တာကာမူ၏ဓါးချက်
Vol. 4 Ch. 40
အခန်း (၄၀)
တာကာမူ၏ဓားချက်
ရေခဲမင်းသားလပ်နှင့် တာကာမူတို့ တိုက်ခိုက်ကြမည်ဟူသောသတင်းကြောင့် ပွဲကြည့်ရန် ပရိသတ်များ တဖွဲဖွဲ ရောက်ရှိလာခဲ့ကြသည်။
အချင်းချင်း ကြေးဖွင့်၍ လောင်းကစားပင် ပြုလုပ်နေကြလေသည်။
“ ဟေ့ ဒီမှာ ရေခဲမင်းသားဘက်က UM နှစ်ထောင် လောင်းတယ်ကွာ ” လူကြီးတစ်ဦးမှ ပြောလိုက်သည်။
“ ဟမ် ငါက တာကာမူဘက်ကကွ တာကာမူက အခုထိ ရှုံးပွဲမရှိသေးဘူးကွ အစောကြီး အနားယူသွား လို့ကွ ”
“ အံမယ် မင်းက လပ်အကြောင်း မသိသေးလို့ ငါတို့ ရေခဲမင်းသားက ဒီစကြာဝဠာမှာ အဆင့် တစ်ဆယ် ရထားတာကွ ”
မိန်းမပျိုတစ်ဦးမှလည်း ဝင်ရောက်ပြောဆိုလိုက်သည်။
“ ရေခဲမင်းသားက ငါ့ အိုင်ဒေါလ်ပဲ ဘာဖြစ်ဖြစ် သူ့ဘက်ကပဲ ဟိ ဟိ ဟိ ”
အစည်းခန်းတစ်ခုအတွင်း ဂျပန်ရိုးရာဝတ်စုံ ဝတ်ဆင်ထားသော လူ ခုနစ်ဦးခန့် စုဝေးထိုင်နေကြလေသည်။ စူးရှ ထက်မြက်ဟန်ရှိသော အသက်ခြောက်ဆယ်ခန့်ရှိ အဖိုးအိုတစ်ဦးမှာ ထိပ်ဆုံး ကုလားထိုင်တွင် ထိုင်နေပြီး ရှေ့ရှိ စာရွက်အချို့ကို ကိုင်ပြီး စကားပြောဆိုနေသည်။
“ ဆေးပင်စုဆောင်းမှုတွေက ဘာလို့ ဒီ လလျော့လာတာလဲ ”
“ လုပ်ကွက်က အလုပ်သမားတွေကို အချိန်ပိုကြေးပေးပြီး မြန်မြန်ပြီးအောင် လုပ်ခိုင်းလိုက်ကြ ကြား လား”
“ ဟုတ်ကဲ့ ” အားလုံးက ပြိုင်တူ ဖြေလိုက်ကြသည်။ ဂျပန်ကီမိုနို စိမ်းပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ချောမောလှပသည့် အသက်နှစ်ဆယ်အရွယ် မိန်းမပျိုလေးမှာလည်း စာရင်းစစ်နေသည်ကို အသာထိုင်နားထောင်ရင် ဇောချွေးပြန်နေလေသည်။
“ တီ တီ ” ရုတ်တရက် မက်ဆေ့ဝင်လာသောကြောင့် အသိပေးချက်ကို ဖွင့်ကြည့်လိုက်သည်။
[ မမ နိုရာ မကောင်းတော့ဘူး အစ်ကိုကြီးလပ်က အခု တာကာမူနဲ့ စိန်ခေါ်ပြီး တိုက်တော့မယ် အချိန်က အခု ညနေ လေးနာရီ ]
“ အမ် ” နိုရာတစ်ယောက် စာတိုကို ဖတ်ကြည့်ပြီး ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။ ပြီးနောက် တီး တိုး ရေရွတ်လိုက်သည်။
“ ငါ သူ့ကို ဧည့်ခန်းမှာ စောင့်ခိုင်းထားတာကို ဘယ်လိုဖြစ်ပြီး ဘာတွေ လျှောက်လုပ်ပြန်ပြီလဲ ”
နိုရာ၏ လှပသော မျက်နှာလေး ပျက်ယွင်းသွားပြီး ရေရွတ်လိုက်သည်။
“ မဖြစ်ဘူး ငါ အမြန်သွားကြည့်မှ ရမယ် ”
ညနေလေးနာရီကို ရောက်ရှိရန် ငါးမိနစ်ခန့်သာ လိုတော့သည်။ ပွဲကြည့်သူ ပရိသတ်များမှာလည်း သုံးသောင်း ဝန်းကျင်ခန့် များပြားလာပြီး ဖူဂျီပြိုင်ကွင်းကြီးသို့လည်း ပရိသတ်များ တဖွဲဖွဲ ရောက်လာနေဆဲပင် ဖြစ်သည်။
“ တင် တင် ” လေးနာရီထိုးလေပြီ။ မီဒီယာအချို့မှာ မှတ်တမ်းတင် ရိုက်ကူးရန်အတွက် ကင်မရာများ ဒရုန်းများကို ချိန်ညှိနေကြလေသည်။
“ ဟေး ဟေး ” ပရိသတ်များထံမှ အသံများ ဝုန်းခနဲအော်ဟစ်သံ ကြားလိုက်ရလေသည်။ လပ်နှင့် တာကာမူတို့ ကွင်းထဲသို့ အသီးသီး ဝင်ရောက်လာကြလေပြီ။
လပ်နှင့်တာကာမူတို့ မျက်နှာချင်းဆိုင် ရပ်လိုက်ပြီး နောက် အရိုအသေပေးလိုက်ကြသည်။ တာကာမူက စကားစလိုက်သည်။
“ ဟေ့ ဘယ်လိုလဲ ကောင်လေး မင်း နောက်ဆုတ်ဖို့ အချိန်ရသေးတယ်နော် ”
“ အမ် ခင်ဗျားကိုကြောက်ရင် ပွဲဖျက်လိုက်တာ ကြာပေါ့ အခု ကျနော် ပြိုင်ကွင်းထဲကို ရောက်လာ ပြီလေ ”
တာကာမူက မခိုးမခန့်ပြုံးရင်း “ ဟား ဟား ဟား
အိုကေလေ ပြိုင်ပွဲမှာ သေသွားရင်တော့ မင်း အပြစ်ပဲနော် ” ဟု ခနဲ့လိုက်သည်။
ပြိုင်ပွဲဝင်စည်းကမ်းများအရ ပြိုင်ပွဲကွင်းအတွင်း အကောက်ကြံခြင်းမရှိဘဲ ရှုံးနိမ့်သေဆုံးသွားပါက မိမိတာဝန်သာဖြစ်ကြောင်းကို သဘောတူ လက်မှတ်ထိုးထားရလေသည်။
လပ်နှင့်တာကာမူတို့အကြားသို့ ဆံပင်ဖြူတိုတိုနှင့် တုတ်ခိုင်သော လူအိုကြီးတစ်ဦး လှစ်ခနဲ ရောက်ရှိလာ သည်။
“ ဟိုင်း အားလုံးပဲ ကျနော်ကတော့ တိုက်ပွဲကွင်းပြင်ကို တာဝန်ယူမယ့် ဒိုင်လူကြီးပါ လူအိုကြီးကျန်းလို့ ခေါ်ပါတယ် ”
လပ်နှင့်တာကာမူတို့ကလည်း ပြန်လည်အရိုအသေပေးလိုက်သည်။
“ အားလုံးပဲ အဆင်သင့်ဖြစ်ပြီဆိုရင် ပွဲစလို့ ရပါပြီ ” ဟု အော်ဟစ်ကြေငြာလိုက်သည်။
လပ်နှင့်တာကာမူတို့နှစ်ယောက် ပေလေးဆယ်ခန့်ထိကွာအောင် နောက်ဆုတ်လိုက်ကြသည်။ ထို့နောက် တစ်ဦးနှင့်တစ်ဦး အကွက်ကောင်းကို ချောင်းမြောင်းနေကြလေသည်။
S2 အဆင့်များတွင် အမှားတစ်ခုက ဘာမဆိုဖြစ်သွားနိုင်သည် မဟုတ်ပါလား။
တစ်မိနစ်ခန့်ကြာအောင် ငြိမ်သက်နေကြပြီးနောက် တာကာမူက သူ၏စွမ်းအင်ကို ထုတ်၍ စတင်တိုက် ခိုက်လေတော့သည်။
“ ဝှစ် ရွှန်း ”
တာကာမူ၏အနောက်ဘက်တွင် ပေရှစ်ဆယ်ခန့်ရှိသော လူ့ဘီလူးကြီးတစ်ကောင်၏ ပုံရိပ် ထွက်ပေါ်လာလေ သည်။ ထိုဘီလူးကြီးမှာ ဆာမူရိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင်လည်း ဓားရှည်တစ်လက်ကို ကိုင်စွဲ ထားလေသည်။ ထိုဘီလူးကြီးမှာ အားဖြင့် လပ်ကို ခြေထောက်ဖြင့် နင်းလိုက်လေသည်။ လပ်တစ်ယောက်လည်း S2 စွမ်းအားအပြည့်သုံးကာ ရေခဲလက်သီးဖြင့် အပေါ်ကို ပင့်ထိုးလိုက်လေသည်။
“ ဝှစ် ဝှီး ဒုန်း ”
ဘီလူးကြီး၏ ခြေထောက်ကြီးနှင့် လပ်၏မဟာရေခဲလက်သီးပုံရိပ်ကြီး တိုက်မိသွားပြီး ပြင်းထန်စွာ ပေါက်ကွဲသံ ကြီး ထွက်ပေါ်လာလေသည်။
“ အုန်း ဝုန်း ”
ဘီလူးကြီးမှာ ရေခဲစွမ်းအင်တိုက်စားမှုကြောင့် ခြေထောက်တစ်ဖက် ပဲ့ထွက်သွားလေသည်။ စွမ်းအားကြီးသူ အချို့ကလည်း ပွဲကြည့်စင်တွင် ကြည့်ရှုနေကြသည်။
“ အင်း နှစ်ယောက်လုံးက ခွန်အားခွဲထွက်ပညာရပ်ကို ထုတ်သုံးနေတာပဲ ” ဟု အဘိုးအိုတစ်ဦးက သုံး သပ်လိုက်သည်။
ပထမတိုက်ကွက်အတွင်းမှာပင် တာကာမူမှာ အရေးနိမ့်နေပြီ ဖြစ်သည်။
“ ယား ဝှစ် ” တာကာမူ၏ကိုယ်မှာ ကြည့်နေစဉ်အတွင်းမှာပင် ရုတ်တရက် ပျောက်ကွယ်သွားလေသည်။ ထို့နောက် လပ်၏အရှေ့အနောက်နှင့် ခေါင်းပေါ်တွင် တာကာမူသုံးဦး ရုတ်တရက် ထွက်ပေါ်လာသည်။
“ ရွှစ် ရွှစ် ရွှစ် ချလွမ်း ”
ဓားခုတ်ချက် သုံးချက်၏အသံကို ကြားလိုက်ရပြီး လပ်ဆီသို့ ကြောက်မက်ဖွယ် ဓားအလင်းတန်းကြီးသုံးခု တိုးဝင် လာလေသည်။
လပ်က အားမာန်သွင်းလိုက်ပြီး ရေခဲနှင်းတောင်စွမ်းအားကိုထည့်ကာ လက်သီးသုံးချက်ထိုးလိုက် ပြီး ဓားအလင်းတန်းများဆီသို့ ပစ်လွှတ်လိုက်သည်။ ဓားအလင်းတန်းများမှာ လက်သီးပုံရိပ်များဖြင့် ထိမိပြီး နောက်သို့ ပြန်ကန်ထွက်သွားလေသည်။
ရုတ်တရက် ဦးခေါင်းပေါ်ရှိ တာကာမူကို လပ်က ပင့်လက်သီးဖြင့် ပစ် သွင်းလိုက်သည်။ တာကာမူ၏တစ်ကိုယ်လုံး ရေခဲများဖြင့် အေးစက်တောင့်တင်းသွားပြီး လပ်၏ပင့်လက်သီးက တာကာမူ၏ မေးအောက်ကို ထိုးခွဲသွားလေသည်။
“ ဒုန်း ဂျလွတ် အား ”
တာကာမူ၏မျက်နှာတစ်ခြမ်းမှာ ရေခဲစများသဖွယ် ပဲ့ကြွေလွင့်ထွက်သွားလေတော့သည်။ ထို့နောက် အရုပ်ကြိုး ပျက် လွင့်ထွက်သွားလေတော့သည်။
“ တီ ဒင် ”
လူအိုကြီးကျန်း လှစ်ခနဲရောက်ရှိလာပြီး တာကာမူ၏ကိုယ်ကို စစ်ဆေးပြီးနောက် “ ရေခဲမင်းသား အနိုင်ရတယ် ” ဟု ကြေငြာလိုက်လေသည်။
ပရိသတ်များမှာလည်း မြန်ဆန်လှသောတိုက်ပွဲကြောင့်
ယခုအထိပင် မမြင်လိုက်သူများလည်း ရှိနေသည်။ သို့သော်လည်း “ ဟေး လပ်ကွ ဟား ဟား ဟား ငါတို့ ရေခဲမင်းသား အနိုင်ရပြီကွ ” ဟု အော်ဟစ်ကြလေသည်။ ဂျပန်ဒေသအဖွဲ့မှ စိမ်းပြာဂြိုလ်အာဏာပိုင်းများကတော့ ရှုတည်တည်ဖြင့် ကြည့်နေကြလေသည်။
“ အား ဗြစ် ”
လပ်တစ်ယောက် သွေးအချို့ အန်ထုတ်လိုက်ပြီးနောက် ခန္ဓာကိုယ်ပေါ်ရှိ ဓားဒဏ်ရာသုံးခုမှ သွေးများ ထွက်ကျလာလေသည်။ သို့သော် အားတင်းကာမတ်တပ်ရပ်ရင်း ပရိသတ်များကို ဦးညွှတ်လိုက်သည်။
ပွဲကြည့်စင် အထူးတန်းတစ်နေရာတွင် ကြည့်နေသောနိုရာနှင့်အဖွဲ့မှ လူများကလည်း ယခုမှပင် သက်ပြင်းချနိုင် လေတော့သည်။
နိုရာမှာ လပ်၏ဒဏ်ရာများကို မြင်တွေ့သွားပြီးနောက် မျက်နှာပျက်ယွင်းသွားလေသည်။ ချက်ချင်းပင် သူမ၏နံဘေးရှိ ဟန်နီကို အမိန့်ပေးလိုက်သည်။
“ လပ်ကို အထူးကုသဆောင်ကို ခေါ်သွားခိုင်းလိုက် ပြီးရင် အစောင့်အရှောက်တွေကို သေချာ စောင့်ကြပ်ခိုင်းထားပါ ”
“ ဟုတ်ကဲ့ မမလေး ”
“ ဒီ တာကာမူဆိုတာ ဟိုလူ (ချီတို)ရဲ့ တပည့်ပဲ သူ့စနက် ပါဝင်နေမှာ သေချာတယ် သတိထား စောင့်ကြည့်ထား ” ဟု နိုရာက ထပ်မံ ပြောဆိုလိုက်လေသည်
စာစဉ် (၄) ပြီး၏။