← Chapters

အာကာတိမ်လွှာလမ်း

Vol. 79 Ch. 1092

အာကာတိမ်လွှာလမ်း

Vol. 79 Ch. 1092

ဝုန်း...

ကျန်းရီ ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲထဲမှ ထွက်လာသည့် အခိုက်တွင် ဆန်းကြယ်နတ်ဘုရားတောင်တစ်တောင်လုံး တုန်ခါသွားသည်။ ကောင်းကင်ဘုံသို့ သွားရာလမ်းလည်း ရောင်စဉ်ခုနစ်သွယ်တောက်ပလာသည်။ ထိုလမ်းသည် အမှန်ပင် ကောင်းကင်ဘုံသို့ သွားရာလမ်းတစ်လမ်းကဲ့သို့ပင်။

ဝှစ်...ဝှစ်...

ကျန်းရီနှင့် သူ၏အဖော်နှစ်ယောက်သည် တောင်ပေါ်သို့ နှေးကွေးစွာ တက်သွား၏။ အခြား ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲများလည်း လင်းလက်လာကြသည်။ ရှီးဖေး၊ ကျန့်ထျန်းလဲ့၊ ထူလုံနှင့် အခြားသူများလည်း သူတို့၏ ရွက်ဖျင်တဲများထဲမှ ထွက်လာကြပြီး လမ်းကြောင်းဆီသို့ အပြေးသွားလိုက်ကြသည်။ ရီချန်နှင့် ယဉ်ရို့ပင်းတို့က တောင်ပေါ်သို့ တက်နေပြီဖြစ်ကြောင်းကို မြင်လိုက်ရသောအခါ သူတို့ ပို၍ စိတ်လှုပ်ရှားသွားကြသည်။ ကျန်လူများလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

“ဝိုး...”

ဆန်းကြယ်နတ်ဘုရားတောင်၏ ပြောင်းလဲမှုများနှင့် လမ်းကြောင်းက အရောင်စုံ တောက်ပလာမှုတို့က တောင်ခြေ၏ လူအားလုံး၏ အာရုံကို ဆွဲဆောင်သွားသည်။ ဤတစ်ခေါက် ပြောင်းလဲမှုများက ယခင်အကြိမ်များကထက် များစွာပို၍ ထင်ရှားသည်။ ယခုတွင် ဆန်းကြယ်နတ်ဘုရားတောင်က အမှန်ပင် ပွင့်သွားပြီလော။ သူတို့က တောင်ထိပ်သို့ တက်နိုင်တော့မည်လော။

ဝှစ်...ဝှစ်...ဝှစ်...

လူများ တစ်ယောက်ပြီးတစ်ယောက် အပြေးအလွှားရောက်လာကြ၏။ ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲများမှနေ၍လည်း မရေမတွက်နိုင်သော လူများ ထွက်လာကြသည်။ သို့သော် သူတို့သည် တောင်ပေါ်သို့ ချက်ချင်း မတက်သွားကြသေးဘဲ လမ်းကြောင်းဆီသို့သာ အပြေးသွားကြလေသည်။

ဆန်းကြယ်နတ်ဘုရားတောင်ပေါ်မှ အကာအရံများက အလွန်ထူးခြားသည်။ တောင်ထိပ်သို့ တက်လိုသူတိုင်းက လမ်းလျှောက်၍သာ တက်ရသည်။ ပျံတက်သူတိုင်းက တားဆီးခံရမည်ဖြစ်သည်။ ဧကရာဇ်ကိုးပါးသည်ပင် ပျံမတက်နိုင်ကြပေ။

ကောင်းကင်ဘုံသို့ သွားရာလမ်းကို ပထမဆုံး ခြေချနိုင်ခဲ့သူမှာ ကျန်းရီဖြစ်သည်။ သို့သော် သူ ရုတ်ခြည်း ပြဿနာတစ်ခုကို တွေ့သွားသည်။ သူသည် ခြေတစ်လှမ်း လှမ်းလိုက်သောအခါ ဆန်းကြယ်နတ်ဘုရားနန်းတော်အတွင်းမှ ကူကယ်ရာမဲ့တံတားပေါ်တွင် ရောက်နေသကဲ့သို့ ခံစားနေလိုက်ရ၏။ ရုတ်တရက် သူ့ခန္ဓာကိုယ်က တစ်တန်လေးသော အလေးတုံးကြီးတစ်တုံးနှင့် အဖိခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး ကိုင်းသွားသည်။ သူ ဒုတိယခြေလှမ်း လှမ်းလိုက်ရာတွင် သူ့ခန္ဓာကိုယ်ပေါ်မှ အလေးချိန်က တိုးလာသည်။ ထို့ကြောင့် အရှေ့သို့ ဆက်သွားပါက အလွန်ကြောက်မက်ဖွယ်ကောင်းလာလိမ့်မည်ဟု သူ တွေးလိုက်လေသည်။

‘သွားမယ်ကွာ...’

ကျန်းရီသည် တောင်ပေါ်သို့တက်ရန် ဆုံးဖြတ်ထားပြီးဖြစ်၍ မည်သည့်စိန်ခေါ်မှုကိုမဆို ရင်ဆိုင်မည်သာ။ ယနေ့က အောင်းလုပြောလိုက်သောနေ့ ဖြစ်သည်။ ထို့ပြင် ဆန်းကြယ်နတ်ဘုရားတောင်ပေါ်ရှိ အကာအရံများကလည်း ရုတ်တရက်ကြီး ပြောင်းလဲလာခဲ့သည်။ ထိုအရာအားလုံးက သူ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ သေချာပေါက် ဝင်နိုင်တော့မည်ဖြစ်ကြောင်း ပြသနေသည်။ သို့သော် ယင်းက မိမိ၏ ကံကြမ္မာအပေါ်တွင်လည်း မူတည်သေးပေသည်။

ယဉ်ရို့ပင်းနှင့် ရီချန်တို့က ကျန်းရီနောက်မှ ကပ်လိုက်လာသည်။ သူမတို့နှစ်ယောက်လုံးကလည်း သူ့လောက်နီးပါး သန်မာသူများဖြစ်သည်။ သူမတို့က အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များ ဖြစ်ကြသည်။ သူမတို့ မည်သည့်ကြယ်အဆင့်တွင် ရှိနေကြောင်းကို အတိအကျ မသိရသေးသော်လည်း အနိမ်ဆုံးတော့ ကြယ်သုံးပွင့်အဆင့်တွင် ရှိပေလိမ့်မည်။ သို့သော် သူမတို့နှစ်ယောက်သည်လည်း လမ်းကြောင်းပေါ်တွင် ခြေတစ်လှမ်း လှမ်းပြီးနောက် ခေတ္တမျှ ရပ်သွားကြသည်။ သို့ငြား မည်သူမှတော့ တုန်လှုပ်မသွားပေ။ ထိုအစား သူမတို့၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာကြသည်။ သူမတို့သည် တောင်ထိပ်ကို မော့ကြည့်၍ ကျန်းရီနောက်သို့ ဆက်လိုက်သွားကြသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် သူမတို့သုံးယောက် ခြေလှမ်းတစ်ရာ လှမ်းပြီးသွားလေသည်။

ဝှစ်...

ရှီးဖေးနှင့် ကျန့်ထျန်းလဲ့တို့က ကျန်းရီတို့သုံးယောက်အနောက်မှ ပါလာသည်။ သူတို့နှစ်ယောက်က နတ်ဘုရားတစ်ပိုင်းများ ဖြစ်သော်လည်း သူတို့၏အမြန်နှုန်းက အရှေ့မှ သုံးယောက်နှင့် တူညီနေသည်။ သူတို့က နောက်တွင် ခြေလှမ်းတစ်ရာလောက် ပြတ်ကျန်ခဲ့သည်။

ရှီးဖေးတို့အနောက်တွင်မူ ယဲ့ရင်၊ လင်းချီကျန့်၊ ယဉ်ဖေးဟွမ်၊ ထူလုံနှင့် အခြားသူများ ရှိသည်။ ထိုအုပ်စုက ရှီးဖေးနှင့် ကျန့်ထျန်းလဲ့တို့ထက် သိသိသာသာ ပိုနှေးသည်။ သူတို့၏ ခန္ဓာကိုယ်များက မြေပြင်နှင့် ထိလုမတတ် ကိုင်းနေကြသည်။ သူတို့၏ လမ်းလျှောက်ပုံကလည်း အတော်လေး မတည်ငြိမ်ချေ။ သို့သော် သူတို့သည်လည်း ဖြည်းဖြည်းချင်း တောင်ပေါ်တက်နေလေသည်။

“ဟားဟားဟား...”

လင်းချီကျန့်နှင့် ယဉ်ဖေးဟွမ်တို့၏နောက်မှနေ၍ ရယ်သံကြီးတစ်သံ ထွက်ပေါ်လာ၏။ သူတို့ နောက်လှည့်ကြည့်လိုက်ရာ အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူငယ်က အဖြူရောင်ကျောက်စိမ်းပုလွေတစ်ချောင်းကို ကိုင်ထားသည်။ သူက ရယ်မောနေရာ သူ၏သွားဖြူဖြူများကို မြင်ရ၏။ ထို့နောက် သူသည် ဓားပျံတစ်ချောင်းကဲ့သို့ လင်းချီကျန့်နှင့် အခြာသူများကို ကျော်တက်သွား၏။ သူ၏ အမြန်နှုန်းက လင်းချီကျန့်တို့ထက် များစွာပိုမြန်သည်။ တိတိကျကျဆိုရလျှင် သူက ရှီးဖေးနှင့် ကျန့်ထျန်းလဲ့တို့ထက်ပင် အတန်ငယ် ပိုမြန်သေးသည်။

“ဒါက...”

“ဘာလို့ ကျန့်ဝူယင်းက အဲ့လောက်မြန်မြန် သွားနိုင်နေရတာလဲ။ သူကလည်း ကြယ်လေးပွင့်၊ ကြယ်ငါးပွင့်အဆင့်မှာပဲရှိတာ မဟုတ်လား”

“ဟုတ်တယ်... ယဉ်ဖေးဟွမ်နဲ့ ထူလုံတို့ကလည်း ကြယ်လေးပွင့်၊ ကြယ်ငါးပွင့် ပညာရှင်တွေ မဟုတ်လား။ ပြီးတော့ ရှီးဖေးနဲ့ ကျန့်ထျန်းလဲ့တို့က နတ်ဘုရားတစ်ပိုင်းတွေ။ ဒါပေမဲ့ ကျန့်ဝူယင်းက သူတို့ထက် ပိုမြန်နေတယ်တဲ့လား”

တောင်ခြေတွင် အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ မျိုးနွယ်ကြီးများမှ အကြီးအကဲများသည် တောင်ပေါ်သို့ စမတက်ရသေးပေ။ သူတို့က သူတို့၏ သခင်လေးများနှင့် သခင်မလေးများကို အရင်ဆုံး တက်ခိုင်းနေခြင်းဖြစ်သည်။ ယခု သူတို့သည် ကျန့်ဝူယင်း၏ အမြန်နှုန်းကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားကြလေသည်။

“အာကာတိမ်လွှာလမ်း၊ လေမီးစမ်းသပ်ချက်၊ ရွှေရောင်အိပ်မက်တစ်ခု... နောက်ဆုံးတော့ ဆန်းကြယ်နတ်ဘုရားနန်းတော်က ပွင့်သွားပြီ”

လူအုပ်က အံ့အားသင့်နေစဉ်တွင် အနောက်အရပ်မှနေ၍ ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံက ကောင်းကင်ကိုးဘုံမှ ထွက်ပေါ်လာခြင်းဟု ထင်ရပြီး အားကောင်းသော ဖိအားတစ်ခုကို သယ်ဆောင်လာလေသည်။ လူများသည် ထိုအသံကို ကြားလိုက်ရသောအခါ တိတ်ဆိတ်သွားကြ၏။ ကျန့်မျိုးနွယ်ဝင်များမှာမူ ချက်ချင်း ဒူးထောက်လိုက်ကြသည်။

“တိုက်ပွဲဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်”

“တိုက်ပွဲဧကရာဇ်လား”

ဆန်းကြယ်နတ်ဘုရားတောင်ခြေရှိ သန်းချီသောလူများ ခန္ဓာကိုယ်တောင့်တင်းသွားကြ၏။ တောင်ဆီသို့ အပြေးအလွှားသွားနေသော လူများစွာသည်လည်း လမ်းတစ်ဝက်မှာပင် ရပ်တန့်လိုက်ကြသည်။ ထို့နောက် သူတို့သည် ကြောက်ရွံ့တကြီးဖြင့် ဒူးထောက်လိုက်ကြသည်။ တိုက်ပွဲဧကရာဇ်ကဲ့သို့သော လူတစ်ယောက်ကို မည်သူက အပြစ်ပြုဝံ့မည်နည်း။ ထို့ပြင် တိုက်ပွဲဧကရာဇ်ကသာ တောင်ပေါ်သို့ တက်လိုသည်ဆိုလျှင်လည်း သူတို့ မည်သို့မှ လုပ်နိုင်မည်မဟုတ်ပေ။

“အားလုံးပဲ ထကြပါ။ မင်းတို့ တောင်ပေါ်ကို တက်ချင်ရင် တက်ကြပါ။ ဒါပေမဲ့ အသက်လေးဆယ်ကျော်ပြီးတဲ့ လူတွေကတော့ ဒုက္ခခံမနေကြပါနဲ့တော့။ မင်းတို့ အာကာတိမ်လွှာလမ်းကို ဖြတ်ကျော်နိုင်မှာ မဟုတ်ပါဘူး။ အသက်ပိုကြီးလေလေ၊ အဲ့လမ်းကို ဖြတ်ကျော်ဖို့ ခက်လေလေပဲ”

တိုက်ပွဲဧကရာဇ်က လူလုံးထွက်မပြသော်လည်း လူများစွာ၏ အတွေးထဲမှ မေးခွန်း၏ အဖြေကို ပေးလိုက်သည်။ သူသည် ခေတ္တမျှ စကားစရပ်ပြီးနောက် ဆက်ပြောလေသည်။

“ဆန်းကြယ်ဧကရာဇ်က နတ်ရွာမစံခင် အဖိုးတန်တဲ့ လမ်းညွှန်ချက်တချို့ ချန်ခဲ့တယ်။ ဆန်းကြယ်နတ်ဘုရားတောင်က အာကာတိမ်လွှာလမ်း၊ လေမီးစမ်းသပ်ချက်နဲ့ ရွှေရောင်အိပ်မက်ကို ပြသလိုက်ပြီဆိုရင် ဆန်းကြယ်နတ်ဘုရားနန်းတော် ပွင့်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲတဲ့။ ဆန်းကြယ်နတ်ဘုရားနန်းတော်ရဲ့ ဒုတိယပိုင်ရှင်လည်း ထွက်ပေါ်လာတော့မယ်။ အားလုံးပဲ ဒုတိယပိုင်ရှင် ဖြစ်လာနိုင်ဖို့ တောင်ပေါ်တက်ပြီး ယှဉ်ပြိုင်နိုင်ပါတယ်။ အဲ့နန်းတော်ကို ရယူနိုင်တဲ့ ဘယ်သူမဆို ဆန်းကြယ်ဧကရာဇ်ရဲ့ ဆက်ခံသူ ဖြစ်လာမှာပဲ။ သူက ကျန့်မျိုးနွယ်ရဲ့ ထာဝရမိတ်ဆွေလည်း ဖြစ်လာလိမ့်မယ်”

“ဝိုး...”

ဆန်းကြယ်နတ်ဘုရားတောင်ခြေရှိ လူအားလုံး ထပ်မံ၍ အုတ်အော်သောင်းနင်းဖြစ်သွားသည်။ မရေမတွက်နိုင်သော လူများသည် မီးကိုတိုးသော ပိုးဖလံများကဲ့သို့ လမ်းကြောင်းဆီသို့ အသည်းအသန် ပျံသန်းသွားကြ၏။ သို့သော် အသက်လေးဆယ်ကျော်ပြီးသူများကတော့ နေရာတွင်သာ ရပ်နေကြလေသည်။ တိုက်ပွဲဧကရာဇ်ကဲ့သို့သော လူတစ်ယောက်က လိမ်မည် မဟုတ်ပေ။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ အကြီးအကဲများကလည်း မလှုပ်မယှက် ရှိနေကြသည်။ ထို့ပြင် အကယ်၍ သူတို့သာ တိုက်ပွဲဧကရာဇ်ကို ဒေါသထွက်အောင် လုပ်မိလျှင် အသက်ဆုံးရှုံးသွားရနိုင်ပေသည်။

တိုက်ပွဲဧကရာဇ်က လူအုပ်ကို လာပြောသည့်အချိန်တွင် ကျန်းရီ၊ ရီချန်နှင့် ယဉ်ရို့ပင်းတို့က ခြေလှမ်းတစ်ထောင် တက်ပြီးသွားပြီဖြစ်သည်။ ရှီးဖေးနှင့် ကျန့်ထျန်းလဲ့တို့က သူတို့အနောက်တွင် ခြေလှမ်းတစ်ရာ ပြတ်ကျန်နေဆဲပင်။ လင်းချီကျန့်၊ ယဲ့ရင်၊ ထူလုံနှင့် ယဉ်ဖေးဟွမ်တို့ကမူ ခြေလှမ်းခုနစ်ရာခန့် ပြတ်ကျန်ခဲ့သည်။

ကျန့်ဝူယင်းမှာမူ ခြေလှမ်းရှစ်ရာကျော် သွားပြီးပေပြီ။ သူက ရှီးဖေးနှင့် ကျန့်ထျန်းလဲ့တို့ကို မီတော့မည် ဖြစ်သည်။ သူတို့အနောက်တွင်မူ လူနှစ်ဆယ်နီးပါး ရှိသည့် လူအုပ်ကြီးတစ်အုပ် ရှိသည်။ သို့သော် သူတို့အားလုံးက ထူလုံတို့ထက် များစွာပိုနှေးပေသည်။ လင်းရှီယာ့သည် အားနည်းသူတစ်ယောက်ဖြစ်၍ ခြေလှမ်းလေးရာလောက်သာ သွားနိုင်သေးသည်။

ကျန်းရီနှင့် သူ၏အဖော်နှစ်ယောက်ကလည်း စတင်၍ ပင်ပန်းလာသည်။ ရီချန်နှင့် ယဉ်ရို့ပင်းတို့၏ ဝတ်စုံလေးများက ချွေးများရွှဲနေသည်။ ထို့ကြောင့် သူမတို့၏ ခန္ဓာကိုယ်လေးများက ပို၍ပေါ်လွင်နေပြီး အနောက်မှ လူများကို အာခေါင်များ ခြောက်လာစေနေသည်။ သူတို့အားလုံးသည် ထိုနှောင့်ယှက်မှုကို တောင့်မခံ့နိုင်ကြပေ။

“ရို့ပင်း၊ ရီချန်... မင်းတို့နှစ်ယောက် အဆင်ပြေကြရဲ့လား။ မင်းတို့ မရတော့ရင် နေခဲ့လေ။ ငါ မင်းတို့အစား သွားပေးမယ်”

ကျန်းရီက နောက်လှည့်မကြည့်ဘဲ သူမတို့နှစ်ယောက်ထံ အသံသာ ပို့လွှတ်လိုက်သည်။ ယဉ်ရို့ပင်းက မဲ့ပြုံးပြုံးကာ အသံပြန်ပို့လွှတ်လိုက်သည်။

“ကျန်းရီ... ကိုယ့်ဟာကိုယ်ပဲ ဂရုစိုက်ပါ။ ကျွန်မအတွက် ပူစရာမလိုပါဘူး... ကျွန်မကို အထင်မသေးနဲ့”

ရီချန်ကလည်း သက်ပြင်းသဲ့သဲ့ ချလိုက်သည်။ သို့သော် သူမသည် မည်သို့မှ ပြန်မပြောဘဲ အထက်သို့ ဆက်တက်လိုက်သည်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ သူ့အနောက်ကို အာရုံခံလိုက်၏။ ထို့နောက် သူ မည်သို့မှ ဆက်မပြောတော့ဘဲ သူ့လမ်းကိုသာ အာရုံစိုက်လိုက်လေသည်။

တောင်ထိပ်သို့ ရောက်ရန် ခြေလှမ်းမည်မျှလိုသေးသည်ကို မည်သူမှ မသိပေ။ သို့သော် အနည်းဆုံး ခြေလှမ်းတစ်သောင်းလောက်တော့ လိုလိမ့်ဦးမည်ဟု ကျန်းရီ ခန့်မှန်းလိုက်သည်။ အကယ်၍ တောင်ထိပ်ကို ဖုံးလွှမ်းထားသော တိမ်ဖြူများနောက်တွင် လမ်းဆက်ရှိဦးမည်ဆိုပါက သူ ဆက်သွားချင်မှ သွားနိုင်ပေလိမ့်မည်။

***

“မျိုးနွယ်ခေါင်းဆောင်... အရှေ့ဆုံးက လူက တော်တော်လေး ထူးဆန်းနေတယ်”

ဆန်းကြယ်ဧကရာဇ်မြို့၏ အရှေ့ဘက် မြို့ရိုးပေါ်တွင် အကြီးအကဲများစွာ ရပ်နေပြီး ဆန်းကြယ်နတ်ဘုရားတောင်ကို ကြည့်နေကြသည်။ သူတို့အုပ်စု၏ အလယ်မှ တစ်ယောက်က အဖြူရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ သူ၏ မျက်နှာက မည်သည့် မုတ်ဆိတ်ကျင်စွယ်မှ မရှိဘဲ ဓားတစ်လက်ကဲ့သို့ စူးရှနေသည်။ သူ၏အသားအရေကမူ အတန်ငယ် နီမြန်းနေသည်။ ထိုအဘိုးအိုသည် တော်ဝင်နယ်မြေတစ်ခွင်လုံးရှိ စွမ်းအားအကြီးဆုံးလူသုံးယောက်အနက်မှ တစ်ယောက်ဖြစ်သော တိုက်ပွဲဧကရာဇ်ပင်။

တိုက်ပွဲဧကရာဇ်သည် အကြီးအကဲတစ်ယောက် ပြောလိုက်သော စကားကို ကြားလိုက်သော်လည်း မျက်နှာသေဖြင့်သာ ဆက်ရှိနေသည်။ သူသည် ထိုအကြီးအကဲကို မည်သို့မှ ပြန်မပြောဘဲ သူ့ဘေးမှ အခြားနတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ကို လှည့်ကြည့်၍ ပြောလိုက်သည်။

“သူက နည်းနည်း ထူးဆန်းနေတယ်။ အဲ့ကောင်စုတ်က ဆန်းကြယ်နတ်ဘုရားတောင်ပေါ်က ပြောင်းလဲမှုတွေကို အရင်ဆုံး သိခဲ့တာ ဖြစ်မယ်။ မဟုတ်ရင် သူက ထိပ်ဆုံးမှာရှိနေမှာ မဟုတ်ဘူး”

“ကြည့်ပါ... သူက အေးအေးဆေးဆေး ဆက်တက်နိုင်နေတုန်းပဲ။ သူက အသက်(၂၅)အောက် ဖြစ်ရမယ်။ ပြီးတော့ သူ့မှာ ကြယ်ငါးပွင့်အဆင့် စွမ်းအားလည်း ရှိရမယ်။ မဟုတ်ရင် သူ အဲ့လို အေးအေးဆေးဆေး တက်နိုင်မှာ မဟုတ်ဘူး။ သူက ဘယ်မျိုးနွယ်ကလဲ။ ဘာလို့ ကျုပ် သူ့အကြောင်းကို တစ်ခါမှ မကြားဖူးရတာလဲ။ ကျုပ်တို့ သူ့နောက်ကြောင်းကို စုံစမ်းဖို့ လူတစ်ယောက် စေလွှတ်လိုက်ရမလား”

“မလိုတော့ပါဘူး”

တိုက်ပွဲဧကရာဇ်က ခြောက်ကပ်ကပ်ရယ်လိုက်သည်။

“သူက ရုပ်ဖျက်ထားတာပဲ။ မင်းတို့အကုန်လုံး သူဘယ်သူဆိုတာကို သိကြမှာပါ”

“ရုပ်ဖျက်ထားတာလား”

ကျန့်မျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများ အံ့အားသင့်သွား၏။ သူတို့ ကောင်းကင်စိတ်အာရုံများ ထုတ်လွှတ်ကာ အာရုံခံလိုက်ကြသည်။ ထို့နောက် နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်က တစ်စုံတစ်ခုကို ခန့်မှန်းမိသွားဟန်ဖြင့် အံ့ဩတကြီး ရေရွတ်လိုက်လေသည်။

“သူ...သူက ကျန်းရီလား”

“ဘာ...”

နတ်ဘုရားတစ်ပိုင်းများအားလုံး မှင်တက်သွားကြ၏။ သူတို့ထဲမှ တစ်ခေါင်းလုံး ဖွေးဖွေးဖြူနေသော အဘိုးအိုတစ်ယောက်က ‌ဒေါသတကြီးဖြင့် ပြောလိုက်သည်။

“မျိုးနွယ်ခေါင်းဆောင်... ကျုပ်တို့ အခုပဲ သူ့ကို သွားသတ်လိုက်ရမလား။ ဆန်းကြယ်နတ်ဘုရားနန်းတော်က အပြစ်သားကျွန်းက ဒုစရိုက်သမားတစ်ယောက်လက်ထဲကို ရောက်သွားလို့ မဖြစ်ဘူး”

“မလိုပါဘူး”

တိုက်ပွဲဧကရာဇ်က မျက်နှာသေဖြင့် အရှေ့သို့ ဆက်ကြည့်နေသည်။ ထို့နောက် သူ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ဆန်းကြယ်ဧကရာဇ်က လမ်းညွှန်ချက်တွေ ထားခဲ့တယ်။ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရယူနိုင်ဖို့ လူသားတိုင်း ယှဉ်ပြိုင်နိုင်တယ်။ အပြစ်သားကျွန်းက ဒုစရိုက်သမားတွေကလည်း လူသားတွေပဲ။ ပြီးတော့ ငါတို့ သူကို သွားသတ်ဖို့ လိုမှာ မဟုတ်ပါဘူး။ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲက တန်ဖိုးရှိတဲ့ ရတနာတွေ အကုန်လုယူမခံရသေးခင် အဘိုးကြီးဝူရှန့် ရောက်လာလိမ့်မယ်လို့ ငါထင်တယ်...”

***

All Chapters