← Chapters

နတ်ဆိုးအင်ပါယာ၏ တပည့် 

Vol. 162 Ch. 2311

နတ်ဆိုးအင်ပါယာ၏ တပည့် 

Vol. 162 Ch. 2311

ရီဖူရှင်းသည် ထိုလူစုကို ဝိုင်းရံနေသော နတ်ဆိုးစွမ်းအားများကို ခံစားမိပေသည်။ သူသည် ထိုလူစုက မည်သည့်နေရာမှ လာခြင်းဖြစ်ကြောင်း အကြမ်းဖျင်း ခန့်မှန်းမိပေသည်။

ရီဖူရှင်းသည် သူ့ရှေ့မှ နတ်ဆိုးကျင့်ကြံသူလူငယ်၏ သရုပ်မှန်ကို မသိသော်လည်း နတ်ဆိုးလောကမှ လူစုဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ မဟုတ်လျှင် ထိုလူစုသည် ထိုမျှ ပြင်းထန်သည့် နတ်ဆိုးအရှိန်အဝါတို့ကို ထုတ်ဖော်နိုင်လိမ့်မည်မဟုတ်ပါချေ။

စုန့်အင်ပါယာမြို့မှ ကျင့်ကြံသူများက ရီဖူရှင်းကို ကြည့်လိုက်သည်။ သူတို့သည် မေ့ထန် ယခင်က ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ရောက်လာသည့်အကြောင်းအား တွေးကြည့်လိုက်သည်။ နတ်ဆိုးလောက ကျင့်ကြံသူများသည် မည်သည့်အတွက်ကြောင့် အမွေအနှစ် ရှာဖွေရန်အတွက် မဟုတ်ဘဲ ရီဖူရှင်းအား ရှာရန် လာရောက်ကြသနည်း။ လူငယ်ခေါင်းဆောင်၏ မျက်လုံးများထဲမှ အမူအရာအရ ထိုသူက ရီဖူရှင်းအတွက် လာခြင်းဖြစ်ကြောင်း ရှင်းလင်းပေသည်။

ထိုနေရာ၌ အချို့သော ပုန်းကွယ်နေသည့် လျှို့ဝှက်ချက်တို့ ရှိနေနိုင်သည်လား။

လူငယ်လေးက ရီဖူရှင်းထံသို့ လျှောက်လာခဲ့သည်။ မျက်မမြင်ထျယ်၊ အဘိုးမာနှင့် အခြားလူများက ရှေ့သို့ တက်လာကာ တားဆီးပိတ်ပင်ရန် ကြိုးစားလိုက်သော်လည်း ရီဖူရှင်းက လက်ကို အနည်းငယ် ယမ်းလိုက်သည်။ မျက်မမြင်ထျယ်နှင့် အခြားလူများက ခြေလှမ်းရပ်လိုက်ပြီး နတ်ဆိုးလောကမှ လူငယ်ကို တားဆီးခြင်းမပြုတော့ဘဲ ထိုလူ အောက်သို့ ဆင်းလာကာ ရီ​ဖူရှင်းနှင့် မနီးမဝေးသို့ ရောက်လာသည်အား ခွင့်ပြုထားလိုက်သည်။

နတ်ဆိုးလူငယ်က ပြောလိုက်၏။ "ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ ကျောင်းအုပ်၊ စီဝေ့အင်ပါယာနန်းတော်သခင်၊ မူလဘုံရဲ့ လက်ရှိ အုပ်ချုပ်သူ၊ မဟာအင်ပါယာရှန်ကျား၊ စီဝေ့မဟာအင်ပါယာနဲ့ မဟာအင်ပါယာရှန့်ယင်ရဲ့ အမွေအနှစ်ကို ရရှိပိုင်ဆိုင်ထားတဲ့ မူလဘုံက ထိပ်တန်းပါရမီရှင် ရီဖူရှင်း။" သူသည် ရီဖူရှင်းအား အတော်လေး သိရှိထားပုံရသည်။ နတ်ဆိုးလောကမှ လူငယ်လေးသည်  ရီဖူရှင်းနှင့် ပတ်သတ်သည့်အရာအားလုံးကို သေချာသိရှိထားပြီး ဖြစ်နိုင်သည်။

ရီဖူရှင်းက တစ်ဖက်လူကို ကြည့်လိုက်သည်။ ယခင်က မူလဘုံ၌ ထွက်ပေါ်လာခဲ့သော နတ်ဆိုးလောကမှ ကျင့်ကြံသူမှာ အဓိကအားဖြင့် မေ့ထန်သာ ဖြစ်ခဲ့သည်။ ရီဖူရှင်းသည်ပင် သူနှင့် ပတ်သတ်မှုအချို့ ရှိခဲ့ဖူး၏။ သို့သော် အဓိကမှာ ယူချင်းကြောင့် ဖြစ်ပေသည်။ ရီဖူရှင်းသည် နတ်ဆိုးလောကမှ အခြားလူများလည်း သူ့ကို အာရုံစိုက်လာလိမ့်မည်ဟု မည်သည့်အခါကမှ ထင်မှတ်ထားခဲ့ဖူးခြင်း မရှိပေ။

ထိုသည်ကို ကြည့်လျှင် နတ်ဆိုးလောကအတွင်းမှ ယူချင်း၏ အဆင့်အတန်းက ထူးခြားရပေမည်။ သို့မဟုတ်လျှင် ဤလူငယ်က ရီဖူရှင်း၏ တည်ရှိမှုကို ထိုမျှ အာရုံစိုက်ခြင်း ရှိလိမ့်မည် မဟုတ်ပေ။

ယခုရောက်လာသည့် အဖွဲ့ကို ကြည့်လျှင် သူ့ရှေ့တွင် ရှိနေသည့် နတ်ဆိုးလောကမှ ဤလူငယ်သည်လည်း နတ်ဆိုးလောက၌ ထူးချွန်ထက်မြက်သူ ဖြစ်နိုင်ပေသည်။

"ခင်ဗျားက ဘယ်သူများလဲ။" ရီဖူရှင်းက မေးလိုက်သည်။

"ကျုပ်က နတ်ဆိုးလောကရဲ့ ရှောင်းမုပါ။" လူငယ်က ပြန်ဖြေလိုက်သည်။ ရီဖူရှင်းသည် ထိုအမည်၏ အမှတ်လက္ခဏာအား သတိမပြုမိသော်လည်း နတ်ဆိုးလောကအတွင်းတွင် ဤအမည်က အတော်လေး ကျော်ကြားလှပေသည်။ သူသည် နတ်ဆိုးအင်ပါယာတစ်ပါး၏ တိုက်ရိုက်တပည့်များထဲမှ တစ်ယောက် ဖြစ်သည်။ သူ့တွင် အစွမ်းထက်လှသော ကျင့်ကြံခြင်းနှင့် မြင့်မားလှသည့် အဆင့်အတန်း ရှိသည်။

နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်တပည့်တစ်ယောက်သည် တစ်နေ့တွင် သူတို့ကိုယ်တိုင် နတ်ဆိုးအင်ပါယာတစ်ပါး၏ အဆင့်အတန်းကို ဆက်ခံနိုင်ပေသည်။ အားအကောင်းဆုံး တစ်စုံတစ်ယောက်က ၎င်းကို ဆက်ခံနိုင်ရန် ဖြစ်နိုင်ချေ အမြင့်ဆုံး ဖြစ်သည်။

"ရှောင်းမု" ရီဖူရှင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူသည် နတ်ဆိုးလောကအကြောင်း အများကြီး မသိထားသည့်အတွက်ကြောင့် ထိုအမည်ကို ကြားဖူးခြင်းမရှိပေ။ သို့သော် သူ့ရှေ့မှ အဖွဲ့၏ အင်အားအနေအထားကြောင့် ရီဖူရှင်းထံ၌ မသင်္ကာမှုအချို့ ဖြစ်လာခဲ့သည်။ "ခင်ဗျားက နတ်ဆိုးအင်ပါယာနန်းတော်က ကျင့်ကြံသူတစ်ယောက်လား။"

"ကျုပ်က နတ်ဆိုးအင်ပါယာရဲ့ တပည့်တစ်ယောက်ပါ။" ရှောင်းမုက ပြန်ဖြေလိုက်သည်။ ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများ၏ အမူအရာက ချက်ချင်း လေးနက်သွားလေသည်။ ယခင် ကောင်းကင်ဒေသမှ လာခဲ့သော ကျင့်ကြံသူများနှင့် ယှဥ်လျှင် သူတို့ရှေ့မှ ဤလူငယ်၏ အဆင့်အတန်းက ပို၍ပင် ခမ်းနားထည်ဝါလှသည်။

နတ်ဆိုးအင်ပါယာ၏ တပည့်တစ်​ယောက်ကို မည်သူက ရဲရဲတင်းတင်း ဆန့်ကျင်ရဲပါမည်နည်း။

ရီဖူရှင်းထံ၌ လေးမျက်နှာကျေးရွာမှ ဆရာသခင်၏ အထောက်အပံ့ ရှိနေလျှင်ပင် တစ်ဖက်လူ၏ အဆင့်အတန်းနှင့်ဆိုလျှင် ၎င်းက သူတို့မျက်လုံးထဲ၌ အဖိုးမထိုက်တန်နေလိမ့်မည် မဟုတ်ပေ။

မည်သည့်အတွက်ကြောင့် ထိုသို့သော ပုဂ္ဂိုလ်မျိုးက ဤနေရာကို ရောက်လာရပါသနည်း။

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူသည် ရှောင်းမု မည်သည့်အတွက် ရောက်လာကြောင်း အကြမ်းဖျင်း ခန့်မှန်းမိပေသည်။

ယခု ရီဖူရှင်းက တစ်စုံတစ်ခုကို သိချင်စိတ် ဖြစ်နေသည်။ သူ့ မွေးစားအဖေ၏ အဆင့်အတန်းက နတ်ဆိုးလောကမှ ဖြစ်နိုင်သလား။ ယူချင်း၏ အဆင့်အတန်းက မည်သို့ ဖြစ်နိုင်သနည်း။

ယခု သူသည် သူ့မွေးစားအဖေ၏ အဆင့်အတန်းက နတ်ဆိုးလောကမှ ကျင့်ကြံသူတစ်ယောက် ဖြစ်မည်မှာ အတော်လေး သေချာသွားသည်။ သို့သော် ရီဖူရှင်းသည် သူ့မွေးစားအဖေက မည်သည့်အတွက်ကြောင့် သူနှင့် ယူချင်းကို စောင့်ရှောက်ပေးခဲ့သည်အား မသိရှိပေ။ ဤကိစ္စအတွင်း၌ မည်သည့်လျှို့ဝှက်ချက်တို့ ပါဝင်နေပါသနည်း။ လွန်ခဲ့သည့် နှစ်ပေါင်းသုံးရာခန့်က မည်သည်တို့ ဖြစ်ပျက်ခဲ့သနည်း။

ရီဖူရှင်းသည် အမှန်တရားကို သိရှိနိုင်ရန် သိပ်မဝေးတော့ဟု ယုံကြည်ထားပေသည်။ အဆုံးမှာတော့ သူက ယခု ထိပ်ဆုံးမှ ပုဂ္ဂိုလ်များနှင့် ဆက်သွယ်နိုင်ပြီ ဖြစ်သည်။ နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်တပည့်​ကပင် သူ့ကို လာရောက်ရှာဖွေနေပေသည်။

ရီဖူရှင်းက ရန်ဟောင်အထွတ်အထိပ်အဆင့်သို့ ရောက်သောအခါ သူသည် ထိပ်ဆုံးမှ လူများနှင့် တွေ့ဆုံရန် အခွင့်အရေး ရလာပေလိမ့်မည်။

"ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဘာကိစ္စများရှိလို့လဲ။" ရီဖူရှင်းက ရှောင်းမုကို ကြည့်ကာ မေးလိုက်သည်။ သူ့အသံက အလွန် တည်ငြိမ်နေ၏။ ရှောင်းမုက ရီဖူရှင်းထံသို့ ထူးဆန်းသည့် အကြည့်တို့နှင့် ကြည့်လိုက်သည်။ သူသည် ရီဖူရှင်းကို အကဲခတ်နေပုံရသည်။ မူလဘုံ၏ လက်ရှိ အရည်အချင်းအရှိဆုံး ပါရမီရှင်က ထင်ထားသလိုပင် ဖြစ်သည်။ ရှောင်းမုက မည်သူဖြစ်ကြောင်း ကြားပြီးနောက်၌ပင် သူသည် အမှန်တကယ် မတုန်မလှုပ်နှင့် တည်ငြိမ်နေဆဲ ဖြစ်သည်။

သူ့ရှေ့မှ အဖြူရောင်ဆံပင်နှင့် လူငယ်က အလွန် ထူးချွန်သူဖြစ်သည်။

"မူလဘုံရဲ့ လူငယ်အုပ်ချုပ်သူက ဘယ်လိုလူမျိုးလဲဆိုတာ သိချင်လို့ လာကြည့်ရုံလေးပါ။" ရှောင်းမုက ပြောလိုက်သည််။ သူက ပြောနေရင်းနှင့် သူ၏ နက်မှောင်သော မျက်လုံးတို့က အလွန် နက်ရှိုင်းလှသည်။ သူ၏ မျက်လုံးများက နတ်ဆိုးမျက်ဝန်းတစ်စုံကဲ့သို့ ထင်မှတ်ရသည်။ သူ့ ခန္ဓာကိုယ်အနီး၌ နတ်ဆိုးစွမ်းအားများ ရစ်ဝဲနေပြီး သူက ရီဖူရှင်းကို ကြည့်နေခဲ့သည်။ အစွမ်းထက်သည့် နတ်ဆိုးအရှိန်အဝါက ပြင်းထန်စွာ စီးဆင်းနေပြီး သူ့အနီးမှ စတင် ဖြန့်ကျက်လာသည်။

ရှောင်းမု ထုတ်မပြောခဲ့သည့် အပိုင်းတစ်ခု ရှိနေသေးသည်။ သူသည် ထိုလူ၏ အခင်ဆုံးသူငယ်ချင်းက မည်သို့သော လူမျိုး ဖြစ်သည်ကို မြင်တွေ့လိုပြီး သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် စွမ်းရည်တို့ကိုလည်း သိချင်ပေသည်။

ရီဖူရှင်းသည် တစ်ဖက်လူ၏ မျက်လုံးများကို ကြည့်လိုက်သည်။ နက်ရှိုင်းလှပြီး နတ်ဆိုးဆန်သော မျက်လုံးတစ်စုံက ကြောက်မက်ဖွယ် ကောင်းလှသည်။ ယင်းတို့တွင် အဆုံးမဲ့ လွှမ်းမိုးနိုင်သည့် စွမ်းအားတို့ ရှိနေခဲ့သည်။ ပြင်းထန်လှသည့် ဖိအားက ရီဖူရှင်း၏ စိတ်အာရုံပေါ်သို့ ဖိနှိပ်လာသည်။ သူသည် အာရုံချောက်ချားမှုအတွင်း ကျရောက်သွားပုံရသည်။ သူ့ရှေ့မှ လူက ဖော်ရွေသော လူငယ်လေး မဟုတ်တော့ဘဲ နတ်ဆိုးတစ်ကောင်ဖြစ်လာပုံရသည်။ ၎င်းသည် အရာအားလုံး၏ အထက်တွင် မားမားမတ်မတ် ရပ်နေခဲ့ပြီး တည်ရှိနေသည့် အရာအားလုံးကို ငုံ့ကြည့်နေခဲ့သည်။ နတ်ဆိုးက ရီဖူရှင်းကို ရင်ဆိုင်နေပြီး ၎င်း၏ လွှမ်းမိုးနိုင်သော ဖိအားက သူ့ပေါ်သို့ ကျရောက်လာသည်။ နတ်ဆိုးစွမ်းအားများက လူတစ်ယောက်၏ စိတ်အာရုံကို ဖိနှိပ်ထားနိုင်ပေသည်။

ရီဖူရှင်း၏ မျက်လုံးများမှ နတ်အလင်းတို့ ထိုးထွက်လာသည်။ ၎င်းက အလွန် တောက်ပလှ၏။ ထင်​ယောင်ထင်မှားတို့၏ အလယ်၌ပင် ရီဖူရှင်းက နေရာတွင် တိတ်ဆိတ်စွာ ရပ်နေဆဲ ဖြစ်လေသည်။ နတ်အလင်းက သူ့အနီးတွင် စီးဆင်းနေ၏။ သူ၏ အဖြူရောင်ဆံပင်နှင့် အဖြူရောင်ဝတ်စုံက ထင်းလင်းနေပြီး သူ့ ပြိုင်ဘက်ကင်း အရှိန်အဝါကို ထုတ်ဖော်ပေးနေသည်။ သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရပေသည်။ နတ်ဆိုးထံမှ ဖိအားနှင့် ရင်ဆိုင်ရသည့်အခါ၌ပင် တည်ငြိမ်စွာ ကျန်ရစ်နေပြီး သူ့မျက်နှာအမူအရာက တည်ငြိမ်စွာ ရှိနေခဲ့သည်။ လွှမ်းမိုးနိုင်သော နတ်ဆိုးစွမ်းအားက သူ့အပေါ်တွင် မည်သည့်သက်ရောက်မှုမှ ရှိမနေခဲ့ပေ။

ရီဖူရှင်းသည် သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရန် ကိစ္စအများကြီး တွေ့ကြုံဖြတ်သန်းခဲ့ရသည်။ သူသည် မဟာအင်ပါယာများ၏ စွမ်းအားများကို အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ဖူးသည်။ သူသည် ရှောင်းမု၏ စွမ်းအားများဖြင့် ဖျက်ဆီးမခံရနိုင်ပေ။ ရှောင်းမု၏ စွမ်းအားများက လွှမ်းမိုးနိုင်သော်လည်း ရီဖူရှင်း၏ စွမ်းအားတို့ကို လှုပ်ခတ်နိုင်ရန် မလုံလောက်နိုင်ပေ။

အနီးဝန်းကျင်ရှိ ကျင့်ကြံသူများသည် တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး ထိပ်တိုက်ရင်ဆိုင်နေခဲ့သည့် လူနှစ်ယောက်ကို စောင့်ကြည့်နေကြသည်။ တစ်ယောက်က အနက်ရောင်ဆံပင်နှင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားစဥ်တွင် နောက်တစ်ယောက်က အဖြူရောင်ဆံပင်၊ အဖြူရောင်ဝတ်စုံနှင့် ဖြစ်သည်။ သူတို့နှစ်​ယောက်က တူညီစွာ ထူးချွန်ကြသည်။ သူတို့၏ ဝတ်စုံများက လေထဲတွင် တဖျတ်ဖျတ် လွင့်နေခဲ့၏။ သူတို့သည် အချင်းချင်း သာမန်အတိုင်း ကြည့်နေကြသလို ထင်မှတ်ရသည်။ သို့သော် အားအင်ပြည့်ဝသည့် လေပြင်းတို့က သူတို့အနီးတွင် ဖြစ်တည်နေကာ အကျိုးအပဲ့ အပျက်အစီးများ ဖြစ်လာစေသည်။

သူတို့၏ အကြည့်တစ်ခုတည်း၌ပင် ထိုမျှ ကြောက်မက်ဖွယ် စွမ်းအားတို့ ပါဝင်နေပေသည်။ ထိပ်သီးကျင့်ကြံသူများသည် သူတို့ပေါ်ကိုပါ ကျရောက်လာသည့် ဖိအားကို ခပ်ရေးရေး ခံစားမိသည်။ အပြင်ဘက်သို့ ဖြန့်ကျက်ထွက်လာသည့် လေပွေမှ စွမ်းအားများကို တားဆီးရန် သူတို့၏ မဟာလမ်းစဥ်အရှိန်အဝါတို့ကို ထုတ်လွှတ်လိုက်သည်။ မဟုတ်လျှင် ကောင်းကင်အာဏာစက်ကျောင်းတော်သည် ထိုပြင်းထန်သည့် လေပွေကြောင့် ဖျက်ဆီးခံလိုက်ရပေလိမ့်မည်။

အဝေးတွင် မေ့ထန်က သူတို့ဘက်သို့ ကြည့်လိုက်သည်။ သူ ထင်ထားသလိုပင် ရှောင်းမုက ဤနေရာသို့ ရီဖူရှင်းအား စစ်ဆေးကြည့်ရန် ရောက်လာခြင်း ဖြစ်သည်။ ရှောင်းမုသည် ရီဖူရှင်း၏ စွမ်းရည်အကြောင်း သိချင်နေခြင်း ဖြစ်သည်။

ရှောင်းမုသည် ယူချင်းကြောင့် ထိုသို့ လုပ်ခဲ့ခြင်း ဖြစ်ပေသည်။

ဘုန်း..

ရုတ်တရက် အားကောင်းသော လေပွေ ထွက်ပေါ်လာသည်။ နတ်ဆိုးစွမ်းအားတို့က အော်မြည်နေခဲ့သည်။ အလွန် လွှမ်းမိုးနိုင်သော အရှိန်အဝါက ရီဖူရှင်းဆီသို့ တိုးဝင်လာသည်။ တစ်ချိန်တည်းတွင် ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်မှ နတ်အလင်းက တောက်ပလာသည်။ ပြင်းထန်သည့် တုန်ခါသံက သူ၏ မဟာလမ်းစဥ်ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။ လေပွေက ပို၍ ပြင်းထန်လာပြီး သူတို့နှစ်ယောက်လုံးကို လွှမ်းခြုံထား၏။ ကောင်းကင်အာဏာစက်ကျောင်းတော်မှ တစ်ယောက်ပြီးတစ်ယောက်က သူတို့၏ အရှိန်အဝါများကို ထုတ်လွှတ်လာကြသည်။ သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို အလင်းဖြင့် လွှမ်း၍ ကာကွယ်လိုက်သည်။

နောက်တခဏတွင် ရှောင်းမုနှင့် ရီဖူရှင်းက ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။ သူတို့၏ အရှိန်က ကြောက်မက်ဖွယ် ကောင်းလောက်အောင် လျင်မြန်လှသည်။ သူတို့သည် အလင်းတန်းနှစ်ခုအဖြစ် ကောင်းကင်သို့ ထိုးတက်သွားလေသည်။ သူတို့က ချက်ချင်းပင် ကောင်းကင်အမြင့်သို့ ရောက်ရှိသွားခဲ့သည်။ သူတို့၏ မဟာလမ်းစဥ်အရှိန်အဝါတို့က ပေါက်ကွဲထွက်လာပြီး ကောင်းကင်အာဏာစက်မြို့ကို လွှမ်းခြုံသွားလေသည်။

All Chapters