← Chapters

တာဝန် စတင်ပြီ 

Vol. 59 Ch. 808

တာဝန် စတင်ပြီ 

Vol. 59 Ch. 808

နတ်မျက်လုံး ပင်မဂြိုဟ်၏ အစွန်အဖျားပိုင်းတွင် ဥက္ကာပျံ တစ်လုံး ပြုတ်ကျခဲ့သည့် နေရာဟု လူအများက သတ်မှတ်ထားကြသည့် နေရာတစ်ခု ရှိနေ၏။ ၎င်းမှာ လူသူကင်းမဲ့သော နေရာတစ်ခုဖြစ်ပြီး ဧရာမ ချိုင့်ခွက်ကြီးတစ်ခုမှလွဲ၍ အခြားမည်သည့်အရာမှ မရှိကြပေ။

ယခင်တုန်းက ထိုနေရာတွင် ရှိနေခဲ့သော အပင်များမှာလည်း ခြောက်သွေ့ညှိုးနွမ်းကာ သေဆုံးသွားကြပြီဖြစ်သလို လေထုထဲ၌ သေမင်းအငွေ့အသက်များ ကိန်းအောင်းနေသောကြောင့် သားရဲကြီးများမှာလည်း ထိုနေရာသို့ ရောက်မလာနိုင်ကြပေ။ ထိုနေရာကြီးမှာ ထူးဆန်းလွန်းနေသောကြောင့် ၎င်းအား သတိထားမိခဲ့ကြသည့် ကျင့်ကြံသူမြောက်မြားစွာ ရှိပေသည်။ သို့သော် ထို ကျင့်ကြံသူများမှာ မြေပေါ်မြေအောက် နှစ်ခုစလုံး၌ မည်မျှပင် ကြိုးစားရှာဖွေစေကာမူ နောက်ဆုံးတွင် လက်ဗလာနှင့် ပြန်သွားရသည်သာ ဖြစ်သည်။

သို့ဖြစ်ရာ ထိုနေရာတွင် ရှိနေသည့် ခေါင်းတလားကြီးအား မည်သူကမှ မြင်နိုင်စွမ်း မရှိသည့်ပုံပင်။ ထို့ကြောင့် လူတိုင်းမှာ ထိုနေရာကြီးနှင့် ပတ်သက်၍ ထင်မြင်ချက်အမျိုးမျိုး ပေးနေကြပြီး ဥက္ကာပျံကြီးကြောင့် ၎င်းမှာ ယခုလို ထူးဆန်းနေရခြင်းဖြစ်မည်ဟု ယုံကြည်ထားကြပါသော်လည်း အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ထိုအကြောင်းကို တဖြည်းဖြည်းနှင့် မေ့ပျောက်သွားကြတော့သည်။

သို့သော်... ယခုတွင်မူ ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာ ဈေးထဲရှိ တည်းခိုခန်းတစ်ခုထဲ၌ ထိုင်နေပြီး သူ၏ရှေ့တွင် ဝက်ခေါင်းမျက်နှာဖုံးတစ်ခု မျောလွင့်နေ၏။ ထို မျက်နှာဖုံးထဲမှ ထွက်လာသည့် စကားသံကြီးမှာ အာကာသကြီးအား ကျော်ဖြတ်ကာ မြေကြီးအောက်ရှိ ‌ခေါင်းတလားကြီးထဲ၌ လဲလျောင်းနေသော သူ၏ ခန္ဓာကိုယ်အစစ်ဆီသို့ ရောက်ရှိသွားသည်။ ထိုစကားသံကြီးမှာ သူ၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်နေ၏။

၎င်းမှာ ကြည်လင်ပြတ်သားလွန်းနေသောကြောင့် တစ်စုံတစ်ယောက်မှာ သူ၏နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သကဲ့သို့ပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ်မှာ ချက်ချင်းဆိုသလိုပင် မျက်လုံးများပွင့်လာပြီး အံ့ဩတုန်လှုပ်သွားရ၏။ မီးတောက်ခေါင်းဆောင်ကြီး၏ စကားသံမှာ ခေါင်းတလားကြီး၏ နံရံများအား ထိုးဖောက်နိုင်စွမ်း ရှိနေသည်ဖြစ်ရာ ထိုလူကြီးမှာ သူ၏ ဂိုဏ်းတူအစ်ကိုလောက် အစွမ်းထက်ရပေမည်။

ထို စကားသံကြီးကြောင့် လှုပ်နိုးခံလိုက်ရသလို ဖြစ်သွားသည့် အခြားတစ်ယောက်ရှိသေးသည်။ ဝမ်ပေါင်လဲ့ သူ၏ ခန္ဓာကိုယ်အစစ်ပေါ်၌ ချန်ရစ်ထားခဲ့သည့် မမလေးတစ်ယောက် ကိန်းအောင်းနေသော မျက်နှာဖုံးမှာ အနည်းငယ်ခန့် တုန်ရီသွားသည်။ သို့ဖြစ်ရာ မမလေးမှာလည်း နိုးထလာတော့မည့်ပုံ ပေါက်နေ၏။

ထိုအဖြစ်အပျက်များကြောင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ်မှာ အတွေးများထဲ၌ နစ်မျောသွားရ၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် သူသည် မျက်လုံးများပြန်မှိတ်သွားသည်။ သူနှင့် အလွန်အင်မတန်မှ ဝေးကွာသော နေရာတစ်ခုရှိ တည်းခိုခန်းထဲ၌ ထိုင်နေသည့် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာလည်း အံ့သြတုန်လှုပ်နေဆဲပင်။ သူသည် သူ၏ခန္ဓာကိုယ်အစစ်၏ အခြေအနေအား သိလိုက်ရပြီးနောက် အသက်ပြင်းပြင်းရှူကာ သူ၏ရှေ့တွင် ရှိနေသည့် ဝက်ခေါင်းမျက်နှာဖုံးအား ဦးညွှတ်အရိုအသေပေးလိုက်၏။

ထို့နောက် သူသည် ခါးပြန်မတ်လာပြီး လက်‌မြှောက်ကာ ထို မျက်နှာဖုံးအား လှမ်းယူလိုက်သည်။ သူသည် တစ်ခဏမျှ ငြိမ်ကျသွားပြီး တွေဝေတုံ့ဆိုင်းသွားရပါသော်လည်း နောက်ဆုံးတွင်မူ ထိုမျက်နှာဖုံးအား တပ်ရန် ဆုံးဖြတ်လိုက်တော့သည်။

သူ ထို မျက်နှာဖုံးအား တပ်လိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းဆီမှ အားကောင်းသောစွမ်းအားတစ်မျိုး ထွက်ပေါ်လာ၏။ ထိုစွမ်းအားမှာ ဝမ်ပေါင်လဲ့အား အသေးစိတ် ကြည့်ရှုစစ်ဆေးနေခြင်းမရှိဘဲ သူ၏ ခန္ဓာကိုယ်တစ်ခုအား လွှမ်းခြုံသွားပြီးနောက် သူ့အား အားပါပါနှင့် ဆောင့်ဆွဲလိုက်တော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ တစ်ချိန်ထဲမှာပင် သူသည် တည်းခိုခန်းထဲမှ ပျောက်ကွယ်သွား၏။

အရာအားလုံးမှာ တိတ်တဆိတ် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်တစ်ခု၏ စွမ်းအင်အငွေ့အသက်များလည်း ကျန်ရစ်နေခဲ့ခြင်းမရှိသောကြောင့် မည်သူကမှ သတိမထားမိလိုက်ကြပေ။ တည်းခိုခန်း၏ ပတ်ပတ်လည်တွင် အစွမ်းထက် မန္တန်အစီအရင်တစ်ခု တပ်ဆင်ထားပါသော်လည်း ၎င်းမှာ ထိုတည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်အား တားဆီးနိုင်စွမ်းမရှိပေ။ ဝမ်ပေါင်လဲ့မှာ ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်၏။

သူ၏ အမြင်အာရုံများ ပြန်လည် ကြည်လင်ပြတ်သားလာသည့်အချိန်တွင် သူသည် အခြားကမ္ဘာတစ်ခုသို့ ရောက်နေသည်ကို မြင်လိုက်ရ၏။

၎င်းအား ကမ္ဘာတစ်ခုပင် မခေါ်ဆိုသင့်ပေ။ ထိုနေရာတွင် အပျက်အစီးများမှာ မျက်စိတစ်ဆုံး ပြည့်နှက်နေ၏။ ၎င်းတို့မှာ အလွန်အင်မတန်မှ ရှေးဆန်လွန်းနေသည့်ပုံ ပေါက်နေကြသည်။

ကောင်းကင်ယံထဲတွင် ကြယ်များဖြင့် ပြည့်နှက်နေပြီး မြေပြင်ပေါ်တွင်မူ အပျက်စီးများမှာ တောင်လိုပုံနေ၏။ ဝမ်ပေါင်လဲ့မှာ ဓားကောက်တစ်ခုပုံစံ တည်ဆောက်ထားခဲ့သည့် အဆောက်အဦတစ်ခု၏ အပျက်အစီးများပေါ်တွင် ရပ်နေသည်။ သူ၏ ပတ်ပတ်လည်ရှိ နေရာတိုင်းတွင် ထိုကဲ့သို့သော အပျက်အစီးများကို မြင်နိုင်ပေသည်။ ထိုအချိန်တွင် မျက်နှာဖုံးအမျိုးမျိုး တပ်ထားကြသည့် လူရိပ်များမှာ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာကြသည်။

ထို မျက်နှာဖုံးများထဲမှ အချို့မှာ နွားခေါင်း၊ ငါးခေါင်းနှင့် မြင်းခေါင်းများ ဖြစ်ကြ၏။ ထို့အပြင် ဝမ်ပေါင်လဲ့ လုံးဝမမြင်ဖူးသည့် သားရဲကြီးများ၏ ခေါင်းများလည်း ပါနေသေးသည်။ ထိုကဲ့သို့သော မျက်နှာဖုံးများ တပ်ဆင်ထားကြသည့် လူအယောက်နှစ်ရာကျော် ရှိကြသည်။ သူတို့မှာ ထိုနေရာဤ ပေါ်ပေါက်လာကြသည်နှင့် တစ်ပြိုင်နက် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ကြပြီးနောက် အခြားသူများအား အကဲခတ်လိုက်ကြသည်။

ဝမ်ပေါင်လဲ့မှာမူ မှင်တက်သွားရ၏။ သူသည် အလျင်အမြန် အကဲခတ်ကြည့်လိုက်ပါသော်လည်း သူတို့၏ အငွေ့အသက်များအား အာရုံခံနိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်ကို သိလိုက်ရသည်။ ထို့အပြင် သူသည် သူတို့၏ ကျင့်ကြံခြင်းအဆင့်များကိုလည်း ခန့်မှန်းနိုင်စွမ်း မရှိပေ။ သူသည် သူ၏အမြင်အာရုံထဲတွင် ထို ကျင့်ကြံသူများအား ရှင်းလင်းပြတ်သားစွာ မြင်နေရပါသော်လည်း သူ၏ နတ်ဘုရားအာရုံထဲတွင်မူ ၎င်းတို့မှာ မှုန်ဝါးဝါး ဖြစ်နေကြသည်။

" မျက်နှာဖုံးကြောင့်ပဲ " ဝမ်ပေါင်လဲ့မှာ သူ၏မျက်နှာပေါ်တွင် တပ်ထားသည့် မျက်နှာဖုံးအား တို့ထိကာ အတွေးများထဲတွင် နစ်မျောသွား၏။ သူသည် အခြားသူများ၏ ပုံပန်းသွင်ပြင်များကိုကြည့်၍ ကောက်ချက်အချိူ့ ချလိုက်သည်။

ဥပမာဆိုရလျှင် သူတို့၏ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များဖြင့် ပြည့်နှက််နေကြ၏။ သို့ဖြစ်ရာ သူတို့မှာ လူပေါင်းများစွာ သတ်ဖြတ်ဖူးခဲ့သည့် လူများဖြစ်ကြောင်း သိနိုင်ပေသည်။ ထို့အပြင် သူတို့မှာ ဤတာဝန်အား လက်ခံခဲ့ကြသည်ဖြစ်ရာ တမူထူးခြားသည့် အရည်အချင်းများကို ပိုင်ဆိုင်ထားကြသည့်လူများလည်း ဖြစ်ရပေမည်။ သူတို့တစ်ယောက်ချင်းစီတိုင်းမှာ ဤနေရာသို့ ရောက်လာရသည့် အကြောင်းအရင်းအမျိုးမျိုး ရှိနေမည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ မီးတောက်ခေါင်းဆောင်ကြီး ချီးမြှင့်မည့် ဆုလာဘ်များကြောင့် စိတ်ဝင်စားသွားခဲ့ရသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ၎င်းတို့မှာ အခြားသူများအတွက်လည်း မက်လောက်စရာ ကောင်းနေလောက်ပေသည်။

သူတို့အားလုံး တစ်ယောက်ကိုတစ်ယောက် အကဲခတ်နေကြစဉ် သူတို့၏ ပတ်ပတ်လည်ရှိ အပျက်အစီးများထဲမှ အလင်းရောင်များ ထွက်ပေါ်လာ၏။ ထိုအလင်းရောင်များမှာ မှေးမှိန်နေသောကြောင့် နေရာတစ်ခုထဲမှသာ ထွက်ပေါ်လာမည်ဆိုပါက လူအများစုမှ ၎င်းတို့အား သတိပင် ထားမိမည်မဟုတ်ပေ။ သို့သော် ယခုတွင်မူ ၎င်းတို့အားလုံးမှာ ကောင်းကင်ယံထဲမှ ကြွေကျလာသည့် ကြယ်များကဲ့သို့ တစ်ပြိုင်နက်တည်း ထွန်းလင်းတောက်ပသွားကြခြင်း ဖြစ်သည်။ ထို အလင်းရောင်များမှာ ကြယ်အလင်းရောင်များနှင့် ဆင်တူကာ အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာကြပြီးနောက် လူတိုင်း၏ရှေ့၌ စုဝေးသွားကြ၏။

စစချင်းတွင် ၎င်းတို့မှာ မှေးမှိန်နေသောကြောင့် ထိုသို့ စုဝေးပြီးသွားကြသည့် တိုင်အောင် အလွန်အမင်း တောက်ပနေခြင်း မရှိပေ။ သို့သော် ထိုအလင်းရောင်များမှာ အဆက်မပြတ် စုဝေးလာကြသဖြင့် နောက်ဆုံးတွင် ထိုအလင်းစက်လုံးကြီးမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပလာတော့သည်။ ထို့နောက် ထို အလင်းစက်လုံးကြီးထဲ၌ အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားများ စုဝေးလာပြီး ကမ္ဘာကြီးတစ်ခုလုံးအား လွှမ်းခြုံသွားသောကြောင့် မြေပြင်ကြီးမှာ စတင်တုန်ရီလာတော့သည်။

ဝမ်ပေါင်လဲ့ အပါအဝင် အခြားသူများအားလုံးမှာ ဆွံ့အမှင်တက်နေကြရပြီ ဖြစ်သည်။ သူတို့မှာ နတ်ဘုရားတစ်ပါး၏ ရှေ့တော်မှောက်သို့ ရောက်သွားသည့်အလား ခံစားလိုက်ရသဖြင့် ချက်ချင်းပင် ခေါင်းငုံ့သွားကြ၏။ သူတို့ထဲမှ မောက်မာဝင့်ကြွားသော လူများပင်လျှင် သူတို့၏ မာန်မာနများကို ချိုးနှိမ်ကာ ရိုသေလေးစားမှုရှိသည့်ပုံစံ ဟန်ဆောင်လိုက်ရသည်။

ဝမ်ပေါင်လဲ့မှာထို အခြားသူများနည်းတူ ခေါင်းငုံ့ထားပြီး သူ၏ရှေ့တွင်ရှိနေသည့် ပုဂ္ဂိုလ်ကြီးနှင့် သူ၏ဂိုဏ်းတူအစ်ကိုချန်ရှင်းတို့ နှစ်ယောက်ထဲတွင် မည်သူကပို၍ အစွမ်းထက်နေလိမ့်မည်နည်းဟု တွေးမိနေ၏။ သူသည် သူ၏ဂိုဏ်းတူအစ်ကိုကြီးမှာ နှာတစ်ဖျားလောက်သာ အစွမ်းပိုထက်နေလိမ့်မည်ဟု ခံစားနေရသည်။

" သူတို့ထက် သာလွန်တဲ့ တစ်ခုတည်းသော အငွေ့အသက်က... တာအိုဂါထာတော်ကို ရွတ်ဖတ်ရင် ထွက်လာတဲ့ အငွေ့အသက်ပဲ ဖြစ်လောက်တယ် " ဝမ်ပေါင်လဲ့မှာ မျက်လုံးများမေ့သွားပြီး ခေါင်းငုံ့နေရင်း စဥ်းစားတွေးတောနေလိုက်၏။ သူသည် ထိုအကြောင်းများကို ပိုတွေးလေလေ ကျယ်ပြောလှသော စကြဝဠာကြီးထဲတွင် သူသည် အလွန်အင်မတန်မှ အားနည်းနေသေးကြောင်း ပို၍ ခံစားရလာလေလေ ဖြစ်နေတော့သည်။ သူ့ကိုယ်သူ ပုရွက်ဆိတ်တစ်ကောင်ဟုပင် မသတ်မှတ်သင့်သေးပေ။

" ဟူးး။ ငါက တကယ်ကို အားနည်းနေသေးတာပါလားကွ " ဝမ်ပေါင်လဲ့မှာ နေမထိထိုင်မသာ ဖြစ်သွားရ၏။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ နှစ်သိမ့်ရန် တွေးနေစဉ်မှာပင် အဘိုးကြီးတစ်ယောက်၏ ခံစားချက်မပါသည့် စကားသံကြီးတစ်သံမှာ လူတိုင်းကြီးရှေ့တွင် ရစ်ဝဲနေသည့် အလင်းစက်လုံးကြီးထဲမှ ထွက်ပေါ်လာသည်။

" ပထမဆုံး ပြောချင်တာက မင်းတို့တွေ ဒီဂြိုဟ်ပေါ်ကို ရောက်လာတဲ့အချိန်ကတည်းက တာဝန်ကစသွားပြီဆိုတဲ့ အချက်ပဲ။ အချိန် နှစ်ဆယ့်လေးနာရီရမယ်။ နှစ်ဆယ့်လေးနာရီပြည့်ရင် အသက်ရှင်နေသေးတဲ့ လူတွေအကုန်လုံးကို ငါက ပြန်ပို့ပေးမှာဖြစ်တယ် "

" ဒုတိယအချက်အနေနဲ့ ပြောချင်တာက ဒီဝာာဝန်က အဆုံးမဲ့မျိုးနွယ်စုဝင်တွေကို သတ်ဖြတ်ဖို့ပဲ။ မင်းတို့ သတ်ဖြတ်ခဲ့တဲ့ ကျင့်ကြံသူအရေအတွက်နဲ့ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေပေါ် မူတည်ပြီးတော့ မင်းတို့ရဲ့ အဆင့်ကို သတ်မှတ်ပေးမှာဖြစ်တယ်။ မင်းတို့တွေ ပြန်ရောက်တဲ့အချိန် မင်းတို့ရဲ့အဆင့်အပေါ် မူတည်ပြီးတော့ သလင်းနီကျောက်‌တွေ ဆုချပေးမှာ။ သေချာမှတ်ထားရမယ့် အချက်က... သလင်း‌နီကျောက်တွေကို အကန့်အသတ်မရှိ ရယူနိုင်တယ်ဆိုတဲ့အချက်ပဲ "

" တတိယအနေနဲ့ ပြောချင်တာက ဒီ မျက်နှာဖုံးတွေက မင်းတို့ရဲ့ သရုပ်မှန်တွေကို ကွယ်ဝှက်ပေးနိုင်စွမ်းရှိတယ်။ ပြီးရင် သူတို့က မင်းတို့ရဲ့တည်နေရာတွေကို မှတ်သားပေးနိုင်သလို မင်းတို့ကို ပြန်ပြီးတော့ တည်နေရာပြောင်းရွှေ့နိုင်အောင်လည်း ငါ့ကို ကူညီပေးနိုင်တယ်။ အဲဒီအပြင် ငါက မျက်နှာဖုံးတစ်ခုချင်းစီတိုင်းပေါ်မှာ ကျိန်စာတစ်ခုလို အလုပ်လုပ်တဲ့ မန္တန်တစ်ခုကို ထည့်ပေးထားသေးတယ်။ အဲဒီမန္တန်က ထာဝရကြယ်ထိပ်ဆုံးအဆင့်ရဲ့ အောက်မှာရှိနေတဲ့ ကျင့်ကြံသူတွေကို အားနည်းသွားအောင် လုပ်ပေးနိုင်စွမ်းရှိတယ် "

" မင်းတို့ရဲ့ပစ်မှတ်က ဒဏ်ရာအများကြီး ရထားလေလေ၊ ဒီကျိန်စာက ပိုအစွမ်းထက်လာလေလေပဲ။ ဒါပေမဲ့ အဲဒီကျိန်စာကို တစ်ခါပဲအသုံးပြုခွင့်ရှိသလို သုံးပြီးရင် ဆယ့်ငါးမိနစ်ပဲ ခံမှာ "

" နောက်ဆုံးမှာချင်တာက မျက်နှာဖုံးတွေကို မပျောက်စေနဲ့။ ပျောက်သွားရင် ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ " အလင်းစက်လုံးကြီးထဲမှ စကားသံကြီး ပျောက်ကွယ်သွားပြီး မည်သူမှ မတုံ့ပြန်နိုင်ခင်မှာပင် ထို အလင်းစက်လုံးကြီးမှာ ဆတ်ခနဲ တုန်ရီသွား၏။ ထို့နောက် ၎င်းမှာ လွင့်စင်ပျောက်ကွယ်သွားပြီး ကမ္ဘာကြီးတစ်ခုလုံးထဲ၌ ပြည့်နှက်သွားတော့သည်။ ထိုအခါ ဝမ်ပေါင်လဲ့ အပါအဝင် လူတိုင်းမှာ ခန္ဓာကိုယ်များ တုန်ရီသွားကြ၏။ သူတို့၏ မျက်နှာများပေါ်တွင် တပ်ထားသော မျက်နှာဖုံးများမှာလည်း ဝင်းလက်တောက်ပလာပြီး သူတို့မှာ နောက်သို့ ဆောင့်ဆွဲခံလိုက်ရတော့သည်။

မျက်စိတစ်မှိတ်အတွင်းတွင် သူတို့အားလုံးမှာ ထပ်၍ ပျောက်ကွယ်သွားပြန်သည်။

သူတို့၏တာဝန် စတင်သွားပြီ ဖြစ်သည်။

ဒုတိယမြောက် တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ်မှာ ပထမအကြိမ်တုန်းကထက် ပို၍ကြာသည့်ပုံပင်။ သူသည် အချိန်မည်မျှခန့် ကုန်ဆုံးသွားမှန်း မသိသလို သူ၏ဝိညာဉ် ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသည့်အလား ခံစားလိုက်ရ၏။ ထို့နောက် သူ၏ခန္ဓာကိုယ်မှာ စတင်တုန်ရီလာပြီး သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့ရမှ ပြန်လည်နိုးထလာသကဲ့သို့ပင်။ သူ မျက်လုံးများ ဖွင့်ကြည့်လိုက်သောအခါ သူ၏ရှေ့တွင် အနီရောင် ကောင်းကင်ယံကြီးနှင့် အဖြူရောင်မြေပြင်ကြီးအား မြင်လိုက်ရသည်။

ကောင်းကင်ယံကြီး ထိုကဲ့သို့ နီမြန်းနေရခြင်းမှာ သွေးနီရောင် နေမင်းကြီးကြောင့် ဖြစ်ပေသည်။

သူတို့၏ ပတ်ပတ်လည်ရှိ ကန္တာရကြီးမှာမူ အဖြူရောင် ဖြစ်နေ၏။ ၎င်းတို့မှာ ကောင်းကင်ယံကြီး၏ အရောင်နှင့် လုံးဝမတူဘဲ ကွဲထွက်နေသည့် အရောင်များကို ပိုင်ဆိုင်ထားကြသည်။ ထို့အပြင် တိုက်ခတ်နေသည့် လေပြင်းများနှင့် အရပ်မျက်နှာအနှံ့ရှိ အပင််များမှာလည်း ဝမ်ပေါင်လဲ့ မြင်တွေ့ဖူးသမျှ အရာများနှင့် လုံးဝမတူပေ။

သူတို့မှာ လေပြင်းများကို ခပ်ရေးရေးမျှ မြင်နေရ၏။ ၎င်းတို့မှာ မှုန်ဝါးဝါးဖြစ်နေသည့် မြူခိုးများကဲ့သို့ ကန္တာရကြီးထဲတွင် တိုက်ခတ်နေကြသည်။ အပင်များမှာမူ အနက်ရောင်များ ဖြစ်နေကြ၏။ ထိုအရောင်ကြောင့်လည်း ၎င်းတို့မှာ သူတို့ကိုယ်သူတို့ သွေးနီရောင်နေမင်းကြီး၏ ရန်မှ ကာကွယ်နိုင်စွမ်း ရှိနေခြင်း ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရသည်နှင့် အခြား ကျင့်ကြံသူများနှင့် ဝေးရာသို့ ချက်ချင်းဆုတ်ခွာသွားလိုက်၏။ အခြားကျင့်ကြံသူ အများစုမှာလည်း ထိုနည်းတူပင်။ သူတို့မှာ သတိဝီရီယ အပြည့်ရှိနေကြပြီး ရန်လိုနေသည့် မျက်ဝန်းများဖြင့် နောက်သို့ဆုတ်ခွာသွားကြ၏။ ထို့ကြောင့် သူတို့မှာ အမောက်ထောင်ပြနေသည့် အဆိပ်ပြင်းမြွေများနှင့်ပင် ‌တူနေတော့သည်။

ထို့အပြင် တစ်လက်မလေးပင် လှုပ်ရှားမှုမရှိသည့် လူအချို့လည်း ရှိနေသေးသည်။ သူတို့မှာ သူတို့ကိုယ်သူတို့ ယုံကြည်မှုအပြည့်ရှိသည့် အမူအရာဖြင့် မလှုပ်မယှက် ရပ်နေကြ၏။ ထိုအချိန်တွင် အစိမ်းရောင်ဝတ်ရုံတစ်ခု ဆင်မြန်းထားသည့် အရပ်ထောင်ထောင်မောင်းမောင်းနှင့် လူသန်ကျင့်ကြံသူကြီးတစ်ယောက်မှာ သူ၏အနီးတစ်ဝိုက်တွင် ရပ်နေသည့် ကျင့်ကြံသူများအား အထင်သေးသည့် မျက်ဝန်းများဖြင့် ကြည့်ကာ ကြိမ်းဝါးလိုက်တော့သည်။

" သုံးစားမရတဲ့ အမှိုက်လိုကောင်တွေ။ ငါတို့တွေက တာဝန်တစ်ခုတည်းကို တူတူ‌ထမ်းဆောင်နေရလည်း ငါက ဘာကိုမှ ဂရုစိုက်နေမှာ မဟုတ်ဘူးနော်။ ငါ့နောက်ကို လိုက်မလာကြနဲ့။ ပြီးရင် ငါ့ရဲ့ ပစ်မှတ်ကိုလည်း တိုက်ခိုက်ဖို့ မစဉ်းစားနဲ့။ အေး... အဲလိုမှ မဟုတ်ရင်တော့ ငါက လူထပ်သတ်ရဖို့ ဝန်လေးနေမှာ မဟုတ်ဘူး "

All Chapters