သာမန်အတိုင်း ထွက်ခွာသွားခဲ့သည်ဆိုပါက ဝမ်ပေါင်လဲ့မှာ သူထွက်ခွာသွားသည့်အတွက် အံ့အားသင့်ခဲ့ရသည်ဟု အဓိပ္ပါယ် သက်ရောက်ပေသည်။ အကယ်၍ ရှဲ့ဟေးရန်မှာ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့လျှင်လည်း သူသည် ပို၍ပင် အံ့အားသင့်သွားခဲ့ရသည်ဟု အဓိပ္ပါယ် သက်ရောက်ပေသည်။
သူ သုံးနှုန်းခဲ့သည့် စကားများကြောင့် ရှဲ့ဟေးရန်မှာ အကြပ်ရိုက်သွားရ၏။ ထို့ကြောင့် သူသည် အလောတကြီးနှင့် မတ်တတ်ထလာပြီး ဝမ်ပေါင်လဲ့အား လှမ်းတားလိုက်ရတော့သည်။
" ညီကိုလျှို။ ကျေးဇူးပြုပြီးတော့ ထွက်မသွားပါနဲ့။ လျှိုပေါင်လဲ့။ လျှိုပေါင်လဲ့။ ခဗျားက အရင်လို စိတ်ဆတ်နေတုန်းပါပဲလားဗျ။ ကျုပ်က ခဗျားကို နောက်နေတာပါ။ ကျုပ် ထွက်သွားတဲ့ ကိစ္စနဲ့ ပတ်သတ်လို့က ကျုပ် ခဗျားနဲ့ စစတွေ့ချင်းတုန်းက ပြောခဲ့တဲ့စကားကို ခဗျား မှတ်မိမှာပါ။ ရှဲ့ဟေးရန်ဆိုတဲ့ ကျုပ်က စီးပွားရေး အခွင့်အလမ်းတွေ ရှိတဲ့ ဘယ်လိုနေရာမျိုးမှာမဆို ရှိနေမှာလေ "
ထိုအခါ ဝမ်ပေါင်လဲ့၏ တင်းမာနေသော မျက်နှာထားမှာ အနည်းငယ်ခန့် ပြေလျော့သွား၏။ ထို့နောက် သူသည် နောက်သို့ပြန်လှည့်လာပြီး ရှဲ့ဟေးရန်အား စိုက်ကြည့်လိုက်သည်။ သူသည် အခြားဂြိုဟ်မှ လူတစ်ယောက်အား လုံးဝယုံကြည်နိုင်မည် မဟုတ်ပေ။ ရှဲ့ဟေးရန်မှာ သူ့အား စမ်းသပ်နိုင်ရန် ကြိုးစားနေဆဲပင်။ သူသည် သူ့အား လျှိုပေါင်လဲ့ဟုပင် ပြောင်းခေါ်ခဲ့သေးသည် မဟုတ်ပါလော။ သို့သော် ထိုနာမည်မှာ သူဌေးတစ်ယောက်၏ နာမည်နှင့် တူပေသည်။ ထို့အပြင် ရုပ်ရည်ချောမောသည့် လူများသာ ပိုင်ဆိုင်ခွင့်ရှိသော နာမည်နှင့်လည်း တူနေ၏။ မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ သူ၏ပုံစံနှင့် လုံးဝ မလိုက်ဖက်ပေ။
ဝမ်ပေါင်လဲ့မှာ သူ၏သရုပ်မှန်အား ထုတ်ပြောရန် စိတ်ကူးမရှိသောကြောင့် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ထိုနာမည်အား ငြင်းဆန်နေခြင်း မရှိသလို အသိအမှတ်ပြုလိုက်ခြင်းလည်း မရှိပေ။ သူသည် ညာဘက်လက်ကိုသာ မြှောက်ကာ ကျောက်စိမ်းပေလွှာတစ်ခု ထုတ်ယူလိုက်ပြီး ရှဲ့ဟေးရန်ဆီသို့ လှမ်းပေးလိုက်၏။
" တာအိုရောင်းရင်း ဟေးရန်။ အဲဒီကိစ္စကို အသာထားပါ။ ကျုပ်ကို ဒီစာရင်းထဲက ပစ္စည်းလေးတွေ ကူဝယ်ပေးလို့ ရလား "
ရှဲ့ဟေးရန်မှာ ထိုစကားကို ကြားလိုက်ရသောအခါ မျက်စိပေကလပ်ပေကလပ် ဖြစ်သွား၏။ သူသည် ဝမ်ပေါင်လဲ့ဆီမှ ကျောက်စိမ်းပေလွှားအား ယူလိုက်ပြီးနောက် ထိုစာရင်းအား ကြည့်ရှုစစ်ဆေးကြည့်လိုက်သည်။ ခဏအကြာတွင် သူသည် ပြုံးကာ ဆိုလိုက်၏။
" ရတာပေါ့ဗျာ။ ဒါပေမဲ့ မိတ်ဆွေဟောင်းကြီး။ အလုပ်ကအလုပ်တစ်ပိုင်း၊ ခင်မင်ရင်းနှီးမှုက ခင်မင်ရင်းရင်းနှီးမှု တစ်ပိုင်းနော်။ ကျုပ် ခဗျားကို လျှော့ဈေးနဲ့ ရောင်းပေးရင်တောင် ဒီ ပစ္စည်းတွေအားလုံးရဲ့ ကုန်ကျစရိတ်က မိုးထိုးနေမှာ။ ခဗျား တတ်နိုင်ရဲ့လား "
ထိုအခါ ဝမ်ပေါင်လဲ့မှာ အပြင်ပန်းတွင် တည်ကြည်မှုအပြည့် ရှိနေဆဲဖြစ်ပါသော်လည်း စိတ်ထဲတွင်မူ သက်ပြင်းချမိလိုက်၏။ သူသည် ထိုပစ္စည်းများအားလုံးကို တတ်နိုင်မည် မဟုတ်ကြောင်း သိထားသည်။ သို့သော် သူ၏ သရုပ်ဆောင်စွမ်းရည်များမှာ လျော့ကျသွားခြင်း မရှိပေ။ သူသည် ထိုစာရင်းထဲမှ ပစ္စည်းများကို မတတ်နိုင်သည့်တိုင်အောင် မကြာသေးမီတုန်းက ဝယ်ယူထားသည့် ပစ္စည်းများအတွက် လျှော့ဈေး နှစ်ဆယ်ရာခိုင်နှုန်း ရဦးမည် မဟုတ်ပါလော။ ထို့အပြင် သူသည် သူ၏ နောက်ကြောင်းရာဇဝင်နှင့် ပတ်သတ်၍ ရှဲ့ဟေးရန်၏ နှလုံးသားထဲ၌ ကိန်းအောင်းနေသည့် သံသယစိတ်များကိုလည်း ဖယ်ရှားနိုင်ဦးမည်ဖြစ်သည်။ ထို့ကြောင့် သူသည် မျက်နှာအမူအရာ တည်ကြည်သွား၏။
" ညီကိုဟေးရန်။ ခဗျား ကျုပ်ကို ယုံလား။ ယုံရင် လျှိုပေါင်လဲ့ဆိုတဲ့ ကျုပ် ခဗျားဆီမှာ ငွေချေးကြောင်း ဝန်ခံချက်လက်မှတ်တစ်ခု အခုချက်ချင်း ရေးပေးခဲ့မယ်။ ဒီတစ်ခေါက်ပဲ အကြွေးနဲ့ ရောင်းလိုက်ဗျာ "
ထိုအခါ ရှဲ့ဟေးရန်၏ မျက်နှာမှာ ရှုံ့မဲ့မဲ့ ဖြစ်သွားရသည်။ သူသည် ဝမ်ပေါင်လဲ့အား နောက်ထပ်တစ်ကြိမ်ထပ်၍ သေသေချာချာ စိုက်ကြည့်လိုက်၏။ သူ၏ နှလုံးသားထဲမှ သံသယစိတ်များကြောင့် သူသည် ယတိပြတ် ဆုံးဖြတ်ချက်ချနိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်။ ဝမ်ပေါင်လဲ့၏ သရုပ်ဆောင်စွမ်းရည်များမှာ အလုပ်ဖြစ်နေသည် မဟုတ်ပါလော။ အကယ်၍ သူသာ အစကတည်းက ဘူးခံ၍ ငြင်းဆန်ခဲ့မည်ဆိုပါက ရှဲ့ဟေးရန်မှာ သူ လိမ်ညာနေခြင်းဖြစ်ကြောင်း ချက်ချင်းရိပ်မိသွားမည်သာ ဖြစ်သည်။ သို့သော် သူ သူတို့နှစ်ယောက်၏ ခင်မင်ရင်းနှီးမှုအား ပို၍ အသုံးချလာလေလေ ရှဲ့ဟေးရန်မှာ ပို၍ သံသယဝင်လာရလေလေ ဖြစ်နေတော့သည်။
ရှဲ့ဟေးရန်မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် မျက်ဝန်းများ အရောင်လက်သွား၏။ ထို့နောက် သူသည် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုကာ လေသံတိုးတိုးဖြင့် ဆိုလိုက်တော့သည် " ညီကိုပေါင်လဲ့။ ကျုပ် လုပ်ကွက်တစ်ခု တွေ့ထားတယ်။ ခဗျား စိတ်ဝင်စားမလားတော့ မသိဘူး။ အန္တရာယ်တော့ ရှိပေမဲ့ အရမ်းကြီး စိုးရိမ်စရာမလိုပါဘူး။ တကယ်လို့ အောင်မြင်သွားမယ်ဆိုရင် အချီကြီးပွမှာနော်။ အဲတာဆိုရင် ခဗျား လိုချင်တဲ့ ပစ္စည်းတွေအကုန်လုံးကို ဝယ်နိုင်မယ့်အပြင် ပိုက်ဆံအများကြီး ပိုနေဦးမှာ "
" လုပ်ကွက်တစ်ခု ဟုတ်လား " ထိုအခါ ဝမ်ပေါင်လဲ့မှာ တစ်ခေါင်းလုံး ထူပူသွားရပါသော်လည်း အပြင်ပန်းတွင်မူ တွေဝေတုံ့ဆိုင်းနေသည့်ပုံစံ ဟန်ဆောင်နေလိုက်၏။
" ဟုတ်တယ်။ ဘာမှ စိတ်မပူနဲ့။ ကျုပ်က လျှို့ဝှက်ဆန်းကြယ် အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ထုတ်ပြန်ထားတဲ့ တာဝန်တစ်ခုအကြောင်း ပြောနေတာ။ သူက တော်တော်လေးကို အစွမ်းထက်ပြီးတော့ အဆုံးမဲ့မျိုးနွယ်စုကို မျက်မုန်းကျိုးနေတာ။ ဒါပေမဲ့ လူတွေမသိတဲ့ အကြောင်းအရင်း တစ်ခုခုကြောင့် သူက အဲဒီ မျိုးနွယ်စုကို သူကိုယ်တိုင် တိုက်ခိုက်နိုင်စွမ်းမရှိဘဲ ဖြစ်နေရတာ။ နှစ်တွေအများကြီး ကုန်ပြီးသွားတာတောင် သူ့ရဲ့ ရန်ငြိုးတွေက ကုန်မသွားသေးဘူး။ အဲတာမလို့ သူက မြို့တော်တွေထဲမှာ မကြာမကြာ တာဝန်တွေ ထုတ်ပြန်ကြေညာလေ့ရှိတယ်။ ပြီးရင် သူက ကျင့်ကြံသူတွေကိုစုဆောင်း၊ သူတို့ကို သူကိုယ်တိုင် အထူးပြုလုပ်ထားတဲ့ မျက်နှာဖုံးတွေ တပ်ခိုင်းပြီး ကြုံရာကျပန်း နေရာတွေဆီ တည်နေရာပြောင်းရွှေ့ပေးပြီးတော့ အဆုံးမဲ့မျိုးနွယ်စုဝင်တွေကို လိုက်လံသတ်ဖြတ်ခိုင်းတာ "
" သူ အဲဒီလို ထုတ်ပြန်ကြေညာခဲ့တဲ့ တာဝန်တွေ အခုသုံးဆယ်ကျော်အထိ ရှိနေပြီ။ သူက တည်နေရာပြောင်းရွှေ့ခြင်းအပိုင်းနဲ့ ရှင်းလင်းရေးအပိုင်းမှာ တာဝန်ယူထားတာ။ သူ ခေါ်ထားတဲ့ ကျင့်ကြံသူတွေကတော့ အဆုံးမဲ့မျိုးနွယ်စုဝင်တွေကို လိုက်သတ်ပေးရတာပေါ့။ တကယ်လို့ သေသွားရင်တော့ ဘာမှရမှာ မဟုတ်ဘူး။ ဒါပေမဲ့ မသေဘဲ အသက်ရှင်ကျန်ရစ်ခဲ့မယ်ဆိုရင်တော့ သလင်းကျောက်နီတွေ ဆုချခံရမှာ။ ကိုယ်ရမယ့် သလင်းကျောက်နီ အရေအတွက်က ကိုယ်သတ်ခဲ့တဲ့ အဆုံးမဲ့မျိုးနွယ်စုဝင် အရေအတွက်ပေါ် မူတည်တယ် "
" သလင်းကျောက်နီဆိုတာ အဆုံးမဲ့တာအိုနယ်မြေထဲမှာ သုံးတဲ့ ငွေမာပဲ။ အဲလို လင်းကျောက်နီ အတုံးသုံးရာနဲ့ဆိုရင် ခဗျားရဲ့ စာရင်းထဲက ပစ္စည်းအကုန်လုံးကို ဝယ်လို့ရတယ် "