← Chapters

ဝက်ခေါင်းမျက်နှာဖုံး

Vol. 59 Ch. 807

ဝက်ခေါင်းမျက်နှာဖုံး

Vol. 59 Ch. 807

" သလင်းကျောက်နီ " ဝမ်ပေါင်လဲ့မှာ အတွေးများထဲတွင် နစ်မျောသွား၏။ သူသည် ထိုသလင်းကျောက်များ၏ အကြောင်းကို ရှင်းရှင်းလင်းလင်း မသိပါသော်လည်း ၎င်းတို့အား ငွေမာအဖြစ် အသုံးပြုကြသည်ဖြစ်ရာ ၎င်းတို့မှာ ရှားပါးရပေမည်။ ၎င်းမှာ လူတိုင်း တန်ဖိုးထားရသည့် ရှားပါးရင်းမြစ်ပစ္စည်းတစ်ခု ဖြစ်နေသောကြောင့် လူများ၏ ကျင့်ကြံခြင်းစွမ်းအားများအတွက် အကျိုးရှိနေလိမ့်မည်ဟု သူက ခန့်မှန်းလိုက်၏။

သူ၏ ခန့်မှန်းချက်မှာ မှန်ကန်ပေသည်။ ခဏအကြာတွင် ရှဲ့ဟေးရန်မှာ သူ့အား သလင်းကျောက်နီများ တန်ဖိုးမြင့်မားနေရခြင်း၏ အကြောင်းကို ရှင်းပြလိုက်သည်။ ထို သလင်းကျောက်များမှာ ဂြိုဟ်အဆင့်သို့ ရောက်နေသည့် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်နှုန်းများကို မြှင့်တင်ပေးနိုင်စွမ်းရှိသော လျှို့ဝှက်ဆန်းကြယ်ပစ္စည်းများ ဖြစ်ကြ၏။ ၎င်းတို့၏ မူလဇစ်မြစ်ကို မည်သူမှမသိဘဲ လက်ရှိတွင် အဆုံးမဲ့မျိုးနွယ်စု တစ်ခုတည်းကသာလျှင် ၎င်းတို့အား ဖန်တီးထုတ်လုပ်နိုင်စွမ်းရှိပေသည်။ သူတို့မှာ ထို သလင်းကျောက်နီများအား အဆုံးမဲ့တာအိုနယ်မြေထဲတွင် အကန့်အသတ်နှင့်ထုတ်ကာ သုံးစွဲစေခဲ့၏။

ထို့ကြောင့်လည်း ထိုမျိုးနွယ်စုမှာ အဆုံးမဲ့တာအိုနယ်မြေထဲရှိ စီးပွားရေးလုပ်ငန်းများ အားလုံးကို လက်ဝါးကြီးအုပ်ထားနိုင်ခဲ့သည်။

ထို သလင်းကျောက်နီများအား မည်သို့မည်ဖုံ ဖန်တီးကြသည်ကို မည်သူကမှ မသိကြပေ။ အဆောင်ပစ္စည်း သန့်စင်ခြင်းပညာရှင်များပင်လျှင် ၎င်းတို့၏ ဖွဲ့စည်းတည်ဆောက်ပုံအား ခွဲခြမ်းစိတ်ဖြာ၍ လေ့လာနိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်။

" ကောလာဟလတွေတော့ ရှိတယ်ကွ။ ဒီ သလင်းကျောက်‌တွေက... မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်တဲ့ အမှောင်ဂိုဏ်းနဲ့ ဆက်နွယ်နေတာတဲ့။ တချို့ဆိုရင် အဲဒီ သလင်းကျောက်‌တွေကို အမှောင်ဂိုဏ်းထဲက မိုးကောင်းကင်တာအိုရဲ့ သွေးကို သုံးပြီး ဖန်တီးပြုလုပ်ထားတာလို့တောင် ပြောနေကြတာ "

ရှဲ့ဟေးရန်မှာ ထိုသို့ဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်၏။ သူသည် သွယ်ဝိုက်ပြောဆိုနေခြင်းမရှိဘဲ သူ သိရှိထားသည့် အချက်အလက်များအားလုံးကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ခြင်းဖြစ်သည်။ သူ၏ အေးဆေးတည်ငြိမ်မှု အပြည့်ရှိသော အမူအရာများကြောင့် ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ အထူးတဆန်း ဖြစ်သွားရ၏။

ဝမ်ပေါင်လဲ့မှာ ယခင်ကတည်းက ရှဲ့ဟေးရန်အား သံသယဝင်နေခဲ့သည် မဟုတ်ပါလော။ သူသည် ရှဲ့ဟေးရန်မှာ အဘယ်ကြောင့် သူ့အား အခြားသူများနှင့် လုံးဝမတူလောက်အောင် ဆက်ဆံခဲ့ရပါသနည်းဟု အမြဲတမ်း သိချင်နေခဲ့သည်။ သူသည် သူတို့နှစ်ယောက် ကောင်းကင်တာအိုကျောင်း၌ ပထမဦးဆုံးအကြိမ်အဖြစ် ဆုံတွေ့ခဲ့သည့် အချိန်အား ပြန်တွေးကြည့်လိုက်၏။ ထိုစဉ်တုန်းက ရှဲ့ဟေးရန်မှာ အလွန်အင်မတန်မှ ဖော်ရွေခဲ့ပါသော်လည်း သူသည် စီးပွားရေးအကွက်မြင်သော စီးပွားရေးသမားတစ်ယောက်အဖြစ်သာ ပြူမူခဲ့ခြင်းဖြစ်ပေသည်။ ထို့နောက် ဝမ်ပေါင်လဲ့မှာ အင်္ဂါဂြိုဟ်ပေါ်သို့ ရောက်ရှိသွားခဲ့ပြီး ထိုမှတစ်ဆင့် ရှေးဟောင်းဓားကြီးပေါ်ရှိ ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ အခြေချနေထိုင်ခဲ့၏။ သူ ထို ဓားကြီးပေါ်၌ ရှဲ့ဟေးရန်နှင့် ပြန်လည်ဆုံတွေ့လိုက်ရချိန်တွင် ရှဲ့ဟေးရန်မှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ယခုတွင် ရှဲ့ဟေးရန်မှာ ပွင့်ပွင့်လင်းလင်း ပြောနေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် နားလည်လိုက်၏။ ရှဲ့ဟေးရန်မှာ သူ ဝမ်ပေါင်လဲ့အား အလေးပေးဆက်ဆံခဲ့ရသည့် အကြောင်းအရင်းကို ပြောပြနေခြင်း ဖြစ်ပေသည်။

သို့သော် ဝမ်ပေါင်လဲ့မှာ သူ၏စကားများကို မျက်စိမှိတ်ယုံရန် စိတ်ကူး မရှိပေ။ သူသည် သူ အမှောင်ကလေးငယ်တစ်ယောက် ဖြစ်နေသည့်အချက်ကို ရှဲ့ဟေးရန်တစ်ယောက် အဘယ်ကြောင့် သိရှိထားရပါသနည်းဟု အချိန်ကုန်ခံ၍ စဉ်းစားတွေးတောနေခြင်းလည်း မရှိပေ။ သူသည် ရှဲ့ဟေးရန် ထိုအချက်အား သိရှိထားသည်ကို သူ့ဘက်မှ သိထားပြီးသားဖြစ်သည့် ပုံစံသာ ဟန်ဆောင်နေလိုက်၏။ ထို့ကြောင့် ရှဲ့ဟေးရန်မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ သံသယဝင်သွားရပြန်သည်။ သူသည် တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားပြီးနောက် အသက်ပြင်းပြင်းရှူကာ ရှုံ့မဲ့မဲ့ မျက်နှာအမူအရာဖြင့် ဆိုလိုက်တော့သည်။

" တာအိုရောင်းရင်းရယ်။ ဝေ့လည်ကြောင်ပတ် လုပ်မနေပါနဲ့တော့။ ကျုပ် ခဗျားနဲ့ အရင်တုန်းက တွေ့ဖူးသည်ဖြစ်စေ၊ မတွေ့ဖူးသည်ဖြစ်စေ အရေးမကြီးပါဘူးဗျ။ ကျုပ်က စီးပွားရေးသမား တစ်ယောက်ပါ။ ကျုပ်နဲ့ စီးပွားရေးလုပ်မယ်ဆိုရင် ဘာကိုမှ စိတ်ပူနေစရာမလိုပါဘူး။ ကျုပ်က တခြားသူတွေကို ဘယ်တော့မှ အခွင့်ကောင်းမယူတတ်သလို ဘယ်တော့မှလည်း အကျိုးစီးပွားပျက်စီးအောင် မလုပ်ပါဘူး။ ကျုပ်က အလုပ်ကိုပဲ တစိုက်မက်မက် လုပ်တဲ့လူတစ်ယောက်ပါ "

" အခုကိစ္စကိုပဲ ကြည့်ဗျာ။ ကျုပ်က ခဗျား ခဗျားလိုချင်တဲ့ ပစ္စည်းတွေအကုန်လုံးကို ဝယ်နိုင်ဖို့ လိုအပ်တဲ့ သလင်းကျောက်နီ အလုံအလောက် စုဆောင်းနိုင်အောင်လို့ ခဗျားကို ဒီတာဝန်အကြောင်း ပြောပြခဲ့တာ။ ကျုပ်က ပွဲခအနေနဲ့ ခဗျားရမယ့် ဆုကြေးငွေရဲ့ ဆယ်ရာခိုင်နှုန်းတိတိ ပြန်ရမယ့် အချက်ကိုတော့ ဝန်ခံပါတယ်။ ဒါပေမဲ့ အဲဒီပွဲခကို ခဗျားအိတ်ထဲက စိုက်ပေးစရာမလိုဘူးလေ။ မီးတောက်ခေါင်းဆောင်ကြီးက ကျုပ်ကို သက်သက်ခွဲပေးမှာ။ အဲဒီတာဝန်ကို ရွေးဖို့ ကျုပ် လိုက်ဆွယ်ပြီးတဲ့လူ ငါးယောက်တိတိ ရှိသွားပြီဗျ။ ဝင်ခွင့်လျှောက်လွှာတင်ဖို့ နောက်ထပ်သုံးရက် အချိန်ရသေးတယ်။ အဲတာပြီးရင် သူတို့က တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်ကို စတော့မှာ "

" မီးတောက်ခေါင်းဆောင်ကြီးဆိုတာ ကျုပ် စောစောကပြောခဲ့တဲ့ အစွမ်းထက် ကျင့်ကြံသူကြီးပေါ့။ သူက နယ်မြေတစ်ခုကို အုပ်စိုးနိုင်စွမ်း ရှိလောက်အောင်ကို အရမ်းအစွမ်းထက်တယ်။ အဆုံးမဲ့မျိုးနွယ်စုကလည်း သူ့ကို ကြည့်မရတာကြာပြီ။ ဒါပေမဲ့ သူ့ကို သတ်ဖြတ်နိုင်ဖို့အတွက်ဆိုရင် သူတို့ဘက်က အများကြီးပေးဆပ်ရမှာ.... လောလောဆယ်မှာ အဆုံးမဲ့မျိုးနွယ်စုက အတွင်းရေးပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရတာမလို့ ဘယ်သူကမှ အဲဒီ အလုပ်ကို မလုပ်ချင်ကြဘူး "

" အန္တရာယ်ရှိတာမှန်ပေမဲ့ ပြီးခဲ့တဲ့ တာဝန်တွေတုန်းကအတိုင်းဆိုရင် မီးတောက်ခေါင်းဆောင်ကြီးက ခဗျားတို့ကို သေတွင်းထဲရောက်အောင် ပို့ပြီး ထားခဲ့တာမျိုး လုပ်မှာမဟုတ်ပါဘူး။ သူ ရွေးထားတဲ့ ဂြိုဟ်က ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေဖို့ပဲများပါတယ်။ ခဗျား ရင်ဆိုင်ရမယ့် ရန်သူတွေက အဲဒီအဆင့်လောက်တောင် အစွမ်းထက်မှာမဟုတ်ဘူး "

" ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတွေ ရှိကောင်းရှိနေနိုင်ပေမယ့် သတိကြီးကြီးထားမယ်ဆိုရင် သူတို့နဲ့ ခပ်ကင်းကင်း နေနိုင်မှာပါ " ရှဲ့ဟေးရန်မှာ လက်ကိုဝှေ့ယမ်းကာ ဆိုလိုက်၏။ သူသည် မည်သည့်အချက်အလက်ကိုမှ ထိမ်ချန်ထားခြင်း မရှိပေ။ သူသည် ဝမ်ပေါင်လဲ့အား စမ်းသပ်ရန်နှင့် သူ၏ သရုပ်မှန်အား ထပ်၍ ခန့်မှန်းနေရန် ဆန္ဒမရှိတော့ပေ။ အကယ်၍ သူ၏ရှေ့တွင် ရှိနေသည့်ပုဂ္ဂိုလ်မှာ ဝမ်ပေါင်လဲ့ ဖြစ်နေလျှင်တောင် သူသည် အမှန်အတိုင်း ပြောပြလိုက်မည်သာ ဖြစ်သည်။ သို့မှသာ သူသည် ယုံကြည်စိတ်ချရသည့် လူတစ်ယောက်ဖြစ်ကြောင်း သက်သေပြနိုင်မည် မဟုတ်ပါလော။ ထို့အပြင် ရှဲ့ဟေးရန်မှာ ဘဝကြီးအား ရိုးရိုးသားသား နေထိုင်ဖြတ်သန်းသင့်ကြောင်း လက်ခံယုံကြည်ထားသည့် လူတစ်ယောက်ဖြစ်၏။

ထို့‌ကြောင့်လည်း သူသည် သူ၏ရှေ့တွင်ရှိနေသည့် ပုဂ္ဂိုလ်အား လိမ်လည်လှည့်ဖြားနေစရာ အကြောင်းမရှိဟု မှတ်ယူထား၏။ သူသည် အချက်အလက်အစုံအလင် ပြောပြလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား ကြည့်ကာ သူ အဖြေပြန်ပေးမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာလည်း အတွေးများထဲတွင် နစ်မျောသွားပြီး တစ်ခဏမျှ နှုတ်ဆိတ်သွား၏။ သူသည် ထိုကမ်းလှမ်းချက်အား ချက်ချင်းလက်ငင်း လက်ခံရန် စိတ်ကူးမရှိပေ။ ထို့ကြောင့် သူသည် အခြားသော အသေးစိတ်အချက်အလက်များကို မေးမြန်းလိုက်ပြီးနောက် ရှဲ့ဟေးရန်၏ ဆက်သွယ်ရေးအချက်အလက်များကို တောင်းလိုက်၏။ ထို့နောက် သူသည် နှုတ်ဆက်စကားဆိုလိုက်ပြီး ထွက်ခွာသွားတော့သည်။ သူသည် နောက်သုံးရက်အကြာတွင် အဖြေပြန်ပေးမည်ဟု ရှဲ့ဟေးရန်အား ပြောခဲ့၏။

ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့ ထွက်ခွာသွားသည်ကို ကြည့်နေလိုက်ပြီးနောက် သူ၏ထိုင်ခုံဆီသို့ ပြန်သွားလိုက်၏။ သူသည် သူ၏ဘေးတွင်ရှိနေသည် အမွှေးတိုင်အိုးထဲမှ ပျံ့လွင့်လာသော မီးခိုးငွေ့ အမျှအတန်းလေးများကို ငေးကြည့်ရင်း အတွေးများထဲတွင် နစ်မျောနေသည်။ ထို့ကြောင့် သူသည် သူ၏နောက်တွင် တိတ်တဆိတ် ပေါ်ပေါက်လာသည့် လူရိပ်တစ်ခုအား ဂရုစိုက်နိုင်ခြင်း မရှိပေ။

ထို လူရိပ်၏ ခန္ဓာကိုယ်မှာ မှုန်ဝါးဝါး ဖြစ်နေပြီး သူ၏ မျက်နှာကိုလည်း ရှင်းလင်းပြတ်သားစွာ မမြင်ရပေ။ သူသည် နှုတ်ဆိတ်နေပြီး အနည်းငယ်ခန့် ခါးကိုင်းကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ညွှန်ကြားချက်များကို စောင့်ဆိုင်းနေသည့် အမူအရာဖြင့် ရပ်နေ၏။

" ရှိပါစေတော့။ သူနဲ့ ဆုံဖူးလား မဆုံဖူးဘူးလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သတ်ပြီး ခေါင်းစားနေစရာ မလိုပါဘူး။ မိတ်ဆွေအသစ်ဖွဲ့နိုင်ရင် ငါ့အတွက် အကျိုးရှိမှာပဲကို။ သူက ငါ ငွေကြေးအမြောက်အများ ရင်းနှီးမြှုပ်နှံသင့်တဲ့ နောက်ထပ်ဖောက်သည်တစ်ယောက် ဖြစ်ရင်ဖြစ်လာနိုင်တယ် " ရှဲ့ဟေးရန်မှာ ထိုသို့ဆိုကာ ရယ်မောလိုက်ပြီးနောက် စားပွဲပေါ်မှ ကျောက်စိမ်းပေလွှာများကို ကောက်ယူကာ ၎င်းတို့အား ဖတ်ရှုနေလိုက်တော့သည်။

ထိုအချိန်တွင် သူ၏နောက်တွင် ရပ်နေသည့် မှုန်ဝါးဝါးလူကြီးမှာ လေသံတိုးတိုးဖြင့် မေးလိုက်၏ " သခင်လေး။ အဲဒီဧည့်သည် ကျွန်တော်တို့ရဲ့ အစေခံပေါ်မှာ ချန်ရစ်ထားခဲ့တဲ့ အမှတ်အသားကို ဖယ်ရှားလိုက်ရမလား "

" မလိုပါဘူး " ရှဲ့ဟေးရန်ကမူ ခေါင်းမော့လာခြင်း မရှိဘဲ အေးဆေးတည်ငြိမ်မှုရှိသော အမူအရာဖြင့် ပြန်ဖြေလိုက်၏။

ရှဲ့ဟေးရန် ထိုသို့ဆိုလိုက်စဉ်မှာပင် မကြာသေးမီတုန်းက ဝမ်ပေါင်လဲ့အား ပစ္စည်းများ ရောင်းချပေးခဲ့သည့် အောက်ထပ်ရှိ အရောင်းစာရေးလေး၏ ပုခုံးပေါ်တွင် ကပ်နေသော သဲပွင့်လေးမှာ ဆတ်ခနဲ တုန်ရီသွားသည်။

ဝမ်ပေါင်လဲ့မှာ ဈေးဆိုင်အပြင်ဘက်သို့ ထွက်မသွားခင် ထို အရောင်းစာရေးလေးအား ပြုံးပြကာ သူ၏ပခုံးအား တစ်ချက်ပုတ်ခဲ့၏။ ယခုတွင် သူသည် ထိုဈေးဆိုင်နှင့် အတော်အသင့် ကွာဝေးသည့် နေရာတစ်ခုသို့ ရောက်နေပြီဖြစ်သည်။ ထိုအချိန်တွင် သူသည် ထိုသဲပွင့်လေး တုန်ရီသွားသည်ကို ခံစားမိလိုက်သဖြင့် ခြေလှမ်းများ တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် ရုတ်တစ်ရက်ဆိုသလို အရှိန်မြှင့်တင်လိုက်တော့သည်။ သူ၏ ပုံရိပ်ယောင်ပညာရပ်မှ ထုတ်လွှတ်နေသည့် စွမ်းအင် အငွေ့အသက်များမှာလည်း ပြောင်းလဲသွား၏။ ထို့နောက် ထို အငွေ့အသက်များထဲမှ အမျှင်အတန်းတစ်ခုမှာ ခွဲထွက်လာပြီးနောက် ဝမ်ပေါင်လဲ့၏ ခြေထောက်ရှေ့သို့ ကျလာသည်။ ‌ထိုအခါ ၎င်းမှာ ပိုးကောင်တစ်ကောင်အဖြစ် ပြောင်းလဲသွားကာ မြေကြထဲသို့ တူးဝင်သွားလိုက်ပြီးနောက် ပျောက်ကွယ်သွားတော့သည်။

သူသည် အခြားဈေးဆိုင်များထဲသို့ ဆက်လက် ဝင်ရောက်ကြည့်ရှုခဲ့၏။ သူ ဈေးဆိုင်တစ်ဆိုင်ထဲမှ ထွက်လာတိုင်း သူ၏ပုံပန်းသွင်ပြင်မှာ ပြောင်းလဲသွားသည်သာ ဖြစ်သည်။ သူသည် ထိုဈေးဆိုင်များထဲ၌ သူ၏ ပုံရိပ်ယောင်ပညာရပ်၏ အငွေ့အသက်များကို ချန်ရစ်ထားခဲ့၏။ ထိုသို့ဖြင့် သူသည် လူအုပ်ကြီးထဲ၌ လှည့်လည်သွားလာနေရင်း သူ၏ စွမ်းအင်အငွေ့အသက်များအား အဆက်မပြတ် ပြောင်းလဲကာ သူ၏ ဘေးမှ ဖြတ်သွားသည့် လူတိုင်း၏ ခန္ဓာကိုယ်များပေါ်၌ ထိုစွမ်းအင် အငွေ့အသက်များကို ချန်ရစ်ထားခဲ့တော့သည်။

ထိုသို့ဖြင့် သူသည် ဈေးထဲရှိ တည်းခိုခန်းတစ်ခုဆီသို့ ရောက်ရှိသွားပြီးနောက် သူ၏နောက်တွင် မည်သူမှလိုက်မလာကြောင့် သေချာသွားသောအခါမှ ငွေကြေး အမြောက်အမြား သုံးစွဲကာ အခန်းတစ်ခန်းကို ငှားရမ်းလိုက်သည်။ ထို့နောက် သူသည် ထိုအခန်းထဲ၌ ထိုင်ချလိုက်ပြီး ရှဲ့ဟေးရန် ပြောခဲ့သည့်စကားများကို ပြန်လည်တွေးတောသုံးသပ်ရင်း အတွေးများထဲ၌ နစ်မျောသွားတော့သည်။

" ကြည့်ရတာ သူက ငါ ချန်ထားခဲ့တဲ့ ဝိညာဉ်အငွေ့အသက်တွေကို အာရုံခံမိသွားတဲ့ပုံပဲ။ ကိစ္စမရှိပါဘူးလေ... တကယ်လို့ သူပြောတာ အမှန်ပဲဆိုရင် ငါ အဲဒီတာဝန်ကို လက်ခံသင့်တယ်။ လူသတ်ရုံပဲကို... ပြီးရင် ငါ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပြီးတော့ ထာဝရဝိညာဉ်အဆင့်ကနေ ဂြိုဟ်အဆင့်ကို အလျင်အမြန် ဖောက်ထွက်ချင်တယ်ဆိုရင် လူသတ်မှပဲ ရမှာ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်ဝန်းများ အေးစက်စွာ တောက်ပသွား၏။ သူသည် အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်ကာ အတွေးများထဲတွင် နစ်မျောနေပြီးနောက် အခန်းထဲ၌ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်သည်။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို တစ်ကိုယ်လုံးတုန်ရီသွားပြီး ပျောက်ကွယ်သွားတော့သည်။ သူသည် သူ၏ ပုံရိပ်ယောင်ပညာရပ် ကိုအသုံးပြုကာ တောင်ပံပါသည့် ပိုးကောင်တစ်ကောင်အဖြစ် ပြောင်းလဲသွားခြင်းဖြစ်၏။ ထို့နောက် သူသည် ပြတင်းပေါက်ထဲရှိ အပေါက်လေး တစ်ပေါက်ထဲမှ အပြင်ဘက်သို့ ပျံထွက်သွားလိုက်သည်။

သူ လေထဲ၌ ပျံသန်းနေရင်း သူ၏ ပိုးကောင်ခန္ဓာကိုယ်မှာ အခြား ပိုးကောင်ပေါင်း မြောက်မြားစွာအဖြစ် ခွဲထွက်သွားပြီးနောက် ဈေးတစ်ခုလုံးထဲ၌ ပျံ့နှံ့သွား၏။ သူ တည်ခိုခန်းသို့ သွားရာလမ်းတစ်လျှောက်၌ ချန်ရစ်ထားခဲ့သည့် သူ၏ စွမ်းအင် အငွေ့အသက်များမှာလည်း ပိုးကောင်များ၊ ပုရွက်ဆိတ်များနှင့် သဲပွင့်များအဖြစ် ပုံစံအမျိုးမျိုး ပြောင်းလဲသွားကြသည်။ ၎င်းတို့မှာ သူ၏ နားများကဲ့သို့ ဖြစ်နေသောကြောင့် သူသည် နေရာပေါင်းစုံမှ သတင်းအချက်အလက်မျိုးစုံကို ကြားနေရတော့သည်။

ပုံရိပ်ယောင်ပညာရပ်အား တတ်မြောက်ထားသည့် ဝမ်ပေါင်လဲ့တစ်ယောက်သာလျှင် ထိုကဲ့သို့သော နည်းလမ်းမျိုးဖြင့် သတင်းအချက်အလက်များကို စုဆောင်းနိုင်စွမ်း ရှိပေသည်။ ထိုပညာရပ်မှာ အလွန်အင်မတန်မှအသုံးဝင်၏။ ထို့ကြောင့် သူသည် ထိုသုံးရက်အတွင်း ရရှိခဲ့သည့် သတင်းအချက်အလက်များထဲမှ မလိုအပ်သည့် အချက်အလက်များကို ဖယ်ရှားလိုက်ပြီးနောက် မီးတောက်ခေါင်းဆောင်ကြီး၏ အကြောင်းများကို သိရှိသွားတော့သည်။ သူသည် သူ စုဆောင်းရရှိခဲ့သည့် သတင်းအချက်အလက်များကို အသုံးပြုကာ ရှဲ့ဟေးရန် ပြောခဲ့သည့် စကားများအား မှန်ကန်မှုရှိမရှိ စစ်ဆေးလိုက်၏။

ဝမ်ပေါင်လဲ့မှာ သူ စုဆောင်းရရှိခဲ့သည့် သတင်းအချက်အလက်များကို စနစ်တကျ စုစည်းလိုက်ပြီးနောက် သူ ထုတ်လွှတ်ထားခဲ့သည့် စွမ်းအင်အငွေ့အသက်များအားလုံးကို သူ့ဆီသို့ ပြန်လည်ဆင့်ခေါ်လိုက်သည်။ သူ့အား ပေးထားသည့် အချိန်သုံးရက် ပြည့်တော့မည်ဖြစ်ရာ သူသည် သူ၏ ကျောက်စိမ်းပေလွှာအား ကောက်ယူလိုက်ပြီးနောက် ရှဲ့ဟေးရန်ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်တော့သည်။

" တာအိုရောင်းရင်း ဟေးရန်။ ကျုပ် အဲဒီဝာာဝန်ကို လက်ခံတယ်ဗျာ "

ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့၏ အကြောင်းကြားစာအား စောင့်ဆိုင်းနေ၏။ သူသည် ဝမ်ပေါင်လဲ့၏ အဖြေအား ကြားလိုက်ရသောအခါ အော်ဟစ်ရယ်မောလိုက်သည်။ သူသည် သူ၏ ဝမ်းတွင်းအသိစိတ်များကို ယုံကြည်မှုအပြည့် ရှိပေသည်။ ထိုပုဂ္ဂိုလ်မှာ ဝမ်ပေါင်လဲ့ မဟုတ်လျှင်တောင်... သူ၏ ဝမ်းတွင်းအသိစိတ်များအရ အနာဂတ်တွင် သူသည် အရေးကြီးဖောက်သည်တစ်ယောက် ဖြစ်လာလိမ့်မည်ဟု ရှဲ့ဟေးရန်က ယုံကြည်နေ၏။

သူသည် ဝမ်ပေါင်လဲ့၏ အသံလွှင့်အကြောင်းကြားစာကို လက်ခံရရှိလိုက်သောအခါ စိတ်ဓာတ်တက်ကြွစွာဖြင့် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ပေးလိုက်၏။ သူသည် ဝမ်ပေါင်လဲ့ ထိုတာဝန်အား ထမ်းဆောင်ခွင့်ရနိုင်ရန် သတ်မှတ်ထားသည့် အချိန်မပြည့်ခင် အလောတကြီး ဆောင်ရွက်လိုက်ရသည်။

" ပေါင်လဲ့ရေ။ မင်း ကံကောင်းတယ်။ ဝင်ခွင့်ရပြီကွ။ အဲဒီ တာဝန်က နောက်နှစ်နာရီနေရင် စတော့မှာ "

" ငါ ဘယ်ကို သွားရမှာလဲ " ဝမ်ပေါင်လဲ့က ပြန်မေးလိုက်၏။

" ဘယ်ကိုမှ သွားစရာမလိုဘူး။ နောက်နှစ်နာရီနေရင် ဘာလုပ်ရမလဲဆိုတာ သိလိမ့်မယ်။ ငါ မင်းကို တစ်ခုတော့ အသိပေးထားမယ် ... မီးတောက်ခေါင်းဆောင်ကြီး မလုပ်နိုင်တဲ့အရာဆိုတာ ဘာမှမရှိဘူးကွ။ သူ့ကို အနန္တတန်ခိုးရှင်တစ်ယောက်လို့တောင် အတိုင်းအတာတစ်ခုအထိ သတ်မှတ်လို့ရတယ် " ရှဲ့ဟေးရန်မှာ ထိုသို့ အဓိပ္ပါယ်နှစ်ခွရှိသော စကားလုံးများဖြင့် သူ၏ အသံလွှင့် အကြောင်းကြားစာအား အဆုံးသတ်လိုက်၏။

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်ခုံးများပင့်မိသွားပြီး အတွေးများထဲတွင် နစ်မျောသွားသည်။ သို့သော် သူသည် အချိန်ကြာကြာ မစောင့်လိုက်ရပေ။ နှစ်နာရီတိတိ ကုန်ဆုံးသွားပြီးနောက် သူ၏ နတ်ဘုရားအာရုံများမှာ ရုတ်တရက်ဆိုသလို တုန်ရီသွား၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းတွင် အပြာရောင် အမျှင်အတန်းများ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာပြီး သူ၏ရှေ့၌ တိတ်တဆိတ် စုဝေးလာကြတော့သည်။ ၎င်းတို့မှာ ထိုသို့ အတူတကွ စုစည်းသွားကြပြီးနောက် စက်ဆုပ်ရွံရှာဖွယ်ရာကောင်းသည့် ဝက်ခေါင်းမျက်နှာဖုံးကြီးတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။

" မင်း ဒီ မျက်နှာဖုံးကို တပ်ပြီးရင် တာဝန်စပြီ " ထို မျက်နှာဖုံးကြီး ပေါ်ပေါက်လာပြီးနောက် ၎င်းထဲမှ အဘိုးကြီးတစ်ယောက်၏ ခံစားချက်မပါသော အေးစက်စက်စကားသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ထို စကားလုံးများမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွားရုံသာမက... နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ပင်မဂြိုဟ်ပေါ်ရှိ ခေါင်းတလားကြီးထဲတွင် လဲလျောင်းနေသော သူ၏ ခန္ဓာကိုယ်အစစ်၏ အသိစိတ်ထဲတွင်ပင် ပေါ်ပေါက်လာတော့သည်။

All Chapters