အခု ဆင်းလို့ရပြီ
Vol. 79 Ch. 1096
ယဉ်ရို့ပင်းသည် ကျန်းရီ၏ ပွေ့ချီမှုကို လက်ခံလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမတို့ အရှေ့သို့ ဆက်သွားလေလေ၊ ဝိညာဉ်လေများနှင့် ကောင်းကင်မီးတောက်များက ပို၍ အားကောင်းလာလေလေ ဖြစ်နေသောကြောင့်ပင်။ သူမတို့ ဆယ်ကီလိုမီတာ သွားပြီးသောအခါ ဝိညာဉ်လေများ၏ သိပ်သည်းမှုက ညကောင်းကင်ထက် သုံးကီလိုမီတာမှ ဝိညာဉ်လေများနီးပါး သိပ်သည်းလာသည်။ ကျန်းရီကြောင့်သာ မဟုတ်လျှင် ရီချန် အလွန်ခက်ခဲစွာ ဖြတ်ကျော်ရမည်ဖြစ်သည်။
‘ဒီလေမီးစမ်းသပ်ချက်က လူအများစုကို ဖယ်ထုတ်ပစ်နိုင်လောက်တယ်။ ကြယ်သုံးပွင့်၊ ကြယ်လေးပွင့်အဆင့်မှ မရှိရင် ဒါမှမဟုတ် ထူးခြားတဲ့အတတ်တွေနဲ့ ရတနာတွေကို မပိုင်ဆိုင်ထားရင် ဒီစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်ဖို့ မဖြစ်နိုင်လောက်ဘူး’
ကျန်းရီ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ကောင်းကင်မီးတောက်များကလည်း ပို၍အားကောင်းလာပြီဖြစ်သည်။ ၎င်းတို့က အမြဲလို ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ထွက်ပေါ်လာတိုင်းလည်း အပူချိန်က ပို၍မြင့်လာသည်။ ယင်းက ကျန်းရီအတွက် ပြဿနာမဟုတ်သော်လည်း ရီချန်၏ အမြန်နှုန်းက အတော်လေး နှေးကွေးလာလေသည်။
အရှေ့သို့ ပေတစ်ထောင် ဆက်သွားပြီးနောက် ကျန်းရီ ရပ်တန့်လိုက်သည်။ သူသည် အနောက်ပေတစ်ရာအကွာတွင် ပြတ်ကျန်ခဲ့သော ရီချန်ကို လှည့်ကြည့်လိုက်သည်။ သူမ၏ ဝတ်စုံက ချွေးများ ရွှဲနစ်နေ၏။ သူမကလည်း မောဟိုက်နေသည်။ ထို့ကြောင့် သူ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ရီချန်... ငါ မင်းကို ကူညီပေးရမလား”
“မလိုပါဘူး”
ရီချန်က အံကြိတ်၍ ပြန်ပြောလိုက်သည်။
“ကျွန်မ လျှောက်နိုင်ပါသေးတယ်။ ကိုယ့်ဘာကိုယ်ပဲ ဆက်သွားပါ”
ကျန်းရီသည် သူမကို တစ်ချက်ထပ်ကြည့်လိုက်ပြီး မည်သို့မှ ဆက်မပြောလိုက်တော့ပေ။ သို့သော် ယဉ်ရို့ပင်းက ရီချန်ထံသို့ အသံပို့လွှတ်လိုက်သည်။
“အစ်မချန်... အစ်မ စွမ်းအင်ကို ချွေတာထားသင့်တယ်။ ရွှေရောင်အိပ်မက်အဟန့်အတားက ဒီထက်ပိုပြီး အန္တရာယ်များမှာပဲ။ တကယ်လို့ တစ်ခုခုမှားသွားရင် အစ်မ အထဲမှာ ပိတ်မိနေလိမ့်မယ်”
ရီချန်က ခေါင်းခါလိုက်သည်။ ထို့ကြောင့် ယဉ်ရို့ပင်း မည်သို့မှ မတတ်နိုင်တော့ဘဲ ဖျောင်းဖျမှုကို ရပ်လိုက်ရတော့သည်။ ရီချန်၏ အကျင့်စရိုက်က အမြဲ ထိုသို့သာ ဖြစ်သည်။ သူမက လောကထဲမှ ယောက်ျားများကို အထင်သေးသည်ဖြစ်ရာ အဘယ်သို့ ယောက်ျားတစ်ယောက်၏ အကူအညီကို ယူပါမည်နည်း။ ထိုယောက်ျားက ကျန်းရီဖြစ်နေလျှင်ပင် သူမ လက်ခံမည် မဟုတ်ပေ။
တော်သေးသည်မှာ ပေတစ်ထောင် ဆက်လျှောက်ပြီးနောက် အရှေ့ပေတစ်ထောင်အကွာတွင် တံတားဆုံးပြီဖြစ်ကြောင်း လှမ်းမြင်လိုက်ရခြင်းပင်။ လေမီးစမ်းသပ်ချက်က ပြီးဆုံးတော့ပေမည်။
ကျန်းရီသည် သူကုန်းပိုးထားသော မိန်းမလှလေး၏ ရင်နှစ်မွှာက သူ့နောက်ကျောပြင်ကို မကြာမကြာ လာထိသည်ကို ခံစားနေရ၏။ သို့သော် သူ့စိတ်ထဲတွင် မည်သည့်မကောင်းသောအတွေးမှ မရှိပေ။ သို့မဟုတ် သူသည် မည်သည့်မကောင်းသောအတွေးမှ မတွေးဝံ့ခြင်းလည်း ဖြစ်နိုင်သည်။
ယဉ်ရို့ပင်းက သူမ စေ့စပ်ထားမှုကို ဖျက်သိမ်းတော့မည်ဟု ပြောခဲ့သော်လည်း ကျန်းရီက များစွာအလေးမထားပေ။ ထိုစေ့စပ်မှုကို ဖျက်ရန်မှာ လွယ်သောကိစ္စ မဟုတ်ချေ။ စေ့စပ်မှုကို ဖျက်နိုင်ခဲ့လျှင်လည်း ယဉ်ရို့ပင်းက သူမ၏ မျိုးနွယ်၊ မိဘများနှင့် မိတ်ဆွေများကို စွန့်လွှတ်ကာ ကျန်းရီနောက်သို့ လိုက်နိုင်ပါမည်လော။ ထိုသို့ဖြစ်လာလျှင် ယဉ်ဧကရာဇ်က ကျန်းရီကို သေချာပေါက် သတ်ပေလိမ့်မည်။ ထို့ကြောင့် သူတို့ ချစ်ကြိုးသွယ်ဝံ့လျှင်ပင် အဆုံးသတ်က ကောင်းမည် မဟုတ်ချေ။
အကြွေးများထဲတွင် အချစ်ကြွေးက ဆပ်ရန်အခက်ဆုံးဖြစ်သည်။
ထို့ကြောင့် ကျန်းရီက မည်သည့်အတွေးမှ မတွေးဝံ့ခြင်းဖြစ်သည်။ သူသည် ယဉ်ရို့ပင်း၏ ကျေးဇူးကို ပြန်ဆပ်ရန်သာ ကြိုးစားနေခြင်းဖြစ်သည်။ ထိုထက်မပိုပေ။
ဝှစ်...
ကျန်းရီ အတွေးနက်နေစဉ်တွင် ဝိညာဉ်လေများ ထပ်မံရောက်ရှိလာသည်။ ဤတစ်ကြိမ်တွင် ဝိညာဉ်လေများက ပို၍ပင် သိပ်သည်းလာပြီး ဝိညာဉ်လေဓားများအဖြစ်ပင် ပြောင်းလဲသွားသည်။ ၎င်းတို့၏ အမြန်နှုန်းကလည်း ဆတိုး တိုးတက်သွားသည်။ ကျန်းရီသည် လက်နှစ်ဘက်စလုံးကို ဝှေ့ယမ်းလိုက်ပြီး အမည်မဲ့ကျင့်စဉ်ကိုသုံးကာ ဝိညာဉ်လေများကို စုပ်ယူလိုက်သည်။ သူ၏နဝမကြယ်စက်လုံးက ဝိညာဉ်လေများကို အကန့်အသတ်မရှိ သိုလှောင်နိုင်သည်။ ထို့ကြောင့် သူ နောက်ဆယ်နှစ်လုံးလုံး ဝိညာဉ်လေများကို ဆက်စုပ်ယူနေလျှင်ပင် မည်သည့်ပြဿနာမှရှိမည် မဟုတ်ပေ။
‘ဒီဝိညာဉ်လေတွေ ပေါင်းစည်းပုံနဲ့ ငါ ပေါင်းစည်းတဲ့ပုံက မတူဘူး’
ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ဝင်၍ ထိုဝိညာဉ်လေများကို စူးစမ်းလိုက်သည်။ ထိုဝိညာဉ်လေများ၏ ပေါင်းစည်းပုံက သူ ပေါင်းစည်းသောပုံစံထက် ပို၍ ပြီးပြည့်စုံကြောင်း သိလိုက်ရသည်။ ကျန်းရီ၏ ပေါင်းစည်းနည်းမှာ ဝိညာဉ်လေများကို ပေါင်းစည်းသွားအောင် ဖိအားပေးခြင်းဖြစ်သည်။ ဤနေရာရှိ ဝိညာဉ်လေများမှာမူ အချင်းချင်း ရစ်ပတ်ကာ လွန်စွာပူးကပ်ပေါင်းစည်းနေကြသည်။
‘အင်း... ငါ အဲ့ဒါကနေပြီး သင်ယူလို့ရတာပဲ။ ငါသာ ငါ့ရဲ့ ဝိညာဉ်လေတွေကို အဲ့လိုပေါင်းစည်းနိုင်ရင် ငါ့ဝိညာဉ်လေဓားတွေက ပိုပြီး စွမ်းအားကြီးလာမှာပဲ’
ကျန်းရီသည် တွေးတောရင်း ခြေလှမ်းကို နှေးလိုက်၏။ သူ၏ ဝိညာဉ်လေစုပ်ယူနှုန်းကလည်း လျော့ကျလာသည်။ သူသည် အရာအားလုံးကို မေ့လျော့သွားပြီး ဤနေရာမှ ဝိညာဉ်လေများ၏ ပေါင်းစည်းပုံကိုသာ အပြည့်အဝ အာရုံစိုက်ထားလေသည်။ ဤတစ်ကြိမ်တွင် ပေါင်းစည်းထားသော ဝိညာဉ်လေတန်းသုံးတန်း ရောက်ရှိလာသည်။ ကျန်းရီသည် ၎င်းတို့ကို စုပ်ယူပြီးနောက် သူ့ကိုယ်ထဲသို့ ဝင်သွားသော ဝိညာဉ်လေများက ပူးကပ်စွာ ပေါင်းစည်းနေသေးကြောင်းကို သိလိုက်ရ၏။ ယင်းတို့က ပြီးပြည့်စုံစွာ ပေါင်းစည်းထားသော ဝိညာဉ်လေများပင်။
ရွှက်...ရွှက်...
အရှေ့ရှိ ကောင်းကင်က ရုတ်တရက် ထက်ခြမ်းကွဲသွားပြီး မီးတောက်နက်နဂါးများ ဆင်းသက်လာသည်။ ဤတစ်ခေါက်မှ မီးနဂါးများက ယခင်အခေါက်များမှ မီးနဂါးများနှင့် ကွဲပြားပေသည်။ ဆင်းသက်လာသော နဂါးသုံးကောင်စလုံးမှ တစ်ကောင်ချင်းစီသည် နဂါးနှစ်ကောင်ပေါင်းစည်းရာမှ ဖြစ်ပေါ်လာခြင်းပင်။ ကျန်းရီ ထပ်မံ အံ့အားသင့်သွားသည်။ ပေါင်းစည်းထားသောနဂါးများက ပေါင်းစည်းထားသော ဝိညာဉ်လေများနှင့် ဆင်တူနေသည်။ ၎င်းတို့က တင်းကြပ်စွာ ပူးကပ်ရစ်ပတ်ထား၍ ၎င်းတို့၏စွမ်းအားက နှစ်ဆကျော်တိုးသွားသည်။ အပူချိန်ကလည်း ယခင်ကထက် များစွာပို၍ မြင့်တက်လာသည်။
“ရီချန်”
ကျန်းရီသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိလိုက်၍ ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်ကာ သူ့အနောက်သို့ အာရုံခံလိုက်သည်။ ရီချန်၏ခန္ဓာကိုယ်ပတ်ပတ်လည်မှ လျှပ်စီးတန်းများ၏ စွမ်းအားကလည်း နှစ်ဆတိုးနေပြီဖြစ်ကြောင်း သူ သိလိုက်ရသည်။ ထို့ကြောင့် သူမသည် အပူလှိုင်းတိုက်ခိုက်မှုများကို အနည်းနှင့်အများဆိုသလို တောင့်ခံနိုင်လောက်၏။ ရီချန်၏ အင်အားက အထင်ကြီးစရာပင်။ သူမက ယခုအထိ တောင့်ခံနိုင်နေပေသေးသည်။ သို့ဖြစ်၍ သူ များစွာမတွေးတောတော့ဘဲ ကောင်းကင်ထက်ရှိ မီးနဂါးသုံးကောင်ကိုကြည့်၍ ၎င်းတို့၏ ပေါင်းစည်းပုံကို နားလည်အောင် ကြိုးစားလိုက်သည်။
‘သူတို့က ဘယ်လိုမျိုး ပေါင်းစည်းထားတာလဲ။ ငါလည်း အဲ့လိုပြီးပြည့်စုံနေအောင် ဘယ်လို ပေါင်းစည်းရမှာလဲ’
ကျန်းရီ၏ ခေါင်းထဲတွင် မေးခွန်းများနှင့် ပြည့်နှက်နေသည်။ ထို့ကြောင့် သူ ခြေလှမ်းကို ပိုနှေးလိုက်ပြီး စိတ်နှစ်ကာ စူးစမ်းလိုက်သည်။ အစောတွင် သူသည် တံတားက ရှည်လွန်းသည်ဟု ခံစားခဲ့ရ၏။ ယခုတွင်မူ တံတားက ယခုထက် ဆယ်ဆပိုရှည်လျှင် ကောင်းမည်ဟု သူ တွေးမိနေသည်။ ထိုမှ သူသည် ဝိညာဉ်လေများနှင့် မီးနဂါးများကို ပို၍လေ့လာနိုင်ကာ ၎င်းတို့၏ ပေါင်းစည်းအတတ်နောက်ကွယ်မှ နည်းစနစ်များကို သိမြင်နားလည်နိုင်မည်ဖြစ်သည်။
လေမီးစမ်းသပ်ချက်ကို ခံရာတွင် နောက်ပြန်လှည့်၍မရဘဲ အရှေ့သို့သာ ဆက်သွားရမည်ဟု ယဉ်ရို့ပင်းနှင့် ရီချန်တို့က ပြောခဲ့သည်။ အဘယ်ကြောင့် ထိုသို့ လုပ်ရသည်ကိုမူ သူမတို့က ပြောမပြခဲ့ပေ။ ကျန်းရီကလည်း မမေးခဲ့ချေ။ ထို့ကြောင့် ကျန်းရီသည် နောက်ပြန်လှည့်၍ ဝိညာဉ်လေများနှင့် မီးနဂါးများကို မလေ့လာနိုင်တော့ပေ။ ဤတံတားကို ဖြတ်ကျော်ပြီးလျှင် ဝိညာဉ်လေများနှင့် မီးနဂါးများကို ထပ်တွေ့ရလောက်တော့မည် မဟုတ်ချေ။
“ကျန်းရီ မြန်မြန်လျှောက်။ အခု ကျွန်မ တောင့်ခံနိုင်သေးပေမယ့် ရှင်လျှောက်တာ အရမ်းနှေးနေရင် ဆက်တောင့်ခံနိုင်လောက်တော့မှာ မဟုတ်ဘူး”
ကျန်းရီသည် အတွေးနက်နေစဉ် အသံပို့လွှတ်မှုတစ်ခုကြောင့် အသိပြန်ကပ်သွား၏။ သူ ကောင်းကင်စိတ်အာရုံဖြင့် အနောက်သို့ အာရုံခံလိုက်ရာ ရီချန်၏ ခန္ဓာကိုယ်က ချွေးများရွှဲနစ်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူမ၏အဝတ်များက ချွေးများကြောင့် သူမ၏ကိုယ်တွင် ကပ်နေသည်။ ထို့ကြောင့် သူမ၏ သွယ်လျသောကိုယ်လုံးလေးက ပေါ်လွင်နေပေသည်။ သူမ၏ လည်ပင်းနှင့် လက်မောင်းများမှာမူ အလွန်နီရဲနေသည်။ မြင့်မားသော အပူချိန်က သူမကို မခံမရပ်နိုင် ခံစားနေရစေပုံပင်။
“ကောင်းပြီ”
ကျန်းရီ ခြေလှမ်းသွက်သွက် လျှောက်လိုက်သည်။ သူ၏ အတွေးကတော့ ဝိညာဉ်လေများနှင့် မီးနဂါးများအပေါ် အာရုံစိုက်ထားဆဲပင်။
ပေတစ်ထောင်၊ ပေငါးရာ၊ ပေသုံးရာ...
ကျန်းရီတို့၏ အရှေ့တွင် တံတားအဆုံး ရှိနေပေပြီ။ ကျန်းရီ၏ ရင်ထဲတွင် စိတ်ပျက်မှုတစ်ခု ဖြစ်ပေါ်လာသည်။ သူသည် ဝိညာဉ်လေများနှင့် မီးနဂါးများ၏ ပေါင်းစည်းမှုနောက်ကွယ်မှ နည်းစနစ်များကို နားမလည်သေးပေ။ သို့သော် သူသည် ထိုကိစ္စကို နောက်မှ ပြန်အာရုံစိုက်နိုင်တော့မည်ဖြစ်သည်။
“သွားစို့...”
ကျန်းရီတို့သည် သူတို့အရှေ့တွင် ကျန့်ဝူယင်းကို မတွေ့ပေ။ သူက ရွှေရောင်အိပ်မက်အတွင်းသို့ ဝင်ပြီးသွားလောက်ပေပြီ။ ထို့ကြောင့် ကျန်းရီသည် ဆက်၍နှောင့်နှေးမနေဝံ့တော့ဘဲ ခပ်သွက်သွက် လျှောက်လိုက်သည်။ သူ ကျောက်တံတားကို ဖြတ်ကျော်တော့မည့် အခိုက်တွင် ကောင်းကင်ထက်၌ အားကောင်းသော တုန်ခါမှုများ ဖြစ်ပေါ်လာသည်။ ဧရာမ ဝိညာဉ်လေနဂါးကြီးတစ်ကောင်နှင့် မီးတောက်နက်နဂါးကြီးတစ်ကောင်တို့ လေထဲတွင် ထွက်ပေါ်လာသည်။ ဝိညာဉ်လေများက သုံးကြိမ်ပေါင်းစည်းထားခြင်းဖြစ်ပြီး ထိုမီးနဂါးကြီးကလည်း အနည်းဆုံး မီးနဂါးသုံးကောင် ပေါင်းစည်း၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
‘မကောင်းတော့ဘူး’
ကျန်းရီ စိုးရိမ်သွားပြီး ချက်ချင်း အနောက်သို့ ကောင်းကင်စိတ်အာရုံ ပို့လွှတ်လိုက်သည်။ ရီချန်၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုများ ပြည့်နှက်နေသည်။ သူမ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သို့သော် သူမ နောက်ဆုတ်လိုက်သည်နှင့် သူမအနောက်မှ ဟင်းလင်းပြင်က တုန်ခါသွားပြီး ဝိညာဉ်လေနဂါးကြီးတစ်ကောင်နှင့် မီးတောက်နက်နဂါးကြီးတစ်ကောင် ထပ်မံ ထွက်ပေါ်လာသည်။
“မင်းရဲ့ လျှပ်စီးဒိုင်းကို ဖယ်လိုက်”
ကျန်းရီက အော်ပြောလိုက်ပြီး ရီချန်ဆီသို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။ ရီချန် အသိပြန်ကပ်သွားပြီး သူမ၏ လျှပ်စီးဒိုင်းကို ဖယ်လိုက်သည်။ ကျန်းရီသည် ရီချန်ကို လက်တစ်ဘက်ဖြင့် ပွေ့ချီလိုက်ပြီး ကျန်လက်တစ်ဘက်ကို လှုပ်ယမ်းကာ ဝိညာဉ်လေများကို စုပ်ယူလိုက်သည်။ ထို့နောက် သူသည် ကျောက်တံတားအဆုံးသို့ လျင်မြန်စွာ ပြေးသွားလိုက်လေသည်။
“အာ...”
ရီချန်၏ အဝတ်များက ချွေးများကြောင့် ခန္ဓာကိုယ်ပေါ်တွင် ကပ်နေပြီး ကျန်းရီကလည်း အင်္ကျီမပါသဖြင့် သူမတို့၏ ဗလာကျင်းခန္ဓာကိုယ်များက အချင်းချင်း ထိတွေ့နေသကဲ့သို့ ဖြစ်နေသည်။ ရီချန် တုန်ယင်သွား၏။ သူမမော့ကြည့်လိုက်ရာ ယဉ်ရို့ပင်းက သူမကို သရော်ဟန်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
“အစ်မချန်... ဒီမှာ ညီမလေး မရှိဘူးလို့ သဘောထားလိုက်ပါ။ ညီမကလည်း ဘာကိုမှ မမြင်ဘူးလို့ပဲ သဘောထားပါမယ်”
ယဉ်ရို့ပင်းက ပြုံး၍ ရီချန်ဆီသို့ အသံပို့လွှတ်လိုက်သည်။ ရီချန်တစ်ယောက် ပို၍ပင် ရှက်ရွံ့သွားပြီး တွင်းတစ်တွင်းထဲ ဝင်ပုန်းနေလိုစိတ်ပင် ပေါက်သွားသည်။ သို့သော် သူမသည် သူမ၏ပုံစံကို ကျန်းရီ သတိပြုမိသွားမည်စိုး၍ မျက်လုံးများမှိတ်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ သူမကိုယ်သူမ စိတ်တည်ငြိမ်လာအောင် လုပ်လိုက်သည်။ သို့သော် မကြာခင်မှာပင် ကျန်းရီ၏အသံ ထွက်ပေါ်လာလေသည်။
“သခင်မလေးရီ.. အခု ဆင်းလို့ရပြီ”
“အာ...”
ရီချန် မျက်လုံးပြန်ဖွင့်လိုက်ရာ သူမတို့က ကျောက်တံတားအဆုံးကို ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ သူမတို့အရှေ့တွင် အလင်းရောင် တလက်လက်တောက်ပနေသော ကျောက်တံခါးတစ်ချပ်ရှိနေသည်။ ကျန်းရီက ထိုတံခါးအရှေ့တွင် ရပ်၍ သူမကို အောက်ချပေးလိုက်သည်။ သို့သော် သူမ၏ လက်နှစ်ဘက်က ကျန်းရီ၏ခန္ဓာကိုယ်ကို တင်းကြပ်စွာ တွယ်ဖက်ထားဆဲပင်။
***