← Chapters

မင်းက တွဲချင်တာလား

Vol. 79 Ch. 1091

မင်းက တွဲချင်တာလား

Vol. 79 Ch. 1091

“ဘာကို ဖျက်ချင်တာ... စေ့စပ်ထားတာကို ဖျက်ချင်တာ ဟုတ်လား”

ကျန်းရီက စကားစမြည်အဖြစ် ပြောနေခဲ့ခြင်းဖြစ်ပြီး သူ့ကိုယ်သူ ပြောနေခဲ့ခြင်းဟုပင် ဆိုနိုင်သည်။ သူပြောနေသော စကားများက ယဉ်ရို့ပင်းအပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက်သွားလိမ့်မည်ဟု သူ မထင်ခဲ့ပေ။ သူသည် သူမ စေ့စပ်ထားသည်ကို ဖျက်ရန် ကြံရွယ်ခဲ့ခြင်းလည်း မဟုတ်ချေ။ သူမက သူ၏ဇာတ်ကြောင်းကို ကြားပြီးနောက်တွင် ထိုမျှ ကြီးကြီးမားမား တုံ့ပြန်လိမ့်မည်ဟုလည်း သူ မမျှော်လင့်ခဲ့ပေ။ သို့သော် သူမက စေ့စပ်ထားခြင်းကို ဖျက်လိုနေသည်လော။

ကျန်းရီ စက္ကန့်အနည်းငယ်မျှ မှင်တက်သွားသည်။ ထို့နောက် သူ ခါးသက်သက် ပြုံးကာ ပြောလိုက်လေသည်။

“ရို့ပင်း တော်လောက်ပြီ။ မင်း စေ့စပ်ထားကို ဖျက်လို့မရဘူး။ ပေါက်ကရတွေ ပြောမနေနဲ့တော့။ ကိုယ်လက်သန့်စင်ပြီး အိပ်လိုက်တော့။ ငါ ကျင့်ကြံရဦးမယ်”

ယဉ်ရို့ပင်းနှင့် ကျန့်ထျန်းလဲ့တို့၏ မင်္ဂလာကိစ္စကို တိုက်ပွဲဧကရာဇ်က ကမ်းလမ်းပြီး ယဉ်ဧကရာဇ်က သဘောတူခဲ့ခြင်းပင်။ ထိုကိစ္စကို တစ်လောကလုံး သိပေသည်။

လက်ထက်ပွဲရက်ကိုလည်း သတ်မှတ်ထားပြီးဖြစ်သည်။ မည်သူမှ ထိုအရာကို မပြောင်းလဲနိုင်ပေ။ ယဉ်ဧကရာဇ်ကိုယ်တိုင်ပင် စိတ်ကြိုက် ပြောင်းလဲနိုင်တော့မည် မဟုတ်ချေ။ သူသာ ပြောင်းလဲလိုက်လျှင် ယဉ်မျိုးနွယ်၏ ဂုဏ်သတင်းက ညစ်နွမ်းသွားပေလိမ့်မည်။ ယဉ်ရို့ပင်းကိုယ်တိုင်လည်း အရှေ့ဘက် တော်ဝင်နယ်မြေတွင် ဆက်နေလိုသေးသ၍ ထိုကိစ္စကို ဖျက်သိမ်း၍ မရပေ။ မဟုတ်လျှင် ယဉ်မျိုးနွယ်က သူမကို ကြိုးတုပ်၍ မင်္ဂလောဆောင်ခိုင်းရပါစေ ရအောင်လုပ်မည်ဖြစ်သည်။

ထို့ကြောင့် ကျန်းရီသည် ယဉ်ရို့ပင်း၏စကားကို စိတ်လှုပ်ရှားနေခိုက် ပြောသောစကားဟုသာ မှတ်ယူလိုက်သည်။ သူမက စေ့စပ်ထားသည်ကို ဖျက်သိမ်းလိုလျှင်ပင် သူမထံတွင် ဖျက်သိမ်းနိုင်မည့်အင်အား မရှိချေ။ မိဘများ၊ မောင်နှမများနှင့် မိတ်ဆွေများထံမှ ဖိအားများကို ယောက်ျားတစ်ယောက်ပင် မခံနိုင်ရာ သူမကဲ့သို့ မိန်းကလေးတစ်ယောက်ဆိုလျှင် ဆိုဖွယ်မရှိပေ။

ယဉ်ရို့ပင်း ပြုံးလိုက်သည်။ သို့သော် မည်သည့်စကားမှတော့ မဆိုလိုက်ချေ။ ထို့နောက် သူမ လက်မြှောက်၍ အကြောဆန့်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ကျန်းရီ မှင်တက်စွာ ‌ငေးကြည့်နေမိ၏။ ယဉ်ရို့ပင်းက ကျန်းရီ၏ ပုံစံကိုကြည့်၍ ရယ်ကာ‌ ပြောလိုက်သည်။

“ဘာလဲ... ရှင် အရင်တုန်းက မိန်းမလှလေးတွေကို မတွေ့ဖူးဘူးလား”

“အာ...”

ကျန်းရီ ယဉ်ရို့ပင်း၏ မျက်နှာထားကို ကြည့်လိုက်သည်။ တစ်စုံတစ်ခု မှားယွင်းနေသည်။ သူသည် သူမ၏ မျက်နှာကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် ကိုယ့်ခေါင်းကိုယ် ရိုက်ကာ ပြောလိုက်သည်။

“ယဉ်ရို့ပင်း.. ဘာလို့ အခု မင်းက ကွဲပြားနေတယ်လို့ ငါ ခံစားနေရတာလဲ။ ရုတ်တရက်ကြီး... မင်းက အရင်ကထက် အများကြီး ပိုလှသွားသလိုပဲ”

“ခစ်ခစ်...”

ယဉ်ရို့ပင်းက တခစ်ခစ် ရယ်လိုက်ပြီး ကျန်းရီကို ကြည့်လိုက်၏။

“သခင်လေးကျန်း... ရှင်က ဘယ်တုန်းက အဲ့လို စကားချိုချိုလေးတွေ ပြောတတ်သွားတာလဲ။ အဲ့ဒါက ရှင်နဲ့ မတူလိုက်တာ”

“မဟုတ်ဘူး... ငါ အတည်ပြောနေတာ”

ကျန်းရီက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ငါက မင်းရဲ့ ရုပ်ရည်ကို ပြောနေတာ မဟုတ်ဘူး။ မင်းရဲ့ ဟန်ပန်ကို ပြောနေတာ။ အရင်တုန်းက မင်းက ပြုံးနေခဲ့ပေမယ့် အေးစက်တဲ့ပုံစံ ပေါက်နေခဲ့တယ်။ အခုတော့ ငါ မင်းအစစ်အမှန်ကို မြင်လိုက်ရသလိုပဲ။ မျက်နှာဖုံးမပါတဲ့ မင်းပေါ့။ အဲ့ဒါက ငါ့ကို မင်းနားမှာနေရတာ သက်တောင့်သက်သာ ရှိစေတယ်”

“မျက်နှာဖုံးလား”

ယဉ်ရို့ပင်းက ခနဲ့တဲ့တဲ့ ရယ်လိုက်သည်။

“ရှင် မှန်တယ်။  ကျွန်မက အမြဲ မျက်နှာဖုံးတစ်ခု ဝတ်ထားခဲ့တာပဲ။ ဘာလို့ အစ်မချန်က တစ္ဆေဘုရင်မျက်နှာဖုံးကို အမြဲဝတ်ထားရတာလဲဆိုတာကို ရှင်သိလား။ ဘာလို့ဆိုတော့ သူဘာတွေ တွေးနေတယ်ဆိုတာ တခြားသူတွေကို မမြင်စေချင်လို့ပဲ။ ကျွန်မတို့သာ မျက်နှာဖုံး မတပ်ထားရင် ဘဝမှာ နေထိုင်ရတာက အတော်ခက်ခဲမှာပဲ။ ဒါပေမဲ့ မျက်နှာဖုံးတပ်ထားရတာက ပိုပင်ပန်းတယ်ဆိုတာကို အခု ကျွန်မ နားလည်သွားပြီ။ ကျွန်မသာ ဒီအတိုင်း ဆက်ရှင်သန်ရမယ်ဆိုရင် နောက်ဆုံးကျ ကျွန်မကိုယ်ကျွန်မတောင် မှတ်မိတော့မှာ မဟုတ်ဘူး”

ကျန်းရီသည် အရိုးထိအောင် နွမ်းနယ်နေပုံပေါ်သော ယဉ်ရို့ပင်းကို ကြည့်လိုက်၏။ သူသည် သူမကို ကြည့်ရုံဖြင့်ပင် ရင်နာလာသည်။ အပြင်မှကြည့်လျှင် သူမက အင်အားကြီး မျိုးနွယ်ကြီးတစ်ခုတွင် ကြီးပြင်းလာခဲ့ရသော ကံကောင်းသည့် မိန်းမပျိုလေးတစ်ယောက်ဖြစ်သည်။ သို့သော် ယင်းက မည်မျှ ပင်ပန်းကြောင်း ကျန်းရီ မြင်နိုင်သည်။ ထိုမျိုးနွယ်ကြီးများတွင် မောင်နှမအချင်းချင်း တစ်ယောက်ကိုတစ်ယောက် နောက်ကျောဓားနှင့်ထိုးရန် ကြိုးစားနေကြသည်။ ထို့ကြောင့် သူတို့က ဟန်ဆောင်ရန် သင်ယူရင်း ကြီးပြင်းလာကြရသည်။ တစ်နည်းဆိုရလျှင် သူတို့သည် သူတို့အမုန်းဆုံးသူများကို ချစ်ဟန်ဆောင်တတ်ရန် သင်ယူကြရသည်။ ထိုကဲ့သို့သော ဘဝမျိုးက အမှန်ပင် ပင်ပန်းပေလိမ့်မည်။

ကျန်းရီ အလိုလို ထရပ်မိသွားပြီး ကျန်းရီ၏ မျက်နှာလေးကို ပွတ်ပေးလိုက်သည်။ သူ့စိတ်ထဲတွင် မည်သည့်မကောင်းသောအတွေးမှ မရှိပေ။

“မင်း ပင်ပန်းနေရင် သွားအနားယူတော့လေ။ မနက်ဖြန် မင်းနိုးလာရင် ဘဝကို ပိုကောင်းလာမှာပါ”

“အွန်း...”

ယဉ်ရို့ပင်းသည် ပွတ်သပ်ခံနေရသော ကြောင်တစ်ကောင်ကဲ့သို့ မျက်လုံးများစင်းလိုက်၏။ ထို့နောက် သူမ ထရပ်လိုက်ပြီး ကျန်းရီ၏ပါးကို နမ်းလိုက်သည်။ ပြီးနောက်တွင် သူမသည် ကြောက်ရွံ့သွားသော ယုန်ကလေးတစ်ကောင်အလား တတိယထပ်သို့ ပြေးတက်သွားလေတော့သည်။ သူမ စကားတစ်ခွန်းကိုတော့ အော်ပြောသွားသေးသည်။

“ကျန်းရီ ကောင်းကောင်းအနားယူပါ။ မနက်ဖြန်မှ တွေ့ကြတာပေါ့”

ယဉ်ရို့ပင်းက အပေါ်ထပ်သို့တက်ကာ ပျောက်ကွယ်သွားပြီဖြစ်သော်လည်း ကျန်းရီ သူမ၏ ကိုယ်သင်းရနံ့လေးကို ရနေသေးသည်။ သူသည် ဓာတ်လိုက်ခံလိုက်ရသလို တွန့်သွား၏။ သူ၏မျက်ဝန်းများထဲတွင်လည်း အံ့အားသင့်မှုများ ရှိနေသည်။ ယဉ်ရို့ပင်းတစ်ယောက် ဘယ်တုန်းက ထိုမျှ သွက်လက်သွားသနည်း။ သူမသည် ဘယ်တုန်းက ထိုမျှ ပွင့်လင်းလာခြင်းနည်း။ ထို့ပြင် သူမက ကျေးဇူးတင်သဖြင့် နမ်းသွားခြင်းလော သို့မဟုတ် အနမ်းနောက်ကွယ်တွင် အခြားအဓိပ္ပာယ်များ ရှိနေသေးသလော။ သူမက သူ့ကို အချက်ပြနေသည်လော။ သူမက သူနှင့် တွဲလိုခြင်းလော။

“မဖြစ်ဘူး ကျန်းရီ... အဲ့ဒါက အန္တရာယ်များတယ်။ မင်းက ကျန့်ထျန်းလဲ့ကို တကယ်ပဲ လှည်းကျိုးထမ်းခိုင်းတော့မလိုလား။ ဟာ... ကျန့်ထျန်းလဲ့က ယဉ်ရို့ပင်းနဲ့ လက်မှလက်မထပ်ရသေးတာ... ဘယ်လိုလုပ် လှည်းကျိုးထမ်းရမှာလဲ”

ကျန်းရီ သူ့ဘာသာ ရေရွတ်လိုက်သည်။ သူသည် နေရာတွင်ပင် တစ်နာရီကြာအောင် ရပ်နေမိသည်။ ထို့နောက်မှ သူ သူ့ခေါင်းသူ ရိုက်လိုက်လေသည်။

“အများကြီး မတွေးနဲ့။ ငါ့မှာ အချိန်ရှိတာ မဟုတ်ဘူး။ မကြာခင် ဆန်းကြယ်နတ်ဘုရားတောင်ပေါ်ကို တက်ရတော့မှာ။ ငါသာ နတ်ဘုရားအသံ ကောင်းကင်အတတ်အတွက် တေးသွားအသစ်တစ်ပုဒ်ကို မဖန်တီးနိုင်ရင် အပိုင်းပိုင်း အဖြတ်ခံလိုက်ရလိမ့်မယ်”

ကျန်းရီသည် သူ့ခေါင်းထဲမှ ရှုပ်ထွေးနေသော အတွေးများကို လျင်မြန်စွာ မောင်းထုတ်ပစ်လိုက်သည်။ သူ ကျန့်ထျန်းလဲ့ကို လှည်းကျိုးထမ်းခိုင်းမည် ဆိုလျှင်ပင် အသက်ရှင်နေမှ ထိုသို့ လုပ်နိုင်မည် မဟုတ်လော။ ထို့နောက် သူသည် ဒုတိယအထပ်မှ အကာအရံများကို နှိုးလိုက်ပြီး ဓားပျော့ကို ထုတ်ကာ တေးသွားတစ်ခုကို စတင်ဖန်တီးလိုက်လေသည်။

ကျန်းရီ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်က ဒုတိယအဆင့်သို့ ရောက်နေပြီဖြစ်သည်။ ဆိုရလျှင် ယခုတွင် သူက သာမန် နတ်ဘုရားတစ်ပိုင်းများကို တိုက်ခိုက်နိုင်နေပြီဖြစ်သည်။ အကယ်၍ သူသာ သတ်ဖြတ်အရှိန်အဝါနှင့် ပေါင်းစည်းနိုင်မည့် တေးသွားတစ်ပုဒ်ကို ဖန်တီးနိုင်လျှင် သူ၏တိုက်ခိုက်စွမ်းအားက များစွာပို၍ အင်အားကြီးလာပေလိမ့်မည်။ သို့ဆိုလျှင် သူ ရှီးဖေးကို မသတ်နိုင်လျှင်ပင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မည်ဖြစ်သည်။ ရှီးဖေးက နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်နေပြီ မဟုတ်ပါလား။ ထို့ကြောင့် သူ၏တိုက်ခိုက်စွမ်းအားက ကြယ်ခြောက်ပွင့်အဆင့်တွင် ရှိနေနိုင်သည်။

***

နောက်ရက်များတွင် အခြေအနေက တည်ငြိမ်နေ၏။ ရီချန်က ကျန်းရီကို ထပ်လာမရှာခဲ့ပေ။ အခြားလူများက ကျန်းရီထံ လာရောက်လည်ပတ်ခဲ့သော်လည်း ယဉ်ရို့ပင်းက အားလုံးကို ငြင်းလွှတ်ခဲ့သည်။ သူမသည် ဤရက်ပိုင်းတွင် ပို၍တောက်ပစွာ ပြုံးကာ (၁၅)နှစ်၊ (၁၆)နှစ်အရွယ် ပြန်ရောက်သွားသကဲ့သို့ ရွှင်ရွှင်ပြပြ နေခဲ့သည်။ သူမ၏ အလှတရားက ကျန်းရီကို မကြာမကြာဆိုသလို ရင်ခုန်စေနေပေသည်။

ပြီးခဲ့သော ရက်အနည်းငယ် အတွင်း၌ ကျန်းရီသည် ယဉ်ရို့ပင်းနှင့်အတူ စားသောက်ခြင်း၊ စကားစမြည်ပြောခြင်းတို့မှလွဲ၍ သူ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်ကိုသာ အာရုံစိုက်နေခဲ့သည်။ တေးသွား ဖန်တီးခြင်းအပိုင်းတွင် သူ အတန်ငယ် တိုးတက်လာခဲ့သည်။ သို့သော် တေးသွားကို ပြီးပြည့်စုံအောင်လုပ်ရန် အချိန်ပို၍ လိုပေ‌သေးသည်။

အံ့ဩစရာကိစ္စတစ်ခုကို ဖော်ပြရလျှင် ဤရက်ပိုင်းအတွင်း၌ ယဉ်ရို့ပင်းက သူမ၏ မွေးရနံ့ကို မဖုံးကွယ်ထားခြင်းပင်။ ထို့ကြောင့် နံ့သာသခင်မမျိုးနွယ်၏ မွေးရနံ့က ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲတစ်ခွင်လုံးတွင် သင်းပျံ့နေသည်။ သို့ဖြစ်ရာ ကျန်းရီနှင့် ရွက်ဖျင်တဲအတွင်းရှိ အခြားသူများ၏ စိတ်ဝိညာဉ်များက အတန်ငယ်ပို၍ သန်မာကြသည်။ စိတ်ဝိညာဉ်က လျင်မြန်စွာ တိုးတက်လာခြင်း မဟုတ်သော်လည်း သူသာ သူမနှင့် ဆက်နေလျှင် ကောင်းသော အကျိုးများကို ရပေလိမ့်မည်။

သို့သော် ခုနစ်ရက်ဟူသော အချိန်က အလွန်လျင်မြန်စွာ ကုန်ဆုံးသွားပေသည်။ အောင်းလု ပြောထားသော အချိန်ကို ရောက်လာပေပြီ။

“ရို့ပင်း.. အသင့်ပြင်ထားတော့။ ပြီးတော့... တစ်ယောက်ယောက် စေလွှတ်ပြီး ရီချန်ကိုလည်း အသင့်ပြင်ထားဖို့ ပြောခိုင်းလိုက်”

ကျန်းရီ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို လေ့လာခြင်းအား ရပ်ထားလိုက်ပြီး ဆန်းကြယ်နတ်ဘုရားတောင်ပေါ်သို့ အချိန်မရွေးတက်နိုင်ရန် စတင်ပြင်ဆင်လိုက်သည်။ ယဉ်ရို့ပင်းကလည်း အချိန်မရွေး တောင်တက်နိုင်ရန် သင့်လျော်သော အဝတ်အစားကို ဝတ်ဆင်ထားသည်။ သူမသည် ကျန်းရီ၏ ညွှန်ကြားချက်ကို ကြားသောအခါ လက်‌အောက်ငယ်သားတစ်ယောက်အား ခေါ်၍ ရီချန်ကို သွားပြောစေလိုက်သည်။ လက်အောက်ငယ်သားက လျင်မြန်စွာ သတင်းသွားပို့သည်။ ခေတ္တကြာပြီးနောက် ရီချန်က ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲထဲသို့ ဝင်လာလေသည်။

“အစ်မချန်...”

ယဉ်ရို့ပင်းက စိတ်လှုပ်ရှားစွာပြုံး၍ ရီချန်ကို ကြိုဆိုလိုက်သည်။ သူမ၏အပြုံးက စစ်မှန်ကာ နွေးထွေးပေသည်။ ထိုအပြုံးကို မြင်လိုက်ရသူတိုင်း စိတ်ချမ်းသာသွားမည်သာ။ ရီချန်က ယဉ်ရို့ပင်းကို ကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်၏။ ထို့နောက် သူမ ကျန်းရီကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“ရှင်တို့တွေ...”

ကျန်းရီ နားမလည်နိုင် ဖြစ်သွား၏။ ယဉ်ရို့ပင်းကမူ ရှက်ပြုံး ပြုံးကာ ပြောလိုက်သည်။

“အစ်မချန် ထင်နေသလို မဟုတ်ပါဘူး။ ရို့ပင်းက ကိစ္စတစ်ခုကို သဘောပေါက်သွားရုံပါ”

ရီချန်က နားမလည်နိုင်ဟန်ဖြင့် အကြိမ်ကြိမ် မျက်တောင်ပုတ်ခတ်လိုက်၏။ သူမ ယဉ်ရို့ပင်းကို လှည့်ကြည့်လိုက်ပြီး အသံပို့လွှတ်လိုက်သည်။

“ညီမလေးရို့ပင်း... ညီမလေး တကယ်ပဲ စိတ်ဆုံးဖြတ်ပြီးသွားပြီလား”

ယဉ်ရို့ပင်း၏ မျက်ဝန်းများ တောက်ပလာသည်။ ထို့နောက် သူမ ပြတ်သားသောလေသံဖြင့် အသံပြန်ပို့လွှတ်လိုက်သည်။

“ဟုတ်တယ်။ ညီမတို့က တစ်ဘဝပဲ နေရမှာမလား။ ကိုယ့်ဘဝကို ကိုယ့်စိတ်ကြိုက် မနေရရင် ညီမ ပျော်ရွှင်နိုင်ပါ့မလား”

ဟူး...

ရီချန်၏ မျက်နှာထားက မည်းမှောင်သွား၏။ သူမ ခေါင်းခါကာ ခါးသက်သက် ပြုံးလိုက်ပြီး အသံပြန်ပို့လွှတ်လိုက်သည်။

“ငါက ငယ်ငယ်ကတည်းက ဇင်ကို ကျင့်ကြံခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ငါ့ညီမလေးက ငါ့ထက် ပိုပြီး နားလည်သွားပုံပဲ။ ငါကတော့ ငါ့နှလုံးသားထဲကအရာတွေကို လွှတ်မချနိုင်သေးဘူး။ ညီမလေး... ညီမလေးက အဲ့အရာတွေကို လွှတ်ချဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့ ညီမလေးဘဝမှာ အကောင်းဆုံးတွေနဲ့ပဲ တွေ့ကြုံရပါစေလို့ ငါ ဆုတောင်းပေးပါတယ်”

ရီချန်နှင့် ယဉ်ရို့ပင်းတို့သည် တစ်ယောက်ဆီတစ်ယောက် အသံပို့လွှတ်နေရင်း မကြာခဏဆိုသလို ကျန်းရီကို လှမ်းကြည့်ကြသည်။ ထို့ကြောင့် ကျန်းရီ ပို၍ပင် နားမလည်နိုင် ဖြစ်လာသည်။ သို့သော် သူ သူမတို့ထံမှ အာရုံလွှဲလိုက်လေသည်။ ထိုစဉ် သူ၏ မျက်လုံးများ တောက်ပလာ၏။ ရုတ်တရက် သူ အော်ပြောလိုက်သည်။

“အကာအရံတွေက လျော့ရဲလာပြီ။ သွားကြစို့... ငါတို့ တောင်ပေါ်တက်ကြမယ်”

ဝှစ်...

ကျန်းရီသည် ထိုသို့ပြောပြီးပြီးချင်း ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲထဲမှ ထွက်ကာ ဆန်းကြယ်နတ်ဘုရားတောင်ဆီသို့ သွားလိုက်သည်။ ယဉ်ရို့ပင်းနှင့် ရီချန်တို့လည်း သတိပြန်ကပ်လာပြီး ကျန်းရီနောက်သို့ လိုက်သွားကြသည်။ သူတို့သုံးယောက်သည် တဒင်္ဂအတွင်းမှာပင် ဆန်းကြယ်နတ်ဘုရားတောင်အနားသို့ ရောက်သွားပြီး ကောင်းကင်ဘုံသို့ သွားရာလမ်းမှနေ၍ အထက်သို့  တက်သွားကြလေတော့သည်။

***

All Chapters