← Chapters

ဟန်မူယဲ့ ရောက်ရှိလာခြင်း

Vol. 14 Ch. 187

ဟန်မူယဲ့ ရောက်ရှိလာခြင်း

Vol. 14 Ch. 187

တောအုပ်ထဲတွင် သစ္စာဖောက်အင်အားစုများ၊ ထန်ချီနှင့်အတူ ပါလာသော အင်အားစုများအလုံးသည် တောအုပ်ထဲကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။

သူတို့သည် မြူခိုးထဲကို ရှင်းလင်းစွာ ထွင်းဖောက်မမြင်ရပါ။ သူတို့က အနီရောင်ချပ်ဝတ်ဖြင့် လူများသည် တောအုပ်ထဲကို ဝင်ကာ ထိုငေးမောနေသော ကျင့်ကြံသူများအား သတ်ဖြတ်နေသည်ကို သာ မြင်ရ၏။

ထိုလူများမှာ ထန်ချီ ပြင်ဆင်ထားသော လူများ ဖြစ်ရပေမည်။

ရုတ်တရက် အားလုံး အံ့အားသင့်သွားသည်။

ထန်ချီ၏မျက်နှာမှ အပြုံးမှာလည်း ပျောက်ကွယ်သွားကာ ရက်စက်ကြမ်းကြုတ်သော ဟန်ပင်များ ဖြစ်ပေါ်လာသည်။

ဝုန်း…

တောအုပ်ထဲတွင် ဟွမ်လောင်လျှိုသည် မြန်ဆန်စွာ ဖြတ်သန်းသွားကာ ဓားတစ်ချက်တည်းဖြင့် သူတို့ရှေ့မှ လေဟာနယ်ကို ဖြတ်တောက်လိုက်သည်။

သူ၏ဓားအောက်တွင် သစ်ပင်ဖြစ်စေ၊ ကျင့်ကြံသူများဖြစ်စေ ပြတ်တောက်သွားရသည်။

ထိုအခိုက်တွင် ဟွမ်လောင်လျှိုအား စွမ်းအင်တစ်မျိုး ရစ်ပတ်ထားဟန်ရသည်။

သူ၏ဓားချက်တွင် အစီအရင်ဝင်္ကပါမှာ ပြိုပျက်သွားရ၏။

မြူခိုးထဲတွင် ငေးမောနေကြသော ကျင့်ကြံသူများမှာလည်း တဖန် သတိဝင်လာကြသည်။

“သူ့နောက်ကို လိုက်…”

တစ်စုံတစ်ယောက်က စတင်၍ ဟွမ်လောင်လျှို နောက်ကို လိုက်ပါပြေးလွှားသည်။

ဟွမ်လောင်လျှိုက သူ့ရှေ့မှ ကွန်ချာအရံအတားကို ဓားဖြင့် ခုတ်ချဖျက်ဆီးပစ်လိုက်သည်။

“ညီမဖျင်…”

မြူခိုးများ ပျက်ပြယ်သွား၏။ သူ့ရှေ့မှ ကျင့်ကြံသူများထဲတွင် အမျိုးသမီးကျင့်ကြံသူတစ်ဦးမှာ သံမဏိကြိုးများဖြင့် ချည်နှောင်ခံထားရသည်။ သူမကား လုချန်းဖျင် ဖြစ်သည်။

“အစ်ကိုကျန်းရှုံး…”

လုချန်းဖျင်၏မျက်လုံးမှ မျက်ရည်များ စီးကျလာသည်။

ထိုစဉ်က သူမသည် သူမ၏ဓားကို တမင်ရောင်းချကာ သဲလွန်စများ ချန်ထားရစ်ခဲ့သည်။ နောက်ပိုင်းတွင် ဟွမ်လောင်လျှိုက တောင်အောက်သို့ ဆင်းကာ သူမအား ကယ်တင်ရန် လိုက်လာသည်ဟု ကြားသိခဲ့ရသည်။

နောက်ပိုင်းတွင် တောင်ပိုင်းကုန်းမြေသို့ ထွက်ပြေးရာလမ်း၌ အခြေအနေမဟန်သောအခါ သစ္စာဖောက်ဂိုဏ်းများသည် သူမအား အကျဉ်းချကာ ဟွမ်လောင်လျှိုအား အကျပ်ကိုင်ရန် ကြံစည်ခဲ့ကြ၏။

တစ်ဘက်တွင် ဟွမ်လောင်လျှိုက သူမအား အမှန်တကယ် လာရောက်ကယ်တင်မည်ကို စိုးရိမ်ပူပန်နေခဲ့၏။

ယခုကား ဟွမ်လောင်လျှိုသည် သူ့ရှေ့သို့ ရောက်နေပြီ ဖြစ်သည်။

“အစ်ကိုကျန်းရှုံး… ရှင်က တကယ်ရူးတာပဲ”

လုချန်းဖျင်က မျက်ရည်များ စီးကျကာ ပြောသည်။

ဟွမ်လောင်လျှိုက သူ၏ သွားမပါသော ပါးစပ်အား ဟကာ ရယ်မောလိုက်သည်။

ကလင်…

ဓားရှည်တစ်လက်သည် လုချန်းဖျင်၏လည်ပင်းပေါ်သို့ ရောက်လာခဲ့၏။ တာအိုဆရာဖုန်းရှုက ဟွမ်လောင်လျှိုအား ကြည့်သည်။

“ငါတို့ကို ဒီက ခေါ်ထုတ်သွား… မဟုတ်ရင် ငါ သူ့ကို သတ်မယ်”

လုချန်းဖျင် ခေါင်းယမ်းသည်။

ဟွမ်လောင်လျှို ခေါင်းညိတ်၏။

ဓားကို ဝှေ့ယမ်းကာ ဟွမ်လောင်လျှို နောက်လှည့်ပေးသည်။

တာအိုဆရာဖုန်းရှို့ကား ဝမ်းသာသွားသည်။ သူက လုချန်းဖျင်အား ဖမ်းဆွဲကာ တခြားလူများနှင့်အတူ နောက်မှ လိုက်ပါပြေးသည်။

မြူခိုးသည် ဟွမ်လောင်လျှိုအား သက်ရောက်ဟန်မတူပါ။ သူသည် ဓားကို ကိုင်ကာ တောအုပ်ထဲမှ လမ်းရှင်းပေးသည်။

ကမ်းပါးထိပ်တွင် ထန်ချီ၏အမူအရာကား အရုပ်ဆိုးအကျည်းတန်နေသည်။

ပိုမိုများပြားသော လူများ ဟွမ်လောင်လျှို၏နောက်၌ စုမိလာသည်။ မြူခိုး၏စွမ်းအားများဖြင့် တိုက်ခိုက်နေကြသော အနီရောင်ချပ်ဝတ်စစ်သည်များသည် ထိုလူများအား ဆက်လက်ဖိနှိပ်နိုင်ခြင်း မရှိတော့ပါ။

“ဟွမ်လောင်လျှို… ခင်ဗျား တကယ်ပဲ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို သစ္စာဖောက်တော့မလို့လား”

ထန်ချီက အံကြိတ်ကာ အော်ဟစ်လိုက်သည်။

ဟွမ်လောင်လျှို ထိုနေရာတွင် ရပ်လိုက်သည်။

“အစ်ကိုဟွမ်…”

ထိုအခိုက်တွင် ကောင်းကင်မှ ကြည်လင်သော အသံတစ်သံအား ကြားရသည်။

လေထဲတွင် ဓားအလင်းတစ်ခုသည် မြူခိုးများကို ဖြတ်တောက်ကာ တောအုပ်အပေါ်သို့ ကျဆင်းလာ၏။

အဖြူရောင်ဝတ်စုံ၊ အဖြူရောင်ဆံပင်၊ သူ၏နောက်ကျောတွင်ကား ဓားနှစ်လက်ကို ကျောပိုးထားသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၊ ဓားစံအိမ်မှ ဓားထိန်း ဟန်မူယဲ့။

“ညီလေးဟန်…”

ဟွမ်လောင်လျှိုက ရယ်မောကာ သူ၏ဓားဖြင့် ခုတ်ချလိုက်သည်။

ဝုန်း…

ဟွမ်လောင်လျှိုက ဓားဖြင့် ခုတ်လိုက်လျှင် တောအုပ်ထဲမှ မြူခိုးများသည် တဖြေးဖြေး ပျယ်လွင့်သွားကာ အစီအရင်ဝင်္ကပါသည်လည်း ကျိုးပျက်သွားတော့သည်။

မြူခိုးထဲမှ ကျင့်ကြံသူများသည် ရူးသွပ်စွာ ပြေးလွှားကြ၏။

အနီရောင်ဝတ်စစ်သည်များမှာ သူတို့ စိတ်ထဲ တွေးထင်ထားခဲ့သလို များပြားခြင်း မရှိပါ။ ထိုစစ်သည်များ၏တိုက်ရည်ခိုက်ရည်မှာ အားကောင်းသော်လည်း သူတို့သည် အရေအတွက်အားဖြင့် ပိုမိုများပြားပေသည်။

အနီရောင်စစ်သည်များက နေရာတကျ မစုစည်းရသေးမီတွင်ပင် သစ္စာဖောက်ဂိုဏ်းသားများမှာ တကွဲတပြား ပြေးလွှားနေကြပြီ ဖြစ်သည်။

“မင်းတို့က သေချင်နေတာပဲ”

အနက်ရောင်တတ်အဖိုးအိုက သူ၏လက်ထဲမှ လှံဖြင့် ဝှေ့ယမ်းကာ ဒေါသတကြီး ဆိုသည်။ သူ၏နောက်တွင် မိစ္ဆာနွားသိုးပုံရိပ်များ ဖြစ်ပေါ်လာ၏။

သူ၏လှံသည် လေထဲတွင် အလင်းတန်းအသွင်ဖြင့် ထို ပြေးလွှားသွားကြသော ကျင့်ကြံသူများအား တိုက်ခိုက်သည်။

သူကား အလွန်အစွမ်းကြီးသည်။

သူသည် အနည်းဆုံး အမြုတေဖွဲ့စည်းခြင်း ပဥ္စမအဆင့်၌ ရှိ၏။

သို့သော်လည်း ထိုသစ္စာဖောက်ဂိုဏ်းသားများသည် နောက်ပင် မလှည့်ဘဲ ရူးသွပ်စွာ ပြေးနေကြသည်။

သူတို့က တောအုပ်မှ လွန်မြောက်ကာ တောင်ပိုင်းကုန်းမြေမှ စစ်ကူများနှင့် တွေ့ပါက သေချာပေါက် အသက်ရှင်ပေလိမ့်မည်။

ကမ်းပါးထိပ်တွင် ထန်ချီက ဟန်မူယဲ့အား ကြည့်နေသည်။

ဟွမ်လောင်လျှိုက ဝင်္ကပါအား ချိုးဖျက်နိုင်မည်ဟု သူ မထင်ထားပေ။

ထိုဝင်္ကပါသည် အလယ်ပိုင်းကုန်းမြေ မီးတောက်နီစစ်တပ်၏ မူပိုင်နည်းစနစ်ဖြစ်ကာ ရန်သူများကို လှည့်ဖျားသတ်ဖြတ်ရာ၌ သုံးသည်။ အနောက်ဘက်ကုန်းမြေ၌ ထိုနည်းစနစ်ကို ချိုးဖျက်နိုင်သူ သိပ်မရှိပါ။

ထို့အတူ ဟန်မူယဲ့ ရောက်ရှိလာမည်ဟုလည်း သူ မထင်ထားပေ။

ယခုတစ်ခေါက် စစ်ဆင်ရေးအား ထန်ချီက ဦးဆောင်ရသည်။ ပုံမှန်အားဖြင့် သူ့အစီအစဉ်သည် စနစ်ကျကာ တစ်စုံတစ်ယောက်က လာရောက်နှောင့်ယှက်ရန် မဖြစ်နိုင်ပါ။

သစ္စာဖောက်ဂိုဏ်းသားများအားလုံး အသတ်ခံရကာ ထိုလူများ၏သွေးယဇ်ကို ပူဇော်ခြင်းဖြင့် တိမ်မြုံကမ်းပါးအောက်မှ ဂိတ်တံခါးကို ဖွင့်လှစ်မည်။

မီးတောက်နီစစ်တပ်သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာအပြင်သို့ ထွက်သွားကာ နောင်တွင် သူတို့သည် ထန်ချီနှင့် မသက်ဆိုင်တော့ပေ။

ထို့နောက် ထန်ချီသည် အနောက်ဘက်ကုန်းမြေမှ ပညာရှင်များကို ဦးဆောင်၍ တောင်ပိုင်းကုန်းမြေမှ မိစ္ဆာများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည်။

ဂုဏ်သတင်းများအားလုံးသည် ထန်ချီအတွက် ဖြစ်သည်။

သို့သော်…

ဝုန်း…

အဝေးတွင် ဖုန်းရှို့တောင်ဘက်မှ ဆူညံသံများသည် ပိုမိုနီးကပ်လာသည်။

တောင်ပိုင်းကုန်းမြေမှ စစ်တပ်သည် တဖြေးဖြေးနီးကပ်လာသော လက္ခဏာဖြစ်သည်။

တောင်ပိုင်းကုန်းမြေမှ စစ်တပ်ရောက်လာသောအချိန် ဤနေရာသာ ပရမ်းပတာဖြစ်နေပါက ထန်ချီ၏ဂုဏ်သိက္ခာများအားလုံး ပျက်စီးရပေလိမ့်မည်။

အရာအားလုံးက ဤသို့ မဖြစ်ရပေ။

“ဟန်မူယဲ့… ဂိုဏ်းကို တကယ်သစ္စာဖောက်တဲ့သူက မင်းဖြစ်နေတာကိုး…”

ထန်ချီ၏ခန္ဓာကိုယ်မှ ဓားဆန္ဒအငွေ့အသက်တစ်ခု ဖြစ်ပေါ်လာသည်။

ကမ္ဘာမြေအဆင့်၊ ဝိညာဉ်နိုးထခြင်း ကျင့်ကြံဆင့်၊ ဓားဆန္ဒစုစည်းခြင်း။

ဉာဏ်နီဉာဏ်နက်များသလို သူသည် စစ်မှန်သော တိုက်ခိုက်စွမ်းရည်ကိုလည်း ပိုင်ဆိုင်၏။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ နံပါတ် ၂ တိုက်ရိုက်တပည့်သည် ကိုယ်ပိုင်ခွန်အားကိုလည်း ပိုင်ဆိုင်သည်။

သူက ဓားကို ထုတ်လိုက်လျှင် လေထုသည် အေးစိမ့်သွား၏။

“ဟန်မူယဲ့… မင်းက သစ္စာဖောက်တွေ ထွက်သွားလို့ရအောင် ကူညီနေတာပဲ။ မင်းက ဂိုဏ်းရဲ့သစ္စာဖောက်ပဲ”

ထန်ချီသည် ဟန်မူယဲ့ရှေ့ ပေသုံးဆယ်အကွာသို့ မြန်ဆန်စွာ ရောက်ရှိလာသည်။ သူက ဓားရှည်ဖြင့် ဝှေ့ယမ်းလိုက်၏။

ဓားအလင်းသည် ထက်ရှကာ မြန်ဆန်သည်။

ပတ်ဝန်းကျင်မှ သဘာဝစွမ်းအားများသည် ဓားအလင်းထံ၌ လာရောက်စုစည်းကာ ဟန်မူယဲ့၏ရင်ဘတ်ထံသို့ တိုးဝင်လာခဲ့သည်။

ထိုဓားချက်သည် ဓားဆန္ဒပါဝင်၏။

ထိုမျှ ထက်ရှသော ဓားသည် လောက၏အရောင်အဆင်းကို ပြောင်းလဲစေနိုင်သည်။

ဟန်မူယဲ့ကား ထိုနေရာတွင်ပင် ထူးမခြားနားစွာ ရပ်နေသည်။

သူက နောက်လှည့်ကာ ထန်ချီ၏ဓားကို ကြည့်သည်။

“သစ်သားဓာတ်မျိုးဆက်ဓားသိုင်းလား…”

ဟန်မူယဲ့က‌ ခေါင်းယမ်းသည်။

“မင်း မီးတောက်နီစစ်တပ်ရဲ့ဓားသိုင်းကို သုံးမယ်လို့ ထင်ထားတာ”

မီးတောက်နီစစ်တပ်။

ဟန်မူယဲ့သည် မီးတောက်နီစစ်တပ်အကြောင်းကို သိနေသည်။

ထန်ချီ၏ခန္ဓာကိုယ် ဆတ်ခနဲ တုန်ခါသွားကာ သူ့ဓားအလင်းသည် ပိုမို၍ ထက်ရှလာသည်။

သူ ဖုံးကွယ်ထားသောအရာအား တခြားလူများသိ၍ မဖြစ်ပါ။

ဓားအလင်းသည် လေထဲတွင် အလင်းတန်းအသွင်ဖြင့် စုစည်းကာ မျဉ်းကြောင်းပုံစံ ပြေးထွက်သွားသည်။

ထန်ချီ၏ဓားသိုင်းသည် ဓားချီကို ဓားချည်မျှင်အဖြစ်သို့ စုစည်းနိုင်သော အဆင့်သို့ပင် ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။

သူသည် အမှန်တကယ် အစွမ်းထက်သော ဓားသမားတစ်ဦး ဖြစ်၏။

အဝေးတွင် သူနှင့် လိုက်ပါလာသော ကျင့်ကြံသူများနှာ စိတ်သက်သာရာရသွားကြသည်။

ဤသည်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ လူငယ်မျိုးဆက်တစ်ယောက်၏စွမ်းရည်လား။

ထိုသို့သော ဓားသိုင်းသည် မိမိအဆင့်ကို ကျော်လွန်၍ တိုက်ခိုက်နိုင်စွမ်း ရှိသည်။

ဟန်မူယဲ့၏အမူအရာ ပြောင်းလဲသွားခြင်း မရှိပေ။ သူက လက်ကို မြှောက်လိုက်သည်။

All Chapters