← Chapters

လေမီးစမ်းသပ်ချက်

Vol. 79 Ch. 1094

လေမီးစမ်းသပ်ချက်

Vol. 79 Ch. 1094

ခန့်မှန်းတွက်ချက်မှုများအရ တောင်ထိပ်ကို ကာရံထားသော တိမ်အလွှာသို့ ရောက်ရန် ခြေလှမ်းတစ်သောင်း သွားရမည်ဖြစ်ကြောင်း သိရသည်။ ဆန်းကြယ်နတ်ဘုရားတောင်ရှိ အကာအရံများ ပျက်ပြယ်သွားပြီးနောက် တစ်နာရီအကြာတွင် ကျန့်ဝူယင်းက တိမ်အလွှာအတွင်း ဝင်သွားနိုင်ခဲ့ပြီဖြစ်သည်။ သူက အောက်ဘက်မှ လူများ၏ မြင်ကွင်းမှနေ၍ လုံးဝပျောက်ကွယ်သွားပေပြီ။

ဒုတိယနေရာတွင်ရှိသော ကျန်းရီနှင့် မိန်းမပျိုနှစ်ယောက်က ခြေလှမ်းရှစ်ထောင် သွားပြီးခဲ့ပြီဖြစ်သည်။ ကျန်းရီ၏ မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မှ ရှိမနေပေ။ သူ၏ပုံစံက မိန်းမပျိုနှစ်ယောက်ကို လက်တွဲ၍ ပန်းခြံထဲတွင် လမ်းလျှောက်နေသလိုမျိုးပင်။

ရီချန်နှင့် ယဉ်ရို့ပင်းတို့သာ ကျန်းရီ၏ ခန္ဓာကိုယ်က ပြင်းထန်သော ဖိအားကို ခံနေရကြောင်း သိပေသည်။ သူ၏ကြွက်သားများက တုန်ယင်မနေသော်လည်း သူ၏အရိုးများက အက်လာသည်။ သို့သော် သူ့ခြေလှမ်းများက နှေးမသွားပေ။

“ကျန်းရီ ရပ်လိုက်တော့။ ကျွန်မတို့ဘာသာ လျှောက်နိုင်တယ်”

ယဉ်ရို့ပင်းက မျက်နှာငယ်လေးဖြင့် ကျန်းရီထံ ထပ်ခါထပ်ခါ အသံပို့လွှတ်နေ၏။ သို့သော် ကျန်းရီက သူမကို လျစ်လျူရှုထားသည်။ ရီချန်ကလည်း ကျန်းရီကို စိုက်ကြည့်နေသည်။ သို့သော် သူမသည် မည်သို့မှ မပြောဘဲ သူမ၏အမြန်နှုန်းကိုသာ မြှင့်လိုက်သည်။ ထိုမှ ကျန်းရီက သူမကို တွဲခေါ်ရန် စွမ်းအင်များစွာ မသုံးရမည်ဖြစ်သည်

ခြေလှမ်းကိုးထောင်...

ကျန်းရီ၏ ပါးစပ်နှင့် နှာခေါင်းမှနေ၍ သွေးများစီးကျလာသည်။ သူ့မျက်လုံးအတွင်းမှ သွေးကြောများလည်း ပေါက်သွားသည်။ သူ့ခန္ဓာကိုယ်က ခံနိုင်ရည်အကန့်အသတ်သို့ ရောက်နေပြီဖြစ်ကြောင်း ထင်ရှားပေသည်။ သူ၏ခြေလှမ်းများလည်း နှေးကွေးလာသည်။ အခြေအနေက ကူကယ်ရာမဲ့တံတားပေါ်တွင် တွားသွားခဲ့ရစဉ်ကကဲ့သို့ ဖြစ်လာပေပြီ။

“ကျန်းရီ..ကျန်းရီ... ရှင် ရပ်လိုက်တော့။ ကျွန်မဘာသာ လျှောက်နိုင်တယ်”

ယဉ်ရို့ပင်း၏ အသံပို့လွှတ်မှုထဲတွင် ရှိုက်သံလေးများ ပါလာသည်။ သို့သော် သူမသည်လည်း ပြင်းထန်သော ဖိအားကို ခံနေရပေသည်။ ကျန်းရီကြောင့်သာ မဟုတ်လျှင် သူမသည် ခြေလှမ်းခုနစ်ထောင်‌ကျော် ရှစ်ထောင်လောက်သာ လှမ်းနိုင်ဦးမည်ဖြစ်သည်။

“ဆက်မပြောနဲ့တော့”

နောက်ဆုံးတွင် ကျန်းရီက အသံပြန်ပို့လွှတ်လိုက်သည်။

“ငါ ခံနိုင်၊ မခံနိုင်ဆိုတာကို ငါ အသိဆုံးပဲ။ နောက်က အေးအေးဆေးဆေးလိုက်ခဲ့။ ငါ့ကို အာရုံလာမနောက်နဲ့”

ကျန်းရီက ခပ်မာမာ အသံပို့လွှတ်လိုက်၍ ယဉ်ရို့ပင်း ဆက်အသံမပို့လွှတ်ဝံ့တော့ပေ။ သူမသည် ငေါက်ငမ်းခံလိုက်ရ၍ ဒေါသမဖြစ်သွားဘဲ ကလေးမလေးတစ်ယောက်ကဲ့သို့သာ ကျန်းရီကို ကြည့်နေလေသည်။ သူမ၏ သိမ်မွေ့သော မျက်ဝန်းများထဲတွင် အပြစ်ရှိသော အရိပ်အယောင်လေးများ ရှိနေသည်။

ဟူး...

ရီချန်သည် ယဉ်ရို့ပင်း၏ မျက်နှာထားကို မြင်လိုက်သောအခါ သက်ပြင်းချ၍ ခါးသက်သက် ပြုံးလိုက်သည်။ ထို့နောက် သူမသည် အံကြိတ်ကာ ကျန်းရီ၏ တွဲခေါ်မှုကို မခံတော့ဘဲ အ‌ရှေ့သို့ ခပ်သွက်သွက် လျှောက်လိုက်လေသည်။ သူမက ကျန်းရီနှင့် ယဉ်ရို့ပင်းကို ပြန်တွဲခေါ်ရန် လုပ်နေခြင်းပင်။ သို့သော် ကျန်းရီ၏ တုံ့ပြန်မှုက ပိုမြန်ပေသည်။ သူသည် ရီချန်ကိုလည်း အသံပို့လွှတ်လိုက်သည်။

“ရီချန်... ငါ့ကို လျှော့မတွက်နဲ့။ ဒီလောက်ကလေးက ငါ့အတွက် မပြောပလောက်ဘူး။ ငါ့အစွမ်းကို မင်း အသိဆုံး ဖြစ်မှာပါ”

ရီချန် ခြေလှမ်းပြန်နှေးလိုက်သည်။ ထို့နောက် သူမသည် သွေးများ ရွှဲနေပြီဖြစ်သော ကျန်းရီ၏ ခန္ဓာကိုယ်ကို ကြည့်ကာ ခေါင်းငုံ့လိုက်၏။ ကျန်းရီက ခံနိုင်ရည်ရှိသူတစ်ယောက်ဖြစ်သည်။ သူက သူမကို ကျေးဇူးပြန်ဆပ်ရန် ကြိုးစားနေခြင်းလည်းဖြစ်ကြောင်း သူမသိသည်။ ထို့ကြောင့် သူမ ကျန်းရီ၏ဆုံးဖြတ်ချက်ကို လေးစားရန် ရွေးချယ်လိုက်လေသည်။

ရှီးဖေးနှင့် ကျန့်ထျန်းလဲ့တို့၏ အမြန်နှုန်းက မဆိုးပေ။ သူတို့သည်လည်း ခြေလှမ်းရှစ်ထောင် လှမ်းပြီးသွားပြီဖြစ်သည်။ ကျန့်ထျန်းလဲ့က တည်ငြိမ်သော မျက်နှာထားဖြင့် မျက်လုံးများ မှိတ်ထားသည်။ ရှီးဖေး၏ မျက်ဝန်းများကလည်း သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ပြည့်နှက်နေပြီး တလက်လက် တောက်နေလေသည်။

“ရှီးဖေး... မင်း ဒီလိုဆက်သွားနေရင် မင်းသတ်ချင်တဲ့သူကို သတ်ရဖို့မပြောနဲ့ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတောင် ဝင်နိုင်မှာ မဟုတ်ဘူး”

ကျန့်ထျန်းလဲ့က ရှီးဖေးထံသို့ ရုတ်တရက် အသံပို့လွှတ်လိုက်၏။ ထို့ကြောင့် ရှီးဖေး အံ့အားသင့်သွားပြီး တိတ်တဆိတ် တက်လှမ်းနေသော ကျန့်ထျန်းလဲ့ကို လှည့်ကြည့်လိုက်သည်။ သူ ချက်ချင်း အသိပြန်ကပ်သွား၏။

လီထျန်းက ယဉ်ရို့ပင်း၏ ဝမ်းကွဲအစ်ကိုဖြစ်သော်လည်း တောင်ပေါ်သို့ လျင်မြန်စွာ တက်နိုင်နေသဖြင့် ကျန့်ထျန်းလဲ့၏ ပြိုင်ဘက်တစ်ယောက်ဖြစ်နေသည်။ ကျန့်ထျန်းလဲ့သည် နှုတ်မှထုတ်မပြောသော်လည်း လီထျန်းကို သတ်လိုနေလောက်သည်။

ဟူး...ဟူး...

ရှီးဖေး အသက်နှစ်ချက် ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်သွားအောင် လုပ်လိုက်သည်။ ကျန့်ထျန်းလဲ့ပြောသည်မှာ မှန်ပေသည်။ အာကာတိမ်လွှာလမ်း၊ လေမီးစမ်းသပ်ချက်နှင့် ရွှေရောင်အိပ်မက်တို့က ဖြတ်ကျော်နိုင်ရန် အလွန်ခက်ခဲသော အဟန့်အတားများဖြစ်သည်။ အကယ်၍ သူသာ စိတ်တည်တည်ငြိမ်ငြိမ်မထားလျှင် လီထျန်းကို သတ်ရန် မဆိုထားနှင့် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲပင် ဝင်နိုင်မည် မဟုတ်ချေ။

ရှီးဖေးနှင့် ကျန့်ထျန်းလဲ့တို့၏နောက်တွင် စတုတ္ထအုပ်စု ရှိနေသည်။ သို့သော် ထိုစတုတ္ထအုပ်စုက ထူလုံ၊ ယဲ့ရင်နှင့် သူတို့၏အဖော်များ မဟုတ်တော့ဘဲ တောင်ခြေမှလူများ မရင်းနှီးသော လူသုံးယောက် ဖြစ်နေသည်။

မည်သို့ပင်ဖြစ်စေ တစ်စုံတစ်ယောက်က ထိုလူသုံးယောက်ကို သိသွားသည်။ ထို့ကြောင့် တောင်ခြေမှလူများသည် ထိုသုံးယောက်အကြောင်းကို စတင် ပြောဆိုလာကြလေသည်။

“အသံလှိုင်းဧကရာဇ်ရဲ့ မြေးက တကယ့်ကို ထူးချွန်တာပဲ။ ချန်သခင်လေးက ကြယ်သုံးပွင့်အဆင့်ကို ရောက်နေပြီလို့ ငါ ကြားထားတယ်... ဒါပေမဲ့ အခု ကြည့်ရတာတော့ သူ့ရဲ့အဆင့်က အဲ့ထက် မြင့်တဲ့ပုံပဲ”

“အလယ်ကလူက ရီမျိုးနွယ်ကလား။ သူ့နာမည်က ရီကျိုးဟန်ထင်တယ်။ သူက တော်တော်ငယ်သေးတာပဲ... အသက်(၂၀)တောင် မပြည့်လောက်သေးဘူး။ သူက သူ့အစွမ်းကို ဖုံးကွယ်ထားခဲ့တာပဲ။ အခုတစ်ခေါက် ကိစ္စကြောင့်သာ မဟုတ်ရင် ရီမျိုးနွယ်မှာ အဲ့လို ပါရမီရှင်လူငယ်တွေ ရှိနေတာကို ဘယ်သူမှ သိရမှာ မဟုတ်ဘူး”

“မိုမျိုးနွယ် မိုတိကလည်း မဆိုးပါဘူး။ အသက်(၂၃)နှစ်မှာ ကြယ်လေးပွင့်အဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်။ သူ့ရဲ့အနာဂတ်ကလည်း အကန့်အသတ်မရှိဘူး”

ထူလုံ၊ လင်းချီကျန့်၊ ယဉ်ဖေးဟွမ်၊ ယဲ့ရင်နှင့် အခြားသူများသည် ထိုလူသုံးယောက်၏ ကျော်တက်မှုကို ခံခဲ့ရခြင်းပင်။ ထိုသုံးယောက်က သူတို့ထက် အသက်ပိုငယ်သည် မဟုတ်ပါလော။ သို့သော် သူတို့သည်လည်း ခြေလှမ်းခြောက်ထောင် လှမ်းပြီးပေပြီ။

ဤတစ်ခေါက် အာကာတိမ်လွှာလမ်းပေါ်တွင် အရှေ့ဘက် တော်ဝင်နယ်မြေမှ ရွက်ပုန်းသီးများစွာ ထွက်ပေါ်လာခဲ့သည်။ ထူလုံတို့၏အနောက်တွင် လူသောင်းနှင့်ချီ၍ ရှိနေသေးသည်။ ထိုလူများကြားတွင် အသက်(၁၃)နှစ်၊ (၁၄)နှစ်အရွယ် ဆယ်ကျော်သက်လေးများစွာလည်း ပါပေသည်။ ထိုဆယ်ကျော်သက်များ၏ ခြေလှမ်းများက အလွန်ပင်သွက်ကြသည်။ ထို့ကြောင့် ထူလုံတို့ ဇောချွေးပြန်လာကြပေသည်။

သို့သော် ယခုမှ အာကာတိမ်လွှာလမ်းသာ ရှိသေးပေသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်အတွင်း ဝင်နိုင်ရန် လေမီးစမ်းသပ်ချက်နှင့် ရွှေရောင်အိပ်မက်တို့ကို ဖြတ်ကျော်ရဦးမည်ဖြစ်သည်။ ထို့ပြင် ဆန်းကြယ်နတ်ဘုရားနန်းတော်အတွင်း ဝင်နိုင်သွားသည်နှင့် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို သေချာပေါက် ရယူနိုင်ပါမည်လော။ မဟုတ်ပေ။ ဆန်းကြယ်နတ်ဘုရားနန်းတော်အတွင်းသို့ ရောက်သွားလျှင် ပို၍ပင် အန္တရာယ်များလာမည်ဖြစ်သည်။ အလွန်ကံကောင်းသူသာ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရယူနိုင်ပေလိမ့်မည်။

***

“ဖူး...”

နောက်တစ်နာရီ ကြာပြီးနောက် ကျန်းရီနှင့် မိန်းမပျိုနှစ်ယောက်သည် ခြေလှမ်းကိုးထောင့်ရှစ်ရာ လှမ်းပြီးသွားပေပြီ။ သူတို့သည် အထက်ရှိ တိမ်များကို ရှင်းရှင်းလင်းလင်း မြင်နိုင်လာပြီဖြစ်သည်။ နောက်ဆုံးတွင် ကျန်းရီ တောင့်မထားနိုင်တော့ဘဲ သွေးအန်လိုက်သည်။ သူ၏ခြေလှမ်းလည်း ရပ်သွားသည်။

“ရို့ပင်း၊ ရီချန်... ကျန်တဲ့ခရီးအတွက် မင်းတို့နှစ်ယောက်ကိုပဲ အားကိုးရတော့မယ်”

ကျန်းရီသည် နေရာတွင်ပင် ပင်ပန်းနွမ်းနယ်စွာ ရပ်နေပြီး အသက်ရှူမှန်လာအောင် လုပ်နေသည်။ ယဉ်ရို့ပင်းက မျက်ရည်လည်ရွှဲဖြင့် ခေါင်းညိတ်လိုက်သည်။ ရီချန်ကလည်း မချိပြုံးပြုံးကာ ပြောလိုက်သည်။

“ကျန်းရီ... ရှင်သာ ကျွန်မတို့ကို တွဲခေါ်မလာရင် ဒီအချိန်လောက်ဆို ရှင် အာကာတိမ်လွှာလမ်းကို ဖြတ်ကျော်ပြီးလောက်ပြီ။ ရှင် ဘာလို့ ကျွန်မတို့ကို တွဲခေါ်လာခဲ့ရတာလဲ။ ရှင် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို မလိုချင်ဘူးလား”

ကျန်းရီက သူ့နှုတ်ခမ်းစွန်းမှ သွေးများကို သုတ်လိုက်ပြီး အသံပို့လွှတ်လိုက်သည်။

“ယောက်ျားတစ်ယောက်က ဘယ်လိုလုပ် မိန်းမလှလေးတစ်ယောက်ရဲ့ ကျေးဇူးကြွေးကို ပြန်မဆပ်ဘဲ နေနိုင်မှာလဲ။ ဆန်းကြယ်နတ်ဘုရားနန်းတော်က ငါ့အပိုင်ဖြစ်လာရမှာဆိုရင် ဘာပဲဖြစ်ဖြစ် ငါ့အပိုင်ဖြစ်လာမှာပဲ။ မြန်မြန်သွားရင်လည်း ဘာမှ အသုံးဝင်မှာ မဟုတ်ပါဘူး”

ရီချန်က ကျန်းရီကို ကြည့်လိုက်၏။ ကျန်းရီက ထိုသို့ပြောနေသော်လည်း တုန်ယင်နေကာ လဲကျတော့မလို ဖြစ်နေကြောင်းကို သူမ မြင်နိုင်ပေသည်။ သူမတို့သုံးယောက်သည် အံကြိတ်၍ တစ်ခါလျှင် ခြေတစ်လှမ်း လှမ်းကာ အထက်သို့ ဆက်တက်လိုက်ကြသည်။ ဆယ့်ငါးမိနစ်ကြာပြီးနောက် သူမတို့ ခြေလှမ်းတစ်သောင်း ပြည့်သွားလေသည်။

ကျန်းရီတို့ တိမ်အလွှာထဲသို့ ဝင်လိုက်သောအခါ သူတို့အရှေ့တွင် အဖြူရောင်အလင်း လင်းလက်သွားသည်။ သူတို့ခံစားနေရသော မြေဆွဲအားကလည်း ရုတ်ခြည်း ပျောက်ကွယ်သွားသည်။ သူတို့မျက်ရှိ‌ရှေ့မှ မြင်ကွင်းကလည်း ပြောင်းလဲသွားပေသည်။

“ဒါက လေမီးစမ်းသက်ချက်လား”

ကျန်းရီသည် သူ့နှုတ်ခမ်းစွန်းမှ သွေးများကို သုတ်လိုက်ပြီး အရှေ့ရှိ ကျောက်တံတားတစ်ခုကို ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပြည့်နှက်သွားသည်။ တံတားက အပေါ်သို့ ကွေးတက်သွားသော ကျောက်တံတားတစ်ခုပင်။ တံအားအောက်တွင်မူ အောက်ခြေမဲ့ ချောက်နက်ကြီးတစ်ခု ရှိသည်။ တံတား၏ အဆုံးကိုလည်း လှမ်းမမြင်နိုင်ပေ။ တံတားက အလွန်ကျဉ်းပြီး လူတစ်ကိုယ်စာ သွားနိုင်ရုံလောက်သာ ကျယ်သည်။ သို့သော် တံတားပေါ်တွင် မည်သည့်အန္တရာယ်အငွေ့အသက်မှတော့ ရှိမနေပေ။

“ဟင်းဟင်း...”

ရီချန်က ခပ်သဲ့သဲ့ ပြုံးလိုက်ပြီး အတွင်းအားအနည်းငယ်ထုတ်ကာ သူမကိုယ်ပေါ်မှာ ချွေးများကို အငွေ့ပျံသွားစေလိုက်သည်။ ထို့နောက် သူမ ပြောလိုက်လေသည်။

“ဒီလေမီးစမ်းသပ်ချက်ကို လျှော့မတွက်နဲ့။ တံတားပေါ်ကို ရောက်သွားတာနဲ့ အားကောင်းတဲ့ ဝိညာဉ်လေတွေက ရှင်တို့ကို တိုက်ခိုက်လိမ့်မယ်... ကောင်းကင်မီးတောက်တွေကလည်း ရှင်တို့အပေါ်ကို ကျလာလိမ့်မယ်။ ရှင်တို့ တံတားပေါ်က ပြုတ်ကျသွားရင် ချောက်နက်ထဲမှာ ဆယ်နှစ် ပိတ်မိနေပြီးမှ အပြင်ကို ပြန်ပို့ခံရလိမ့်မယ်”

ယဉ်ရို့ပင်း ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမ တစ်စုံတစ်ခုကို တွေးမိသွားပြီး တောက်ပသော မျက်ဝန်းများဖြင့် စိတ်လှုပ်တရှား ပြောလိုက်သည်။

“ဟီးဟီး... ကျန်းရီ ရှင်က ဝိညာဉ်လေတွေကို ကြောက်စရာမလိုဘူးမလား။ နေပါဦး... ရှင်က မီးကိုလည်း ကြောက်စရာမလိုဘူးပဲ”

“ဟားဟားဟား...”

ကျန်းရီသည် သူ့ကိုယ်ပေါ်ရှိ သွေးများရွှဲနေသော ဝတ်စုံကို ဆွဲဖြဲလိုက်ပြီး သူ၏ထင်ရှားပေါ်လွင်သော ကြွက်သားများကို ပြသလိုက်သည်။ ထို့နောက် သူ ပြုံးကာ ပြောလိုက်လေသည်။

“လေမီးစမ်းသပ်ချက်မှာ ဝိညာဉ်လေနဲ့ ကောင်းကင်မီးတောက်ပဲ ပါတယ်ဆိုတာ မင်းတို့ သေချာလို့လား။ တကယ် အဲ့နှစ်မျိုးပဲ ဆိုရင်တော့ ငါ မင်းတို့ကို တံတားအဆုံးဆီ ချက်ချင်း ခေါ်သွားနိုင်တယ်”

ယဉ်ရို့ပင်းနှင့် ရီချန်တို့က ပြန်မဖြေဘဲ ရှက်ရွံ့စွာဖြင့် အကြည့်လွှဲလိုက်ကြသည်။ ယဉ်ရို့ပင်းက ဒေါသသံလေးဖြင့် ပြောလိုက်သည်။

“ကျန်းရီ.. ကောင်စုတ်... မြန်မြန် အင်္ကျီပြန်ဝတ်”

“ဟင်းဟင်း...”

ကျန်းရီ၏လက်မှ ရှေးဟောင်းနတ်ဘုရားလက်စွပ်က လင်းလက်လာသည်။ သူ လက်စွပ်ထဲမှ ဝတ်စုံအသစ်တစ်ထည် ထုတ်ယူရန် လုပ်လိုက်၏။ သို့သော် ထူးဆန်းစွာပင် လက်စွပ်က လင်းနေသော်လည်း မည်သည့်အရာမှ ထွက်‌ပေါ်မလာခဲ့ချေ။ ဤနေရာတွင် ရှေးဟောင်းနတ်ဘုရားလက်စွပ်ကို အသုံးပြု၍ မရနိုင်ပုံပင်။

ကျန်းရီသည် မီးဝိညာဉ်ပုလဲကိုလည်း စမ်းသပ်ကြည့်လိုက်၏။ ရလဒ်မှာ အတူတူပင်။ ထို့ကြောင့် သူ ပခုံးတွန့်ကာ ပြောလိုက်လေသည်။

“မရဘူး... ဒီနေရာမှာ ငါ အင်္ကျီထုတ်လို့ မရဘူး။ ကြည့်ရတာ မင်းတို့နှစ်ယောက် ငါ့ကိုအသားယူတာကို ခွင့်ပြုပေးရတော့မယ့်ပုံပဲ...”

“ဟွန်း...”

***

All Chapters