← Chapters

ရူးသွပ်မှ ရှင်သန်

Vol. 79 Ch. 1098

ရူးသွပ်မှ ရှင်သန်

Vol. 79 Ch. 1098

မိစ္ဆာများက လင်းနို့ကဲ့သို့ မိစ္ဆာများပင်။ သို့‌သော် ၎င်းတို့သည် နဂါးများ၊ ဆင်များ၏ အရွယ်အစားလောက် ကြီးမားကြသည်။ ၎င်းတို့၏ အရှိန်အဝါများကလည်း အဆင့်အနိမ့်ဆုံး မိစ္ဆာအရှင်အဆင့်တွင် ရှိပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ အသည်းငယ်သူများဆိုလျှင် ထိုအရှိန်အဝါဖြင့်ပင် လန့်သေသွားနိုင်သည်။ ၎င်းတို့၏ အနီရောင်မျက်လုံးဝိုင်းကြီးများကလည်း အလွန်ကြောက်လန့်စရာကောင်းသည်။

‘အဲ့ဒါတွေက ပုံရိပ်ယောင်မိစ္ဆာတွေလား ဒါမှမဟုတ် မိစ္ဆာအစစ်အမှန်တွေလား’

ကျန်းရီ ရင်တုန်သွားပြီး လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ လက်တစ်ဘက်ကို အသုံးပြုကာ ဝိညာဉ်လေများကို ထုတ်လွှတ်၍ ဝိညာဉ်လေဓားဆယ်ချောင်း ဖန်တီးလိုက်ပြီး မိစ္ဆာများထံသို့ ပစ်လွှတ်လိုက်သည်။

ရွှစ်...ရွှစ်...

ကျန်းရီထံသို့ ပျံသန်းလာသော လင်းနို့ကဲ့သို့ မိစ္ဆာများက တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြသည်။ ၎င်းတို့သည် ပါးစပ်များဟကာ ပါးစပ်အတွင်းမှနေ၍ သေးငယ်သော အနက်ရောင်မြားတံများကို ပစ်လွှတ်လိုက်ကြသည်။ မြားတံများက မိုးသီးမိုးပေါက်များကဲ့သို့ ပျံဝင်လာ၏။ ကျန်းရီ ရှောင်ရန်ပင် အချိန်မရလိုက်ပေ။

ဝုန်း...ဝုန်း...ဝုန်း....

ထိုစဉ် ဝိညာဉ်လေဓားများက လင်းနို့မိစ္ဆာတစ်ကောင်ပြီးတစ်ကောင်၏ ခန္ဓာကိုယ်များကို အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားစေလေသည်။ မိစ္ဆာအော်သံများက အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားပြီး အမျှင်မပြတ် ပဲ့တင်ထပ်သွားသည်။ မိစ္ဆာတစ်ကောင်သည်လည်း အတောင်များ ပြတ်သွားသဖြင့် မြေပြင်ပေါ် ပြင်းထန်စွာ ပြုတ်ကျကာ နာကျင်တကြီး အော်ဟစ်နေလေသည်။

ဝုန်း...ဝုန်း...ဝုန်း...

မိစ္ဆာများ၏ အနက်ရောင် မြားတံလေးများကလည်း ကျန်းရီ၏ ဝိညာဉ်လေနတ်ဘုရားဒိုင်းကို တဝုန်းဝုန်း လာရောက်ထိမှန်ကြသည်။ ကျန်းရီ အနောက်သို့ လွင့်ပျံထွက်သွား၏။ ဝိညာဉ်လေနတ်ဘုရားဒိုင်း၏ စွမ်းအင်က လျင်မြန်စွာ ကုန်ဆုံးလာကြောင်း သူ ခံစားလိုက်ရသည်။ ထိုမြားတံများ၏ စွမ်းအားက ကြယ်သုံးပွင့် သိုင်းသမားတစ်ယောက်၏ တိုက်ခိုက်မှုများလောက် ပြင်းထန်ပေသည်။

‘သူတို့က မိစ္ဆာသားရဲအစစ်တွေပဲ’

ကျန်းရီ မျက်နှာထားတည်သွားသည်။ မိစ္ဆာများက ပုံရိပ်ယောင်များဆိုလျှင် သူ ၎င်းတို့ကို လျစ်လျူရှုကာ ကျောက်တံခါးအတွင်းသို့ တန်းတန်းမတ်မတ် ဝင်သွားနိုင်သည်။ သို့သော် ၎င်းတို့က အစစ်အမှန်များဆိုလျှင် ပြဿနာ ရှိလာပေလိမ့်မည်။ ထိုအချိန်တွင် ကျောက်တံခါးထဲမှနေ၍ လင်းနို့မိစ္ဆာများ ထပ်မံ ထွက်လာသည်။ ၎င်းတို့က အဆုံးမရှိသကဲ့သို့ပင်။

အစောတွင် မိစ္ဆာ အကောင်တစ်ရာလောက်ကသာ ကျန်းရီကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ မိစ္ဆာ အကောင်တစ်ထောင်လောက်ကသာ တိုက်ခိုက်လိုက်လျှင် သူ၏ ဝိညာဉ်လေနတ်ဘုရားဒိုင်းက သေချာပေါက် ပျက်စီးသွားပေလိမ့်မည်။ သူ့ခန္ဓာကိုယ်ကလည်း ပျားအုံကဲ့သို့ အပေါက်များနှင့် ပြည့်နှက်သွားပေလိမ့်မည်။

ကျန်းရီသည် ပေထောင်ဂဏန်းအနည်းငယ် နောက်ဆုတ်ပြီးနောက် အတန်ငယ် စိတ်အေးသွားသည်။  ကျောက်တံခါးအတွင်းမှ ထပ်၍ပျံထွက်လာသော မိစ္ဆာသားရဲများက သူ့အနောက်သို့ လိုက်မလာကြပေ။ ၎င်းတို့က ဝင်ပေါက်ကို ကာကွယ်နေသကဲ့သို့ ကျောက်တံခါးကိုသာ လှည့်ပတ်ပျံသန်းနေကြသည်။ ကျန်းရီသာ ထိုကျောက်တံခါးထဲသို့ ဝင်ရန် ကြိုးစားလိုက်လျှင် တစ်စစီစုတ်ဖြဲခံလိုက်ရနိုင်ပေသည်။

ဝှီး... ဝှီး...

မသေဘဲ ကျန်ခဲ့သော ပထမတစ်သုတ်မှ လင်းနို့မိစ္ဆာ အကောင်းသုံးဆယ်လောက်က ကျန်းရီနောက်သို့ လိုက်လာသေးသည်။ ကျန်းရီသည် ၎င်းတို့ကို သတ်ရင်း နောက်ဆုတ်နေရသည်။ လေထဲတွင်လည်း ပုပ်အဲ့အဲ့အနံ့များ ပျံ့လွင့်နေသည်။ သူသည် မြေပြင်ထက်မှ သွေးနက်များနှင့် အရှေ့ရှိ မိစ္ဆာအုပ်ကြီးကို ကြည့်လိုက်ပြီး မျက်နှာမည်းမှောင်လာလေသည်။

ထိုကျောက်တံခါးက ဝင်ပေါက်တစ်ခု ဖြစ်နိုင်သည်။ သို့သော် ကျန်းရီနှင့် ဝင်ပေါက်ကြားတွင် သောင်းချီသော မိစ္ဆာသားရဲများ ခြားထားပေသည်။ သူ အတင်းတိုးဝင်လျှင် သေသွားနိုင်သည်။ သို့သော် သူ မကြိုးစားကြည့်လျှင်လည်း ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ဝင်နိုင်မည် မဟုတ်ပေ။ သို့ဆိုလျှင် သူ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရယူနိုင်ရန် မဆိုထားနှင့် ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ ဖန်စေတီကိုပင် ယူနိုင်မည် မဟုတ်ပေ။

‘သူတို့ကို နည်းနည်းချင်း မျှားခေါ်ပြီး သတ်လို့ရမလားဆိုတာ ကြည့်ကြတာပေါ့’

ကျန်းရီသည် တစ်စက္ကန့်မျှ တုံ့ဆိုင်းသွားပြီးနောက် ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူ ဝင်ပေါက်အနီးသို့ ဖြည်းဖြည်းချင်း ကပ်သွားလိုက်ပြီး ကောင်းကင်တွင် ပြည့်နှက်နေသော မိစ္ဆာများကို ကြည့်ကာ ကြက်သီးထသွားသည်။ သူ ပေတစ်ထောင်ခန့် လျှောက်ပြီးသောအခါ မိစ္ဆာအကောင်နှစ်ရာက သူ့ထံသို့ ပျံသန်းလာသည်။ သူ နောက်ပြန်ဆုတ်လိုက်ပြီး ထိုမိစ္ဆာများကို မျှားခေါ်လိုက်၏။ မိစ္ဆာများက လျှပ်စီးတန်းများအလား သူ့နောက်သို့ လိုက်လာလေသည်။

“ကောင်းတယ်”

ကျန်းရီ အလွန်ဝမ်းမြောက်သွား၏။ သူ့နောက်သို့ မိစ္ဆာအကုန် လိုက်မလာလျှင် သူသည် မိစ္ဆာများကို နည်းနည်းချင်း မျှားခေါ်၍ သတ်ပစ်နိုင်ပေသည်။ မိစ္ဆာများက မည်မျှ များပါစေ သူ အကုန်လုံးကို သတ်ပစ်နိုင်လောက်သည် မဟုတ်လော။

ကျန်းရီ ကြိုတင်ပြင်ဆင်ထားသော ဝိညာဉ်လေဓားဆယ်ချောင်းက မိစ္ဆာများထံ ပျံသန်းသွား၏။ အနက်ရောင်မြားတံ အချောင်းနှစ်ရာကလည်း သူ့ထံ ပျံဝင်လာသည်။ မြားတံများက အလွန်မြန်သဖြင့် သူ ရှောင်ချိန်ပင် မရလိုက်ချေ။

ဝုန်း...ဝုန်း...ဝုန်း...

ဂူး...ဂီး...

မြားတံနက်များက ကျန်းရီ၏ ဝိညာဉ်လေနတ်ဘုရားဒိုင်းကို ထိမှန်သွားချိန်တွင် မိစ္ဆာများကလည်း နာကျင်တကြီး ‌အော်ဟစ်လိုက်ကြသည်။ ထိုမိစ္ဆာများသည် တိုက်ခိုက်စွမ်းအားကြီးသော်လည်း သာမန်အဆင့် ခုခံစွမ်းအားကိုသာ ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် ဝိညာဉ်လေဓားဆယ်ချောင်းက ၎င်းတို့ကို အလွယ်တကူ ရှင်းပစ်လိုက်နိုင်ပေသည်။

ကျန်းရီသည်လည်း မြားတံနက်များကြောင့် အနောက်သို့ လွင့်ပျံသွားသည်။ သူ၏ဝိညာဉ်လေနတ်ဘုရားဒိုင်းကလည်း စွမ်းအားတစ်ဝက် လျော့သွားသည်။

“သတ်မယ်...”

ကျန်းရီ ပြန်ထလိုက်ပြီး မိစ္ဆာများထံ ထက်ပြေးသွားလိုက်သည်။ မိစ္ဆာအချို့က သူ့ထံ ပျံသန်းလာသောအခါ သူ နောက်ပြန်ဆုတ်လိုက်သည်။ ထို့နောက် သူသည် သူ့နောက်လိုက်လာသော မိစ္ဆာများကို သတ်ပစ်လိုက်သည်။

တစ်ကြိမ်၊ နှစ်ကြိမ်၊ ဆယ်ကြိမ်... အကြိမ်တစ်ရာ...

ကျန်းရီသည် ပင်ပန်းမှုဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း မသိသည့်အလား မရပ်မနား တိုက်ခိုက်နေသည်။ သူ့ပတ်ဝန်းကျင်က လင်းနို့မိစ္ဆာများ၏ သွေးများဖြင့် မည်းနက်လာသည်။  လေထုထဲရှိ အနံ့အသက်များကလည်း အန်ချင်စိတ်ပင် ပေါက်လောက်အောင် ဆိုးဝါးနေသည်။ အကယ်၍ သာမန်အရပ်သားတစ်ယောက်သာ ထိုမြင်ကွင်းကို မြင်လိုက်လျှင် သေချာပေါက် သေလုမတတ် ကြောက်ရွံ့သွားပေလိမ့်မည်။

တစ်ရက်၊ နှစ်ရက်...သုံးရက်...

ကျန်းရီသည် ငါးရက်တိုင်တိုင် သတ်ဖြတ်ခဲ့သည်။ လင်းနို့မိစ္ဆာ မည်မျှကို သတ်ဖြတ်ခဲ့ကြောင်းကိုပင် သူ မမှတ်မိတော့ပေ။ သူ စိတ်ရောကိုယ်ပါ ပင်ပန်းနေပြီဖြစ်သည်။ သို့သော် မိစ္ဆာအရေအတွက်က လျော့ကျလာကြောင်း တွေ့လိုက်ရသောအခါ သူ စိတ်အားတက်လာသည်။ သူသာ ဝင်ပေါက်ထဲသို့ ဝင်နိုင်လိုက်လျှင် ဆန်းကြယ်နတ်ဘုရားနန်းတော်အတွင်းသို့ ရောက်သွားပေလိမ့်မည်။

“ဟူး...ဟူး...”

ကျန်းရီသည် မိစ္ဆာတစ်သုတ်ကို သတ်ပြီးနောက် ရပ်တန့်ကာ အနားယူလိုက်၏။ သူ မောဟိုက်နေသည်။ မိစ္ဆာများက ဝင်ပေါက်ကို လှည့်ပတ်ပျံသန်းနေဆဲပင်။ သူ ပြုံးလိုက်သည်။ မိစ္ဆာများက အကောင်နှစ်ထောင်လောက်သာ ကျန်တော့သည်။ သူ ၎င်းတို့ကို နေ့ဝက်အတွင်း ရှင်းပစ်နိုင်လောက်သည်။

“သွားမယ်...”

ကျန်းရီသည် ငါးမိနစ် အနားယူပြီးနောက် အရှေ့သို့ ထပ်မံပြေးသွားလိုက်သည်။ သို့သော် ပေတစ်ထောင်သွားပြီးနောက်တွင် သူ လျင်မြန်စွာ ရပ်တန့်လိုက်သည်။ သူသည် မယုံနိုင်သော မျက်ဝန်းများဖြင့် လျင်မြန်စွာ အနောက်ပြန်ဆုတ်လိုက်သည်။ ထို့နောက် သူ အော်ဟစ်လိုက်သည်။

“ချီးနဲ့မှပဲ... ဒီရွှေရောင်အိပ်မက်ကို တကယ်ရော ဖြတ်ကျော်လို့ရရဲ့လား”

ကျောက်တံခါးက ထပ်မံ လင်းလက်လာပြီး တံခါးအတွင်းမှနေ၍ မရေတွက်နိုင်သော လင်းနို့မိစ္ဆာများ ထွက်လာခြင်းပင်။ ၎င်းတို့က အဆုံးမရှိသည့်ပုံပင်။ လက်ရှိ မြင်ရသလောက် ၎င်းတို့က အနည်းဆုံး အကောင်တစ်သောင်းကျော်ပေလိမ့်မည်။ ထို့ပြင် ယင်းလင်းနို့မိစ္ဆာများကြား၌ ဧရာမမိစ္ဆာကြီးသုံးကောင်လည်း ပါလာသည်။ ၎င်းတို့က ကြောက်မက်ဖွယ်အရှိန်အဝါရှိသော လင်းနို့မင်းသားများပင်။

လင်းနို့မင်းသားသုံးကောင်၏ အရှိန်အဝါက အနက်ရောင်နတ်ဘုရား၏ အရှိန်အဝါကဲ့သို့ အားကောင်းကြောင်း ကျန်းရီ ခံစားလိုက်ရသည်။ တစ်နည်းဆိုရလျှင် ၎င်းတို့က ကြယ်ခုနစ်ပွင့် သို့မဟုတ် ကြယ်ရှစ်ပွင့် နတ်ဘုရားတစ်ပိုင်း ပညာရှင်များနီးပါး စွမ်းအားကြီးပေသည်။

သာမန်လင်းနို့မိစ္ဆာများသာဆိုလျှင် အရေအတွက် မည်မျှများပါစေ တစ်နေ့နေ့တွင်တော့ အကုန်လုံးကို ရှင်းပစ်နိုင်မည်ဖြစ်သည်။ သို့သော် ကြယ်ခုနစ်ပွင့်၊ ကြယ်ရှစ်ပွင့် နတ်ဘုရားတစ်ပိုင်း ပညာရှင်များနီးပါး စွမ်းအားကြီးသော လင်းနို့မင်းသားများကိုမူ ကျန်းရီ ရင်မဆိုင်နိုင်လောက်ပေ။ သူ ၎င်းတို့အနားသို့ ကပ်သွားလျှင် ရုတ်ခြည်း အသတ်ခံလိုက်ရမည်ဖြစ်သည်။

“လခွမ်းပဲ.. လခွမ်းပဲ..  လခွမ်းပဲကွာ...”

ကျန်းရီသည် အနောက်သို့ ပေတစ်‌သောင်း ဆုတ်လိုက်ပြီး သူ့နောက်သို့ မည်သည့် လင်းနို့မိစ္ဆာမှ လိုက်မလာကြောင့် တွေ့လိုက်သောအခါ လက်ဝှေ့ယမ်း၍ အော်ဆဲလိုက်သည်။ ရွှေရောင်အိပ်မက်အဟန့်အတားက ဖြတ်ကျော်နိုင်ရန် ခက်ခဲလွန်းပေသည်။ မည်သူမှ ဤအဟန့်အတားကို မဖြတ်ကျော်နိုင်လောက်ချေ။ ဤနေရာတွင် ရှီးဖေးနှင့် ကျန့်ထျန်းလဲ့တို့ရှိနေလျှင်လည်း သူတို့ မည်သို့မှ လုပ်နိုင်မည် မဟုတ်ဘဲ ရပ်ကြည့်နေရမည်သာ။

“ငါက လူသားတစ်ယောက် မဟုတ်ဘူးဆိုရင် ဒီအဟန့်အတားကို ဖြတ်ကျော်နိုင်လောက်လား။ နေပါဦး... မဟုတ်သေးပါဘူး...”

ကျန်းရီသည် ရုတ်တရက် တစ်စုံတစ်ခု မှားနေကြောင်း ခံစားလိုက်ရ၏။ လူသားများက ရွှေရောင်အိပ်မက်ကို မဖြတ်ကျော်နိုင်လျှင် အဘယ်ကြောင့် ယဉ်ရို့ပင်းက အတိတ်တွင် လူတစ်ရာကျော်က ဤတတိယအဟန့်အတားကို ဖြတ်ကျော်နိုင်ခဲ့သည်ဟု ပြောခဲ့ခြင်းနည်း။

‘ရွှေရောင်အိပ်မက်ထဲမှာ အန္တရာယ်ရှိမှာ မဟုတ်ပါဘူး။ ပုံရိပ်ယောင်ထဲမှာ ပိတ်မိနေရင်တောင် ဒီကိစ္စအကုန် ပြီးဆုံးသွားရင် တောင်ခြေကို ပြန်ပို့ခံရပါလိမ့်မယ်’

ကျန်းရီသည် ယဉ်ရို့ပင်း ပြောခဲ့သော စကားများကို ပြန်စဉ်းစားရင်း ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွား၏။ သူ မြင်နေရသော အရာအားလုံးက အတုအယောင်များ ဖြစ်နေသလော။ ဤနေရာက အမှန်ပင် ပုံရိပ်ယောင်နယ်မြေတစ်ခုလော။ သို့သော် ထိုလင်းနို့မိစ္ဆာများက အစစ်နှင့်အလွန်တူပြီး ၎င်းတို့၏ တိုက်ခိုက်မှုများကလည်း သူ့ကို လွင့်ပျံထွက်သွားစေသည်။ ထို့ပြင် ပုပ်အဲ့အဲ့အနံ့များကိုလည်း ရနေဆဲဖြစ်သည်။ ယင်းတို့က မည်သို့ အတုအယောင်များ ဖြစ်နိုင်မည်နည်း။

‘ဒီအဟန့်အတားကို ဖြတ်ကျော်နိုင်ဖို့ ပုံရိပ်ယောင်ဆိုတဲ့ စကားတစ်လုံးကို မှတ်ထားရမယ်’

ကျန်းရီ၏ အတွေးထဲတွင် ရီချန်ပြောခဲ့သော စကားက ပဲ့တင်ထပ်နေသည်။ ထိုစကားကို ပြောခဲ့သူမှာ ဗုဒ္ဓဧကရာဇ်ကိုယ်တိုင်ဖြစ်သည်။ ကျန်းရီ ခေတ္တမျှ တွေးတောလိုက်ပြီး အံကြိတ်ကာ စွန့်စားရန် ဆုံးဖြတ်ချက် ချလိုက်လေသည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုတွင် မှတ်တမ်းအမှားများ ရှိမနေနိုင်ပေ။ ထို့ပြင် ယဉ်ရို့ပင်းနှင့် ရီချန်တို့က သူ့ကို မလိမ်လာက်ချေ။

“စွန့်စားကွာ...”

ကျန်းရီသည် ထက်ရှသော ဓားတစ်ချောင်းအလား အရှေ့သို့ ပြေးသွားလိုက်သည်။ သူ ဝိညာဉ်လေနတ်ဘုရားဒိုင်းကိုလည်း ရုတ်သိမ်းလိုက်သည်။ သူသည် မည်သည့်အရာကိုမှ အရေးမစိုက်တော့ဘဲ မျက်လုံးများမှိတ်ကာ ကျောက်တံခါးဆီသို့သာ တန်းတန်းမတ်မတ် ပြေးသွားလိုက်လေသည်။ လင်းနို့မိစ္ဆာများ၏ သတ်ဖြတ်မှုကို ခံရမည်ဆိုလျှင်လည်း ထိုကံကြမ္မာကို လက်ခံရန် သူ စိတ်ပိုင်းဖြတ်ထားပြီးပေပြီ။

ဤရွှေရောင်အိပ်မက်အဟန့်အတားကို မဖြတ်ကျော်နိုင်လျှင် ကျန်းရီ ဆန်းကြယ်နတ်ဘုရားနန်းတော်အတွင်းသို့ ဝင်နိုင်မည် မဟုတ်ပေ။ သို့ဆိုလျှင် သူ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရယူနိုင်ရန် မဆိုထားနှင့် ဖန်စေတီကိုပင် ယူနိုင်တော့မည် မဟုတ်ချေ။ သူသည် သေရမည်ကို မကြောက်သလို စိတ်ဆုံးဖြတ်ပြီးလျှင် မည်သည့်အကျိုးဆက်ကိုမှ မတွေးတော့ဘဲ ဆုံးဖြတ်ထားသည့်အတိုင်း လုပ်တတ်သူတစ်ယောက်ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူ ရူးရူးမိုက်မိုက် စွန့်စားပေတော့မည်။

‘ရူးသွပ်မှ ရှင်သန်နိုင်လိမ့်မယ်’

***

All Chapters