← Chapters

မျိုးမစစ်ခွေး

Vol. 79 Ch. 1093

မျိုးမစစ်ခွေး

Vol. 79 Ch. 1093

‘အာကာတိမ်လွှာလမ်း၊ လေမီးစမ်းသပ်ချက်၊ ရွှေရောင်အိပ်မက်တစ်ခု... ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲ ဝင်နိုင်ဖို့ အဆင့်သုံးဆင့်ကို ဖြတ်ကျော်ရမယ်ဆိုတဲ့ အဓိပ္ပာယ်လား။ အဲ့ဆန်းကြယ်ဧကရာဇ်က တော်တော်လွန်တာပဲ။ ဘာလို့ သူက ကိစ္စတွေကို ခက်ခဲအောင် လုပ်ရတာလဲ။ အောင်းလုကို ဆက်ခံသူတစ်ယောက် ရွေးပေးဖို့ ခိုင်းခဲ့ရင် ပိုပြီး လွယ်မသွားဘူးလား’

ကျန်းရီသည် ခြေလှမ်းတစ်ထောင့်ငါးရာ တက်ပြီးနောက် မောဟိုက်လာ၏။ သို့သော် မြေဆွဲအားက သူ့အပေါ် များစွာသက်ရောက်မှု မရှိပေ။ ရီချန်နှင့် ယဉ်ရို့ပင်းတို့ကလည်း သူ့အနောက်မှ ပါလာဆဲပင်။ သူ့ထက် ယဉ်ရို့ပင်းက သုံး၊ လေးနှစ် ငယ်ပြီး ရီချန်က တစ်နှစ်၊ နှစ်နှစ် ငယ်သည်။ သူသည် သူမတို့၏ တိုက်ခိုက်စွမ်းအားအဆင့်ကို မသိသော်လည်း ရီချန်က သေချာပေါက် သူ့ထက် အားနည်းမည် မဟုတ်ပေ။ ယဉ်ရို့ပင်းကလည်း ဝိညာဉ်ခန္ဓာနှင့် မွေးဖွားလာသူဖြစ်၍ သူနှင့် အမီလိုက်နိုင်ပေသည်။

ကျန်းရီတို့သုံးယောက်၏အနောက်တွင် ကျန့်ထျန်းလဲ့နှင့် ရှီးဖေးတို့ မဟုတ်တော့ဘဲ ကျန့်ဝူယင်း ရှိနေပေပြီ။ သူတို့ထဲတွင် ကျန့်ဝူယင်းက အငယ်ဆုံးဖြစ်သည်။ သူက ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်သာ ရှိသေးသော်လည်း ကြယ်လေးပွင့်အဆင့်၊ ကြယ်ငါးပွင့်အဆင့် တိုက်ခိုက်စွမ်းအားကို ပိုင်ဆိုင်ထားပြီဖြစ်သည်။ ထို့ကြောင့် သူ၏ လမ်းခရီးက အချောမွေ့ဆုံးဖြစ်သည်။ သူသည် အနောက်မှနေ၍ ခနဲ့တဲ့တဲ့ပြုံး၍ မကြာခဏဆိုသလို လှမ်းအော်ပြောနေသည်။

“မမတို့နှစ်ယောက်... မမတို့ကို ကျွန်တော် ကူပေးရမလား”

ယဉ်ရို့ပင်းနှင့် ရီချန်တို့က ကျန့်ဝူယင်းကို လျစ်လျူရှုထား၏။ ထိုကောင်လေးက တဏှာရူးလေးဖြစ်သည်။ သူသည် အသက်ခုနစ်နှစ်အရွယ်ကတည်းက ကျန့်မျိုးနွယ်မှ အစေခံမလေးများ၏ အဝတ်များကို ချွတ်၍ ကိုက်ခဲ့သူဖြစ်သည်။ ဓားဧကရာဇ်သည် ထိုအဖြစ်ကို ကိုယ်တိုင်မြင်လိုက်ရ၍ ကျန့်ဝူယင်းကို ကြိုးတုပ်ကာ ရိုက်ခဲ့သည်။

ကျန့်ဝူယင်းအနောက်တွင်မူ ရှီးဖေးနှင့် ကျန့်ထျန်းလဲ့တို့ ရှိနေသည်။ သူတို့နှစ်ယောက်က စွမ်းအားအကြီးဆုံးသူများ ဖြစ်သော်လည်း အသက်သုံးဆယ်‌ကျော်နေကြပြီဖြစ်၍ ခက်ခက်ခဲခဲ ခြေလှမ်းနေရသည်။ အသက်ကြီးများက အာကာတိမ်လွှာလမ်းကို ခက်ခက်ခဲခဲ တက်ရမည်ဖြစ်ကြောင်း တိုက်ပွဲဧကရာဇ်က ပြောထားသည် မဟုတ်ပါလား။ ယခုတွင် သူတို့နှစ်ယောက်နှင့် ကျန်းရီတို့သုံးယောက်ကြားတွင် ခြေလှမ်းတစ်ရာကျော်ခြားနေပေပြီ။

ထူလုံ၊ လင်းချီကျန့်နှင့် အခြားသူများက ပို၍ပင် နှေးသည်။ သူတို့အနောက်တွင်လည်း လူတန်းရှည်ကြီးတစ်ခု ရှိနေသည်။ သူတို့သည် အင်အားနှင့် အသက်အရွယ်အပေါ် မူတည်၍ ယှဉ်ပြိုင်နေရခြင်းပင်။ အချို့က အေးအေးလူလူ တက်နိုင်နေပြီး အချို့မှာမူ ခြေလှမ်းဆယ်လှမ်း လှမ်းပြီးနောက်တွင်ပင် အလွန်မသက်မသာ ခံစားလာရသည်။ အချို့ဆိုလျှင် ချက်ချင်း အရှုံးပေးလိုက်ကြသည်။

အသက်လေးဆယ်ကျော် သိုင်းသမားအချို့သည် တိုက်ပွဲဧကရာဇ်ပြောသည်ကို နားမထောင်ဘဲ ကံစမ်းကြည့်ရန် ကြိုးစားခဲ့ကြသည်။ သူတို့သည် ခြေလှမ်းဆယ်လှမ်း လျှောက်ပြီးနောက် သွေးအန်ကာ တစ်ကိုယ်လုံး တုန်ယင်လာကြသည်။

ချန်မျိုးနွယ်မှ မဟာအကြီးအကဲကလည်း ချန်သခင်လေးနှင့်အတူ ရောက်လာခဲ့သည်။ မဟာအကြီးအကဲသည် ခြေတစ်လှမ်းလျှောက်ပြီးနောက် အရှုံးပေးလိုက်ပြီး ချန်သခင်လေးကိုသာ ချန်မျိုးနွယ်မှ တပည့်အနည်းငယ်နှင့်အတူ ဆက်တက်ခိုင်းလိုက်သည်။ ချန်သခင်လေး၏ အမြန်နှုန်းက မဆိုးလှပေ။ သူသည် ခြေလှမ်းခြောက်ရာကျော် လှမ်းပြီးပေပြီ။

တဖြည်းဖြည်းဖြင့်...

ကျန့်ဝူယင်းနှင့် ကျန်းရီနှင့် မိန်းမပျိုနှစ်ယောက်ကို ကျော်တက်ကာ ရှေ့ဆုံးမှ ဦးဆောင်သွားသည်။ သူ၏ အရှိန်က အလွန်မြန်ပြီး သူ၏ခြေလှမ်းများက ပေါ့ပါးနေသည်။ တောင်ခြေရှိ ကျန့်မျိုးနွယ်ဝင်များအားလုံး အလွန်စိတ်လှုပ်ရှားသွားပြီး ဆန်းကြယ်နတ်ဘုရားနန်းတော်ကို သေချာ‌ပေါက် ကျန့်မျိုးနွယ်က ပိုင်ဆိုင်ရတော့မည်ဟု တွေးလိုက်ကြသည်။

တစ်နာရီကြာပြီးနောက် ကျန့်ဝူယင်းက ကျန်လူများထက် အရှေ့သို့ များစွာပိုရောက်သွားပေပြီ။ သူ ခြေလှမ်းငါးထောင် လှမ်းပြီးသွားပြီဖြစ်သည်။ ကျန်းရီနှင့် မိန်းမပျိုနှစ်ယောက်က ခြေလှမ်းလေးထောင် လှမ်းပြီးသွားကာ သူ့နောက်မှ ကပ်လိုက်လာသည်။ ကျန့်ထျန်းလဲ့နှင့် ရှီးဖေးတို့က ခြေလှမ်းသုံးထောင့်ငါးရာ လှမ်းကာ တတိယနေရာမှ လိုက်သည်။ ယဲ့ရင်၊ ထူလုံ၊ လင်းချီကျန့်၊ ယဉ်ဖေးဟွမ်နှင့် အခြားမျိုးနွယ်ကြီးများမှ ထိပ်တန်းတပည့်များကမူ ခြေလှမ်းနှစ်ထောင်ကျော် လှမ်းပြီးသွားပြီဖြစ်သည်။ ထို့ပြင် သူတို့အနောက်တွင် တောင်ခြေအထိရောက်သော လူတန်းကြီး ရှိနေသေးသည်။

အ‌ရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးရှိ အရည်အချင်းရှိသူအားလုံးက ထိုနေရာတွင် စုဝေးနေပုံပင်။ သူတို့၏ တောင်တက်နှုန်းကို ကြည့်၍ သူတို့၏ အသက်အရွယ်နှင့် အင်အားကို ခွဲခြားနိုင်သည်။ နောက်ဆုံးတွင် ကျန်းရီသည်လည်း အောက်ဘက်ရှိ လူများစွာ၏ အာရုံစိုက်မှုကို ခံလာရသည်။ လီထျန်းက ကျော်ကြားသူတစ်ယောက်  မဟုတ်ပေ။ သို့သော် အဘယ်ကြောင့် သူက ထိပ်တွင် ဆက်ရှိနေနိုင်သေးခြင်းနည်း။

လီထျန်း...

ထိုအမည်က လူများနှင့် မရင်းနှီးသော အမည်တစ်ခုပင်။ လူများစွာသည် ထိုအမည်ကို ယခင်က တစ်ခါမှပင် မကြားခဲ့ဖူးချေ။ သို့သော် လီထျန်းက လီဟုန်၏တူ ဖြစ်ကြောင်းကို သိလိုက်ရသောအခါ လူများက သူ့အပေါ်တွင် အမြင်တချို့ ရှိလာကြသည်။ လီဟုန်က တဏှာရူးအိုကြီးတစ်ယောက် မဟုတ်ပါလား။

ယခုတွင် လူများသည် လီထျန်းက မည်သူဖြစ်ကြောင်း သိသွားပြီဖြစ်သော်လည်း သူတို့ မြင်နေရသော အရာကို မယုံနိုင်ကြသေးပေ။ သူတို့ရရှိထားသော သတင်းအချက်အလက်များအရ လီထျန်းက အသက်(၂၈)နှစ် ရှိပြီဖြစ်ပြီး ကြယ်သုံးပွင့်အဆင့် တိုက်ခိုက်စွမ်းအားသာရှိသူတစ်ယောက် ဖြစ်သည်။ သူ၏အသက်နှင့်စွမ်းအားအရ သူက ထိုမျှမြန်မနေသင့်ပေ။ ကျန့်ထျန်းလဲ့က အသက်(၃၀)ရှိပြီဖြစ်ပြီး လီထျန်းထက် နှစ်နှစ်သာ ပိုကြီးသည်။ သို့သော် ကျန့်ထျန်းလဲ့က နတ်ဘုရားတစ်ပိုင်းဖြစ်သည်။

‘တစ်ခုခုတော့ မှားနေပြီ’

တောင်ခြေမှ လူများသာမက ကျန့်ထျန်းလဲ့လည် စတင်သံသယဖြစ်လာသည်။ သူသည် လီထျန်း၏ ကိုယ်ရေးရာဇဝင်ကို အသေးစိတ်ဖတ်ရှုခဲ့သည်။ ပုံမှန်ဆိုလျှင် လီထျန်းက သူ့အနောက်တွင် ရှိနေသင့်သည်။ သို့သော် ယခုတွင် အဘယ်သို့ လီထျန်းက သူ့အရှေ့တွင် ရှိနေရသနည်း။

‘လီထျန်းက သူ့ရဲ့ စွမ်းအားအမှန်ကို ဖုံးကွယ်ထားခဲ့တာလား’

ကျန့်ထျန်းလဲ့၏ မျက်လုံးများ အရောင်လက်သွား၏။ သို့သော် မကြာခင်မှာပင် သူ ဆက်မတွေးတော့ပေ။ ယခုက အာကာတိမ်လွှာလမ်းသာ ရှိသေးသည်။ လေမီးစမ်းသပ်ချက်နှင့် ရွှေရောင်အိပ်မက်တို့ ကျန်သေးသည်။ ကျန့်ဝူယင်း၊ ကျန်းရီ၊ ရီချန်နှင့် ယဉ်ရို့ပင်းတို့က အာကာတိမ်လွှာလမ်းတွင် ထိပ်ဆုံးမှ သွားနိုင်နေလျှင်ပင် နောက်တစ်ဆင့်၌ ထိပ်ဆုံးမှ ဆက်သွားနိုင်တော့မည်မဟုတ်ဟု သူ ယုံကြည်နေသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို သူသာ ပိုင်ဆိုင်ရပေလိမ့်မည်။

‘မျိုးမစစ်လေး.... မင်း မြန်မြန်သွားတာ ကောင်းလိမ့်မယ်။ မဟုတ်လို့ ငါ မင်းကို မီလာရင်တော့ မင်း အသတ်ခံရလိမ့်မယ်’

ရှီးဖေးကလည်း ကျန်းရီအကြောင်းကို တွေးနေသည်။ သူ့မျက်ဝန်းများထဲတွင် အေးစက်စက်အလင်း လက်သွားသည်။ ရှီးမျိုးနွယ်တွင် ဆန်းကြယ်နတ်ဘုရားတောင်နှင့် ပတ်သတ်သော အသေးစိတ်သတင်းအချက်အလက်များ ရှိသည်။ အာကာတိမ်လွှာလမ်းတွင် မည်သို့မှ မလုပ်နိုင်သော်လည်း လေမီးစမ်းသပ်ချက်နှင့် ရွှေရောင်အိပ်မက်သို့ ရောက်သွားလျှင်မူ အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည် ဖြစ်သည်။ ကျန်းရီသာ ယဉ်ရို့ပင်းနှင့် ရီချန်တို့နှင့် လူစုကွဲသွားလျှင် သူ ကျန်းရီကို ချက်ချင်း သတ်ပစ်မည်ဖြစ်သည်။

***

နောက်တစ်နာရီ ကုန်ဆုံးသွား၏။

ကျန့်ဝူယင်းက ခြေလှမ်းရှစ်ထောင် သွားပြီးပေပြီ။ ယခုတွင် သူသည် တိမ်များအထက်သို့ ရောက်ကာ အောက်ဘက်ရှိ လူများ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားပြီဖြစ်သည်။ ကျန်းရီနှင့် မိန်းမပျိုနှစ်ယောက်က ခြေလှမ်းခုနစ်ထောင် ရောက်နေပြီဖြစ်သည်။ သူတို့သုံးယောက်သည် သူတို့၏ ခြေထောက်များက အလွန်လေးလံလာပြီး ခြေတစ်လှမ်း လှမ်းနိုင်ရန်ပင် အတော်လေးခက်ခဲနေကြောင်း ခံစားလာရသည်။ ယဉ်ရို့ပင်း၏ မျက်နှာကလည်း အလွန်ဖြူဖျော့နေပြီဖြစ်သည်။ သူမ၏တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူမသည် အချိန်မရွေး လဲပြိုကျသွားတော့မလိုပင်။

အောက်ဘက်တွင်လည်း မြဲမြံစွာ မရပ်နိုင်တော့၍ ဒလိမ့်ခေါက်ကွေး လိမ့်ကျသွားသူများ များစွာရှိနေသည်။ ထိုသို့ဖြစ်သွားလျှင် ကြိုစားခဲ့သမျှ အချည်းနှီးဖြစ်သွားပေလိမ့်မည်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို အသုံးပြု၍ ယဉ်ရို့ပင်းထံ အသံပို့လွှတ်လိုက်သည်။

“ရို့ပင်း... မင်း ဆက်သွားနိုင်သေးလား”

ဤအာကာတိမ်လွှာလမ်းတွင် ဆန်းကြယ်နတ်ဘုရားနန်းတော်၏ ကူကယ်ရာမဲ့တံတားနှင့် မတူသော ထူးဆန်းသည့် အချက်တစ်ခု ရှိသည်။ ယင်းမှာ ဤလမ်းပေါ်တွင် တွားသွားကာ သွား၍မရခြင်းဖြစ်သည်။ မဟုတ်လျှင် ကျန်းရီ မြေပြင်ပေါ်တွင် တွားသွား၍ တက်ပြီးလောက်ပြီဖြစ်သည်။ ဤအခြေအနေတွင် မိမိ၏အင်အားကို ခြွေတာမည့်အစား ဟန်ပန်အမူအယာကို စိတ်ပူနေသည့်သူက အရူးသာ ဖြစ်ပေလိမ့်မည်။

ကျန်းရီသည် တွားသွားရန် ကြိုးစားခဲ့ကြည့်၏။ သို့သော် သူ၏လက်နှစ်ဘက်က မြေပြင်ကို ထိလိုက်သည်နှင့် မြေဆွဲအားက နှစ်ဆဖြစ်သွားသကဲ့သို့ သူခံစားလိုက်ရသည်။ ယဉ်ရို့ပင်းက အာကာတိမ်လွှာလမ်းတွင် တွားသွား၍ မရကြောင်း သူ့ကို အသံပို့လွှတ်ကာ ပြောခဲ့သည်။ တွားသွားရန်က လမ်းလျှောက်ရန်ထက် ပိုခက်ခဲပေသည်။

ဟူး...ဟူး...

ယဉ်ရို့ပင်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူမကိုယ်သူမ တည်ငြိမ်သွားအောင် လုပ်လိုက်သည်။ ထို့နောက် သူမ အားတင်း၍ပြုံးကာ အသံပြန်ပို့လွှတ်လိုက်သည်။

“ကျန်းရီ... ကျွန်မကို စိတ်မပူပါနဲ့။ ရှင်ပဲ မြန်မြန်သွားပါ။ ရှင်သာ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရယူနိုင်ခဲ့ရင် ရှင့်အတွက် အများကြီး အကျိုးရှိလိမ့်မယ်။ အဲ့ဒါက ကျွန်မအတွက်လည်း ကောင်းတဲ့ကိစ္စတစ်ခုပဲ”

ကျန်းရီသည် သူကြားလိုက်သော စကားကြောင့် ခေါင်းရှုပ်သွား၏။ ထို့နောက် သူ ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ အာရုံခံလိုက်သည်။ ယဉ်ရို့ပင်းက ယိမ်းယိုင်နေပေသည်။ သူ အံကြိတ်ကာ ရပ်တန့်လိုက်သည်။ ထို့နောက် သူသည် တဖြည်းဖြည်း နောက်ပြန်ဆုတ်သွားပြီး ယဉ်ရို့ပင်းဘေးသို့ သွားလိုက်လေသည်။ ရီချန်က သူ၏လုပ်ရပ်များကို ကြည့်နေသည်။

ကျန်းရီသည် ယဉ်ရို့ပင်းအနားသို့ ရောက်သောအခါ သူမ၏လက်ကလေးကို ဆွဲလိုက်ပြီး အသံပို့လွှတ်လိုက်သည်။

“သွားကြစို့... ငါ မင်းကို တွဲခေါ်သွားမယ်”

ရီချန်၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးသော ခံစားချက်အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူမ ရုတ်တရက် အသံပိုလွှတ်လိုက်လေသည်။

“ကျန်းရီ... ရှင် ဘက်လိုက်လို့ မရဘူးလေ။ ရှင် တွဲခေါ်ချင်တယ်ဆိုရင် ကျွန်မတို့နှစ်ယောက်လုံးကို တွဲခေါ်”

“အာ...”

ကျန်းရီ ရှက်ရွံ့စွာ နှုတ်ခမ်းတွန့်လိုက်၏။ ရီချန်က ယဉ်ရို့ပင်းလောက် ပင်ပန်းမနေကြောင်း ထင်ရှားသည်။ ရီချန်သည် တုန်ယင်နေသော်လည်း ဆက်တက်နိုင်ရန် စွမ်းအင်ကျန်သေးပေသည်။ သူမက ကျန်းရီကို ပြဿနာရှာရန် ကြိုးစားနေခြင်းလော။

သို့သော် ရီချန်က တောင်းဆိုလိုက်ပြီဖြစ်၍ ကျန်းရီ သူမကို မငြင်းရက်ပေ။ ထို့ကြောင့် သူသည် ကျန်လက်တစ်ဘက်ဖြင့် ရီချန်၏ လက်ကလေးကို ဆွဲလိုက်သည်။ ထို့နောက် သူ မျက်လုံးမှိတ်ကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်သည်။ ထိုအခြေအနေတွင် သူ့ခန္ဓာကိုယ်၏ နာကျင်မှုများက သူ့စိတ်ဝိညာဉ်အပေါ်တွင် သက်ရောက်မှုရှိမည် မဟုတ်ပေ။ သူ့ခန္ဓာကိုယ်ကလည်း ဝန်ကို အဆုံးအစွန်အထိ ထမ်းနိုင်မည်ဖြစ်သည်။ ထိုနည်းအတိုင်း ဆက်သွားခြင်းက အကျိုးအများဆုံး ဖြစ်ပေလိမ့်မည်။

ဝှစ်...

ကျန်းရီ၏ အမြန်နှုန်းက ရုတ်တရက် တိုးတက်လာ၏။ မိန်းမပျိုနှစ်ယောက်သည်လည်း ကျန်းရီ၏ လက်မှနေ၍ သူမတို့ကိုယ်ထဲသို့ ဝင်ရောက်လာသည့် စွမ်းအင်များကြောင့် အတန်ငယ် သက်တောင့်သက်သာ ဖြစ်လာသည်။ ထို့ကြောင့် သူမတို့သည်လည်း အရှေ့သို့ ခပ်သွက်သွက် လျှောက်နိုင်လာသည်။

“ဝိုး...”

တောင်ခြေမှ လူများသည် တောင်ပေါ်သို့ တက်နေသော လူများကို အာရုံစိုက်ထားကြသည်။ ထိုအခိုက်တွင် သူတို့သည် ကျန်းရီ၏ အပြုအမူကို တွေ့လိုက်သောအခါ အလွန်စိတ်လှုပ်ရှားသွားကြသည်။ ထိုသို့သော အခြေအနေတွင် မိန်းကလေးများအပေါ် ညှာတာတတ်သော ယောက်ျားမျိုး ရှိနေသေးသည်လော။ လက်ရှိအခြေအနေတွင် အခြားသူများကို ကူညီခြင်းက မိမိအတွက် ပြိုင်ဘက်များလာအောင် မိမိကိုယ်တိုင် လုပ်ခြင်းသာ။ သူ မိန်းကလေးများကို ပိုးပန်းလိုလျှင်ပင် ထိုနည်းဖြင့် မပိုးပန်းသင့်ပေ။

လူများစွာသည် ကျန်းရီကို မနာလို ဖြစ်နေကြ၏။ ထိုမိန်းမပျိုနှစ်ယောက်က အရှေ့ဘက် တော်ဝင်နယ်မြေ၏ ထိပ်တန်းအလှပဂေးလေးများ မဟုတ်ပါလား။ သူမတို့ထဲမှ တစ်ယောက်၏ လက်ကို ကိုင်ရလျှင်ပင် ယောက်ျားများစွာ ရူးသွပ်သွားပေလိမ့်မည်။ သို့သော် ထိုသူက သူမတို့နှစ်ယောက်စလုံး၏ လက်များကို တစ်ချိန်တည်း ကိုင်နိုင်နေသည်။ ထိုမယုံနိုင်လောက်သောကံကောင်းမှုက လူများစွာကို မနာလိုဖြစ်နေစေပေသည်။

‘အာ.. မျိုးမစစ်၊ မျိုးမစစ်ခွေး... သူက တကယ့်ကို မျိုးမစစ်ပဲ’

ရှီးဖေးသည် အောက်ဘက်မှ ရုတ်ရုတ်သဲသဲ အသံများကို ကြားလိုက်၍ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်ကာ စူးစမ်းလိုက်သည်။ ချက်ချင်းပင် သူ တုန်ယင်သွားပြီး အောက်သို့ လိမ့်ကျမလိုပင် ဖြစ်သွားသည်။

ရှီးဖေးကို ဒေါသအဖြစ်စေဆုံးအရာမှာ ကျန်းရီက ရီချန်၏လက်ကို ကိုင်ထားခြင်း မဟုတ်ဘဲ မည်သည့်ယောက်ျားကိုမှ အထင်မကြီးတတ်သည့် ရီချန်က ကျန်းရီအား သူမ၏လက်ကို ကိုင်ခွင့်ပေးထားခြင်းသည်။

***

All Chapters