ရွှေရောင်အိပ်မက်
Vol. 79 Ch. 1097
“ဘာလို့ ဒီလေမီးစမ်းသပ်ချက်က အရမ်းခက်ရတာလဲ။ သာမန်လူတွေက အဲ့ဒါကို ဖြတ်ကျော်နိုင်ပါ့မလား”
ရီချန်သည် ကျန်းရီ၏ကိုယ်ပေါ်မှ အောက်သို့ ခုန်ချလိုက်၏။ ကျန်းရီက သူမ အိုးတိုးအန်းတန်း ဖြစ်မနေစေရန် စကားရှာ၍ ပြောလိုက်သည်။
နောက်ဆုံးပိတ် ဝိညာဉ်လေနဂါးကြီးနှင့် မီးတောက်နက်နဂါးကြီးတို့က မယုံနိုင်လောက်အောင် စွမ်းအားကြီးသည်။ လူအနည်းစုမှလွဲ၍ သာမန်လူများသည် ထိုနဂါးများကို ဖြတ်ကျော်နိုင်လောက်မည် မဟုတ်ဟု ကျန်းရီ ယုံကြည်သည်။ ဆန်းကြယ်ဧကရာဇ်က ထိုမျှခက်ခဲသည့် စမ်းသပ်ချက်ကို ထားခဲ့ခြင်းမှာ လူများစွာ ရောက်လာပြီး အချင်းချင်း ယှဉ်ပြိုင်ကြမည်ကို သိထားခဲ့၍လော။ သို့မဟုတ် ထိုစမ်းသပ်ချက်က အောင်းလု ဖန်တီးခဲ့သော စမ်းသပ်ချက်လော။ သို့သော် လွန်ခဲ့သည့်ငါးနှစ်တွင် အောင်းလုသည် ကျန်းရီက ဝိညာဉ်လေများကို စုပ်ယူနိုင်မည်ဖြစ်ကြောင်း မသိခဲ့ပေ။
“ကျွန်မတို့ သုံးယောက်က အတူတူ လျှောက်လာလို့ ဖြစ်မှာပေါ့”
ယဉ်ရို့ပင်းကလည်း ကျန်းရီ၏နောက်ကျောမှနေ၍ ခုန်ချလိုက်သည်။ သူမသည် သိပ်ရှက်ရွံ့မနေတော့ပေ။ ထို့နောက် သူမ ခေတ္တမျှ တွေးတောကာ ပြောလိုက်လေသည်။
“အတိတ်တုန်းကလည်း ဆန်းကြယ်ဧကရာဇ်က အာကာတိမ်လွှာလမ်း၊ လေမီးစမ်းသပ်ချက်နဲ့ ရွှေရောင်အိပ်မက် အဟန့်အတားတွေက တစ်ခါ နှိုးခဲ့ဖူးတယ်။ အဲ့အကြောင်းကို ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှာ မှတ်တမ်းတင်ထားတယ်။ အဲ့အဟန့်အတားသုံးခုလုံးကို ဖြတ်ကျော်နိုင်ပြီး ဆန်းကြယ်နတ်ဘုရားနန်းတော်ရဲ့ ရှစ်ထပ်မြောက်အထိ တက်နိုင်တဲ့လူက သူ့ရဲ့ တပည့်ဖြစ်လာလိမ့်မယ်လို့လည်း ဆန်းကြယ်ဧကရာဇ်က ပြောခဲ့တယ်။ အဲ့ကိစ္စက တော်ဝင်နယ်မြေတစ်ခွင်လုံးမှာ အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့တယ်...”
“နောက်ဆုံးကျတော့ လူတစ်ရာကျော်လောက်ပဲ အဟန့်အတားသုံးခုစလုံးကို ဖြတ်ကျော်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဆန်းကြယ်နတ်ဘုရားနန်းတော်ရဲ့ ရှစ်ထပ်မြောက်အထိရောက်အောင်တော့ ဘယ်သူမှ မတက်နိုင်ခဲ့ဘူး။ အသက်ကြီးတဲ့သူတွေဆိုရင် အာကာတိမ်လွှာလမ်းကိုတောင် မဖြတ်ကျော်နိုင်ခဲ့ကြဘူး။ အားနည်တဲ့သူတွေကလည်း လေမီးစမ်းသပ်ချက်မှာပဲ ရှုံးနိမ့်သွားခဲ့ကြတယ်။ နောက်ဆုံးအဟန့်အတားဖြစ်တဲ့ ရွှေရောင်အိပ်မက်က လူတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ စိတ်ဝိညာဉ်ကို စမ်းသပ်တာပဲ။ ပုံမှန်ဆိုရင် လေမီးစမ်းသပ်ချက်က ဒီလောက် မခက်ခဲသင့်ဘူး။ ကျွန်မတို့ သုံးယောက် အတူတူလျှောက်ခဲ့လို့ ပိုခက်ခဲသွားတာ ဖြစ်မယ်”
“လူတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ စိတ်ဝိညာဉ်လား”
ကျန်းရီသည် လေမီးစမ်းသပ်ချက်အကြောင်းကို ဆက်၍ အရေးမစိုက်တော့ပေ။ ယခုတွင် ရွှေရောင်အိပ်မက်က သူ့ကို ခေါင်းကိုက်သွားစေပေပြီ။ သူ၏စိတ်ဝိညာဉ်က များစွာမသန်မာပေ။ စိတ်ဝိညာဉ်အပိုင်းတွင် သူက ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ တပည့်များနှင့် မယှဉ်နိုင်ချေ။ ထိုအဟန့်အတားက သူ့အတွက် ခက်ခဲပေတော့မည်။
အချိန်အတန်ကြာပြီးနောက် ရီချန်တစ်ယောက် ပြန်၍စိတ်တည်ငြိမ်လာသည်။ သူမသည် အတွင်းအားကိုသုံး၍ သူမကိုယ်ပေါ်မှ ချွေးများကို အငွေ့ပျံသွားစေလိုက်သည်။ ထို့နောက် သူမ ကျန်းရီကိုကြည့်ကာ ပြောလိုက်သည်။
“ကျွန်မရဲ့ အဘိုး ပြောဖူးတာကတော့ အဲ့အဟန့်အတားကို ဖြတ်ကျော်နိုင်ဖို့ ပုံရိပ်ယောင်ဆိုတဲ့ စကားတစ်လုံးကို မှတ်ထားရမယ်တဲ့။ ကဲ... ဆက်သွားကြစို့။ ကျန်းရီ... ကျွန်မ ရှင့်ကို ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲမှာ စောင့်နေမယ်။ ရှင် ကံကောင်းပါစေ။ ရို့ပင်း.. မင်းလည်း ကံကောင်းပါစေ”
“အစ်မချန်လည်း ကံကောင်းပါစေ”
ယဉ်ရို့ပင်းက ရီချန်ကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ရီချန်သည် ကျောက်တံခါးအတွင်းသို့ ဝင်သွားပြီး အဖြူရောင်အလင်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားလေသည်။
ယဉ်ရို့ပင်းက ကျန်းရီကို ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“ကျန်းရီ... ရွှေရောင်အိပ်မက်ထဲမှာ ဘာအန္တရာယ်မှ မရှိလောက်ပါဘူး။ ရှင် ပုံရိပ်ယောင်ထဲမှာ ပိတ်မိနေရင်တောင် ဒီကိစ္စအားလုံး ပြီးသွားတာနဲ့ တောင်ခြေကို ပြန်ပို့ခံလိုက်ရမှာပါ။ ဒါပေမဲ့ ကျွန်မတို့ ကြိုးစားရမယ်... ဆန်းကြယ်နတ်ဘုရားနန်းတော်က ကျွန်မတို့အပိုင်ပဲ ဖြစ်ရမယ်။ ကံကောင်းပါစေ”
“ကံကောင်းပါစေ”
ကျန်းရီ ခေါင်းညိတ်ပြလိုက်သော်လည်း မလှုပ်ရှားသေးပေ။ ယဉ်ရို့ပင်းကလည်း မလှုပ်ရှားသေးချေ။ ကျန်းရီသည် ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“မင်း အရင်သွားသင့်တယ်”
“ရှင်ပဲ အရင်သွားပါ”
ယဉ်ရို့ပင်းက ချိုသာစွာ ပြုံးလိုက်၏။ သူမ၏ မျက်ဝန်းများထဲရှိ သိမ်မွေ့မှုက ကျန်းရီကို ရင်ခုန်မြန်သွားစေသည်။ သူသည် ထိုအကြည့်ကို ဖုန်းလန်၊ ချင်းယွီနှင့် အခြားမိန်းမပျိုလေးများထံတွင် မြင်ဖူးခဲ့သည်။ သူက အရူးတစ်ယောက် မဟုတ်ပေ။ သို့သော် ထိုကဲ့သို့ အရေးကြီးသည့်အခိုက်တွင် သူ အတွေးမများဝံ့ချေ။ ထို့ကြောင့် သူ ယဉ်ရို့ပင်းကို တစ်ချက်စိုက်ကြည့်လိုက်ပြီး ကျောက်တံခါးအတွင်းသို့ ဝင်သွားလိုက်လေသည်။
ရွှီး...
ကျန်းရီသည် အဖြူရောင်အလင်းအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွား၏။ ထို့နောက်တွင် ယဉ်ရို့ပင်းက လက်အုပ်ချီကာ ဆုတောင်းလိုက်လေသည်။
“နတ်ဘုရားအပေါင်း ကျန်းရီကို ကာကွယ်ပေးပါ၊ သူ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရောက်နိုင်အောင် ကူညီပေးပါ။ သူ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရပြီး ဆန်းကြယ်ဧကရာဇ်ရဲ့ ဆက်ခံသူဖြစ်လာမှ ကျွန်မတို့မှာ... အနာဂတ်တစ်ခု ရှိနိုင်မှာပါ”
ဝှစ်...ဝှစ်...
အနောက်မှနေ၍ လေခွင်းသံများ ထွက်ပေါ်လာ၏။ ထို့နောက် ကျယ်လောင်စွာ ရယ်လိုက်သံတစ်သံကို ကြားလိုက်ရသည်။
“ဟားဟား... ရို့ပင်း”
ယဉ်ရို့ပင်း နောက်လှည့်ကာ ကြည့်လိုက်သည်။ ကျန့်ထျန်းလဲ့က အဝေးမှနေ၍ ခံ့ခံ့ညားညားဖြင့် သူမထံသို့ လာနေသည်။ သူ့ခန္ဓာကိုယ်က အဖြူရောင်အလင်း တလက်လက် တောက်ပနေပြီး သူ၏လက်နှစ်ဘက်ကလည်း လှုပ်ယမ်းနေသည်။ သူက ဝိညာဉ်လေများနှင့် ကောင်းကင်မီးတောက်များကို အမှန်ပင် ဖယ်ရှားပစ်နိုင်နေပေသည်။ အတိတ်မှ ယဉ်ရို့ပင်းသာဆိုလျှင် ကျန့်ထျန်းလဲ့ကို ချီးကျူးပေလိမ့်မည်။ သို့သော် ယခုတွင် သူမသည် အေးစက်စက် မျက်နှာထားဖြင့် ကျောက်တံခါးထဲသို့ဝင်ကာ အဖြူရောင်အလင်းအဖြစ် ပြောင်းလဲ၍ ပျောက်ကွယ်သွားလေသည်။
“ရို့ပင်း... ကိုယ့်ကို စောင့်ဦးလေ”
ကျန့်ထျန်းလဲ့ မျက်နှာပျက်သွား၏။ ယဉ်ရို့ပင်း၏ မျက်နှာထားကြောင့် တစ်ခုခုမှားနေပြီဖြစ်ကြောင်း သူသိသည်။ ယခင်က သူမသည် အတွင်း၌ အေးစက်သော်လည်း အပေါ်ယံတွင်မူ လူအားလုံးကို ပြုံးပြခဲ့သည်။ ယခုတွင် သူမသည် ဟန်ဆောင်၍ပင် ပြုံးမပြတော့သည်လော။ သူမက သူ့ကို သူစိမ်းတစ်ယောက်ကဲ့သို့ ဆက်ဆံနေသည်လော။
“ဘာဖြစ်သွားတာလဲ”
ကျန့်ထျန်းလဲ့သည် ကျောက်တံတားကို ဖြတ်ကျော်ပြီးနောက် ကျောက်တံခါးကို စိတ်ပျက်ဟန်ဖြင့် ကြည့်လိုက်သည်။ မည်သည့်ကိစ္စ ဖြစ်ခဲ့ခြင်းကို သူ မသိပေ။ အဘယ်ကြောင့် ယဉ်ရို့ပင်းက သူ့ကို ထိုသို့ ဆက်ဆံခဲ့ရသနည်း။
“မျိုးမစစ်... အဲ့မျိုးမစစ် ဘယ်မှာလဲ။ ငါ သူ့ကို သတ်မယ်”
အဝေးမှနေ၍ ရှီးဖေး၏အသံ ထွက်ပေါ်လာသည်။ ဧရာမ အရိုးခေါင်းကြီးက ရှီးဖေးကို လှည့်ပတ်၍ ဝိညာဉ်လေများနှင့် ကောင်းကင်မီးတောက်များကို ကာရံပေးနေသည်။ သူက အလင်း၏ အလျင်ဖြင့် ကျောက်တံတားကို ဖြတ်ကျော်လာသည်။ ထို့နောက် သူသည် တောက်ပသောမျက်ဝန်းများဖြင့် နေရာအနှံ့ကို ကြည့်လိုက်၏။ သို့သော် ကျန်းရီကို ရှာမတွေ့ပေ။
“သူတို့အကုန် ကျောက်တံခါးထဲ ဝင်သွားပြီ။ ငါတို့ ရွှေရောင်အိပ်မက်ထဲမှာတော့ ဘယ်သူ့ကိုမှ သတ်လို့မရဘူး။ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲကို ရောက်မှ ဆက်ပြောကြတာပေါ့”
ကျန့်ထျန်းလဲ့က ခေါင်းခါကာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူ ခြောက်ကပ်ကပ်ရယ်၍ ကျောက်တံခါးထဲသို့ ဝင်သွားလိုက်သည်။ ရှီးဖေးသည်လည်း စိတ်ပျက်ဟန်ဖြင့် ကျန့်ထျန်းလဲ့အနောက်မှ လိုက်သွားလိုက်လေသည်။
ဆယ်မိနစ်ကြာပြီးနောက် ကျောက်တံတားပေါ်သို့ လူများစွာ ရောက်ရှိလာသည်။ အချို့လူများသည် ဝိညာဉ်လေများနှင့် ကောင်းကင်မီးတောက်များကို မခုခံနိုင်၍ ချောက်နက်ထဲသို့ ပြုတ်ကျသွားကြသည်။ သို့သော် သူတို့ သေမည်မဟုတ်ဘဲ ချောက်နက်ထဲတွင် ဆယ်နှစ်ကြာ ပိတ်မိနေမည်သာဖြစ်သည်။ အကယ်၍ သူတို့ ခြောက်နက်ထဲသို့ အကျမခံဘဲ အတင်းခုခံနေလျှင် အသတ်ခံလိုက်ရနိုင်ပေသည်။
အသံလှိုင်းဧကရာဇ်၏ မြေးဖြစ်သော ချန်သခင်လေး၊ ယဲ့မျိုးနွယ်မှ ယဲ့ကျိုးဟန်နှင့် ရှေးဟောင်းမျိုးနွယ်တစ်ခုဖြစ်သော မိုမျိုးနွယ်မှ သခင်လေးမိုတို့သည် ကျောက်တံတားကို ဖြတ်ကျော်နိုင်သွားကြသည်။ ယဉ်ဖေးဟွမ်၊ ထူလုံ၊ လင်းချီကျန့်၊ ဝူမျိုးနွယ်မှ တပည့်တစ်ယောက်ဖြစ်သော ဝူလဲ့၊ ကျန့်မျိုးနွယ်မှ ကျန့်ထျန်းလဲ့၏ဝမ်းကွဲ ကျန့်ကျန်းဝူတို့သည်လည်း ရွှေရောင်အိပ်မက်အတွင်းသို့ ဝင်နိုင်သွားကြသည်။
သူတို့အနောက်တွင်လည်း လူတန်းရှည်ကြီးတစ်ခုက ကျောက်တံတားကို ဖြတ်ကျော်နိုင်ရန် ကြုးစားနေကြပေသည်။ အတိအကျဆိုရန် ခက်သော်လည်း သူတို့ထဲမှ အချို့က တံတားကို ဖြတ်ကျော်၍ ရွှေရောင်အိပ်မက်အတွင်းသို့ ဝင်နိုင်ကြလောက်သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်အတွင်းသို့ လူမည်မျှ ဝင်နိုင်မည်ကိုမူ မည်သူမှ မသိနိုင်ပေ။
***
“ဒါက ရွှေရောင်အိပ်မက်လား”
ကျန်းရီ ထူးဆန်းသော နေရာတစ်ခုသို့ ရောက်သွား၏။ ထိုနေရာတွင် ကောင်းကင်မှရောက်လာသည့် ခပ်သိမ့်သိမ့်တုန်ခါလှိုင်းတစ်ခုမှလွဲ၍ အခြားမည်သည့်အရာမှ ရှိမနေပေ။ ပတ်ဝန်းကျင်မြင်ကွင်းကလည်း အလွန်မှုန်ဝါးနေသည်။ ထို့ပြင် ထိုနေရာ၌ ကောင်းကင်စိတ်အာရုံကို အသုံးပြု၍ မရပေ။ ထို့ကြောင့် ပတ်ဝန်းကျင်တွင် မည်သည့်အရာများရှိသည်၊ ထွက်ပေါက်က မည်သည့်နေရာတွင်ရှိသည်တို့ကို မသိနိုင်ချေ။
ကျန်းရီသည် ဆင်ကန်းတောတိုးသကဲ့သို့ အရှေ့သို့ လျှောက်နေ၏။ သူသည် ဝိညာဉ်လေနတ်ဘုရားဒိုင်းကို ထုတ်ထားပြီး လက်ထဲတွင် ဓားပျော့ ကိုင်ထားကာ မည်သည့်အန္တရာယ်ကိုမဆို ခုခံရန် အသင့်ပြင်ထားလေသည်။ ဤနေရာက ပုံရိပ်ယောင်တစ်ခုဖြစ်ပြီး လူတစ်ယောက်၏ စိတ်ဓာတ်နှင့် စိတ်ဝိညာဉ်ကို စစ်ဆေးသော နေရာတစ်ခုဖြစ်သည်ဟု ယဉ်ရို့ပင်းနှင့် ရီချန်တို့က ပြောခဲ့သော်လည်း ကျန်းရီ ဂရုစိုက်လိုသေးသည်။ အကယ်၍ ဤနေရာတွင် သူ ရှီးဖေးနှင့် ထိပ်တိုက်တွေ့ပါက မည်သို့လုပ်မည်နည်း။
‘ကောင်းကင်နဲ့လူသား ပေါင်းစည်းခြင်း’
ကျန်းရီသည် အတန်ကြာ လျှောက်ပြီးနောက် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် သူသည် ဓားပျော့ကို လှုပ်ယမ်းကာ အရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။ ဤနေရာတွင် သူ မည်မျှကြာကြာနေရဦးမည်ကို သူ မသိပေ။ သို့သော် ပတ်ဝန်းကျင်တွင် မည်သည့်အန္တရာယ်မှမရှိသဖြင့် သူ ထွက်ပေါ်ကို ရှာရင်းဖြင့် နတ်ဘုရားအသံ ကောင်းကင်အတတ်အတွက် တေးသွားတစ်ပုဒ်ကို ဖန်တီးနေနိုင်လောက်သည်။
ရွှမ်...ရွှမ်...
ကျန်းရီ၏ ဓားပျော့က အဆိပ်ပြင်း မြွေတစ်ကောင်ကဲ့သို့ လှုပ်ယမ်းကာ တစ်ခါတရံတွင် ခပ်ဖျော့ဖျော့ အသံများကို ထုတ်လွှတ်နေပြီး တစ်ခါတရံတွင် စူးရှသော အသံများကို ထုတ်လွှတ်နေလေသည်။ ထိုဓားသံများက ထူးခြားသော တေးသွားတစ်ခုကို ဖန်တီးနေသည်။ အကယ်၍ အနီးပတ်ဝန်းကျင်တွင် တစ်စုံတစ်ယောက် ရှိနေပါက ထိုအသံများကို ကြားကာ သေချာပေါက် ရူးသွပ်သွားပေလိမ့်မည်။
နှစ်နာရီ၊ လေးနာရီ၊ ခြောက်နာရီ...
ကျန်းရီသည် ခြောက်နာရီကြာ လျှောက်ပြီးသော်လည်း ပတ်ဝန်းကျင်က မပြောင်းလဲသေးဟု ခံစားနေရလေသည်။ အနက်ရောင် မြေပြင်မှလွဲ၍ အခြားမည်သည့်အရာမှ မရှိပေ။ မည်သည့်အန္တရာယ်မှလည်း ရှိမနေချေ။
ထို့ကြောင့် ကျန်းရီ များစွာတွေးတောမနေတော့ဘဲ အရှေ့သို့သာ ဆက်သွားလိုက်သည်။ သူသည် သွားနေရင်းဖြင့် တေးသွားကို ဖန်တီးနေသည်။ ထိုတေးသွားကို ဖန်တီးနိုင်ရန် အချိန်တစ်ခု လိုသည်ဖြစ်၍ ထိုနေရာတွင် အတော်ကြာ ဆက်နေရလျှင်လည်း ပြဿနာမရှိပေ။ ထို့ပြင် သူ့တွင် အခြားရွေးချယ်စရာလည်း မရှိချေ။
တစ်ရက်၊ သုံးရက်၊ ဆယ်ရက်...
ကျန်းရီသည် သူ မည်သို့လျှောက်နေကြောင်းကိုပင် မတွေးတောတော့ပေ။ သူသည် အသိစိတ်မရှိသော အလောင်းကောင်တစ်ကောင်ကဲ့သို့ ဓားပျော့ကို ယမ်းကာ မရပ်မနား လျှောက်သွားနေသည်။ ဓားပျော့သံများက တေးသွားတစ်ပုဒ်အဖြစ် စတင် ပြီးပြည့်စုံလာသည်။ ထိုတေးသွားထဲတွင် နားဆင်မိသူတိုင်းကို သွေးဆူကာ ရူးသွပ်ခက်ထန်သွားစေသော မှော်စွမ်းအားတစ်ခု ပါဝင်ပေသည်။
“ရတော့မယ်... အဲ့တေးသွားကို သတ်ဖြတ်အရှိန်အဝါနဲ့ ပေါင်းလို့ရမလားဆိုတာ ကြည့်ကြတာပေါ့”
ကျန်းရီ ခြေလှမ်းများ ရပ်လိုက်ပြီး သတ်ဖြတ်အရှိန်အဝါကို ထုတ်လွှတ်ရန် ဟန်ပြင်လိုက်သည်။ ထိုအခိုက်တွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
“ဝူး...ဝူး...”
ကျန်းရီ၏ အရှေ့တွင် အလင်းရောင် တောက်ပလာပြီး ကျောက်တံခါးတစ်ခု ထွက်ပေါ်လာသည်။ သို့သော် ထိုတံခါး၏ အခြားတစ်ဘက်တွင် ကြောက်မက်ဖွယ် မိစ္ဆာများစွာ ရှိနေသည်။ ထိုမိစ္ဆာများက လူများ၏ ရင်ထဲသို့ အကြောက်တရားများ ထည့်သွင်းနိုင်သည်။ ၎င်းတို့သည် စက္ကန့်ဝက်အတွင်းမှာပင် တံခါးအပြင်သို့ ထွက်လာကြသည်။ ၎င်းတို့ထံမှနေ၍ ပုပ်အက်အက် အနံ့အသက်များလည်း ထွက်နေရာ ကျန်းရီသည် ထိုအနံ့များကို ရှူရှိုက်မိပြီး သတိလစ်မလိုပင် ဖြစ်သွားလေသည်။
***