တစ်ဖက်ကမ်းခပ် ဓားအင်မော်တယ်
Vol. 14 Ch. 189
ကောင်းရှောင်ရွှမ် ရှေ့ကို တက်သွားကာ လုချန်းဖျင်အား အကြိမ်အနည်းငယ် လှည့်ပတ်ကြည့်သည်။ ထို့နောက် သူက တွေးတွေးဆဆ ပြော၏။
“မရီးက အရမ်းလှမယ် ထင်ထားတာ။ မဟုတ်ရင် ဘာကြောင့် အစ်ကိုဟွမ်က ဒီလောက် အရူးအမူး ဖြစ်နေရတာလဲ”
ဟွမ်လောင်လျှိုက ကောင်းရှောင်ရွှမ်အား ဒေါသတကြီး ကြည့်သည်။ သူက ဘာမှ မပြောရသေးခင်တွင်ပင် အဝေးမှ တစ်ဝုန်းဝုန်းမြည်သံများအား ကြားရသည်။
အဆုံးမဲ့သော မိစ္ဆာအလင်းများသည် ဖုန်းရှို့တောင်၏ရှေ့တန်းစစ်မျက်နှာတစ်ခုလုံးကို လွှမ်းခြုံထားသည်။
အကန့်အသတ်မရှိသော သွေးနီရောင်အရှိန်အဝါများသည် လူအများ၏စိတ်နှလုံးအား ပြင်းထန်စွာ တုန်ခါစေ၏။
လူသားတို့၏ သဘာဝစွမ်းအင်အလင်းများနှင့် ဓားအလင်းများမှာ မှိန်ဖျော့ပျောက်ကွယ်လုနီးပါး ဖြစ်လာသည်။
သူတို့အကား ရှုံးနိမ့်သွားပြီ ဖြစ်သည်။
ဖုန်းရှို့တောင်၏ရှေ့တန်းစစ်မျက်နှာမှာ လုံးဝ ကျရှုံးသွားပြီ ဖြစ်သည်။
“အနောက်ဘက်ကုန်းမြေက ဂိုဏ်းတွေ… တိမ်မြုံကမ်းပါးသို့ ဆုတ်ခွာပြီး ခုခံပါ”
လေထဲတွင် ကျယ်လောင်သံတစ်ခုအား ကြားရသည်။
သဘာဝစွမ်းအင်အလင်းများသည် တိမ်မြုံကမ်းပါးဆီသို့ သွားရောက်စုဝေးကြ၏။
ပြင်းထန်သော မိစ္ဆာချီများသည်လည်း လက်လျှော့လိုဟန်မတူဘဲ နောက်မှ ထပ်ချပ်မခွာ လိုက်ပါလာသည်။
၎င်းသည် အမြစ်ပြတ်သုတ်သင်ရန် လိုက်ပါလာခြင်းလည်း ဖြစ်သည်။
ဟန်မူယဲ့၏ပုံရိပ် ရွေ့လျားသွားကာ သူသည် ရှေ့ကို ပေတစ်ထောင်ခန့် ပျံသန်းသွားသည်။
သူ ချန်ထားရစ်သော ဓားအမှတ်အသားကား ထိုနေရာတွင် ရှိနေဆဲ ဖြစ်သည်။
ဖုန်းရှို့တောင်မှ ဆုတ်ခွာလာကြသော ကျင့်ကြံသူများသည် ဟန်မူယဲ့ဘေးနားမှ ဖြတ်သန်းသွားနေကြသည်။ သူတို့အားလုံး၏မျက်နှာတွင် အကြောက်တရားများကို ထင်ရှားစွာ တွေ့နိုင်၏။
သို့သော်လည်း သူတို့သည် ဓားအမှတ်အသားနောက်ကို ရောက်သောအခါ နောက်ပြန်လှည့်လာပြီး တဖန် လူစုရန် ကြိုးစားကြသည်။ သူတို့အားလုံးက တိုက်ပွဲဝင်္ကပါခင်းကျင်းကြ၏။
များစွာသော မိစ္ဆာသားရဲများသည် ဟန်မူယဲ့ထံသို့ ပြေးဝင်လာကြသည်။
ခုနက ဟန်မူယဲ့၏ဓားချက်ကို သူတို့အားလုံး မြင်ကြသည်။
ဓားချက်ကား အလွန်စွမ်းအားကြီးသည်။
သို့သော် အဘယ်အရေးနည်း။
တောင်ပိုင်းကုန်းမြေမှ မိစ္ဆာများမှာ ဓားတစ်လက်တည်းဖြင့် တားဆီးနိုင်ပါမည်လော။
သူကား ဓားသမားငယ်တစ်ဦးသာ ဖြစ်သည်။ သူသည် အနောက်ဘက်ကုန်းမြေမှ နံပါတ် ၁ ဓားသမား ထူစွန်းရှစ် မဟုတ်ပါ။
မြေခွေးကလန်။
ကျားကလန်။
ကျားသစ်နက်ကလန်။
ဟန်မူယဲ့ထံသို့ ပြေးဝင်လာကြသော မိစ္ဆာများမှာ အလွန်အားကြီးကာ မြန်ဆန်ကြပေသည်။
“ဆယ့်ကိုး… ဂရုစိုက်ပါ”
အောက်မှ တစ်ယောက်က အော်ဟစ်လိုက်သည်။
လူရိပ်တချို့ ပြေးလာကာ ရှေ့မှ မိစ္ဆာများအား ရင်ဆိုင်တိုက်ခိုက်သည်။
သူတို့အားလုံးမှာ ဖုန်းရှို့တောင်၏ပင်မတိုက်ခိုက်ရေးအင်အားစုများ ဖြစ်ကြသည်။
ဟန်မူယဲ့က သူတို့အား ဓားစံအိမ်သို့ ပို့ဆောင်သော ဓားများ၏မှတ်ဉာဏ်ထဲ၌ မြင်ဖူးသည်။
အတော်များများမှာ ကျော်ကြားသော ဘွဲ့နာမည်များအား ပိုင်ဆိုင်ကြ၏။
ဥပမာအားဖြင့် လေလွင့်ဓားလီရှီးရှီး။
အအေးလှိုင်းများကို ထုတ်လွှတ်တိုက်ခိုက်နေသောမှာ အေးခဲလောက လော့ရှောင်ယွီ ဖြစ်ပေမည်။
လီတစ်ဆယ်သည်ပင် ကျားဓားရှင်ဟူ၍ နာမည်ကျော်ကြားသည်။
ဟန်မူယဲ့က ကံကြမ္မာဓားကို မြှောက်ကာ ရှေ့ကို ကြည့်လိုက်သည်။
သူ့တွင် ဘွဲ့နာမည်လိုအပ်ပါသလား။
ဟူး…
ပေတစ်ရာပတ်လည်၌ ဓားအလင်းသည် ထောင်ပေါင်းများစွာသော ကြယ်တာရာများအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာမျိုးစံသို့ ဖြန့်ကျက်သွားသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၊ ရွှေဓာတ်မျိုးဆက်၊ ကြယ်မိုးစက်ဓားသိုင်း။
ထောင်ပေါင်းများစွာသော သတ္တုဓာတ်များအား ကြယ်တာရာများအဖြစ် အသွင်ပြောင်းလဲလိုက်ခြင်းအားဖြင့် သွေးကြောသွယ်ဆက်အဆင့်မှ ကျင့်ကြံသူများအား သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။
“ဓားသိုင်းကောင်းပဲဟေ့…”
အောက်မှ ချီးမွှမ်းသံများအား ကြားရသည်။
တချို့သော မိစ္ဆာများသည် ဟန်မူယဲ့ထံသို့ ပြေးဝင်ကာ သူတို့၏လက်နက်များကို ဝှေ့ယမ်းလျှက် မိစ္ဆာသိုင်းပညာများကို သုံးပြီး တိုက်ခိုက်ကြသည်။
သို့သော်…
ဝှစ်…
ဓားအလင်း ဖြတ်သန်းသွားလျှင် လေထဲတွင် သွေးချင်းချင်းနီသွားသည်။
ဓားသည် လေထဲကို ဖြတ်သန်းသွားကာ ကမ္ဘာမြေအဆင့် မိစ္ဆာဆယ်ကောင်ခန့်မှာ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားသည်။
ချွင်…
ကောင်းကင်နှင့်မြေပြင်အကြား၌ ဓားသံတစ်ခုသည် စူးရှစွာ ဖြစ်ပေါ်လာသည်။
သူကား စစ်မှန်သော ဓားသမားတစ်ဦး ဖြစ်သည်။
ဟန်မူယဲ့ သူ၏လက်ထဲမှ ကံကြမ္မာဓားကို ကြည့်လိုက်သည်။
လက်ရှိတွင် ကံကြမ္မာဓားသည် ကိုယ်ပိုင်အတွေးများ၊ စိတ်ခံစားချက်များ ရှိနေဟန်ရသည်။
ဓားသည် သူ့အား လှုံ့ဆောင်နေ၏။
ဆန္ဒ…
သတ်ဖြတ်လိုသော ဆန္ဒ…
ဓားသည် သတ်ဖြတ်ရန် မဟုတ်ပေဘူးလား…
ဟန်မူယဲ့၏ခန္ဓာကိုယ်မှ ဓားအလင်းများ ထကြွလာသည်။
ကံကြမ္မာဓားသည်လက် ခေါ်သံကို ကြားသည့်အလား ဆတ်ခနဲ တုန်ခါသွား၏။
ပတ်ဝန်းကျင်မှ ကျင့်ကြံသူများအားလုံးသည် ထိုဓားချက်တွင် အံ့အားသင့်နေကြသည်။
“အဲဒါ ဘယ်သူလဲ”
တစ်ယောက်က မေးသည်။
“သူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဝတ်စုံ ဝတ်ထားတယ်”
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းလား”
သူက ထန်ချီများလား။
ဟန်မူယဲ့က တခြားလူများ၏ဆွေးနွေးဝေဖန်မှုများကို ဂရုမစိုက်ပါ။
သူသည် ထိုနေရာတွင်ပင် ရပ်ကာ သူ့ဓားထံမှ ဆာလောင်မွတ်သိပ်မှုအား ခံစားနေရသည်။
သူ၏ဓားသိုင်းသည် စိတ်ရှိသလို စေညွှန်နိုင်သော အဆင့်သို့ ရောက်နေပြီး ဖြစ်သည်။
ခုနက သူ၏ဓားသိုင်းကွက်ကို ထိုးထွင်းနားလည်သူ သိပ်မရှိပါ။
ကမ်းပါးထက်တွင် ရပ်နေသော ထန်ချီသည် ရှုပ်ထွေးသော ခံစားချက်များဖြင့် လှမ်းကြည့်နေသည်။
အကယ်၍ ဟန်မူယဲ့ကသာ ထိုသို့သော ဓားသိုင်းဖြင့် သူ့အား တိုက်ခိုက်ခဲ့ပါက သေချာပေါက် အသက်ရှင်မည် မဟုတ်ပေ။
သူသည် ဟန်မူယဲ့ထက် ထိုမျှ အားနည်းနေသည်လား။
ဟန်မူယဲ့သည် သူ့ထံသို့ ပြေးဝင်လာသော ကမ္ဘာမြေအဆင့်မိစ္ဆာအများအပြားကို ခုတ်ဖြတ်ပြီး ဖြစ်သော်လည်း စိတ်ကြေနပ်ခြင်း မရှိသေးချေ။
သူ၏ခန္ဓာကိုယ်တွင် ရှိသော ဓားဆန္ဒများသည် ဆူပွက်နေသည်ဟု ခံစားရသည်။
သူ၏စိတ်သည် ခန္ဓာကိုယ်ထဲမှ ဓားဆန္ဒများ၏သတ်ဖြတ်လိုစိတ်များကြောင့် ရက်စက်ကြမ်းကြုတ်လာသည်ကို ဟန်မူယဲ့ ခံစားရ၏။
မည်သို့ဆိုစေ ဓားသည် သတ်ဖြတ်ရန် ဖြစ်သည်။
ဟန်မူယဲ့၏ မျက်လုံးများ စူးရှသွားသည်။ သူ၏ဝိညာဉ်လိပ်ပြာသည် ခန္ဓာကိုယ်ထဲမှ ခွဲထွက်သွားဟန်ရကာ သူ၏ရုပ်ခန္ဓာ ရှေ့ကို ရွေ့လျားသွားသည်ကို ကြည့်နေ၏။
သူ၏ခြေထောက်အောက်၌ ဓားစွမ်းအင်များမှ ဖွဲ့စည်းလာသော အစိမ်းရောင်ကြာပန်းများ ဖြစ်ပေါ်လာသည်။
ခြေလှမ်းတိုင်းတွင် ဓားကြာပန်းများ ပွင့်ကာ ထိုခြေတစ်လှမ်းစီတိုင်း၌ မိစ္ဆာတစ်ကောင်အား သတ်ဖြတ်သည်။
သူ တက်ရောက်သွားသော ကြာပန်းတိုင်းသည် ဓားအလင်းအဖြစ် ဖြန့်ကျက်ကာ ရှေ့ကို ပြေးဝင်သွားသည်။
ခြေတစ်လှမ်းချင်း…
ဓားအလင်းသည် အရိပ်သဏ္ဍာန်ပမာ…
“ဒါက ဓားတာအိုမှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တဲ့ ဓားသမားပဲ…”
အောက်တွင် လူတစ်ယောက်က တီးတိုးရေရွက်သည်။
“တစ်ဖက်ကမ်းခပ်ဓားအင်မော်တယ်…”
“ဒီဘွဲ့နာမည်က မဆိုးဘူးမလား”
တစ်ယောက်က ဝမ်းသာအားရ ပြောသည်။
ကလင်…
ဟန်မူယဲ့က ကံကြမ္မာဓားကို ဘယ်လက်တွင် ကိုင်ကာ ညာလက်ဖြင့် နောက်ကျောမှ ခရမ်းမီးတောက်ဓားကို ဆွဲထုတ်လိုက်သည်။
ဓားတိုတစ်လက်၊ ဓားရှည်တစ်လက်။
ဓားနှစ်လက်ကို သုံးသော ဓားသမား သိပ်များများစားစား မရှိပါ။
သူသည် မတူကွဲပြားသော ဓားနှစ်လက်အား အမှန်တကယ် အသုံးပြုသလား လူအများက မသေချာပါ။
မိစ္ဆာစစ်တပ်ထံမှ လူရိပ်အများအပြား ရှေ့ကို ပြေးထွက်လာကြသည်။
ကမ္ဘာမြေအဆင့်မိစ္ဆာအတော်များများ အသတ်ခံရခြင်းက မိစ္ဆာစစ်တပ်၏စိတ်ဓာတ်အား ထိခိုက်စေသည်။
ယခုတစ်ခေါက်ကား ပိုမိုအားကောင်းသော မိစ္ဆာများ ရှေ့ကို တက်လာကြသည်။
ဝိညာဉ်နိုးထခြင်းအဆင့်…
မိစ္ဆာမျိုးနွယ်များ၌ ဝိညာဉ်နိုးထခြင်းအဆင့်သည် အရည်အသွေးပိုင်းဆိုင်ရာ၌ သိသာထင်ရှားသော အဆင့်တိုးတက်မှု ဖြစ်သည်။
အကြောင်းကား မိစ္ဆာမျိုးနွယ်တစ်ဦးသည် ဝိညာဉ်နိုးထသောအခါ သူတို့၏စိတ်နယ်ပယ်၌ မျိုးနွယ် သွေးမျိုးဆက်အမွေအနှစ်များအား ဆက်ခံနိုင်ကာ သူတို့၏တိုက်ရည်ခိုက်ရည်နှင့် ခွန်အားကို ကြီးမားစွာ တိုးတက်စေနိုင်သည်။
တချို့ကံကောင်းသူများသည် ကျင့်ကြံဆင့်များပင် ခုန်လွှားမြင့်တက်သွားတတ်၏။
ဂါး…
ဟန်မူယဲ့ထံသို့ ပထမဆုံး ပြေးဝင်လာသူကား သတ်လတ်ပိုင်းလူကြီးတစ်ဦးဖြစ်ကာ သူသည် လေထဲတွင်ပင် ကျားနက်တစ်ကောင်အသွင်သို့ ပြောင်းလဲသွား၏။
ကျားသည် ဆယ်မီတာခန့် ရှည်လျားကြီးမားကာ အတောင်ပံတစ်စုံ ပါရှိသည်။ ကျားနက်ကား အလွန်မြန်ကာ လက်သည်းများဖြင့် ဟန်မူယဲ့၏ခေါင်းကို ကုပ်ခြစ်လိုက်၏။
ထိုစဉ် သူ့ထက် ပိုမိုမြန်ဆန်သော ပုံရိပ်တစ်ခု ပြေးဝင်လာသည်။ ၎င်းကား နောက်ကျောတွင် ပုံရိပ်ယောင်အတောင်တစ်စုံရှိနေသော ပိန်ပါးသောလူငယ်တစ်ဦးဖြစ်သည်။
လူငယ်သည် မြန်ဆန်စွာဖြင့် ဟန်မူယဲ့နောက်သို့ ရောက်လာ၏။
“ကျားနက်မိစ္ဆာနဲ့… လေလှိုင်းလင်းနို့”
ဟန်မူယဲ့၏နောက်မှ ရေရွက်သံများအား ကြားရသည်။
မိစ္ဆာများတွင်လည်း ဘွဲ့နာမည်များ ရှိသည်လား။
ကြည့်ရသည်မှာ မိစ္ဆာမျိုးနွယ်များတွင်လည်း နာမည်ကျော်ကြားသူများ ရှိနေသည်။
ကျားနက်၏လက်သည်းများမှာ ဟန်မူယဲ့၏ရှေ့သို့ပင် ရောက်လာပြီ ဖြစ်သည်။
သူ့နောက်တွင် အစိမ်းရောင်ဓားတိုတစ်လက်သည် မည်သည့်အသံမှ မပေးဘဲ သူ့လည်ပင်းအား ထိုးနှက်လာသည်။
ဓားသည် အလွန်မြန်၏။
ကျားနက်သည် အလွန်မြန်သော်လည်း လူငယ်၏ဓားတိုမှာ ပို၍ မြန်သည်။
မိစ္ဆာနှစ်ကောင်သည် မည်သူက ပိုမြန်သည်ကို ယှဉ်ပြိုင်နေကြဟန်တူသည်။
ပတ်ဝန်းကျင်မှ အော်ဟစ်သတိပေးသံများ၊ သက်ပြင်းချသံများနှင့် ဒေါသတကြီး အော်သံများကို ကြားရသည်။
ဝိညာဉ်လိပ်ပြာသည် ကောင်းကင်ယံ၌ ရှိနေသော ဟန်မူယဲ့သည် လက်ထဲမှ ကံကြမ္မာဓားကို လွှတ်ချလိုက်သည်။
သူသည် သေခြင်းရှင်ခြင်းအခိုက်အတန့်၌ ကြောက်လန့်တကြား ဖြစ်သွားသည့်အလား…
ဓားတိုကို ကိုင်ထားသော ညာလက်ကိုလည်း အောက်သို့ အနည်းငယ် နှိမ့်လိုက်သည်။
သူက ခုခံခြင်း မပြုပါ။
မှန်သည်။
အလွန်အားကောင်းသော မိစ္ဆာနှစ်ဦး၏ရှေ့၌ ခုခံခြင်းနှင့် မခုခံခြင်းက ကွာခြားပါသလား။