နိုရာဆီသို့အလည်တစ်ခေါက်
Vol. 4 Ch. 39
အခန်း (၃၉)
နိုရာဆီသို့ အလည်တစ်ခေါက်
လပ်တစ်ယောက် လက်ဆွဲအိတ်ကို လက်ခံရရှိပြီးနောက် အနားယူရန်အတွက် စိမ်းပြာဂြိုလ်ပေါ်တွင် ရှိသော နိုရာ၏ အိမ်ရာဖက်ကို ထွက်ခဲ့လေသည်။
ထိုအိမ်ရာများမှာ စိမ်းပြာဂြိုလ်ပေါ်တွင် ကန့်သတ်ဧရိယာဖြစ်ပြီး စွမ်း အားကြီးသူများနှင့် သူဌေးသူကြွယ်များသာ နေထိုင်သောရပ်ကွက် ဖြစ်လေသည်။
ဆယ်မိနစ်ခန့် လမ်းလျှောက်လာခဲ့ပြီးနောက် ဖူဂျီအိမ်ရာဖက်ကို ရောက်ရှိလာခဲ့လေသည်။ အပေါက်၀ တွင် လုံခြုံရေးဝန်ထမ်းနှစ်ဦးက လပ်ကို တားမြစ်လေသည်။
“ ရပ်လိုက် ဘယ်ကိုသွားမလို့လဲ ”
“ ကျနော်က လပ်ပါ၊ နိုရာ့သူငယ်ချင်းပါ၊ နိုရာကို လပ်ရောက်နေကြောင်း အကြောင်းကြားပေးပါဗျာ ”
အစောင့်များ၏အမူအရာမှာ လွန်စွာ ကျိုးနွံသွားပြီး
“ ဟုတ်ကဲ့ခင်ဗျာ ခဏလေး စောင့်ပေးပါ ကျွန်တော်တို့ အကြောင်းကြားပေးပါ့မယ် ”
ငါးမိနစ်ခန့်ကြာပြီးနောက် လုံခြုံရေးအစောင့်များက လပ်ကို ပြောလေသည်။
“ ဟုတ်ကဲ့ဆရာ ဝင်သွားလို့ရပါပြီ ”
“ အထဲမှာ မမလေး နိုရာ အဆောင်(၅) မှာ စောင့်နေပါတယ် ”
“ အေး အေး ”
လပ်တစ်ယောက် ဝန်းအတွင်းသို့ တံခါးမကြီးမှတဆင့် ဝင်ရောက်လိုက်သည်။ ကြီးကျယ်ခန်းနားသော အဆောက်အဦးများ၊ ပန်းဥယျာဉ်များ၊ ရေတံခွန်အတုများကို ရင်သပ်ရှုမောဖွယ် တွေ့မြင်ရလေသည်။
“ အင်း ဘယ်ခေတ်ဖြစ်ဖြစ် ချမ်းသာတဲ့လူတွေကတော့ အလှအပကို တန်ဖိုးကြီးအရာတွေနဲ့ တန်ဆာဆင်ကြတာပဲလေ ” ဟု လပ် တွေးလိုက်သည်။
လပ်တစ်ယောက် လမ်းလျှောက်လာရင်းဖြင့် အစေခံအမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသဖြင့် မေးလိုက်သည်။
“ ဒီမှာခင်ဗျ အဆောင် (၅) ကို ဘယ်လိုသွားရမလဲခင်ဗျ ”
“ ဟုတ်ကဲ့ရှင့် ဒီတည့်တည့် လျှောက်သွားပြီး ရှေ့မှာ ပြိုင်ပွဲအဆောက်အဦး ရှိပါတယ် ပေတစ်ထောင် ကျယ်တဲ့ အဲဒီပြိုင်ကွင်းရဲ့ညာဘက်ထောင့်မှာ သုံးထပ်အဆောက်အဦး ရှိပါတယ်ရှင့် အနီရောင်နဲ့ အဆောင် (၅)လို့ ရေးထားပါတယ် ” ဟု ကျိုးနွံစွာ ပြောလေသည်။
လပ်က ပြုံးရင်း “ ကျေးဇူးပါခင်ဗျာ ” ဟု ပြောလိုက်လေသည်။
လပ်တစ်ယောက် ပြိုင်ကွင်းကြီးအနားသို့ ဆက်လျှောက်လာခဲ့လေသည်။ ပြိုင်ကွင်းကြီးမှာ ပေတစ်ထောင်ခန့် ကြီးမားပြီး သိုင်းနှင့်အားကစားပြိုင်ပွဲများ ကျင်းပရာ နေရာဖြစ်လေသည်။ လူလေးသောင်းခန့် ပွဲကြည့်နိုင်ပေ သည်။
ပြိုင်ပွဲကွင်းကြီးကိုကျော်လာပြီးနောက် ညာဘက်တွင် အနီရောင်ဆိုင်းဘုတ်ကြီးကို ဂျပန်စတိုင် ချိတ်ဆွဲ ထားသော သုံးထပ်အဆောက်အဦးကြီးကို လပ် မြင်တွေ့လိုက်ရသည်။ လပ် အေးဆေးပဲ အဆောင်(၅)အတွင်း သို့ တံခါးတွန်းဖွင့် ဝင်ရောက်လိုက်လေသည်။
“ ကလင် ” တံခါးတွင် ချိတ်ဆွဲထားသော ခေါင်းလောင်းလေးမှာ မြည်သံ ထွက်ပေါ်လာလေသည်။ ရုပ်ရည်လှပသန့်ရှင်းသော အသက်နှစ်ဆယ့်ငါးနှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး လပ်ကို နှုတ်ဆက်လိုက်လေသည်။
“ မင်္ဂလာပါရှင့် ကျွန်မကတော့ ဟန်နီပါ ကြိုဆိုဧည့်ခံခိုင်းထားတာပါ ”
“ ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ် ” လပ် အမြန်ပြန်ပြောလိုက်သည်။
“ မမနိုရာက မိသားစုအစည်းအဝေးကြောင့် နှစ်နာရီလောက် ကြာအုံးမယ်ရှင့် ”
“ မစ္စတာလပ် ခဏစောင့်ပါဦးနော် ”
“ ရပါတယ်ဗျာ အေးဆေးပါပဲ ”
လပ်တစ်ယောက် ဟန်နီဧည့်ခံသော ပန်းသီးဖျော်ရည်တစ်ခွက်ကိုသောက်ရင်း ဧည့်ခန်းအတွင်း တပ်ဆင်ထား သော လက်မခြောက်ဆယ်ကျော် TV ကြီးကို ကြည့်ရှုနေလေ၏။
TV တွင် ဂျပန်ရိုးရာအစားအသောက်များနှင့် အဝတ်အစားဖက်ရှင်ဒီဇိုင်းများကို ပြသနေသည်။ လပ်တစ်ယောက် သိုလှောင်လက်ပတ်မှ ခလုတ်တစ်ခုကို နှိပ် လိုက်ပြီး အသေးလေးကို ခေါ်ထုတ်လိုက်သည်။
“ တွီ ဟာ ဆရာက တော်တော်ဇိမ်ကျနေတာပဲ ” ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို အသေး လေး၏ အသံက ထွက်ပေါ်လာလေသည်။
“ ကျနော်လည်း သောက်မယ်ဆရာ ကျနော်လည်း သောက်မယ် ” အသေးလေးမှာ ခုန်ဆွခုန်ဆွဖြင့် လပ်၏ရှေ့တွင် တည်ခင်းဧည့်ခံထားသော အချိုရည်ခွက်ကြီးဆီသို့ ရောက်ရှိသွားလေသည်။ ထို့နောက် တစ်ခွက် ငှဲ့သောက်လိုက်ပြီး
“ ဟွား ရင်ထဲကို အေးသွားတာပဲ ”
“ ဆရာ ဂျပန်က အစားအစာနဲ့ မိန်းကလေးတွေက စားဖူးရင် တစ်သက်လုံး စွဲသွားတယ်လို့ ကြားဖူးတယ် ဆရာ ဟိ ဟိ ဟိ ”
လပ် မျက်နှာကြီး နီရဲသွားပြီး အသေးလေးကို အမြန်ငေါက်လိုက်သည်။
“ ဟေ့ကောင် မင်း ပါးစပ်ပိတ်လိုက်တော့ ဘေးက တခြားလူတွေကြားသွားအုံးမယ် ရှက်စရာကြီး ”
“ ဟုတ်ကဲ့ဆရာ ”
စပ်ဖြဲဖြဲမျက်နှာဖြင့် အသေးလေးက ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေလေသည်။
လပ်တို့ စားသောက်နေသော အဆောက်အဦး၏ အရှေ့ဘက် အဆောင်(၆)တွင် ဖြစ်သည်။ ခန်းနား ထည်ဝါသော ရှေးဟောင်းပစ္စည်းများဖြင့် တန်ဆာဆင်ထားသော အခန်းထဲတွင် လူနှစ်ဦး ထိုင်၍ စကားပြောနေ ကြသည်။
တစ်ဦးမှာ အသက်လေးဆယ်အရွယ် ပိန်ပိန်ပါးပါး မျက်နှာချွန်ချွန်နှင့်ဖြစ်ပြီး နောက်တစ်ဦးမှာ အသက် နှစ်ဆယ်အရွယ် လုလင်ပျိုတစ်ဦး ဖြစ်သည်။ အသက်လေးဆယ်အရွယ်လူမှ စကား စတင်ပြောဆိုလိုက်သည်။
“ သခင်လေး လပ်ဆိုတဲ့တစ်ယောက် ဒီဝန်းထဲကို ရောက်နေတယ်လို့ကြားတယ် အခုပဲ အစေခံတချို့က သတင်းပို့ထားပါတယ် နိုရာကို လာတွေ့တာလို့ သိရပါတယ် ”
သခင်လေးဆိုသူက “ အမ် ဒီကောင်က မတန်မရာ လာမှန်းနေတာပဲ သူ့လို တစ်ကောက်ကြွက် အောက်တန်းစား ကောင်က နိုရာကို လိုချင်နေတာလား ”
“ မင်း ဒီကောင့်ကို အခွင့်အရေးရအောင်စိန်ခေါ်ပြီး ဆုံးမလိုက်စမ်း တာကာမူ ငါ့ရဲ့လမ်းကြောင်းမှာ ပိတ် ရင် ဒီကောင့်ကို ရှင်းပစ်ရမယ် ”
“ ဟုတ်ကဲ့ သခင်လေးချီတို ” ဟု မျက်နှာချွန်က ပြောလိုက်သည်။
နာရီဝက်ခန့်ကြာပြီးနောက် လပ်နှင့်အသေးလေးတို့ ဧည့်ခန်းအတွင်းတွင် ငြင်းခုံနေကြလေသည်။ လပ်က အော်ဟစ်ပြောဆိုလိုက်သည်။
“ နတ်ဘုရားတွေဆိုတာ သပ်သပ်ကို တည်ရှိနေတာကွ ”
အသေးလေးက “ အမ် ကျနော့်အသိညာဏ်ထဲမှာ သတ်လို့မသေတဲ့ နတ်ဘုရားဆိုတာ မရှိသေးဘူး ” ဟု ပြန်ပြောလေသည်။
“ အေး မင်း မမြင်ဖူးတာနဲ့ ဒေတာကို မတွေ့တာနဲ့ပဲ မယုံကြည်ဘူးလို့ လျှောက်ပြောမနေနဲ့ကွ ” လပ်က အရှုံးမပေးဘဲ ပြန်အော်လေသည်။
ရုတ်တရက် လပ်တို့အနားသို့ မျက်နှာချွန်းချွန်းနှင့် အသက်လေးဆယ်အရွယ် လူတစ်ဦး ရောက်ရှိလာပြီး အော်ဟစ်လိုက်သည်။
“ ဟေ့ကောင် သူများအိမ်ထဲမှာ A.I နဲ့စနစ်ကို မသုံးရဘူးဆိုတာ နားမလည်ဘူးလားကွ တောသား ကောင်တွေ ”
လပ်က “ ခင်ဗျားက ဘာလဲ ကျနော်တို့က အနားယူနေတာလေ ” ဟု ပြန်လည် အော်ဟစ်ပြောဆိုလိုက်သည်။
မျက်နှားချွန်းချွန်းနှင့်လူက ရုတ်တရက် လက်ထဲတွင် ကိုင်ထားသော ရေခွက်ဖြင့် လပ်ကို လှမ်းပတ်ထည့်လိုက် သည်။ လွန်စွာ နီးကပ်နေသောကြောင့် လပ်၏ ရင်ဘတ်နှင့်ပေါင်တွင် ရေအနည်းငယ် စိုစွတ်သွားလေသည်။
“ အမ် ” လပ်တစ်ယောက် ရုတ်တရက် ဒေါသထွက်သွားလေပြီ။ “ ခင်ဗျား ဘာလုပ်တာလဲ ” ဟု ပြောလိုက်သည်။
“ ဟား ဟား ဟား ဘာလုပ်တာလဲဆိုတော့ မင်းက မတန်မရာ နိုရာကို လာမှန်းနေလို့ ဘယ်လောက်စွမ်း သလဲသိချင်လို့ စိန်ခေါ်လိုက်တာ၊ ငါလည်း S2 အဆင့်ပဲ မင်း ငါနဲ့ တစ်ယောက်ချင်း ပြိုင်ရဲလား၊ ရှုံးတဲ့သူက ဒူး ထောက်ကြေး ဘယ်လိုလဲ ”
လပ်ကလည်း စိတ်မြန်သူဖြစ်သောကြောင့် အမြန်ပင်လက်ခံလိုက်သည်။ ထို့နောက် မျက်နှားချွန်းအား
“ လာစမ်းပါ ဟေ့လူ ပြိုင်ကွင်းမှာ စာရင်းသွင်းလိုက်စမ်း ” ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဆယ်မိနစ်ခန့်ကြာပြီးနောက် အရင်က ကျော်ကြားခဲ့သော ရေခဲမင်းသားနှင့် ဂျပန်မှ လက်ရွေးစင်ဟောင်း တာကာမူတို့ ယနေ့ ညနေတွင် ပြိုင်ကွင်းအတွင်း ယှဉ်ပြိုင်ကြမည်ဟူသော သတင်းစကားသည် နေရာအသီးသီး သို့ ပျံ့နှံ့သွားလေသည်။
ဂျပန်နှင့် စိမ်းပြာဂြိုလ်ရှိ ဒေသအသီးသီးမှ ပရိသတ်များကလည်း ပွဲကြည့်ရန်အတွက် တဖွဲဖွဲ ရောက်ရှိလာကြလေသည်။