သူ့ကို ကူညီလိုနေခြင်းလော
Vol. 79 Ch. 1099
“အား...အား...”
ကျန်းရီသည် ဝင်ပေါက်နှင့် မီတာရာဂဏန်းအနည်းငယ်သာ ကွာတော့သည်။ မရေမတွက်နိုင်သော လင်းနို့မိစ္ဆာများက သူ့ကို သတိပြုမိသွားကြသည်။ ၎င်းတို့သည် ဓားသွားများကဲ့သို့ ကောင်းကင်ကိုဖြတ်၍ ကျန်းရီထံသို့ ပျံသန်းသွားကြ၏။ ထိုအခိုက်တွင် ကျန်းရီသည် အစိတ်စိတ်အမွှာမွှာ ကုတ်ဖြဲခံနေရသကဲ့သို့ ခံစားလိုက်ရလေသည်။ နာကျင်မှုက အဆမတန်ပင်။
သေရေး၊ ရှင်ရေး အခိုက်အတန့်တွင် ကျန်းရီ၏ မသိစိတ်က ကျန်းရီကို ထွက်ပြေးရန် လှုံ့ဆော်လာသည်။ ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ထိုနေရာမှ ချက်ချင်း ထွက်သွားလိုလာ၏။ ထို့ပြင် ဝိညာဉ်လေနတ်ဘုရားဒိုင်းကိုလည်း ပြန်ထုတ်လိုလာသည်။ ပြင်းထန်သော နာကျင်မှုက သူ့အား လက်ရှိအခြေအနေက ပုံရိပ်ယောင်မဟုတ်ကြောင်း အသိပေးနေသည် မဟုတ်ပါလား။ သူ ရှေ့သို့ဆက်တိုးလျှင် အမှန်ပင် သေသွားနိုင်ပေသည်။
‘ရွှေရောင်အိပ်မက်... အရာအားလုံးက အိပ်မက်တစ်ခုပဲ။ ငါ သေသေ၊ ရှင်ရှင် အဲ့ဒါက အိပ်မက်ထဲကကိစ္စပဲ။ ငါ နိုးထလာတာနဲ့ အရာအားလုံး ပြီးဆုံးသွားမှာ။ ဆက်သွားမယ်... သွားမယ်...’
နောက်ဆုံးတွင် ကျန်းရီသည် မသိစိတ်၏ လှုံ့ဆောင်မှုကို လျစ်လျူရှုရန် ရွေးချယ်လိုက်သည်။ သူသည် ပူပန်မှုအားလုံးကို စွန့်ပစ်ကာ အရှေ့သို့ ဆက်သွားလိုက်သည်။ သူ့ခန္ဓာကိုယ်က အပိုင်းပိုင်း အဖြတ်ခံရမည်ဆိုလျှင်လည်း သူ အရေးမစိုက်တော့ပေ။ ထိုအခိုက်တွင် သူ၏ အသိစိတ်က ဗလာဖြစ်နေသည်။ သေခြင်းနှင့် ရှင်ခြင်းမှာ အိပ်မက်တစ်ခုသာ။ လက်တွေ့က အိပ်မက်လော၊ အိပ်မက်က လက်တွေ့လော။ ကျန်းရီ မသိတော့ပေ။ ယခုတွင် သူ ဝင်ပေါက်ဆီသို့သာ သွားလိုနေသည်။ သူ၏စိတ်ဓာတ်သာ ခိုင်မာလျှင် သေမင်းသည်ပင် သူ့ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
“အား...အား...”
ကျန်းရီ နာကျင်တကြီး အော်ဟစ်နေရ၏။ သူ့ခန္ဓာကိုယ်က အပိုင်းပိုင်းပြတ်လာကြောင်း သူ မြင်လိုက်ရသည်။ သူ၏စိတ်ဝိညာဉ်ကလည်း မြူခိုးတစ်ခုအလား လေထဲသို့ မျောလွင့်သွားပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ သူ ဤလောကပေါ်မှ ထာဝရ ပျောက်ကွယ်သွားရပေတော့မည်။
အရာအားလုံး မည်းမှောင်သွား၏။ ကျန်းရီသည် အဆုံးမဲ့ အမှောင်ထုပင်လယ်အတွင်း ရောက်နေသကဲ့သို့ ခံစားနေရ၏။ မည်သည့်နာကျင်မှုမှလည်း မရှိတော့ပေ။ အမှောင်ထုအတွင်းသို့ ရောက်နေကြောင်း ခံစားနေရခြင်းမှာလည်း သေအံ့ဆဲဆဲတွင် အသိစိတ်အနည်းငယ် ကျန်နေသေးခြင်းကြောင့်ဖြစ်မည်။
“ဂုဏ်ပြုပါတယ် ကျန်းရီ... ရှင် ရွှေအိပ်မက်ကို ဖြတ်ကျော်နိုင်ခဲ့ပြီ”
ကျန်းရီသည် အမှောင်ထုထဲမှ ထွက်ပေါ်လာသည့် ရင်းနှီးသောအသံတစ်သံကို ကြားလိုက်ရ၏။ ထို့နောက် သူ ရင်းနှီးသော မိန်ကလေးအသံလေးတစ်သံကိုလည်း ထပ်မံကြားလိုက်ရသည်။
“ကျန်းရီ... ရှင် လုပ်နိုင်မယ်ဆိုတာကို ကျွန်မသိသားပဲ”
ကျန်းရီ အားတင်း၍ မျက်လုံးဖွင့်ကြည့်လိုက်ရာ သူက ဆန်းကြယ်နတ်ဘုရားနန်းတော်အတွင်းသို့ ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူက ရင်ပြင်တစ်ခုပေါ်တွင် ရပ်နေသည်။ သူ့ပတ်ပတ်လည်တွင်လည်း တည်နေရာပြောင်းရွှေ့အစီအရင်သုံးခု ရှိနေသည်။ ထိုနေရာမှာ ဆန်းကြယ်နတ်ဘုရားနန်းတော်၏ စမ်းသပ်မှုသုံးခုဆီသို့ ပို့ဆောင်ပေးမည့် ကျောက်စိမ်းဖြူရင်ပြင်ဖြစ်သည်။
“အဲ့ဒါက တကယ့်ကို ပုံရိပ်ယောင်တစ်ခုပဲ။ ဒါပေမဲ့ အစစ်နဲ့ တူလွန်းတယ်။ ဆန်းကြယ်ဧကရာဇ်ရဲ့ အစွမ်းက အရမ်းကြောက်စရာကောင်းတာပဲ”
ကျန်းရီ မောဟိုက်နေသည်။ ထို့နောက် သူ သူ့ပေါင်သူ ရိုက်ကြည့်လိုက်ပြီး ယဉ်ရို့ပင်း၏ လက်ကလေးကိုလည်း ဆုပ်ကိုင်လိုက်သည်။ ယခုက အိပ်မက်မဟုတ်တော့ကြောင်း အတည်ပြုပြီးသည်နှင့် သူ စိတ်အေးသွားဟန် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်လေသည်။
“ဟီးဟီး...”
ယဉ်ရို့ပင်း၏ လှပသော မျက်ဝန်းလေးများက အရောင်လက်နေသည်။ သူမက မျက်ခုံးပင့်ကာ ပြောလိုက်သည်။
“ကျန်းရီ... တကယ်တော့ ရှင့်ရဲ့ စိတ်ဝိညာဉ်က အဲ့လောက်မသန်မာဘူး။ ရှင်သာ ဒီထက်ပိုသန်မာရင် အဲ့ဒါတွေအကုန်လုံးက ပုံရိပ်ယောင်ဆိုတာကို တန်းပြောနိုင်မှာ။ ရှင် တွေ့ခဲ့၊ ခံစားခဲ့ရတာတွေက အတုအယောင်တွေ... ရှင့်အနေနဲ့ အရှေ့ကို အာရုံစိုက်ပြီးပဲ လျှောက်လာဖို့လိုတာ”
“အင်း... ငါ မင်းတို့နှစ်ယောက်ကို ကျေးဇူးတင်ရဦးမယ်။ မင်းတို့ကြောင့်သာ မဟုတ်ရင် ငါ ဘယ်တော့မှ အရှေ့ကို တိုးလာနိုင်မှာ မဟုတ်ဘူး”
ကျန်းရီက ရီချန်နှင့် ယဉ်ရို့ပင်းကို လက်ဆုပ်ကာ ပြောလိုက်သည်။ ထို့နောက် သူ စိတ်ဝင်တစားဖြင့် လှည့်ပတ်ကြည့်လိုက်သည်။
“ဘာလို့ ဒီမှာ မင်းတို့နှစ်ယောက်ပဲ ရှိနေရတာလဲ။ ကျန့်ဝူယင်းက ဘယ်မှာလဲ”
ယဉ်ရို့ပင်းက ရီချန်ကို လှည့်ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“သူ နောက်တစ်ဆင့်ကို ဆက်သွားတာ ကြာပြီ။ ကျန့်ထျန်းလဲ့နဲ့ ရှီးဖေးတို့လည်း နောက်တစ်ဆင့်ကို သွားကြပြီ။ အစ်မချန်က ရှေ့ဆက်မသွားခင် ဒီမှာ ရှင့်ကို စောင့်နေမယ် ပြောလို့...”
ရီချန်က ကျန်းရီကို ခေါင်းငဲ့၍ ကြည့်လိုက်ပြီး အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“ကံကောင်းပါစေ ကျန်းရီ။ အခု ရှင် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရနိုင်၊ မရနိုင်ဆိုတာ ရှင့်ရဲ့ စွမ်းဆောင်ရည်အပေါ်မှာပဲ မူတည်တော့တယ်”
ဝှစ်...
ရီချန်သည် ထိုသို့ပြောပြီးနောက် အလယ်ရှိ တည်နေရာပြောင်းရွှေ့အစီအရင်ထဲသို့ ဝင်သွားလိုက်သည်။ ယဉ်ရို့ပင်းကမူ သူမ၏နေရာမှာပင် ရပ်နေဆဲပင်။ ကျန်းရီသည် တည်နေရာပြောင်းရွှေ့အစီအရင်များ အထက်ရှိ စာကြောင်းအနည်းငယ်ကို ကြည့်လိုက်သည်။ စမ်းသပ်မှု သုံးခုကို ဖြတ်ကျော်နိုင်လျှင် ရမည့်ဆုလာဘ်များကို ရေးသားထားသည်။ ပြိုင်ပွဲတစ်ခုလုံးကို အနိုင်ရသူက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
“ဖန်စေတီ.. ဒုတိယရတဲ့သူက ဖန်စေတီကို ရမှာပဲ”
ကျန်းရီ၏ မျက်ဝန်းများက ဒုတိယစာကြောင်းကို စိုက်ကြည့်နေ၏။ သူ ပို၍ စိတ်လှုပ်ရှားလာသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်နှင့်ဆာလျှင် ကျန်းရီသည် ဖန်စေတီကို ပို၍ လိုချင်ပေသည်။ သူသာ ဖန်စေတီကို ရယူနိုင်လျှင် စုလောရွှယ်ကို ဘေးကင်းကင်ဖြင့် ပြန်ခေါ်နိုင်မည်ဖြစ်သည်။ သူသည် အခြားအဆင့်ရသူများက မည်သည့်ရတနာများကို ရမည်ကိုပင် စိတ်မဝင်စားတော့ဘဲ ငရဲအဆင့် စမ်းသပ်မှုကို ကြည့်လိုက်လေသည်။
ယဉ်ရို့ပင်းက ခါးမတ်ကာ ပြောလိုက်၏။
“ကျန်းရီ... ရှင် ငရဲအဆင့် စမ်းသပ်မှုဆီ သွားဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်။ ရှီးဖေးနဲ့ ကျန့်ထျန်းလဲ့တို့ကလည်း အဲ့တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်သွားတာပဲ။ အထဲမှာ ရှင် သူတို့နဲ့ တွေ့လောက်တယ်”
“သူတို့ကလည်း အဲ့ဒါကို ရွေးသွားတာလား”
ကျန်းရီ၏ မျက်လုံးများ အရောင်တောက်သွားသည်။ ထို့နောက် သူ ပြတ်သားစွာ ပြောလိုက်လေသည်။
“အဲ့လိုဆို ငါ အဲ့တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ပိုတောင် ဝင်ရဦးမယ်။ အဲ့ဒါကပဲ ငါလိုချင်တာကို ပေးနိုင်မှာ။ ငါ သွားတော့မယ်... မင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ”
“ဟင့်အင်း...”
ယဉ်ရို့ပင်းက အံကြိတ်ကာ ပြောလိုက်သည်။
“ကျွန်မ ရှင်နဲ့အတူ လိုက်ခဲ့မယ်”
“မင်းကလား...”
ကျန်းရီ အတန်ငယ် အံ့အားသင့်သွား၏။ ယဉ်ရို့ပင်းက အတော်လေး စွမ်းဆောင်နိုင်သူတစ်ယောက် ဖြစ်သော်လည်း သူနှင့်ယှဉ်လျှင် တိုက်ခိုက်စွမ်းအား နိမ့်ပေသည်။ သူသာ သူမကို ခေါ်သွားလျှင် သူမကို သေချာပေါက် စောင့်ရှောက်ရပေလိမ့်မည်။ သူမ ဒုက္ခရောက်မည်ကို သူ ရပ်ကြည့်မနေနိုင်သည် မဟုတ်လော။
“ကျန်းရီ... မစိုးရိမ်ပါနဲ့။ ကျွန်မက ရှင့်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရပါဘူး”
ယဉ်ရို့ပင်းက စိတ်ဆုံးဖြတ်ထားသည်။
“တကယ်လို့ ကျွန်မ တစ်ခုခု ဖြစ်လာရင်တောင် ရှင့်ဘာသာ ဆက်သွားလို့ရပါတယ်။ ရှင် ကျွန်မအတွက် စိုးရိမ်စရာ မလိုပါဘူး”
“ငါက အဲ့သဘောနဲ့ မဟုတ်ပါဘူး...”
ကျန်းရီက ယဉ်ရို့ပင်း၏ မျှော်လင့်ချက်အရိပ်အယောင်များ ပြည့်နှက်နေသော မျက်ဝန်းလေးများကို ကြည့်လိုက်သည်။ သူ သူမကို မငြင်းရက်သဖြင့် ခေါင်းညိတ်ကာသာ ပြောလိုက်ရတော့သည်။
“ကောင်းပြီလေ... ငါတို့ ဒီစမ်းသပ်မှုကို အမြန်ဆုံး ဖြတ်ကျော်မှ ရမယ်။ အဲ့ဒါမှ ရှီးဖေးနဲ့ တခြားသူတွေကို အသာရမှာ”
“ဟုတ်သား...”
ကျန်းရီသည် တည်နေရာပြောင်းရွှေ့အစီအရင်အတွင်း မဝင်ခင် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိကာ မေးလိုက်လေသည်။
“ရှီးဖေးတို့ ဝင်သွားတာ ဘယ်လောက်ကြာပြီလဲ”
“တစ်ရက်လောက်ရှိပြီ”
ယဉ်ရို့ပင်းက ရှင်းပြလိုက်သည်။
“တကယ်တော့... ရွှေရောင်အိပ်မက်ထဲမှာ အချိန်ဆိုတာလည်း အတုအယောင်ပဲ။ ကျန့်ဝူယင်း အထဲကို ဝင်သွားတာ အလွန်ဆုံးမှ တစ်ရက်ကျော်လောက်ပဲ ရှိဦးမယ်။ သူက ဆိုးဝါးအဆင့် စမ်းသပ်မှုထဲကို ဝင်သွားတာ ဖြစ်ဖို့များတယ်။ နတ်ဘုရားတစ်ပိုင်း မဟုတ်တဲ့သူတွေက ငရဲအဆင့် စမ်းသပ်မှုထဲကို မဝင်ရဲကြဘူး။ အစ်မချန်နဲ့ ကျွန်မတို့ ဒီကို ရောက်လာပြီး နေ့ဝက်လောက်နေတော့ ရှီးဖေးနဲ့ ကျန့်ထျန်းလဲ့တို့ ရောက်လာတာပဲ”
“အို့... ကောင်းပြီလေ။ သူတို့ သိပ်ဝေးဝေး မရောက်လောက်သေးပါဘူး”
ကျန်းရီ ခေါင်းညိတ်လိုက်ပြီး ငရဲအဆင့် စမ်းသပ်မှုဆီသို့ ဦးတည်သွားလိုက်သည်။ ထို့နောက် အလင်းတစ်ချက် လက်သွားပြီး သူ ပျောက်ကွယ်သွားသည်။ ယဉ်ရို့ပင်းကလည်း သူ့အနောက်မှ လိုက်သွားလိုက်လေသည်။
“ကူကယ်ရာမဲ့တံတား”
ကျန်းရီသည် အဆင့်များကို ထပ်မံကျော်လာနိုင်ခဲ့ခြင်းအတွက် အလွန်ဝမ်းမြောက်သွား၏။ သူသည် အရှေ့ရှိ သံကြိုးတံတားကို ကြည့်လိုက်ပြီး အောက်ဘက်မှ ချော်ရည်ပူများကို ငုံ့ကြည့်လိုက်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က သူ ဤအဆင့်ကို ဖြတ်ကျော်ရန် ကြိုးစားခဲ့ပုံကို ပြန်အမှတ်ရလာသည်။ သူ့မျက်နှာပေါ်တွင် အပြုံးသဲ့သဲ့တစ်ပွင့် ထွက်ပေါ်လာလေသည်။
“အစ်မချန်က တော်တော်မြန်တာပဲ”
ယဉ်ရို့ပင်းက သံကြိုးတံတားအလယ်ကို လှမ်းကြည့်၍ ရေရွတ်လိုက်သည်။ ရီချန်က တံတားပေါ်တွင် ပျံနေသကဲ့သို့ပင်။ သူမသည် တံတားတစ်ဝက်သို့ ရောက်နေပြီဖြစ်ပြီး ယခုအထိ နှေးသွားမည့်ပုံ မပေါ်သေးချေ။ သူမ၏ ခရမ်းရောင်ဆံနွယ်များက တဖျပ်ဖျပ်ခတ်နေ၍ သူမက လှပသောနတ်မိမယ်လေးတစ်ပါးနှင့်ပင် ဆင်တူနေပေသည်။
“ဟင်းဟင်း... သူ့ကို ကျော်တက်ကြတာပေါ့”
ကျန်းရီက ပြုံးလိုက်ပြီး ယဉ်ရို့ပင်း၏ ခါးကို ပွေ့ဖက်လိုက်သည်။ ထို့နောက် သူ ခြေစုံမြှောက် ခုန်လိုက်ပြီး ချော်ရည်ကန်ထဲသို့ ပျံသန်းသွားလိုက်လေသည်။
“အာ...”
ယဉ်ရို့ပင်းတစ်ယောက် ကြောက်ရွံ့သွားပြီး မျက်နှာကလေး ဖြူဖျော့သွားသည်။ သူမ ကျန်းရီ၏ခန္ဓာကိုယ်ကို အားကုန်ဖက်ထားလေသည်။ သူမက လူကိုတွယ်ကပ်နေသော ကြောင်ကလေးတစ်ကောင်ကဲ့သို့ပင်။ သူမ၏ပုံစံကြောင့် ကျန်းရီ ရယ်ကာ ပြောလိုက်သည်။
“ဟားဟား... မကြောက်ပါနဲ့။ ငါက မီးနတ်ဘုရားပါ။ ဘယ်မီးတောက်ကမှ မင်းကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး”
ဝုန်း...
ကျန်းရီတို့နှစ်ယောက် ချော်ရည်ကန်အတွင်းသို့ ဝုန်းခနဲ ပျံဝင်သွား၏။ ရီချန်သည် ထိုအသံကြောင့် အလန့်တကြား လှည့်ကြည့်လိုက်သည်။ သူမ ပြေးနေခြင်းကို ရပ်တန့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။ သူမ၏ မျက်ဝန်းများထဲတွင် မနာလိုသော အရိပ်အယောင်များ ရှိနေပေသည်။
ဝုန်း...
ကျန်းရီသည် ချော်ရည်ကန်ထဲတွင် လှိုင်းလုံးတစ်လုံး ထလာစေပြီး ယဉ်ရို့ပင်းနှင့်အတူ လှိုင်းစီးလိုက်သည်။ ကျန်းရီသည် ချော်ရည်လှိုင်းပေါ်တွင် ခြေဗလာဖြင့်ရပ်နေပြီး ယဉ်ရို့ပင်းကိုလည်း တင်းကြပ်စွာ ပွေ့ဖက်ထားလေသည်။ သူတို့နှစ်ယောက်က ချော်ရည်လှိုင်းများကို စီးနေသော်လည်း မည်သည့်ပူလောင်မှုကိုမှ ခံစားရပုံ မပေါ်ချေ။ သူတို့နှစ်ယောက်သည် မသေမျိုးစုံတွဲတစ်တွဲကဲ့သို့ပင်။ ကျန်းရီ အလွန်လျင်မြန်စွာ သွားနေသည်။ တစ်ခဏအတွင်းမှာပင် သူတို့ ချော်ရည်ကန်၏ အခြားတစ်ဘက်သို့ ရောက်သွားသည်။ ထို့နောက် သူတို့သည် ကူကယ်ရာမဲ့တံတား၏ အဆုံးရှိ ကျောက်ဂိတ်တံခါးဆီသို့ ပျံတက်လိုက်ကြလေသည်။
ဟူး...ဟူး...
ယဉ်ရို့ပင်းက တုန်လှုပ်နေဆဲဖြစ်ပြီး ကျန်းရီကို တင်းကြပ်စွာ ဖက်ထားဆဲပင်။ သူမ၏ မျက်နှာလေးကလည်း ဖြူဖျော့နေသည်။ ကျန်းရီသည် နောက်လှည့်ကာ ရီချန်အား လှမ်းကြည့်လိုက်၏။ ထို့နောက် သူ ခေါင်းညိတ်ပြလိုက်ပြီး ယဉ်ရို့ပင်းကိုခေါ်၍ ကျောက်ဂိတ်တံခါးအတွင်းသို့ ဝင်သွားလိုက်သည်။ သူတို့နှစ်ယောက်က ရီချန်၏ မျက်လုံးရှေ့မှ ပျောက်ကွယ်သွားပေပြီ။
“ကောင်းကင်ကြယ်တာရာနယ်မြေက အဲ့ကလေးဆန်တဲ့လူငယ်လေးက ဒီအဆင့်ကိုတောင် ရောက်နေပြီလား။ အာ... ရီချန်... နင် အပြစ်တင်ချင်ရင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရမှာပဲ”
ရီချန်သည် တည်နေရာပြောင်းရွှေ့လာပြီးနောက် အစွမ်းကုန် ပြေးခဲ့သည်။ ထို့ပြင် သူမသည် ဆိုးဝါးအဆင့်ကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်သော်လည်း တံတားတစ်ဝက်သာ ရောက်သေးသည်။ သူမ စိတ်ပျက်စွာဖြင့် သက်ပြင်းလေးလေးတစ်ချက်သာ ချလိုက်ရလေသည်။
‘အဲ့ကောင်မလေးက ကျန်းရီနဲ့အတူ လိုက်သွားတာလား’
ရီချန်သည် ယဉ်ရို့ပင်းအကြောင်းကို တွေးမိလိုက်၏။ ထို့နောက် သူမ အကြိမ်ကြိမ် မျက်တောင်ခတ်ကာ လေးနက်သော လေသံဖြင့် ရေရွတ်လိုက်လေသည်။
“အဲ့ကောင်မလေးက သူ့ကို ကူညီချင်နေတာလား...”
***