နတ်ဆိုးသဏ္ဌာန်နှင့် နတ်ခန္ဓာ
Vol. 162 Ch. 2312
ရှောင်းမုက အဆင့်ရှစ်ရန်ဟောင်တစ်ပါးဖြစ်ပြီး နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက် တပည့်တစ်ယောက် ဖြစ်သည်။
ရီဖူရှင်းက အဆင့်ခုနစ်ရန်ဟောင်တစ်ပါး ဖြစ်သည်။ သူသည် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို ထိန်းချုပ်ထားနိုင်သည်။ ထို့ပြင် စီဝေ့မဟာအင်ပါယာနှင့် မဟာအင်ပါယာရှန့်ယင်၏ ပညာအမွေအနှစ်ကိုလည်း ဆက်ခံထားနိုင်ပေသည်။
တစ်ယောက်က နတ်ဆိုးလောက၏ အထွတ်အထိပ်အဆင့်မှ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပြီး နောက်တစ်ယောက်မှာ ယခုအချိန်၌ ဘုံအတွင်း အထူးချွန်ဆုံး ဖြစ်ကာ မူလဘုံ၏ ထိပ်သီးအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူတို့နှစ်ယောက်က ရုတ်တရက် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်နေကြပြီး ကောင်းကင်ထက်၌ မျက်နှာချင်းဆိုင် ရပ်နေကြသည်။ ထိုအချိန်တွင် သူတို့က တိုက်ခိုက်နေသည့် အရိပ်အယောင်ဟူ၍ မရှိပေ။ အကြည့်ချင်း ဖလှယ်နေရုံသာဖြစ်ပြီး သူတို့က တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို နားလည်နေပုံရသည်။
ရှောင်းမုဖြစ်စေ လက်ရှိ ရီဖူရှင်းဖြစ်စေ သူတို့နှစ်ယောက်လုံး၌ ကြောက်မက်ဖွယ် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသည်။ သူတို့နှစ်ယောက် ဆက်လက် ထုတ်လွှတ်နေသည့် အရှိန်အဝါများက ကျယ်ပြောသော လေဟာနယ်ကို လွှမ်းခြုံထားသည်။ ကောင်းကင်အာဏာစက်မြို့အနီးရှိ မရေတွက်နိုင်သော လူများက ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူတို့၏ နှလုံးသားများက ပြင်းထန်စွာ တုန်ယင်နေကြ၏။
တစ်စုံတစ်ယောက်က ရီဖူရှင်းကို စိန်ခေါ်ရန် အမှန်တကယ် လာရောက်သည်လား။
ကောင်းကင်အာဏာစက်ဘုံမှ လူများအတွက် ရီဖူရှင်းက ဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ် ဖြစ်နေနှင့်ပြီး ဖြစ်သည်။ သူသည် ငယ်ရွယ်သော မျိုးဆက်သစ်များအပါအဝင် မရေတွက်နိုင်သော လူများ၏ ယုံကြည်သက်ဝင်ရာ ဖြစ်သည်။ သူတို့သည် သူ့ကို နတ်ဘုရားတစ်ပါးကဲ့သို့ ရိုသေလေးစားကြပြီး သူသည် မရေတွက်နိုင်သော လူများ၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်သည်။ သူသည် များပြားလှသော ဆန်းကြယ်မှုများကို လုပ်ဆောင်နိုင်ခဲ့သည်။
အနက်ရောင်ဝတ်စုံနှင့် နတ်ဆိုးကျင့်ကြံသူသည်လည်း အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ လက်ရှိ ရီဖူရှင်းကို စိန်ခေါ်ရဲသည့် ထိုသူက မည်သူနည်း။
"ကျုပ်က နတ်ဆိုးလောကမှာ နှစ်ပေါင်းရှစ်ဆယ်ထက်ပိုပြီး ကျင့်ကြံခဲ့တယ်။ ကျုပ် အသက်သုံးဆယ်မှာ နတ်ဆိုးအင်ပါယာနန်းတော်ကို ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းမှာ နတ်ဆိုးအင်ပါယာက တိုက်ရိုက်တပည့်အဖြစ် လက်ခံခဲ့တယ်။ အခု ကျုပ်က အဆင့်ရှစ်နတ်ဆိုးအင်ပါယာ(ရန်ဟောင်)တစ်ပါး ဖြစ်နေခဲ့ပြီ။ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် ကျုပ်က မင်းထက် အရေးသာမှုကို ဆုပ်ကိုင်ထားနိုင်တယ်။ ဒါကြောင့် ကျုပ် စွမ်းရည်ကို နည်းနည်း ထိန်းချုပ်ထားပါ့မယ်။" ရှောင်းမုက သူ့ရှေ့၌ ရပ်နေသော ပုံရိပ်ကို ကြည့်ကာ ပြောလိုက်သည်။ သူ့အသံတွင် ပြင်းထန်သော သူ့ကိုယ်သူ ယုံကြည်ချက်မှုတို့ အပြည့် ပါဝင်နေသည်။ သူသည် ရီဖူရှင်းထက် ကျင့်ကြံဆင့်၌ အရေးသာမှုကို ဆုပ်ကိုင်မထားချင်သည့်အတွက် တိုက်ခိုက်ရာတွင် သူ့ကိုယ်သူ အနည်းငယ် ထိန်းချုပ်ထားမည်ဟု ပြောခဲ့သည်။
ရီဖူရှင်း၏ အဖြူရောင်ဝတ်စုံက ကောင်းကင်ထက်တွင် ကခုန်နေသည်။ သူ၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက တစ်ဖက်လူကို ကြည့်ကာ ပြောလိုက်၏။ "အဲဒီလို လုပ်ဖို့မလိုပါဘူး။ ကျုပ်က ခင်ဗျားနဲ့ အချိန်ကာလ တူညီတဲ့ပမာဏ ဖြစ်လုနီးပါး ကျင့်ကြံခဲ့တာ။ ကျုပ်ရဲ့ ကျင့်ကြံဆင့်က အဆင့်ခုနစ်ရန်ဟောင် ဖြစ်နေပေမယ့် တူညီတဲ့အဆင့်မှာ ညီမျှတဲ့ ပြိုင်ဘက်ကို မတွေ့ဖူးဘူး။ ဒါကြောင့် ခင်ဗျား စွမ်းအားကို ထိန်းချုပ်ထားစရာ မလိုဘူး။"
သူ့ထက်အဆင့်မြင့်သည့် နတ်ဆိုးအင်ပါယာ တိုက်ရိုက်တပည့်တစ်ယောက်နှင့် ရင်ဆိုင်နေရသော်လည်း ရီဖူရှင်းသည် တစ်ဖက်လူကို ကောင်းစွာ ဆန့်ကျင်တိုက်ခိုက်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိနေဆဲ ဖြစ်သည်။ သူ၏ မိမိကိုယ်ကိုယ် ယုံကြည်ချက်သည် ကောင်းကင်အာဏာစက်မြို့မှ မရေတွက်နိုင်သော ကျင့်ကြံသူများ၏ စိတ်ခံစားချက်များကို ကိုင်လှုပ်နိုင်ခဲ့ပေသည်။
ထိုနတ်ဆိုးကျင့်ကြံသူသည် အမှန်တကယ်ပင် နတ်ဆိုးလောကမှ နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်တပည့် တစ်ဦး ဖြစ်သည်။
သူ၏ အဆင့်မှ ကျင့်ကြံသူအားလုံးသည် ကျင့်ကြံခြင်းလောက၏ အထွတ်အထိပ်တွင် ရပ်တည်နေနိုင်သူများ ဖြစ်ကြသည်။
သို့ဆိုလျှင်ပင် ကျင့်ကြံဆင့်နိမ့်သော ရီဖူရှင်းက ရှောင်းမုကို ဆန့်ကျင်တိုက်ခိုက်နိုင်မည်ဟု ယုံကြည်ချက်ရှိနေဆဲ ဖြစ်သည်။
ရှောင်းမုသည် ရီဖူရှင်း ရင်ဆိုင်ခဲ့ဖူးသော အားအကောင်းဆုံး ရန်သူများထက် ပို၍ အားကောင်းပေလိမ့်မည်။
အဝေးရှိ တည်းခိုဆောင်၌ အရက်သောက်နေသည့် မေ့ထန်က သူတို့နှစ်ယောက် ရှိနေရာကို ကြည့်လိုက်သည်။ သူသည်လည်း တိုက်ပွဲကို အလွန် စိတ်ဝင်စားနေခဲ့သည်။ ရီဖူရှင်းသည် ယူချင်း လိုလိုချင်ချင် လိုက်ပါရန် ဆန္ဒရှိသော ဒဏ္ဍာရီသဖွယ် လူမျိုး ဖြစ်သည်။ မေ့ထန်သည် လက်ရှိ ရီဖူရှင်းက မည်မျှ အားကောင်းလာပြီ ဖြစ်ကြောင်း မြင်တွေ့လိုပေသည်။
ရှောင်းမုသည် ရီဖူရှင်းအတွက် ကျိန်းသေ ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်ပေလိမ့်မည်။
နတ်ဆိုးလောက၏ နတ်ဆိုးစစ်သူကြီးရှစ်ယောက်မှ တစ်ယောက်အနေနှင့် မေ့ထန်သည် နတ်ဆိုးအင်ပါယာ တိုက်ရိုက်တပည့်များ၏ စွမ်းရည်ကို ကောင်းစွာ သတိပြုမိပေသည်။ ပြင်ပဘုံမှ ထူးချွန်လှသည့် ထိုထိပ်သီးပုဂ္ဂိုလ်များက သူတို့ကို ကိုင်တွယ်နိုင်မည် မဟုတ်ပေ။ နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်တပည့်တစ်ယောက် ဖြစ်လာခြင်းမှာ ရှောင်းမုသည် နတ်ဆိုးအင်ပါယာထံမှ ကိုယ်တိုင်ကိုယ်ကျ သင်ကြားပြသပေးမှုကို ခံယူထားရသည်ဟု ဆိုလိုပေသည်။ ရှောင်းမု၏ နတ်ဆိုးအတတ်ပညာကို နတ်ဆိုးအင်ပါယာမှ သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်အာဏာစက်ကျောင်းတော်မှ ထိပ်သီးပုဂ္ဂိုလ်များသည်လည်း လေးနက်သော အမူအရာနှင့် ရှိနေခဲ့ကြသည်။ သူတို့သည်လည်း ရီဖူရှင်း၏ ပြိုင်ဘက်က မည်မျှ အစွမ်းထက်ကြောင်း သတိပြုမိပေသည်။ ရှောင်းမုက သူတို့အတွက်ပင် သာလွန်သော တစ်စုံတစ်ယောက် ဖြစ်သည်။ သူတို့အတွက် နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်တပည့်တစ်ယောက်နှင့် ရင်ဆိုင်တွေ့ရသည်မှာ ရှားပါးပေသည်။ ရှောင်းမု၏ အဆင့်အတန်းသည် လွန်ခဲ့သော နှစ်နှစ်ဆယ်က မင်းသမီးဒွန်ဟောင်နှင့်အတူ လာခဲ့သည့် လှံအင်ပါယာတုယို့နှင့် တူညီပေသည်။ လှံအင်ပါယာတုယို့က အရှင်ဒွန်ဟောင်၏ တိုက်ရိုက်တပည့်တစ်ယောက် ဖြစ်သည်။
နတ်ဆိုးလောကကို အုပ်စိုးသည့် နတ်ဆိုးအင်ပါယာက အစွမ်းထက်လှသော ဒဏ္ဍာရီပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ သူ၏ တပည့်က မည်မျှ အားကောင်းလိမ့်မည်နည်း။
ရီဖူရှင်းနှင့် ရှောင်းမုတို့ထံမှ ထုတ်လွှတ်နေသည့် အရှိန်အဝါတို့က ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။ နတ်ဆိုးစွမ်းအားများကလည်း လှည့်ပတ်အော်မြည်နေ၏။ တစ်ချိန်တည်းတွင် ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော တုန်ခါသံများ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်သည် လမ်းစဥ်ခန္ဓာအဖြစ် ပြောင်းလဲသွားပြီး မဟာလမ်းစဥ် နတ်ခန္ဓာ ဖြစ်လာပေသည်။ ၎င်းသည် အလွန် လွှမ်းမိုးနိုင်စွမ်း ရှိလှသည်။ ယခင် တိုက်ပွဲများတွင် ရီဖူရှင်းနှင့် အဆင့်ချင်းတူညီသော ရန်ဟောင်တို့သည် သူ့ထံမှ တိုက်ခိုက်မှုတစ်ချက်ကိုပင် ခံယူနိုင်စွမ်း မရှိခဲ့ကြပေ။ မဟာအင်ပါယာရှန်ကျားထံမှ ရီဖူရှင်း ဆက်ခံရရှိခဲ့သော နတ်ခန္ဓာက မည်မျှ အစွမ်းထက်ကြောင်း သိသာပေသည်။
ရီဖူရှင်း၏ အသွေးအသားတို့ ပြောင်းလဲလာမှုကို အာရုံခံမိပြီးနောက် ရှောင်းမု၏ ခန္ဓာကိုယ်သည်လည်း ပြောင်းလဲလာသည်။ သူ၏ နတ်ဆိုးသဏ္ဌာန်က ချက်ချင်းပင် ကြောက်မက်ဖွယ် အလင်းတို့နှင့် ဖုံးလွှမ်းခံလိုက်ရသည်။ အနက်နှင့် ခရမ်းရောင်အလင်းတို့ စုစည်းလာပြီး သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်လာသည်။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ပြင်းထန်သည့် စွမ်းအားတို့ကို လူတိုင်းခံစားမိနိုင်ပေသည်။ သူ၏ အသွေးအသားက လွှမ်းမိုးနိုင်စွမ်း အပြည့်အဝနှင့် ဖျက်ဆီးနိုင်သည့် စွမ်းအားတို့ဖြင့် လွှမ်းခြုံထားသည်။
စုန့်အင်ပါယာမြို့မှ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်သည့်အခါ မျက်လုံးများကို ကျဥ်းမြောင်းလိုက်ကြသည်။ ကောင်းကင်ဒေသမှ ကျင့်ကြံသူများက နတ်ဆိုးအင်ပါယာနှင့် အတော်လေး မရင်းနှီးကြပေ။ သို့သော် ကောင်းကင်ဒေသမှ ထိပ်သီးအဆင့်တွင် ကြာရှည်စွာ ရပ်တည်နေခဲ့သူများသည် ယခင်ရ နတ်ဆိုးအင်ပါယာ၏ ကောလာဟလများကို ကြားဖူးကြပေသည်။
အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။ "ကောလာဟလတွေအရ နတ်ဆိုးလောကထဲမှာ နတ်ဆိုးအင်ပါယာက တစ်သန်းမှာ တစ်ယောက် ပေါ်တဲ့ ရှားပါး ပါရမီရှင်တဲ့။ သူက ပြိုင်ဘက်ကင်း သာလွန်တဲ့ နတ်ဆိုးပညာရပ်တွေ အများကြီးကို ဖန်တီးခဲ့တယ်ဆိုပဲ။ သူက ကျော်ကြားတဲ့ ဒဏ္ဍာရီတစ်ပါး ဖြစ်တယ်။ သူ ဖန်တီးခဲ့တဲ့ နတ်ဆိုးပညာရပ်တွေ အားလုံးက လောကမှာ ထိပ်တန်းအဆင့် နတ်ဆိုးပညာရပ်တွေ ဖြစ်တယ်။ အားလုံးက အထွတ်အထိပ် နတ်ဆိုးပညာရပ်တွေပဲ။ ပြီးတော့ နတ်ဆိုးအင်ပါယာရဲ့ သင်ကြားပြသမှုတွေက သူ့တပည့်တွေရဲ့ ပင်ကိုစွမ်းရည်နဲ့ ကိုက်ညီအောင် ချိန်ညှိထားတာလို့ ပြောတယ်။ နတ်ဆိုးကျင့်ကြံသူတစ်ယောက်ချင်းစီရဲ့ ကျင့်ကြံခြင်းကို အခြေခံပြီးတော့ မတူညီတဲ့ နတ်ဆိုးပညာရပ်တွေကို သင်ယူသူတွေနဲ့ သင့်တော်ကိုက်ညီတာမျိုး သင်ကြားပေးတယ်။"
အကြီးအကဲက ကောင်းကင်သို့ မော့ကြည့်ကာ ဆက်ပြောလိုက်သည်။ "ကြားဖူးတာတော့ လက်ရှိ နတ်ဆိုးအင်ပါယာရဲ့ တပည့်တွေအားလုံးက အရမ်းအစွမ်းထက်တဲ့ စွမ်းအားတွေကို ဆက်ခံထားခဲ့ကြတယ်တဲ့။ ရှောင်းမုက သူ့ရဲ့ တိုက်ရိုက်တပည့်တစ်ယောက် ဖြစ်တယ်ဆိုတော့ နတ်ဆိုးအင်ပါယာရဲ့ နတ်ဆိုးပညာရပ်တွေထဲက အချို့ကို သင်ယူလေ့လာနိုင်ခဲ့မှာပဲ။ သူ ဘယ်လောက်တောင် အားကောင်းမလဲဆိုတာ သိချင်မိတယ်။"
ထိုစကားလုံးများကို ကြားသည့်အခါ ကောင်းကင်အာဏာစက်ကျောင်းတော်မှ ထိပ်သီးကျင့်ကြံသူများစွာ၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သူတို့က နတ်ဆိုးအင်ပါယာ မည်မျှ အားကောင်းကြောင်း သေချာမသိကြပေ။ သို့သော် နတ်ဆိုးအင်ပါယာသည် နတ်ဆိုးလောက၏ ပရမ်းပတာဖြစ်မှုများကို အဆုံးသတ်စေခဲ့သူ ဖြစ်သည်။ သူက နတ်ဆိုးလောကတစ်ခွင်လုံးကို အုပ်စိုးပြီး စုစည်းနိုင်ခဲ့သည့် ဒဏ္ဍာရီပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူ၏ ကျော်ကြားမှုက အရှင်ဒွန်ဟောင်နှင့် တန်းတူရှိပေသည်။ သူသည် အထွတ်အထိပ်၌ ရပ်တည်နေသော ကျင့်ကြံသူအနည်းငယ်ထဲမှ တစ်ယောက် ဖြစ်သည်။
သူ၏ တိုက်ရိုက်တပည့်က မည်မျှ အားကောင်းလိမ့်မည်နည်း။
သူတို့က ရီဖူရှင်းအပေါ်၌ ယုံကြည်ချက်များစွာ ရှိနေလျှင်ပင် မတူညီသော ကျင့်ကြံဆင့်နှင့် နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်တပည့်ကို ဆန့်ကျင်တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မည်လား မသေချာကြပေ။
ရီဖူရှင်း၏ ပြိုင်ဘက်က ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများ၏ တိုက်ရိုက်တပည့်သာ ဖြစ်ပြီး နတ်ဆိုးအင်ပါယာ တိုက်ရိုက်တပည့် ဟုတ်မနေခဲ့လျှင် ထိုထိပ်သီးပုဂ္ဂိုလ်များက စိုးရိမ်ပူပန်နေမည် မဟုတ်ပေ။ ထိပ်သီးအင်အားစုများမှ တိုက်ရိုက်တပည့်များသည် နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်တပည့်နှင့် ယှဥ်ပါက အရေးပါခြင်း မရှိတော့ချေ။
ရှောင်းမု၏ အကြည့်များက ရီဖူရှင်းထံ၌ မြဲမြံနေခဲ့သည်။ သူတို့နှစ်ယောက်သည် ပြိုင်ဘက်က မည်မျှ အစွမ်းထက်လှကြောင်း ခံစားမိပေသည်။ တစ်ယောက်က နတ်ဆိုးသဏ္ဌာန် ဖြစ်နေသည့်အချိန် တစ်ယောက်က နတ်ခန္ဓာ ဖြစ်နေပြီး အဆုံးမဲ့ သင်္ကေတအက္ခရာများနှင့် နတ်အလင်းတို့၏ ဝန်းရံထားခြင်းကို ခံရသည်။
"မဟာအင်ပါယာရှန်ကျားထံက ဆက်ခံခဲ့ရတဲ့ မဟာလမ်းစဥ်ခန္ဓာကိုယ်က ဘယ်လောက် အစွမ်းထက်လဲ သိချင်မိပါရဲ့။" ရှောင်းမုက ကျယ်လောင်စွာ ပြောလိုက်သည်။ သူ၏ အသံက နက်ရှိုင်းပြီး ပဲ့တင်ထပ်နေသည်။ ၎င်းက လေဟာနယ်ကို တုန်ခါလာစေသည်။ သူက ရှေ့သို့ ခြေလှမ်းလိုက်၏။ သူသည် မည်သည့် နတ်ဆိုးပညာရပ်ကိုမှ မထုတ်ဖော်ခဲ့ဘဲ ရီဖူရှင်းနှင့် သူ၏ ခန္ဓာကိုယ်ခွန်အားသီးသန့်ဖြင့် ထိပ်တိုက်ရင်ဆိုင်ရန် ရည်ရွယ်ခဲ့သည်။
သူ၏ မြင့်မြတ်နတ်ဆိုးသဏ္ဌာန်က နတ်ဆိုးအင်ပါယာထံမှ ဆက်ခံခဲ့ရခြင်း ဖြစ်သည်။ သူသည် ၎င်းကို နတ်ဆိုးအလင်းတို့နှင့် သန့်စင်ခဲ့ပြီးနောက် သူ၏ ကိုယ်ပိုင် မဟာလမ်းစဥ်နတ်ဆိုးသဏ္ဌာန်ကို ဖန်တီးနိုင်ခဲ့သည်။ သူသည် အဆင့်မြင့်ဖျက်ဆီးခြင်းကောင်းကင်နတ်ဆိုးသဏ္ဌာန်ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်။
နတ်ဆိုးအင်ပါယာ၏ တပည့် တစ်ယောက်ချင်းစီတိုင်းသည် မြင့်မြတ်နတ်ဆိုးသဏ္ဌာန်ကို ကျင့်ကြံကြသည်။ ထို့နောက် သူတို့က ၎င်းကို ကိုယ်ပိုင် အသွေးအသားတို့နှင့် ပေါင်းစပ်ကာ ကိုယ်ပိုင်နတ်ဆိုးသဏ္ဌာန်ကို ဖန်တီးနိုင်ကြ၏။ နတ်ဆိုးကျင့်ကြံသူများအတွက် ခန္ဓာကိုယ်ကျင့်ကြံခြင်းက အလွန် ထူးခြားလှသည်။ သန်မာလှသည့် ခန္ဓာကိုယ်မရှိလျှင် နတ်ဆိုးပညာရပ်များ၏ စွမ်းအားကို ထုတ်လွှတ်ရန် ခက်ခဲပေလိမ့်မည်။
နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်တပည့်တစ်ယောက်အနေနှင့် ရှောင်းမုသည် သူ၏ ခန္ဓာကိုယ်ကို အဆုံးစွန်ထိ ကျင့်ကြံထားပြီး ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်က အလွန် လွှမ်းမိုးနိုင်စွမ်း ရှိလှသည်။
ရှောင်းမုက ရှေ့သို့ လှမ်းလာသည့်အခါ ကောင်းကင်တစ်ခွင်လုံးက တုန်ခါပြီး ပရမ်းပတာ ဖြစ်သွားခဲ့သည်။ နတ်ဆိုးစွမ်းအားများက လှည့်ပတ်နေပြီး လူတိုင်းအပေါ်ကို အလွန် ပြင်းထန်သည့် ဖိအားများ ထုတ်လွှတ်နေသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်ကလည်း ပြိုင်ဘက်ကင်းလုနီးပါးပင် ဖြစ်သည်။ သူက နတ်ခန္ဓာ ဖွဲ့စည်းနိုင်ခဲ့ကတည်းက သူ့ကို ခန္ဓာကိုယ်ခွန်အား တစ်ခုတည်းသုံး၍ တိုက်ခိုက်နိုင်သည့် မည်သူ့ကိုမှ မတွေ့ကြုံခဲ့ဖူးသေးပေ။
သို့သော် ယခု သူက ရှောင်းမုနှင့် ရင်ဆိုင်နေရပြီး အနည်းငယ်သော ဖိအားကို ခံစားမိစေသည်။ ယင်းသည် သူ့ကို ယူချင်းနှင့် ပထမဆုံး တွေ့ဆုံခဲ့သည့်အခါက ခံစားချက်ကို ပြန်လည် အမှတ်ရစေခဲ့သည်။
ယူချင်း၏ ခန္ဓာကိုယ်က အလွန် အားကောင်းလှသည်။ သူ၏ နတ်ဆိုးပညာရပ်ကျင့်ကြံခြင်းအပြင် ပင်ကိုယ်စွမ်းရည်များကြောင့်လည်း ဖြစ်သည်။ နတ်ဆိုးလောက၌ ကျင့်ကြံပြီးနောက် ယူချင်း၏ ခန္ဓာကိုယ်က ပို၍ ကြောက်မက်ဖွယ် ကောင်းသော အဆင့်ထိရောက်အောင် ကျင့်ကြံပြီး ဖြစ်ရပေမည်။ ရီဖူရှင်းသည် ယခု ယူချင်း၏ ကျင့်ကြံခြင်းက မည်မျှ တိုးတက်နေမည်အား သိချင်နေသည်။
သို့သော် ရီဖူရှင်းသည် ယူချင်း၏ ကျင့်ကြံခြင်းနှင့် ပတ်သတ်၍ စိတ်မပူပေ။ ထိုသူက ကျိန်းသေ နောက်ကျကျန်နေခဲ့လိမ့်မည် မဟုတ်ပါချေ။
သူ၏ ပုံရိပ်က ရှေ့သို့ ခြေလှမ်းလိုက်သည်။ သူတို့နှစ်ယောက်လုံးက တိုက်ခိုက်ခြင်းစွမ်းအားများကို ထုတ်လွှတ်ခဲ့ကြခြင်းမရှိပေ။ ထို့အစား သူတို့သည် တစ်ယောက်ဆီသို့ တစ်ယောက် လျှောက်လာကြသည်။ သို့ဆိုလျှင်ပင် သူတို့က တိုက်ခိုက်ရန်မပြုရသေးခင် အလွန် ပြင်းထန်လှသည့် မုန်တိုင်းတစ်ခုက ထွက်ပေါ်လွှမ်းခြုံလာ၏။ မဟာလမ်းစဥ်၏ ပြင်းထန်သော တုန်ခါမှုများက ကောင်းကင်၌ ပြည့်နှက်နေခဲ့သည်။ ထိုတုန်ခါမှုများသည် ကောင်းကင်ထက်ရှိ ကြောက်မက်ဖွယ် မြင်ကွင်းအား စောင့်ကြည့်နေခဲ့ကြသည့် ကောင်းကင်အာဏာစက်ကျောင်းတော်၏ ကျင့်ကြံသူများစွာကို ကြက်သီးမွေးညင်းများ ထလာစေသည်။ ဤကဲ့သို့သော ခန္ဓာကိုယ်ခွန်အားက ကျင့်ကြံသူတစ်ယောက် ရရှိအောင်မြင်နိုင်သည်လား။
ထိပ်သီးအဆင့် ကျင့်ကြံသူများသည်ပင် ထိတ်လန့်အံ့အားသင့်ခဲ့ကြသည်။ ရန်ဟောင်ချန်းက ကောင်းကင်အာဏာစက်ကျောင်းတော်ကို ကာကွယ်ရန် ရှေ့ထွက်လာခဲ့ပြီး ကောင်းကင်ထက်ရှိ တိုက်ပွဲမှ အဖျားခတ်ကာ ထိခိုက်လာမည်ကို တားဆီးခဲ့သည်။
ကောင်းကင်ထက်တွင် နတ်ဆိုးအလင်းများနှင့် နတ်အလင်းတို့က လွှမ်းခြုံနေ၏။ သူတို့နှစ်ယောက်က အချင်းချင်းထံသို့ တည့်မတ်စွာ လျှောက်သွားနေခဲ့သည်။ ထို့နောက် နှစ်ယောက်လုံးက လက်သီးများကို ဆန့်ထုတ်ကာ တချိန်တည်းတွင် တိုက်ခိုက်လိုက်ကြသည်။ ထိုနေရာ၌ ထင်ရှားသည့် နည်းစနစ်ဟူ၍ မရှိပေ။ သူတို့နှစ်ယောက်လုံးက ပြိုင်ဘက်ထံသို့ တည့်မတ်စွာ ပြေးဝင်သွားရင်းဖြင့် ကြောက်မက်ဖွယ် တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်သည်။
ဘန်း…
ကောင်းကင်က ပြင်းထန်စွာ တုန်ခါသွားသည်။ ပြိုင်ဘက်ကင်းမုန်တိုင်းတစ်ခုက သူတို့အနီးဝန်းကျင်၌ ဖြစ်ပေါ်နေခဲ့သည်။ သူတို့နှစ်ယောက်ကို ဗဟိုပြုကာ ထိတ်လန့်ခြောက်ခြားဖွယ် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာ၏။ သူတို့၏ ပုံရိပ်များက နောက်သို့ လွင့်ထွက်သွားခြင်း မရှိပေ။ နှစ်ယောက်လုံးက ထိုနေရာ၌ မားမားမတ်မတ် ရပ်နေခဲ့သည်။
ရီဖူရှင်းသည် သူ၏ ခန္ဓာအတွင်းသို့ ကြောက်မက်ဖွယ် နတ်ဆိုးအလင်းတို့ တိုးဝင်လာသည်ကို ခံစားမိခဲ့သည်။ ထိုနတ်ဆိုးအလင်းတွင် ပြိုင်ဘက်ကင်းဖျက်ဆီးခြင်းစွမ်းအားတို့ ပါဝင်နေသည်။ ၎င်းသည် သူ၏ အသွေးအသားများကို ဖျက်ဆီးချင်နေပုံရသည်။ သို့သော် မဟာလမ်းစဥ်၏ နတ်အလင်းတို့က သူကို ရစ်ပတ်ထားခဲ့သည်။ သူ၏ အသွေးအသားတို့က ပြီးပြည့်စုံလုနီးပါးဖြစ်ပြီး အလွယ်တကူ ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်ပေ။
ရှောင်းမုသည်လည်း တူညီစွာပင် သူ့လက်မောင်းကို ရစ်ပတ်လာပြီး သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည့် အစွမ်းထက်လှသော ထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအင်လှိုင်းတို့ကို ခံစားမိခဲ့သည်။ သို့သော် သူ၏ နတ်ဆိုးသဏ္ဌာန်က အဖန်ဖန် ကျင့်ကြံထားသော စွမ်းရည်ဖြစ်သည်။ နတ်ဆိုးလောက၏ ထူးခြားလှသော တည်နေရာတွင် ၎င်းသည် မရေတွက်နိုင်သော နတ်ဆိုးအလင်းတန်းများ၏ ရိုက်ခတ်မှုကို ကြုံတွေခဲ့ရသည်။ ၎င်းသည် အနှိုင်းမဲ့ ဖျက်ဆီး၍ မရနိုင်သော ခန္ဓာကိုယ် ဖြစ်သည်။ အဆင့်ကိုးရန်ဟောင်သည်ပင် သူ့ကို ဖျက်ဆီးရန် ခက်ခဲရပေလိမ့်မည်။
ရှောင်းမုက အံ့အားသင့်သွားခဲ့သည်။ သူနှင့် တိုက်ခိုက်နေသည့် ရီဖူရှင်းက နောက်သို့ ဆုတ်ခွာသွားရခြင်း မရှိပေ။ သူက ရှောင်းမုထံသို့ ဆက်လက် တိုးဝင်လာခဲ့သည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်က အမှန်တကယ် ထိပ်တန်းအဆင့် ဖြစ်နေကြောင်း ရှင်းလင်းပေသည်။
ထိုသို့သော ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်တွေ့ရခြင်းက ရှောင်းမုကို စိတ်လှုပ်ရှားသလို ခံစားရစေသည်။ ပြင်းထန်သည့် နတ်ဆိုးအလင်းတို့က စီးဆင်းနေပြီး သူ့လက်များထဲတွင် အကြွင်းမဲ့စွမ်းအားတို့ စုစည်းလာခဲ့သည်။ တစ်ဖန်ထပ်ကာ သူက လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ သူ၏ လွှမ်းမိုးနိုင်သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်အခါ သာမန်အဆင့်ရှစ်နတ်ဆိုးအင်ပါယာ(ရန်ဟောင်) တစ်ပါးသည်ပင် ထိုလက်သီးတစ်ချက်ဖြင့် သုတ်သင်ခံလိုက်ရပေလိမ့်မည်။ သူက နှစ်ကြိမ်တိုက်ခိုက်ရန် လိုအပ်လိမ့်မည် မဟုတ်ပေ။