ဓားပြားစွမ်းအား
Vol. 162 Ch. 2313
ရှောင်းမု တည်ဆောက်ထားသော ခန္ဓာကိုယ်က ဖျက်ဆီးနိုင်စွမ်း အလွန် မြင့်သော အဆင်မြင့်ဖျက်ဆီးခြင်းကောင်းကင်နတ်ဆိုးသဏ္ဌာန် ဖြစ်သည်။ သူ့ ခန္ဓာကိုယ်၏ ပြီးပြည့်မှုက တည်ငြိမ်ရုံသာမက ပြိုင်ဘက်နှင့် ထိပ်တိုက်တွေ့ဆုံသည့်အခါ ၎င်းသည် ပြိုင်ဘက်ကို ချက်ချင်း အပိုင်းပိုင်း စုတ်ဖြဲဖျက်ဆီးပစ်နိုင်ပေသည်။
သူက နတ်ဆိုးလောကမှာ ကျင့်ကြံနေသည့် အချိန်၌ အလွန် မောက်မာသည့် အပြုအမူများနှင့် ကျော်ကြားသော နတ်ဆိုးကျင့်ကြံသူ တစ်ယောက် ရှိခဲ့သည်။ သို့သော် သူ၏ နတ်ဆိုးခန္ဓာတစ်ခုတည်းနှင့် ရှောင်းမုသည် ပြိုင်ဘက်၏ နတ်ဆိုးသဏ္ဌာန်ကို အပိုင်းပိုင်း စုတ်ဖြဲကာ သတ်ဖြတ်နိုင်ခဲ့သည်။
သူ၏ အဆင့်မြင့်ဖျက်ဆီးခြင်းကောင်းကင်နတ်ဆိုးသဏ္ဌာန်၏ ကြောက်မက်ဖွယ် စွမ်းအားတို့နှင့်ဆိုလျှင် အဆင့်ခုနစ်ကျင့်ကြံသူဖြစ်သော ရီဖူရှင်းသည် သူ၏ တိုက်ခိုက်မှုတစ်ချက်ကိုပင် ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ပေ။ သို့သော် ရီဖူရှင်း၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် သူနှင့်ပင် ယှဥ်ပြိုင်နိုင်စွမ်းရှိသည့်အတွက်ကြောင့် ရှောင်းမုက အလွန် စိတ်လှုပ်ရှားသွားပေသည်။
ထိုအခိုက်အတန့်တွင် ရှောင်းမုကို ဗဟိုပြု၍ အနက်ရောင် ဖျက်ဆီးခြင်းလှိုင်းများက အဆက်မပြတ် ကျရောက်လာကာ သူ့ကို ဝန်းရံထားသည်။ ယင်းတို့က အပြင်ဘက်သို့ စတင်ဖြန့်ကျက်လာပြီး ကျယ်ပြောလှသည့် လေဟာနယ်အတွင်း ဖျက်ဆီးခြင်းနယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားပေသည်။ ထိုအနက်ရောင်အလင်းတန်း တစ်ခုချင်းစီတွင် အဆုံးမဲ့ ဖျက်ဆီးခြင်း အရှိန်အဝါတို့ ပါဝင်နေခဲ့သည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်မှ အော်မြည်သံများက ပို၍ ပြင်းထန်လာသည်။ သူ့အနီးတွင် မဟာလမ်းစဥ်အက္ခရာများ မျောလွင့်နေပြီး သူ့ခန္ဓာကိုယ်အတွင်းတွင် ဓားစွမ်းရည်အရှိန်အဝါ ခပ်ရေးရေး လှည့်ပတ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်က ဓားခန္ဓာတစ်ခုအဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရပေသည်။ ရီဖူရှင်းက လမ်းစဥ်နှင့် ရုပ်ခန္ဓာဖွဲ့စည်းခဲ့ပြီး ဓားပညာရပ်က သူ ရွေးချယ်ခဲ့သော ကျင့်ကြံခြင်း ဖြစ်သည်။
ခန္ဓာကိုယ်များ၏ ထိပ်တိုက်ရင်ဆိုင်နေရခြင်းဖြစ်သရွေ့ အဓိကပုဂ္ဂိုလ်ကြီးများ ဖြစ်နေလျှင်ပင် သူသည် မည်သူ့ကိုမှ ကြောက်ရွံ့လိမ့်မည် မဟုတ်ပေ။ သူ၏ ပြိုင်ဘက်က အလွန် မြင့်မားသော ကျင့်ကြံဆင့်နှင့် အဆင့်မြင့်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး နတ်ဆိုးအင်ပါယာ၏ ကိုယ်တိုင်ကိုယ်ကျ သင်ကြားပြသပေးခြင်းကို ခံယူခဲ့ရသည့် ရှောင်းမုဖြစ်နေလျှင်ပင် သူ၏ ရုပ်ခန္ဓာက သူ့ပြိုင်ဘက်ထက် အားနည်းသည်ဟု တွေးထင်ထားခဲ့ခြင်း မရှိပေ။ ယခုထိတိုင် သူသည် ရုပ်ပိုင်းဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်တွေ့ရှိမှုကို ကြောက်ရွံ့ခြင်း မရှိပေ။
သူတို့နှစ်ယောက်က တစ်ဖန် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ၎င်းသည် နတ်ဘုရားများနှင့် နတ်ဆိုးတို့ကြားမှ ထိပ်တိုက်ရင်ဆိုင်မှုတို့နှင့် တူညီပေသည်။ ကောင်းကင်ထက်တွင် လွှမ်းမိုးဖိနှိပ်နိုင်သော ခန္ဓာကိုယ်နှစ်ခုက ဆက်လက်တိုက်ခိုက်နေပြီး ကောင်းကင်တစ်ခွင်လုံးကို ပြင်းထန်စွာ အော်မြည်လာစေသည်။ လေဟာနယ်တစ်ခုလုံးက တုန်ယင်လာ၏။ အလွန် ပြင်းထန်သည့် ခံစားချက်က လေထဲတွင် ပျံနှံ့နေခဲ့သည်။
နက်မှောင်သည့် အနက်ရောင် ဖျက်ဆီးခြင်းအလင်းတန်းများက ရီဖူရှင်းပေါ်သို့ ကျရောက်လာပြီး သူ့ခန္ဓာကိုယ်အတွင်း တိုးဝင်လာသည်။ သို့သော် သူ၏ လမ်းစဥ်ကို ဖျက်ဆီးရန် ရည်ရွယ်ပြီး ရှောင်းမု၏ ခန္ဓာကိုယ်အတွင်း ကျူးကျော်လာသော ဖျက်ဆီးခြင်း ဓားစွမ်းအားများလည်း ရှိနေခဲ့သည်။
ကြောက်မက်ဖွယ် တုန်ခါသံများက ပဲ့တင်ထပ်နေပြီး သူတို့၏ မျက်နှာအမူအရာက အနည်းငယ်မှ ပြောင်းလဲခြင်း မရှိခဲ့ပေ။ ၎င်းသည် ကျင့်ကြံခြင်း နိမ့်သည့် လူများကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ် တိုက်ခိုက်မှုဖြစ်သော်လည်း သူတို့သည် အလွန် တည်ငြိမ်နေပုံရပြီး မည်သည့် သက်ရောက်မှုမရှိသလိုမျိုး ထင်မှတ်ရပေသည်။
အောက်ဘက်တွင် နတ်ဆိုးလောကမှ ထိုကျင့်ကြံသူများ တိတ်တိတ်လေး တုန်ယင်နေကြသည်။ သူတို့အားလုံးသည် နတ်ဆိုးလောက၏ အင်ပါယာနန်းတော်မှ လာခြင်းဖြစ်ပြီး ထူးချွန်ထက်မြက်သော ကျင့်ကြံသူများ ဖြစ်ကြသည်။ ရှင်းလင်းစွာပင် သူတို့သည် အခြားသူများထက်ပို၍ ရှောင်းမု၏ ခွန်အားအစစ်အမှန်ကို သိရှိကြသည်။ သူတို့၏ အမြင်တွင် ကောင်းကင်ဒေသ နယ်မြေများအတွင်း၌ နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်တပည့်အား ယှဥ်ပြိုင်နိုင်သည့်သူ မည်သူမှ ရှိလိမ့်မည် မဟုတ်ဟု တွေးထင်ထားခဲ့ကြသည်။
သို့သော် ရှောင်းမုထက် ကျင့်ကြံခြင်းတစ်ဆင့်နိမ့်သော ရီဖူရှင်းက သူနှင့် ထိပ်တိုက် ရင်ဆိုင်နိုင်ခဲ့ပေသည်။ ဤရုပ်ခန္ဓာက ထိုမျှ အစွမ်းထက်ရခြင်းမှာ ယခင်က သူ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို ဆက်ခံနိုင်ခဲ့သည့်အတွက်ပေလား။
ကြည့်ရသည်မှာ ကောင်းကင်ဒေသ၏ နယ်မြေများမှ စွန့်ပစ်ထားခဲ့သည့် မူလဘုံသည် ဤတစ်ကြိမ်၌ အလွန် ထူးချွန်ထက်မြက်လှသည့် ပါရမီရှင်တစ်ဦး မွေးဖွားပေးနိုင်ခဲ့ပုံရလေသည်။ ဤခွန်အားသည် အင်ပါယာနန်းတော်မှ ထူးချွန်လှသော မည်သည့် ပါရမီရှင်ကိုမှ ရှုံးနိမ့်လိမ့်မည် မဟုတ်ပေ။
"ဒီလူက မူလဘုံမှာ များပြားလှတဲ့ ဒဏ္ဍာရီတွေ ဖန်တီးနိုင်ခဲ့တာ အံ့သြစရာ မရှိဘူးပဲ။" တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။
"ဒါဆို ရှောင်းမုက အဲဒီလူ ထူးချွန်တယ်ဆိုတာ သိခဲ့လား။ အဲဒါကြောင့် သူက တမင်သက်သက် ကောင်းကင်အာဏာစက်ဘုံကို လာခဲ့တာလား။ အဲဒီလူနဲ့ တိုက်ခိုက်ဖို့လေ။" တစ်စုံတစ်ယောက်က မေးလိုက်သည်။ အများစုသည် ရီဖူရှင်းနှင့် ယူချင်းကြားမှ ဆက်ဆံရေးကို မသိရှိဘဲ လူအနည်းစုလောက်သာ သိရှိကြသည်။
"ဖြစ်နိုင်ပါတယ်။ ဒီလူက မူလဘုံရဲ့ နံပါတ်တစ် ပါရမီရှင်ပဲလေ။ သူက ရှောင်းမုနဲ့ ခွန်အားချင်းသက်သက် တိုက်ခိုက်ရဲပုံထောက်ရင် သူ့ကိုယ်သူ ဂုဏ်ယူသင့်ပါတယ်။" နောက်တစ်ယောက်က တုန့်ပြန်လိုက်သည်။
"ဒါပေမယ့် ရလဒ်က တူညီနေလိမ့်ဦးမှာပဲ။" တစ်ယောက်က ကောင်းကင်သို့ ကြည့်လိုက်သည်။ ဤသည်မှာ ရှောင်းမု၏ အဆင့်မြင့်ဖျက်ဆီးခြင်းကောင်းကင်နတ်ဆိုးသဏ္ဌာန် အဆုံးစွန်သော အခြေအနေ မဟုတ်သေးပေ။ အဆင့်မြင့်ဖျက်ဆီးခြင်းကောင်းကင်နတ်ဆိုးသဏ္ဌာန်သည် နတ်ဆိုးအင်ပါယာ၏ အဆင့်မြင့်နတ်ဆိုးသဏ္ဌာန်မှ ဆင်းသက်လာခြင်းဖြစ်ပြီး ၎င်း၏ စွမ်းအားက ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ကြောက်မက်ဖွယ်ပင် ဖြစ်သည်။ သူ၏ ပြိုင်ဘက်က မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ် သန့်စင်ခြင်းနည်းစနစ်ကို ဆက်ခံနိုင်ခဲ့လျှင်ပင် ရှောင်းမုသည်လည်း နတ်ဆိုးအင်ပါယာ၏ နတ်ဆိုးခန္ဓာသန့်စင်ခြင်းပညာရပ်ကို ဆက်ခံထားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် သူတို့သည် ဤရုပ်ခန္ဓာခွန်အားချင်း တိုက်ပွဲ၌ အနိုင်ရသူက ရှောင်းမု ဖြစ်လိမ့်မည်ဟု ယုံကြည်ချက် ရှိကြပေသည်။
ကောင်းကင်ထက်မှ တိုက်ပွဲက ပို၍ ရက်စက်ကြမ်းကြုတ်လာသည်။ နှစ်ယောက်သားသည် ထပ်တလဲလဲ တိုက်ခိုက်နေကြသော်လည်း သူတို့၏ အရှိန်အဝါက အနည်းငယ်မှ အားပျော့သွားခြင်း မရှိသည့်အပြင် ပို၍ပင် အစွမ်းထက်လာပေသည်။ ကောင်းကင်ထက်ရှိ မဟာလမ်းစဥ်၏ ကြောက်မက်ဖွယ် အော်မြည်သံတို့သည် ထိုခန္ဓာကိုယ်များက မဟာလမ်းစဥ်ကို ဖြိုခွဲ၍ ပြိုကျလုဆဲဆဲ ဖြစ်လာသည်ကို ညွှန်ပြနေခဲ့သည်။
တိုက်ပွဲတွင် ရှောင်းမုထံမှ နတ်ဆိုးအရှိန်အဝါတို့က ပြင်းထန်လှပြီး ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာပေသည်။ ၎င်းသည် လူသားတစ်ယောက် မဟုတ်တော့ဘဲ အကြွင်းမဲ့ဖျက်ဆီးခြင်းမိုးကြိုးများဖြင့် ဖွဲ့စည်းထားသော အသွေးအသားခန္ဓာအဖြစ် ပြောင်းလဲသွားလေသည်။ သူက လက်ကို မြှောက်လိုက်သည်နှင့် ထောင်ချီသည့် အနက်ရောင်နတ်ဆိုးစွမ်းအင်လှိုင်းများက သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းသို့ စီးဆင်းသွားပြီး သူ့ လှုပ်ရှားမှုတိုင်း၌ ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းစွမ်းအားတို့ ပါဝင်လာသည်။
တိုက်ပွဲအတွင်း တဖြေးဖြေးနှင့် ရှောင်းမု၏ ရုပ်ခန္ဓာက နောက်တစ်ဆင့်သို့ ပြောင်းလဲသွားခဲ့ပုံရလေသည်။ ၎င်းသည် ယခုတွင် လုံးဝနက်မှောင်သွားခဲ့ပြီး အကြွင်းမဲ့ နတ်ဆိုးခန္ဓာအဖြစ် ပြောင်းလဲသွားခဲ့ပေသည်။
ဘန်း…
နောက်ထပ် ပြင်းထန်သည့် တိုက်ခိုက်မှု ဖြစ်ပေါ်လာသည်။ သူတို့နှစ်ယောက်က အချင်းချင်း တစ်ဖန် တိုက်ခိုက်လိုက်ကြပြန်ကာ ထိပ်တိုက်တွေ့ဆုံသည့် တခဏ၌ ရီဖူရှင်းသည် သူ့ခန္ဓာကိုယ်အတွင်း တိုးဝင်လာသော အဆုံးမဲ့ ဖျက်ဆီးခြင်းစွမ်းအားတို့ကို ခံစားမိခဲ့သည်။ သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းက တုန်ယင်နေခဲ့ပြီး နောက်သို့ အနည်းငယ် ဆုတ်ခွာလိုက်ရသည်။
ဤသည်မှာ သူတို့နှစ်ယောက်အတွက် ပထမဆုံးအကြိမ် ထိုမျှ များပြားသည့် အကွာအဝေးထိ လူကွဲသွားခဲ့ခြင်း ဖြစ်သည်။ ရီဖူရှငသည် သူ့ကိုယ်သူ ပြန်ထိန်းရင်း အခြားတစ်ဖက်သို့ ကြည့်လိုက်သည်။ ထိုအချိန်၌ ရှောင်းမုသည် နတ်မိစ္ဆာတစ်ပါးသဖွယ် မားမားမတ်မတ် ရပ်နေခဲ့သည်။ သူ၏ မည်းနက်သော မျက်လုံးများက ရီဖူရှင်းထံ၌ မြဲမြံနေခဲ့ပြီး အဆုံးမဲ့လွှမ်းမိုးခြင်းတို့နှင့် ပြည့်နှက်နေခဲ့သည်။ သူက ရီဖူရှင်းကို ပြောလိုက်သည်။ "မဆိုးဘူး။ မင်းကို တိုက်ခိုက်ဖို့ ကျုပ်ရဲ့ ခွန်အားအစစ်ကို ထုတ်ဖော်လိုက်ရမယ်လို့ ထင်မထားခဲ့ဘူး။ မင်းက တကယ်ပဲ 'မူလဘုံရဲ့ ဘုရင်အသစ်' လို့ ခေါ်ထိုက်ပါပေတယ်။"
သူ့အသံက လွှမ်းမိုးနိုင်ကာ သူ့ကိုယ်သူ ယုံကြည်ချက်အပြည့်နှင့် ဖြစ်ပြီး တစ်ဖက်လူကို အနည်းငယ် အထင်အမြင်သေးခြင်းပင် ပါဝင်နေသည်။ နတ်အလင်းများက ရီဖူရှင်းအနီးတွင် စီးဆင်းနေပြီး သူက ထိုနတ်ဆိုးခန္ဓာကို ကြည့်ကာ ပြောလိုက်သည်။ "ခင်ဗျားလည်း မဆိုးပါဘူး။ ဒါက ကျုပ် ပိုပြီး အလေးအနက်ထားဖို့ တွန်းအားဖြစ်စေတယ်။"
"ဟမ်" ရှောင်းမုက မျက်မှောင်ကြုတ်လိုက်သည်။ ရီဖူရှင်း ဆိုလိုသည့် 'သူ့ကို အလေးအနက်ထားစေရန် တွန်းအားဖြစ်စေတယ်' ဆိုသည်မှာ မည်သည့် အဓိပ္ပါယ်နည်း။
သူ ယခင်က အလေးအနက် မလုပ်ဆောင်ခဲ့ဟု ဆိုလိုနေသည်လား။
သူ၏ နတ်ဆိုးမျက်လုံးများက ရီဖူရှင်းကို စိုက်ကြည့်နေခဲ့ပြီး သူသည် ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်၌ စီးဆင်းနေသည့် တောက်ပသော နတ်အလင်းများက ပို၍ပင် တောက်ပစွာဖြင့် ပေါက်ကွဲထွက်လာသည်ကို မြင်လိုက်ရသည်။ သူသည် ဗုဒ္ဓဓမ္မတေးသံကို ခပ်ဝါးဝါး ကြားလိုက်ရသလို ထင်မှတ်ရပြီး နေနှင့်လမင်း အလင်းရောင်က စီးဆင်းလာသည်။ အလင်းက ထိုခန္ဓာထက် ရောင်ပြန်ဟပ်နေပြီး အစီအရင်တစ်ခု ဖြစ်တည်လာသည်။
ရှောင်းမုက သတိအနေအထား ဖြစ်သွားခဲ့၏။ ယခင်က ရီဖူရှင်းသည် သာမန်သာ တိုက်ခိုက်ခဲ့ပြီး ခွန်အားအပြည့်မသုံးခဲ့သည်လား။
ဘုန်း.. ဘုန်း.. ဘုန်း...
ချက်ချင်းပင် ရီဖူရှင်း၏ ခန္ဓာကိုယ်က ကြီးမားသော သတ္တဝါကြီးတစ်ကောင်ကဲ့သို့ ကြမ်းကြုတ်ကာ ဟိန်းဟောက်နေပြီး အဆုံးမဲ့ နတ်အလင်းများ စီးဆင်းနေခဲ့သည်။ သူ့ခန္ဓာကိုယ်က ရှေ့သို့ ရွေ့လျားလာခဲ့ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရှောင်းမုထံ တည့်မတ်စွာ တိုးဝင်သွားသည်။ ထိုအခိုက်အတန့်တွင် ရှောင်းမု၏ နတ်ဆိုးမျက်လုံးများက နှိုင်းယှဥ်မရအောင် တောက်ပသည့် နတ်ဘုရားတစ်ပါးကဲ့သို့ ရီဖူရှင်းကို စူးစမ်းနေခဲ့သည်။
သူ့ရှေ့မှ မြင်ကွင်းကို မြင်သည့်အခါ ရှောင်းမု၏ မျက်လုံးများက ထက်ရှလာသည်။ သူ၏ အမူအရာက မည်းမှောင်လာပေသည်။ သူက ရှေ့သို့ ခြေလှမ်းလိုက်ပြီး ကြီးမားလှသည့် နတ်ဆိုးလက်သီးဖြင့် ထိုးနှက်လိုက်ကာ ရီဖူရှင်း၏ လက်သီးတို့နှင့် ထိပ်တိုက်တွေ့သွားခဲ့ပြီး လေဟာနယ်ကို ပြင်းထန်စွာ တုန်ခါသွားစေခဲ့သည်။
အောက်ဘက်ရှိ လူများက ကောင်းကင်ထက်ကို ကြည့်နေကြပြီး သူတို့နှစ်ယောက်က အစစ်အမှန် နတ်ဘုရားများနှင့် နတ်ဆိုးများအဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရမိစေသည်။ မဟာလမ်းစဥ်က တစ်ချက်တည်းနှင့် ပြိုကွဲသွားခဲ့သည်။ ထို့နောက် နတ်ဆိုးလောကမှ ကျင့်ကြံသူများ၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်၌ပင် ရှောင်းမု၏ ခန္ဓာကိုယ်က နောက်သို့ လွင့်ထွက်သွားခဲ့ပေသည်။ ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းအရှိန်အဝါတို့က နက်မှောင်သည့် နတ်ဆိုးခန္ဓာပေါ်တွင် ပေါ်ပေါက်လာကာ အစွန်းရောက် ယင်ယန်စွမ်းအားတို့က သူ့ခန္ဓာကိုယ်အတွင်း မွှေနှောက်နေခဲ့သည်။ အကြွင်းမဲ့နတ်ဆိုးခန္ဓာသည်ပင် ထိုသို့ နှစ်ဖက်စွန်းဖြစ်နေသည့် စွမ်းအားကို တောင့်ခံနိုင်ရန် ခက်ခဲလှသည်။
နတ်ဆိုးအလင်းများ စီးဆင်းနေသည့် ရှောင်းမုက ရပ်တန့်သွားပြီး ရီဖူရှင်းကို စိုက်ကြည့်နေခဲ့သည်။ မျှော်လင့်မထားစွာဘဲ သူသည် မဟာလမ်းစဥ် ခန္ဓာကိုယ်ခွန်အားနှစ်ခုကြား ထိပ်တိုက်ရင်ဆိုင်မှုတွင် သူ၏ ပြိုင်ဘက်ကို ရှုံးနိမ့်ခဲ့ရကြောင်း သတိပြုမိလိုက်သည်။ အဆင့်မြင့်ဖျက်ဆီးခြင်းကောင်းကင်နတ်ဆိုးသဏ္ဌာန်သည် တိုက်ခိုက်မှုတစ်ချက်တည်းဖြင့် ဖိနှိပ်ကာ ဖျက်ဆီးခံလိုက်ရပေသည်။ ထိုတိုက်ခိုက်မှုတွင် သူက ရှုံးနိမ့်ခဲ့ပေသည်။
ရှောင်းမု၏ ခန္ဓာကိုယ်အတွင်းမှ နတ်ဆိုးစွမ်းအားများက အော်မြည်နေခဲ့သည်။ အဆုံးမဲ့လေဟာနယ်ကို လွှမ်းခြုံထားသည့် ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအင်နယ်မြေတစ်ခုက ကောင်းကင်နှင့် မြေကြီးကြားတွင် ထွက်ပေါ်လာသည်။ သူက ရီဖူရှင်းကို စိုက်ကြည့်လိုက်ပြီး သူ၏ မောက်မာမှုတို့က ပျောက်ဆုံးသွားဟန်ရှိပေမယ့် သူ့ စိတ်ဝိညာဥ်က ယုံကြည်ချက်အပြည့်နှင့် လွှမ်းမိုးနိုင်စွမ်းရှိနေဆဲ ဖြစ်သည်။
သူသည် ရီဖူရှင်း၏ ဂုဏ်သတင်းကို ကြားဖူးပြီး ယူချင်းနှင့် ပတ်သတ်မှုကို သိထားခဲ့သော်လည်း သူက ရှုံးနိမ့်ရလိမ့်မည်ဟု မည်သည့်အခါကမှ တွေးထင်ထားခဲ့ခြင်း မရှိပေ။
ထိုခန္ဓာကိုယ်ခွန်အားချင်း ထိပ်တိုက်ရင်ဆိုင်မှုမှ ကျရှုံးမှုသည် နောက်ဆုံး ရလဒ်ကို ဖော်ပြခြင်း မရှိပါချေ။ နတ်ဆိုးလမ်းစဥ်ကျင့်ကြံသူများသည် ခန္ဓာကိုယ် ကျင့်ကြံခြင်းကို ဦးစားပေးသော်လည်း ၎င်းသည် သူတို့ကို အစွမ်းထက်စေသည့် တစ်ခုတည်းသော အရာမဟုတ်ပေ။ ထို့ပြင် သူက နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်တပည့်တစ်ယောက် ဖြစ်သည်။
ကောင်းကင်ထက်တွင် နက်မှောင်နေသည့် နတ်ဆိုးလမ်းစဥ်အလင်းတန်းတို့ စီးဆင်းနေပြီး နတ်ဆိုးဓားများအဖြစ် ပြောင်းလဲသွားခဲ့သည်။ နတ်ဆိုးဓားစက်ကွင်းတစ်ခုက ကောင်းကင်နှင့် မြေကြီးကြား ထွက်ပေါ်လာသည်။ နက်မှောင်နေသည့် အနန္တဓားသွားများက လေဟာနယ်အတွင်း လှုပ်ရှားနေပြီး ကျယ်ပြောလှသော မြေကို ဖုံးအုပ်ထား၏။ ကြမ်းကြုတ်သော ဖျက်ဆီးခြင်းစွမ်းအားများနှင့် ပြည့်နှက်နေသည့် ဓားပြားကြီး၏ စွမ်းအင်များတွင် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်တို့ ပါဝင်နေသည်။
ကြောက်မက်ဖွယ် ကပ်ဘေးတိမ်တိုက်က စုစည်းလာကာ အနက်ရောင်မိုးကြိုးစွမ်းအားအဖြစ် ပေါင်းစည်းသွားသည်။ သူ့နောက်တွင် အကန့်အသတ်မဲ့ ကြီးမားလှသည့် နတ်ဆိုးဓားတစ်လက် ပေါ်ပေါက်လာပြီး ယင်းက ကောင်းကင်ကိုပင် ခုတ်ဖြတ်နိုင်စွမ်း ရှိပေသည်။ ရှောင်းမုက လက်ကို ဆန့်ထုတ်လိုက်လျှင် ကောင်းကင်နှင့် မြေကြီးက ရုတ်တရက် ကျယ်လောင်စွာ အော်မြည်လာ၏။ ဖျက်ဆီးခြင်းမုန်တိုင်းအတွင်း နက်မှောင်သော နတ်ဆိုးဓားတစ်လက်က သူ့လက်ထဲတွင် ထွက်ပေါ်လာခဲ့သည်။ ရှောင်းမုက နတ်ဆိုးဓားကို ဆွဲကိုင်လိုက်ပြီး ပြိုင်ဘက်ကင်း ဖျက်ဆီးခြင်းအင်အားတို့က သူ့ထံမှ ပေါက်ကွဲထွက်လာသည်။
ဓားပြားကြီး၏ စွမ်းအားတစ်ခုတည်းသည်ပင် မဟာလမ်းစဥ်စွမ်းအားကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိပုံရလေသည်။ ရီဖူရှင်းက ၎င်း၏ စွမ်းအားကို ခံစားမိသည့်အခါ သူ့အမူအရာက လေးနက်သွားသည်။ ထိုဓားပြားကြီးစွမ်းအားက အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလှပေသည်။