← Chapters

ကျွန်မ စေ့စပ်ထားတာကို ဖျက်ချင်တယ်

Vol. 79 Ch. 1090

ကျွန်မ စေ့စပ်ထားတာကို ဖျက်ချင်တယ်

Vol. 79 Ch. 1090

“မင်းက အသက်မရှင်ချင်တော့ဘူးထင်တယ်”

ရှီးဖေးက အသံပို့လွှတ်ခဲ့သော်လည်း ကျန်းရီက အော်ပြောခဲ့သည်။ ကျန်းရီ၏ စကားလုံးများက အားလုံး၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။ ထို့ကြောင့် ရှီးဖေး မျက်နှာပျက်သွားလေသည်။ သူ့ခန္ဓာကိုယ်မှနေ၍ နတ်ဘုရားတစ်ပိုင်းအရှိန်အဝါက အမျက်တကြီး ထွက်လာသည်။ ထို့နောက် သူ အော်ပြောလိုက်သည်။

“ကောင်စုတ်... ငါက မင်းကို မသတ်ရဲဘူးလို့ မင်းထင်လား”

“စောက်ရူးပဲ...”

ကျန်းရီ ရယ်လိုက်သည်။ သို့သော် သူ မည်သို့မှ ဆက်မပြောနိုင်သေးခင်မှာပင် ယဉ်ရို့ပင်းသည် အမြီးတက်နင်းခံလိုက်ရသော ခြင်္သေ့မလေးတစ်ကောင်အလား အော်ပြောလိုက်လေသည်။

“ရှီး‌ဖေး... ရှင်က တော်တော်သတ္တိကောင်းနေတယ်ပေါ့လေ။ ရှင်က နတ်ဘုရားတစ်ပိုင်းအဆင့်ကို ရောက်သွားတာနဲ့ သတ်ချင်တဲ့သူတိုင်းကို သတ်လို့ရမယ်လို့ ထင်နေတာလား။ အဲ့ဒါဆို ဘာလို့ ကျွန်မကိုရော မသတ်တာလဲ”

ယခုတွင် ယဉ်ရို့ပင်းပါ ဝင်ပါလာပြီဖြစ်၍ ယဉ်ဖေးဟွမ်တစ်ယောက် ရပ်ကြည့်မနေနိုင်တော့ဘဲ ကြားမှ ဝင်ဖြန်ဖြေရလေသည်။ သူက မည်းမှောင်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ရှီးဖေး... အရှုံးခံနိုင်မှ စိန်ခေါ်ပါ။ အရှုံးမခံနိုင်ရင် နောက်စိန်မခေါ်နဲ့”

အပေါ်ယံတွင် ကျန်းရီက လီထျန်းဖြစ်နေသည်။ ယနေ့က ယဉ်ဖေးဟွမ်၏ မွေ့နေ့လည်းဖြစ်သည်။ ထို့ပြင် ကျန်းရီက မည်သည့်အမှားမှ မလုပ်ခဲ့ပေ။ ရှီးဖေးသည်သာ အရှုံးကို လက်မခံနိုင်ဘဲ တစ်ဘက်သူကို ခြိမ်းခြောက်နေခြင်းဖြစ်သည်။ ယဉ်မျိုးနွယ်က အနိုင်ကျင့်ခံမည် မဟုတ်ပေ။ သူတို့သည် ရှီးဖေးက သူတို့အား စော်ကားမည်ကို ခွင့်ပြုမည် မဟုတ်ချေ။

“ကဲပါ...ကဲပါ...”

ကျန့်ထျန်းလဲ့ကလည်း ဝင်ဖြန်ဖြေသည်။

“ရှီးဖေး... မင်း သောက်တာ နည်းနည်းများသွားပြီထင်တယ်။ မင်းအခန်းကိုပြန်ပြီး အနားယူလိုက်တော့။ မင်း ဒီလို ဆက်လုပ်နေရင် သခင်မလေးချန်က ဒေါသထွက်သွားမှာပေါ့...”

“ဟွန်း...”

ရှီးဖေး နှာမှုတ်လိုက်သည်။ သူသည် အမှန်တကယ် ပြဿနာမရှာဝံ့ပေ။ သူသာ ပြဿနာရှာလိုက်လျှင် ယဉ်မျိုးနွယ်က သေချာပေါက် ဒေါသထွက်သွားမည်ဖြစ်သည်။ ရီချန်ကလည်း သူ့ကို ယခုထက်ပင် ပို၍ မုန်းသွားပေလိမ့်မည်။ ထိုသို့ဖြစ်လာလျှင် သူ နောက်ပြန်လှည့်နိုင်တော့မည် မဟုတ်ပေ။ ရီချန်က ယဉ်ရို့ပင်းကဲ့သို့ မဟုတ်ပေ။ ဗုဒ္ဓဧကရာဇ်က ထိုမြေးမလေးကို အချစ်ဆုံးဖြစ်သည်။ ရီချန်က လက်မခံသ၍ မည်သည့်ယောက်ျားကမှ သူမကို လက်ထပ်နိုင်မည် မဟုတ်ချေ။

“သွားစို့”

ယဉ်ရို့ပင်းက ရှီးဖေးကို လှောင်ပြောင်ဟန်ဖြင့် ကြည့်၍ ကျန်းရီကို ခေါ်ကာ ခန်းမအပြင်ဘက်သို့ ထွက်သွားလိုက်ပြီး သူမ၏ ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲဆီ ပြန်သွားလိုက်သည်။ ဒုတိယအထပ်သို့ ရောက်သည်နှင့် သူမ မကျေမနပ် ပြောလိုက်သည်။

“အဲ့လိုအကျင့်စရိုက်နဲ့များ သူက အစ်မချန်ကို လက်ထပ်ချင်သေးတယ်။ အိပ်မက်ပဲ ဆက်မက်နေလိုက်”

ကျန်းရီသည် ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်လိုက်ပြီး သူ၏ နားထင်များကို ပွတ်လိုက်သည်။ သူ ခေါင်းကိုက်နေသည်။ ထိုမွေးနေ့ပွဲတွင် အမှန်ပင် ကိစ္စတစ်ခု ဖြစ်ခဲ့ပေပြီ။ ရှီးဖေးက လီထျန်းကိုလည်း အရိုးစွဲအောင် မုန်းသွားလောက်ပေပြီ။ သူသာ ဆန်းကြယ်နတ်ဘုရားတောင်ပေါ်တွင် ရှီးဖေးနှင့် ဆုံပါက သေချာပေါက် လိုက်လံသတ်ဖြတ်မှုကို ခံရပေလိမ့်မည်။

ရှီးဖေးက ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ သူသည် နတ်ဘုရားတစ်ပိုင်း ဖြစ်လာပြီးကတည်းက စွမ်းအားဆယ်ဆ တိုးလာခဲ့သည်။ ယခုတွင် ကျန်းရီ၏ ကြယ်စက်လုံးအတွင်း၌ ကြယ်တာရာစွမ်းအားများ မရှိသဖြင့် ကျန်းရီ အရည်ကျို နတ်ဘုရားမီးဖိုကို နှိုးနိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ သူက နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ကို မယှဉ်နိုင်လောက်ချေ။

သို့သော် ရှီးဖေး၏ အကျင့်စရိုက်အရဆိုလျှင် ကျန်းရီ မည်သို့မှ မလုပ်လျှင်လည်း သူက ကျန်းရီကို တွေ့ကတည်းက မုန်းတီးနေလောက်ပေသည်။

ကျန်းရီ မျက်လုံးများ မှိတ်လိုက်ပြီး အနားယူလိုက်သည်။ သူ အတွေးမများလိုပေ။ သတ်ဖြတ်အရှိန်အဝါနှင့် ပေါင်းစည်းနိုင်မည့် တေးသွားတစ်ပုဒ်ကို ဖန်တီးရန် သူ့အတွင် အချိန်ခုနစ်ရက်သာ ရှိတော့သည်။ သူသာ ထိုသို့ လုပ်နိုင်လိုက်လျှင် ရှီးဖေးကို ကြောက်ရန်လိုတော့မည် မဟုတ်ပေ။

ကျန်းရီ မျက်လုံးများ ပြန်ဖွင့်လိုက်ချိန်တွင် ယဉ်ရို့ပင်းက သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေကြောင်းကို တွေ့လိုက်ရသည်။ သူ ချက်ချင်း အကြည့်လွှဲလိုက်ရသည်။ ထိုသခင်မလေး၏ အနှိုင်းမဲ့အလှက သူ့ကို ရင်ခုန်မြန်စေပေသည်။

“ကျန်းရီ... ဘာလို့ ရှင်က အဲ့လောက် အံ့ဩစရာကောင်းနေရတာလဲ”

ယဉ်ရို့ပင်းက မျက်ခုံးပင့်ကာ ပြောလိုက်သည်။ သူမ၏ မျက်တောင်လေးများက လှုပ်ခါနေပြီး သူမက အလွန်စိတ်ဝင်စားနေပုံပေါ်သည်။

“ရှင့်ရဲ့ ပါရမီက တကယ့်ကို ပြိုင်ဘက်ကင်းပဲ။ တိုက်ခိုက်စွမ်အားလည်း ကြီးတယ်၊ ပန်းချီဆွဲတတ်တယ်၊ ဂီတတီးမှုတ်တတ်တယ်၊ အခု... ရှင်က ဇင်ကိုလည်း သိသွားပြီပေါ့။ ရှင် မသိတာ ဘာရှိသေးလဲ”

“ငါ မသိတာတွေ အများကြီး ရှိပါသေးတယ်”

ကျန်းရီက ရှက်ရွံ့စွာဖြင့် ပြန်ပြောလိုက်သည်။

“မင်းလည်း တွေ့တာပဲ... ငါက မျက်လုံးနှစ်လုံး၊ နှာခေါင်းတစ်ခုနဲ့ သာမန်လူတစ်ယောက်ပဲ။ ငါ ပြောပြရင် မင်းယုံမှာတောင် မဟုတ်ဘူး။ ငါ ဆယ့်ခြောက်နှစ် မပြည့်ခင်တုန်းက ငါ့မျိုးနွယ်က လူတွေက ငါ့ကို အမှိုက်တစ်ခုလို ဆက်ဆံခဲ့တာ။ ငါငယ်ငယ်တုန်းက နေ့တိုင်း အနိုင်ကျင့်ခံခဲ့ရတယ်။ အဲ့တုန်းကဆို ငါက ဘာလို့ အဲ့လောက် အသုံးမကျဖြစ်နေရတာလဲ၊ ဘာလို့ ဘာမှမလုပ်တတ်ရတာလဲလို့တောင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးခဲ့ဖူးတယ်”

“အာ...”

ယဉ်ရို့ပင်းက မယုံသင်္ကာဟန်ဖြင့် မျက်တောင်ခတ်လိုက်ကာ ပြောလိုက်သည်။

“ရှင် လျှောက်ပြေနေတာမလား။ ရှင်က အရမ်းစွမ်းအားကြီးတာပဲ။ ဘယ်လိုလုပ် ငယ်ငယ်တုန်းက အမှိုက်ဖြစ်ခဲ့ရမှာလဲ။ ရှင်က နယ်မြေအ‌သေးလေးတစ်ခုက လာတာဆိုပေမယ့် အဲ့မှာ ထိပ်တန်း ဖြစ်ခဲ့မှာပေါ့။ ကျန်းရီ... ရှင် ကျွန်မကို ရှင့်ရဲ့ နယ်မြေအကြောင်း ပြောပြပါလား”

“အဟင်း...”

ကျန်းရီ ခါးသက်သက် ရယ်လိုက်သည်။ ယဉ်ရို့ပင်း၏ စကာများက သူ့အား အတိတ်ကို ပြန်အမှတ်ရသွားစေလေသည်။ သူသည် ယဉ်ရို့ပင်း၏တောင်းဆိုချက်ကိုလည်း မငြင်းရက်သဖြင့် အတော်ကြာစဉ်းစားပြီး ပြောလိုက်သည်။

“ငါက ကောင်းကင်ကြယ်တာရာနယ်မြေမှာ မွေးခဲ့တာ။ ငါ့အဖေက အဲ့နယ်မြေက ထိပ်တန်းသိုင်းသမားတစ်ယောက်ပဲ။ ဒါပေမဲ့ ငါ ဆယ့်ခြောက်နှစ်ပြည့်မှ အဖေ့ကို သိခဲ့ရတာ။ ငါ့အမေနာမည်က ရီဖျောင်ဖျောင်တဲ့။ ဒီနေ့အထိ သူ ဘယ်မှာရှိသလဲဆိုတာကို ငါ မသိသေးဘူး... သူ အသက်ရှင်နေသေးရဲ့လားဆိုတာကိုတောင် ငါ မသိဘူး။ ငါ ငယ်ငယ်တုန်းက ငါ့ရဲ့ ဒန်တျန်က ချိပ်ပိတ်ခံထားရတာ။ ငါ့အတွက် မှီတွယ်စရာဆိုလို့ ညီမလေးတစ်ယောက်ပဲ ရှိခဲ့တယ်...”

ကျန်းရီ၏ မှတ်ဉာဏ်သေတ္တာက ယဉ်ရို့ပင်း၏ မေးခွန်းကြောင့် ပွင့်လာခဲ့သည်။  သူသည် ယဉ်ရို့ပင်းက အပြည့်အဝ ယုံကြည်၍ရသူတစ်ယောက်ဟု ခံစားနေရသည်။ ထို့ကြောင့် သူ သူမကို မည်သည့်အရာမှ ဖုံးကွယ်မထားတော့ခြင်းပင်။

ကျန်းရီသည် ယဉ်ရို့ပင်းအား ကောင်းကင်တောင်ပံမြို့မှ အကြောင်းများအားလုံးကို ပြောပြလိုက်သည်။ သို့သော် စုလောရွှယ်အကြောင်းကိုတော့ သူထိမ်ချန်ထားခဲ့သည်။ မိန်းကလေးတစ်ယောက်အား အခြားမိန်းကလေးတစ်ယောက်၏အကြောင်းကို ပြောပြခြင်းမှာ ဉာဏ်နည်းခြင်းပင်။ သို့တစေ သူသည် မိစ္ဆာဧကရီနှင့် ရှောင်ဖေးတို့အကြောင်းကိုတော့ ထိမ်ချန်မထားခဲ့ပေ။

ကျန်းရီ၏ ဇာတ်ကြောင်းက ရှည်သည်။ ကောင်းကင်ကြယ်တာရာနယ်မြေမှ အကြောင်းများကို ပြောဖို့ပင် အချိန် နှစ်နာရီ ကြာခဲ့သည်။ သူ ကောင်းကင်ကြယ်တာရာနယ်မြေမှ ထွက်လာပြီး အထီးကျန် အရှေ့ပိုင်းပင်လယ်သို့ ရောက်သွားသည့်နေရာ ရောက်သောအခါ သူ စကားရပ်လိုက်သည်။ ထို့နောက် သူ ခေါင်းခါ၍ ခါးသက်သက်ပြုံးကာ ပြောလိုက်သည်။

“နောက်ပိုင်းကိစ္စတွေကိုတော့ မင်းလည်း သိမှာပါ။ ငါ အထီးကျန် အရှေ့ပိုင်းပင်လယ်ကို သွားခဲ့တယ်၊ ဖီးနစ်အော်သံနယ်မြေကို ဖြတ်ကျော်ခဲ့တယ်... နတ်မြင်းပျံနယ်ကို ရောက်ခဲ့တယ်။ ငါ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲကို ဝင်ခဲ့တယ်...”

“အွန်း...အွန်း...”

ယဉ်ရို့ပင်း ခေါင်းညိတ်လိုက်သည်။ သူမက ကျန်းရီကို စိုက်ကြည့်နေဆဲပင်။

“ကျန်းရီ... ရှင့်ဘဝက တကယ်သနားစရာကောင်းတာပဲ။ ရှင်က ငယ်ငယ်ကတည်းက ဒုက္ခအများကြီး တွေ့ခဲ့ရတယ်။ ရှင်နဲ့ ယှဉ်ရင် ကျွန်မက ပိုးအိမ်ထဲက ပိုးကောင်တစ်‌ကောင်လိုပဲ။ ကျွန်မက ကောင်းမွန်တဲ့ဘဝမှ နေခဲ့ရပေမယ့် အဲ့ဒါကို မသိခဲ့ဘူး။ ရှင်ဘဝနဲ့ယှဉ်ရင် ကျွန်မရဲ့ ဘဝက ပျင်းစရာကောင်းတာပေါ့။ ကျွန်မက ငယ်ငယ်ကတည်းက နာခံတတ်တဲ့ကောင်မလေးတစ်ယောက် ဖြစ်ခဲ့တာ။ ကျွန်မရဲ့မျိုးနွယ်က ကျွန်မရဲ့ခေါင်းထဲကို အတွေးအခေါ်တွေ၊ စည်းမျဉ်းတွေ ရိုက်သွင်းခဲ့တယ်။ ကျွန်မသွားရာနေရာတိုင်းမှာ လူတွေက ကျွန်မကို မျက်နှာလိုမျက်နှာရလုပ်ကြတယ်။ ကျွန်မက ‌ကောင်းကင်ထဲမှာ တစ်ခါမှ လွတ်လွတ်လပ်လပ် မပျံသန်းဖူးတဲ့ လှောင်အိမ်ထဲက ငှက်တစ်ကောင်လိုပဲ။ အဲ့ဒါက ကံကောင်းတာလို့လည်း ပြောလို့ရသလို ဝမ်းနည်းစရာလို့လည်း ပြောလို့ရတယ်”

“မင်း မှားနေပြီ”

ကျန်းရီသည် ယဉ်ရို့ပင်းတစ်ယောက် မျက်ရည်ဝဲလာသည်ကို မြင်လိုက်၍ ကြားဖြတ်ပြောလိုက်သည်။

“ဒီလောကမှာ မင်းကိုယ်မင်းပဲ ထိန်းချုပ်ခွင့်ရှိတယ်။ တကယ်လို့ မင်းက တကယ်ပဲ လွတ်လပ်မှုကို လိုချင်တယ်ဆိုရင် ဘယ်လှောင်အိမ်ကမှ မင်းကို ချုပ်ထားနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းကိုယ်တိုင်က မင်းရဲ့ နှလုံးသားကို ချုပ်နှောင်ထားတာပဲ။ မင်းက မင်းရဲ့လှောင်အိမ်ထဲက ထွက်ပြီး အပြင်ကို မပျံသန်းဝံ့ဖြစ်နေတာ။ မင်းက မင်းမျိုးနွယ်ရဲ့ ဆန္ဒတွေကို မလွန်ဆန်ရဲတာ။ အဲ့ဒါကြောင့် မင်းက ချုပ်နှောင်ခံထားရတာပဲ”

“အဲ့လိုလား”

ယဉ်ရို့ပင်းသည် ခေတ္တမျှတွေးတောလိုက်ပြီး ခေါင်းငုံ့လိုက်၏။ သူမ၏ လှပသော မျက်ခုံးလေးများက ရှုံ့သွားသည်။ ကျန်းရီသည် သူမ၏ ထိုပုံစံကိုကြည့်ရင်း ရင်နာသွား၏။ သူမသည် မိနစ်အနည်းငယ် တိတ်နေပြီးမှ ရုတ်တရက် သတ္တိမွေးကာ ကျန်းရီကို မော့ကြည့်လိုက်သည်။

“ကျန်းရီ... ရှင်ပြောတာ မှန်တယ်။ ဒါပေမဲ့ ကျွန်မ အဲ့လှောင်အိမ်ထဲက ရုန်းထွက်လိုက်ရင် လူတွေအများကြီး နာကျင်ရလိမ့်မယ်။ ကျွန်မနဲ့ အနီးစပ်ဆုံးသူတွေကို ကျွန်မ နာကျင်စေမိလိမ့်မယ်။ ကျွန်မ လှောင်အိမ်ထဲက ရုန်းထွက်ဖို့ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် တွေးကြည့်ခဲ့ဖူးတယ်... ဒါပေမဲ့ ကျွန်မ အဲ့လိုလုပ်ဖို့ သတ္တိမရှိခဲ့ဘူး...”

“အဲ့တော့ မင်း ကိုယ်တိုင်ပဲ နာကျင်ခံစားရတော့မှာပေါ့”

ကျန်းရီ ခါးသက်သက်ရယ်လိုက်ပြီး သူ့လက်ထဲမှ လက်ဖက်ရည်ခွက်ကို ကြည့်လိုက်သည်။ ထို့နောက် သူ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။

“ဘဝဆိုတာ အဲ့လိုပါပဲ။ မင်းက သူများတွေကို နာကျင်အောင် လုပ်မလား ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်မလားဆိုတာကို ရွေးရတာပဲ။ မင်း ဘာလိုချင်လည်းဆိုတဲ့အပေါ်ပဲ မူတည်တယ်။ မင်းက သူများတွေအတွက် ရှင်သန်ချင်တာလား။ မင်းဘဝတစ်လျှောက်လုံး ဒီလိုပဲ ဆက်နေသွားချင်လား။ ဒါမှမဟုတ် ကိုယ့်ရဲ့လွတ်လပ်မှုအတွက် တိုက်ခိုက်ပြီး ပျော်ရွှင်မှုကို ရှာချင်လား။ အင်း... အဲ့အကြောင်းတွေ ဆက်မပြောဘဲ နေကြတာပေါ့။ ငါကိုယ်တိုင်လည်း အဲ့လို ရွေးချယ်မှု မလုပ်နိုင်သေးပါဘူး။ ငါတို့ ဘဝထဲမှာ လွှတ်ချလို့ မရတဲ့ ဝန်ထုပ်ဝန်ပိုးတွေ အများကြီးရှိတယ်။ ငါတို့ လွှတ်ချမိလိုက်ရင် ငါတို့ပဲ လိပ်ပြာမလုံ ဖြစ်ရလိမ့်မယ်။ ဘဝဆိုတာ ဘယ်တော့မှ အပြည့်အဝ မလွတ်လပ်နိုင်တဲ့ အရာတစ်ခု ဖြစ်မှာပေါ့။ အပူအပင်ကင်းတဲ့၊ ဝန်ထုပ်ဝန်ပိုးကင်းတဲ့ ဘဝဆိုတာ မရှိနိုင်လောက်ဘူး”

“ကျွန်မက ကိုယ့်အတွက်ကိုယ် ရှင်သန်ချင်တာလား၊ သူများတွေအတွက် ရှင်သန်ချင်တာလား”

ယဉ်ရို့ပင်းသည် ထိုစကားကို ကြားပြီးနောက် အတွေးနက်သွားပြီး ကျန်းရီ ဆက်ပြောသော စကားများကို မကြားတော့ပေ။ သူမ၏ မျက်ဝန်းများထဲတွင် ဒွိဟများနှင့် ပြည့်နှက်နေသည်။

ဆယ်မိနစ်ကြာပြီးနောက်မှ ယဉ်ရို့ပင်း အံကြိတ်ကာ ကျန်းရီကို ထပ်ကြည့်လိုက်သည်။

“ကျန်းရီ... ကျွန်မ စိတ်ဆုံးဖြတ်ပြီးသွားပြီ။ ကျွန်မ ကိုယ့်အတွက်ကိုယ်ပဲ ရှင်သန်ချင်တယ်။ ကျွန်မ ဒီလှောင်အိမ်ထဲက ရုန်းထွက်ချင်တယ်။ ကျွန်မ ကျန့်ထျန်းလဲ့နဲ့ လက်မထပ်ချင်ဘူး။၊ ကျွန်မ စေ့စပ်ထားတာကို ဖျက်ချင်တယ်”

***

All Chapters