← Chapters

ရန်သူရဲ့ရန်သူက ငါ့မဟာမိတ်ပဲ

Vol. 72 Ch. 1003

ရန်သူရဲ့ရန်သူက ငါ့မဟာမိတ်ပဲ

Vol. 72 Ch. 1003

အေးစက်စက်အသံက လေထဲ၌ လွင့်ပါသွားပြီး ကျင်းရှီတို့အဖွဲ့အား သူမအနောက်သို့ လိုက်လာရန် လက်ဟန်ပြပြီးနောက် အနက်ဝတ်ထန်အန်က ထွက်ခွာသွားခဲ့သည်။

ထန်ရှုက စင်းထို့နှင့်လူအိုကြီးတို့အား တိုက်ရိုက်ကြည့်ကာ ပြောလိုက်သည်"တစ်ချိန်က ခင်ဗျားတို့ရဲ့ကလန်က ကောင်းကင်ဘုံမှော်ဆရာကလန်နဲ့ သက်ဆိုင်ခဲ့ဖူးတယ်ဆိုတာ ကျုပ် သိတယ်၊ ဒါပေမယ့် ကျုပ်တို့နှစ်ဖွဲ့ထဲက တစ်ဖွဲ့ သေကျေပျက်ဆီးသွားမှပဲ ကျုပ်နဲ့ကောင်းကင်ဘုံမှော်ဆရာကလန်ကြားမှာရှိတဲ့သွေးကြေးက အဆုံးသတ်နိုင်လိမ့်မယ်။ အခု ခင်များတို့ကလန်ရဲ့ရပ်တည်ချက်ကို မေးချင်တယ်။ ခင်ဗျားတို့က သူတို့ဆီ ပြန်သွားချင်သေးတယ်ဆိုရင် ကျုပ်တို့က ရန်သူတွေပဲ။ ခင်ဗျားတို့က သူတို့နဲ့ ဘာဆက်ဆံရေးမှ မရှိချင်တော့ဘူးဆိုရင် ကျုပ်တို့က မိတ်ဆွေတွေပဲ"

စင်းထို့၏မျက်လုံးများက တလက်လက်ဖြစ်သွားပြီး နက်ရှိုင်းသောအသံနှင့် ပြန်ဖြေလိုက်သည်"အတိတ်မှာ အမှောင်နတ်ဆရာကလန်ရဲ့ဘိုးဘေးတွေက ကောင်းကင်ဘုံနတ်ဆရာကလန်ရဲ့ကျွမ်းကျင်သူတွေက အမဲလိုက်သတ်ဖြတ်ခဲ့တယ်။ ငါတို့ကလန်သားများစွာက သူတို့လက်ထဲမှာ သေဆုံးခဲ့ရတယ်။ ငါတို့နဲ့သူတို့ကြားမှာ ဆက်ဆံရေးတစ်ခုရှိတယ်ဆိုရင် အဲဒါက ရန်သူဆက်ဆံရေးပဲ ဖြစ်လိမ့်မယ်"

အမှောင်နတ်ဆရာကလန်၏ထိပ်တန်းကလန်သားတစ်ယောက်ဖြစ်သောဆံဖြူလူအိုကြီးက သံယောင်လိုက်လေသည်"တစ်ချိန်က ကောင်းကင်ဘုံမှော်ဆရာကလန်က ငါတို့ကလန်သားတွေကို အမဲလိုက်ခဲ့ပြီး ငါတို့မျိုးနွယ်ဝင်တွေများစွာကို ပျက်ဆီးစေခဲ့တယ်။ နှစ်ပေါင်းများစွာကြာပြီ၊ ငါတို့တွေ ဒီအမုန်းကို လုံးဝမမေ့သေးဘူး။ ငါတို့ကလန်က သူတို့နဲ့ယှဉ်ရင် အားနည်းနေတာကြောင့်မဟုတ်ရင် ဘိုးဘေးတွေအတွက် တရားမျှတမှုကို ရှာဖွေပြီးလောက်ပြီ"

စင်းလုအန်က သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်သည်"ငါ့အဖေနဲ့အားလုံးပြောတာ အမှန်ပဲ၊ မစ္စတာထန်။ ငါတို့တွေ ကောင်းကင်ဘုံမှော်ဆရာကလန်ကို ဘယ်တော့မှ အကောင်းမမြင်ခဲ့ဘူး၊ သူတို့ရဲ့ပျက်ဆီးမှုကိုပဲ အမြဲတမ်း စောင့်မျှော်နေခဲ့တာ။ မင်းနဲ့သူတို့ကြားသွေးကြေးမှာ ငါတို့ မပါဝင်ဘူး။ ဒါပေမယ့် ငါတို့ကလန်တစ်ခုလုံးရဲ့ခွန်အားကို တိုးမြှင့်စေနိုင်လောက်တဲ့အထိ မင်းက ဆေးလုံးတွေ ထောက်ပံ့ပေးမယ်ဆိုရင် အနာဂတ်မှာ မင်းက ငါတို့ရဲ့အကူအညီကို လိုတဲ့အခါ ငါတို့က ကူညီထောက်ပံ့ပေးနိုင်မှာပါ"

"စင်းလုအန်...."

အမူအရာပြောင်းလဲသွားလျက် စင်းထို့က အော်လိုက်သည်။ သူက ထန်ရှုနှင့်ကောင်းကင်ဘုံမှော်ဆရာကလန်အကြားရှိသွေးကြေးရန်ငြိုးထဲ၌ မပါဝင်မပတ်သက်ချင်ပေ။

သို့သော် စင်းထို့၏အဖေလူအိုကြီးက အံ့အားသင့်စွာနှင့် ‌‌ဖြည်းဖြည်းချင်းပြောလိုက်သည်"ထို့အာ၊ စင်းလုအန်ရဲ့အကြံပြုချက်ကို ငါ လက်ခံတယ်။ ငါတို့ကလန်က ဘိုးဘေးတွေအတွက် တရားမျှတမှုကို ဘယ်တော့မှ မရှာဖွေနိုင်ခဲ့ဘူး။ ဒါတွေအားလုံးက ငါတို့တွေ အားနည်းလို့ပဲ။ ဒါပေမယ့် ငါတို့ကလန်ရဲ့ခွန်အားက ခုန်ပေါက်သလို တိုးတက်လာမယ်ဆိုရင် ဘာလို့ ငါတို့က မစ္စတာထန်ကို မကူညီနိုင်ရမှာလဲ"

စင်းထို့က လျင်မြန်စွာ ပြန်ပြော၏"ဒါပေမယ့် အဖေ၊ ဒီကိစ္စက....."

လူအိုကြီးက သူ့အား လက်မြှောက်ပြတားဆီးလျက် ထန်ရှုထံ ပြောလေသည်"မစ္စတာထန်၊ ငါတို့တွေ ဆေးလုံးတွေ လိုအပ်တယ်၊ မင်း အဲဒါကို မျှတတဲ့ပမာဏတစ်ခုနဲ့ ဖလှယ်ပေးဖို့ မျှော်လင့်တယ်။ ငါတို့ကလန်မှာရှိတဲ့မှော်ကျောက်တုံးတွေရဲ့ပမာဏက နည်းပါးတယ်ဆိုတာ စင်းလုအန်ဆီက‌နေ မင်း ကြားသိထားမယ်ဆိုတာ သေချာတယ်၊ ဒါကြောင့် ငါတို့ကို ဒီအရင်းအမြစ်ဖြတ်တောက်အောင်အထိတော့ မလုပ်ပါနဲ့"

"ဒါနဲ့ပတ်သက်ပြီး ခင်ဗျား စိတ်ချပါ။ ကျုပ် စဉ်းစားထားပြီးပြီ"ထန်ရှုက ခေါင်းညိတ်လိုက်သည်"ပြီးတော့ အမှောင်နတ်ဆရာကလန်ရဲ့စီနီယာအဖွဲ့ဝင်တွေအားလုံးက ဒီကိစ္စကို လျှို့ဝှက်ချက်တစ်ခုအနေနဲ့ ထိန်းထားနိုင်ဖို့ မျှော်လင့်တယ်။ခင်ဗျားတို့ကြောင့်နဲ့ ကျုပ်လူတွေရဲ့ကောင်းကင်ဘုံမှော်ဆရာကလန်အမဲလိုက်သတ်ဖြတ်ခြင်းကို မထိခိုက်စေချင်ဘူး"

လူအိုကြီးက လက်မြှောက်ကာ နက်ရှိုင်းသောအသံနှင့် ကတိပေးလိုက်သည်"ငါ အသက်ရှင်နေသရွေ့ အမှောင်နတ်ဆရာကလန်က မင်းရဲ့လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားပေးပါ့မယ်။ ငါတို့ထဲကတစ်ယောက်ယောက် ပေါက်ကြားစေခဲ့ရင် အဲဒီလူကို သစ္စာဖောက်အဖြစ် သတ်မှတ်ရလိမ့်မယ်။ ပြီးတော့ ငါ မင်းကို ရဲတင်းတဲ့တောင်းဆိုမှုတစ်ခု ပြုလုပ်ချင်ပါတယ်။ မစ္စတာထန်က ငါတို့ကို ကူညီနိုင်မယ်လို့ မျှော်လင့်တယ်"

"ပြောပါ....."ထန်ရှုက ခေါင်းညိတ်လိုက်သည်။

"စင်းဂလီက ငါတို့ကလန်ရဲ့စီနီယာအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး သူ့ခွန်အားက ငါ့သားနောက် ဒုတိယလိုက်တယ်"လူအိုကြီးက ပြော၏"သူက ကလန်ကို သစ္စာဖောက်ခဲ့တယ်။ မင်းလူတွေက မစ်ရှင်လုပ်နေချိန်အတွင်း သူ့ရဲ့အရိပ်အယောင်ကို တွေ့ခဲ့ရင် မင်း ငါတို့ကို ပြောပြပေးနိုင်မယ်လို့ ငါ မျှော်လင့်တယ်"

"ပြဿနာမရှိဘူး။ စင်းဂလီရဲ့သတင်းတစ်ခုခုရတာနဲ့ ကျုပ်တို့ ခင်ဗျားကို ပြောပြမှာပါ"ထန်ရှုက ပြန်ပြောသည်"ပြီးတော့ ‌ခေါင်းဆောင်အပ်နှင်းအခမ်းအနားကို ကျုပ် မတက်ရောက်နိုင်တော့ဘူး။ အနာဂတ်မှာ ကျုပ်တို့တွေ ရန်သူတွေမဟုတ်ဘဲ မိတ်ဆွေတွေ ဖြစ်နိုင်မယ်လို့ မျှော်လင့်တယ်"

"ကောင်းပါပြီ"

အမှောင်နတ်ဆရာကလန်ဝင်များက အတူတကွ ခေါင်းညိတ်လိုက်ကြသည်။ သူတို့ကလန်သားများစွာက ထန်ရှုလက်ထဲ၌ သေခဲ့သော်ငြား သူတို့၏အသက်များက ထန်ရှုလက်ထဲ၌ ရှိနေသည်။ ထို့ပြင် အနာဂတ်တွင် သူတို့က သူ့ထံမှ အကျိုးအမြတ်များစွာ ရလာနိုင်ချေရှိ၏။ သူတို့က ဘာမှမလုပ်ရဲသည်မှာ သဘာဝပင်။

မိနစ်အနည်းငယ်ကြာပြီးနောက် သူ့ကတိအား ဖြည့်ဆည်းပေးရန်အတွက် စင်းလုအန်က ကလန်၏လျှို့ဝှက်ခန်းအား ဖွင့်ကာ အမှောင်ကျောက်တုံးအားလုံးအား ထန်ရှုထံ ပေးအပ်ခဲ့သည်။ အကူအညီအတွက် ကျေးဇူးတင်သောအားဖြင့် သူက သွေး‌ကျောက်တုံးကိုပင် ထန်ရှုအား လက်ဆောင်ပေးခဲ့၏။

****

ဘန်ကောက်၊ အုန်းခြံ။

ထန်ရှုနှင့်မိုအားဝူတို့က ဤနေရာသို့ ပြန်ရောက်လာသည်။ကျိုတာချွမ်းက အပျက်အဆီးများအား ရှင်းလင်းရန် သူ့လူများအား ညွှန်ကြားနေသည်။ သူ၏မောပန်းနေသောမျက်နှာကို မြင်ပြီး ထန်ရှုက သိုလှောင်လက်စွပ်မှ ကြွေပုလင်းတစ်လုံးအား ထုတ်ကာ ခန္ဓာကိုယ်သန့်စင်ဆေးရည်တစ်စက်အား ပုလင်းထဲသို့ ထည့်လိုက်၏။

"မစ္စတာကျိုး"

ထန်ရှုရောက်ရှိလာသည်ကို မြင်ပြီး ကျိုတာချွမ်းက အနည်းငယ်လေးစားစွာနှင့် ပြောလိုက်ချေသည်"မင်း ပြန်လာပြီပဲ၊ မစ္စတာထန်။ ခန်အဂျာက ထွက်သွားပြီ၊ ဒါပေမယ့် မင်းမှာ အချိန်ရှိရင် သူ့‌နေရာကို လာလည်ဖို့ မှာသွားတယ်"

"လမ်းမှာ ငါ သူ့ကို ဖုန်းခေါ်ပြီးပြီ"ထန်ရှုက ပြန်ဖြေ၏။"အရေးတကြီးကိစ္စတစ်ခုရှ်ိလို့ မကြာမီ ငါ ထွက်သွားရတော့မှာကြောင့် သူ့ဆီ မသွားနိုင်တော့ဘူး။ ပြီး‌တော့ ငါ တစ်ခုခုလုပ်ဖို့ မင်းရဲ့နေရာကို ငှားချင်တယ်၊ ပြီးတာနဲ့ ငါ ချက်ချင်း ထွက်သွားမယ်"

"ဒီနေရာမှာလား"ကျိုတာချွမ်းက အံ့ဩသွားသည်"ဒါပေမယ့် ဒီနေရာက ပျက်စီးနေပြီလေ၊ မစ္စတာထန်။ ချင်အာနဲ့မြေးနှစ်ယောက်ကို ဟိုတယ်မှာ ငါ ‌နေရာချထားပေးတယ်။ ဘာအတွက် မင်း ငါ့နေရာကို ငှားရသလဲ သိခွင့်ရှိမလား"

"ငါ မင်းရဲ့မြေအောက်သိုလှောင်ခန်းကို လိုအပ်တာ"ထန်ရှုက ပြန်ဖြေသည်"ငါ ဘာလုပ်ချင်သလဲဆိုတာ ပြီးရင် မင်း သိရမှာပါ"

"မစ္စတာထန်လိုအပ်မှတော့ စိတ်ကြိုက်သာ သုံးပါ"ကျိုတာချွမ်းက အလျင်စလို ပြန်ဖြေသည်"ပြီးတော့ ဒီမှာ အကြာကြီး နေမယ်ဆိုရင် ငါ တစ်ယောက်ယောက်ကို အမိန့်ပေးပြီး နေ့စဉ်လိုအပ်တာတွေ ပြင်ဆင်ခိုင်းလိုက်မယ်"

"အဲဒါ‌တွေ မလိုဘူး"ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်"ငါ ဒီနေရာမှာ အကြာကြီးနေမှာ မဟုတ်ဘူး။ အများဆုံးနှစ်ရက်ပေါ့။ ပြီးတာနဲ့ တရုတ်ကို ပြန်တော့မှာ၊ ပြီးတော့ ငါ မင်းရဲ့အကူအညီတစ်ခု လိုအပ်သေးတယ်"

"ကျေးဇူးပြုပြီး ငါ့ကို ပြောပါ...."ကျိုတာချွမ်းက လေးစားစွာနှင့် ပြော၏။

"ငါနဲ့ငါ့လူတွေ ဘန်ကောက်ကို တရားမဝင်,ဝင်ရောက်လာတယ်ဆိုတာ မင်းလဲ သိပါတယ်။ ဒီနေရာကကိစ္စအားလုံး ငါ ကိုင်တွယ်ပြီးတာနဲ့ တရုတ်ကို လေယာဉ်နဲ့ တိုက်ရိုက်ပြန်မယ်။ မင်း ငါ့အတွက် ယာယီနိုင်ငံကူးလက်မှတ်တစ်ခု လုပ်ပေးပြီး လေဆိပ်မှာ အဲဒါကို စီစဉ်ပေးထားနိုင်မလား"

"ဒီနေရာမှာ နိုင်ငံကူးလက်မှတ်လုပ်ဖို့ဆိုတာ အရမ်း ခက်ခဲတယ်။ မင်းက ထိုင်းလူမျိုးမဟုတ်ဘူး၊ ပြီးတော့ မင်း ကိုင်ထားတာကလဲ တရုတ်နိုင်ငံကူးလက်မှတ်ဖြစ်နေတယ်"ကျိုတာချွမ်းက အနည်းငယ်အရှက်ရဟန်နှင့် ပြောလိုက်သည်"ပြီးတော့ လေဆိပ်မှာ ငါ တစ်ယောက်မှ မသိဘူး၊ ဒါကြောင့် ငါ မင်းကို မကူညီနိုင်ဘူး။ ဒါပေမယ့်...."

"ဒါပေမယ့် ဘာဖြစ်လဲ"ထန်ရှုက မေး၏။

"ဒါပေမယ့် ခန်အဂျာက ဒါကို ဖြေရှင်းနိုင်လောက်တယ်"ကျိုတာချွမ်းက ပြော၏"မင်း လေယာဉ်လက်မှတ်လဲ ဝယ်ဖို့မလိုဘူး၊ နိုင်ငံကူးလက်မှတ်နဲ့အခြားစာရွက်စာတမ်းတွေလဲ မလိုဘူး။ သူက မင်းနဲ့မင်းလူတွေကို လေယာဉ်ဆီ ပို့ပေးနိုင်တယ်"

ခန်အဂျာလား။

ထိုလူ၏အဆင့်အတန်းအား သတိရလျက် ထန်ရှက ခေါင်းညိတ်လိုက်သည်"ဒီတော့ ဒီကိစ္စအတွက် ငါ့ကို ကူညိီပြီး ခန်အဂျာနဲ့ ဆက်သွယ်ပေးပါ။ ပြီးတော့ နောက်နှစ်ရက်အတွင်း ရွှေတွေ ရနိုင်သမျှရအောင် လုပ်ပါ။ ငါ မသွားခင် မင်းမှာ အလုံအလောက် ရှိတယ်ဆိုရင် မှော်ပစ္စည်းတစ်ခု ပေးမယ်"

"ပြဿနာမရှိဘူး"

ဤအရာက ကျိုတာချွမ်းအတွက် ပျော်ရွှင်စရာကောင်းသောအံ့ဖွယ်တစ်ခုပင်။ သူက မိုဘိုင်းဖုန်းအား ချက်ချင်း ထုတ်ကာ ခန်အဂျာနံပါတ်အား ခေါ်လိုက်သည်။

ထို့နောက် ထန်ရှုက မြေအောက်သိုလှောင်ခန်းသို့ ရောက်ရှိလာခဲ့သည်။ လေဝင်လေထွက်နှင့်အလင်းရောင်က အထူးကောင်းမွန်သောကြောင့် သူ့အတွက် ပတ်ဝန်းကျင်နှင့် နေသားကျရန် ပြဿနာမရှိပေ။

"ထွက်လာစမ်း"

သူက နတ်ဆိုးစိတ်ဝိညာဉ်ဝါးမျိုမီးဖိုအား သိုလှောင်လက်စွပ်မှ ထုတ်ကာ သိုလှောင်ခန်း၏အလယ်၌ ထားလိုက်သည်။ လက်စွပ်ထဲ၌ အဖိုးတန်သတ္တုများစွာ သူ သိမ်းထား၏၊ သို့ကြောင့် ပထမဆုံးသူလုပ်ရမည့်အရာက ရွှေအဆီအနှစ် ထုတ်ယူရန်ဖြစ်သည်။

"အစစ်အမှန်မီး....."

ထန်ရှုက မန္တန်နည်းစနစ်အား ထုတ်ဖော်ခဲ့သောကြောင့် အစစ်အမှန်မီးက မီးဖိုအောက်၌ ထွက်ပေါ်လာသည်။ ထို့နောက် သိုလှောင်ခန်းထဲရှိရွှေအပုံလိုက်အား မီးဖိုထဲသို့ ပစ်ထည့်နေလိုက်၏။

မသန့်စင်‌မှုအညစ်အ‌ကြေးများအားလုံးအား လောင်ကျွမ်းပြီး ရွှေအဆီအနှစ်မျှသာ ချန်ထားရန် လိုအပ်သောကြောင့် ရွှေကျိုခြင်းက ရိုးရှင်း‌သောလုပ်ငန်းစဉ်တစ်ခု ဖြစ်၏။ မီးအားကောင်းကောင်းနှင့်အတူ ရွှေအရည်‌ပျော်သွားပြီး ရွှေအဆီအနှစ်တစ်ခုသာ ကျန်ရစ်လေသည်။ အချိန်အတော်ကြာပြီးနောက် သိုလှောင်ခန်းထဲရှိရွှေအားလုံး အရည်ကျိုပြီးမြောက်သွားပြီး စားပွဲတင်တင်းနစ်ဘောလုံးအရွယ်အစားရှိရွှေအဆီအနှစ်တစ်ခုသာ မီးဖို၏အလယ်၌ ကျန်ရစ်ခဲ့လေသည်။

"ဒီရွှေအဆီအနှစ်လောက်နဲ့ အင်မော်တယ်ပစ္စည်းတွေ သန့်စင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အိမ်မက်တစ်ခုလိုပဲ။ ဒါပေမယ့် ဒီပမာဏက မှော်ပစ္စည်းတော်တော်များများ ထုတ်လုပ်ဖို့ လုံလောက်ပါတယ်။ လက်ရှိ ထာဝရခန်းမမှာ လူတွေ အများကြီး ရှိပေမယ့် လက်နက်တွေ၊ ပစ္စည်းတွေက အရေအတွက်နည်းတယ်။ မိုအားဝူနဲ့သူ့အဖွဲ့အတွက် ကျီချီးမိန်သန့်စင်ပေးခဲ့တဲ့အင်မော်တယ်ဓားကလွဲပြီး ကျန်လူတွေမှာ မှော်ပစ္စည်းအနည်းငယ်ပဲ ရှိတယ်။ ထိုကလေးတွေ ကြီးပြင်းလာပြီး တိုက်ပွဲဝင်တဲ့အခါ လိုအပ်တဲ့ပမာဏကတော့ ဖော်ပြဖို့တောင်မလိုအပ်ဘူး။ အရေအတွက်က အရမ်းကြီးမားမှာ။"

"ဒီရွှေအဆီအနှစ်ကိုသာ အခြားပစ္စည်းတွေနဲ့ ပေါင်းစပ်ဖြည့်စွက်မယ်ဆိုရင် မှော်ပစ္စည်းနှစ်ဆယ်လောက်ကို သန့်စင်ဖို့ လုံလောက်တယ်။ ဒါပေမယ့် ဒါ နည်းသေးတယ်။ ကြည့်ရတာ သန့်စင်ခြင်းပစ္စည်းတွေ အဆက်မပြတ်ရဖို့ ကျိုတာချွမ်းနဲ့ခန်အဂျာတို့ရဲ့စွမ်းအားကို ငါ အားကိုးဖို့ လိုပုံပဲ"

ရွှေ၊ ငွေ၊ ကြေးနှင့် သံကြွပ်များအား ရွှေ၊ ငွေ၊ ကြေးနှင့် သံအဆီအနှစ်များအဖြစ် အသီးသီးသန့်စင်နိုင်သည်။

ထိုသတ္တုလေးမျိုးက ယနေ့ခေတ်ကမ္ဘာပေါ်တွင် ရှာတွေ့ရန် အလွယ်ကူဆုံးဖြစ်ပြီး မှော်ပစ္စည်းများ၊ လက်နက်များ သန့်စင်ရန်အတွက် အသုံးများဆုံးလည်း ဖြစ်သည်။ တန်ဖိုးရှိသောသတ္တုများအား အရည်ကျိုထားသောအဆီအနှစ်ထဲသို့ ပေါင်းထည့်သရွေ့ မှော်လက်နက်အမြောက်အများအား ထုတ်လုပ်နိုင်သည်။

ထန်ရှုက မိုဘိုင်းဖုန်းအား ထုတ်လိုက်သည်။ မြေအောက်ခန်းထဲတွင် လိုင်းရသည်ကို မြင်ပြီးနောက် ခန်အဂျာနှင့်ကျိုတာချွမ်းတို့အား ချက်ချင်းခေါ်ကာ ရွှေ၊ ငွေ၊ ကြေးနှင့် သံကြွပ်အမြောက်အများ သူ လိုအပ်ကြောင်းကို ပြောပြလိုက်သည်။ ထို့နောက် သူ့သို‌လှောင်လက်စွပ်ထဲရှိအဖိုးတန်သတ္တုများအား အသုံးပြုကာ မှော်ပစ္စည်းအချို့အား စတင်သန့်စင်ခဲ့၏။

"ဓားက ကျင့်ကြံသူတွေ အသုံးပြုအများဆုံးလက်နက်ပဲ။ အင်မော်တယ်ကမ္ဘာမှာတုန်းက ဓားပညာထူးချွန်တဲ့လူတစ်ဖွဲ့ကို ငါ လေ့ကျင့်ပေးခဲ့တာပဲ"

ထန်ရှုက ဓားဝင်္ကပါများအား ကျွမ်းကျင်သောကြောင့် အတိတ်တွင် သူ ဖန်တီးခဲ့သောဓားအစီအရင်များအား အသုံးပြုလျက် သူ့လူများက ကြောက်စရာကောင်းသောစွမ်းပကားအား ဖော်ထုတ်နိုင်ခဲ့သည်။ သူ ဖန်တီးထားသည့်ဓားဝင်္ကပါများအား ဆယ်ယောက်၊ အယောက်တစ်ရာ၊ တစ်ထောင် သို့မဟုတ် တစ်သောင်းဖြင့် တည်ဆောက်နိုင်သည်။ အင်မော်တယ်တစ်သန်းဖြင့်တည်ဆောက်နိုင်သည့်အစီအရင်တစ်ခုကိုပင် သူ ဖန်တီးခဲ့၏။

"ကျိုတာချွမ်းနဲ့ခန်အဂျာတို့ကသာ ရွှေ၊ ငွေ၊ ကြေးနဲ့ သံကြွပ်တွေ အမြောက်အများ ပို့လာပေးနိုင်မယ်ဆိုရင် နှစ်ရက်အတွင်းမှာ မှော်ဓားတစ်ရာကျော် ငါ သန့်စင်နိုင်မှာပဲ"

All Chapters