ငါ မင်းကို တမလွန်လောကဆီ ခေါ်သွားမယ်
Vol. 79 Ch. 1100
ဒုတိယအဆင့်မှာ စမ်းချောင်းဝါလမ်းကြောင်းဖြစ်သည်။ ကျန်းရီအတွက် ထိုအဆင့်သည်လည်း ယခင်အဆင့်ကဲ့သို့ပင် လွယ်ကူသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ထိုနေရာတွင် ဝိညာဉ်ဝါးမျိုမိကျောင်းများစွာ ရှိနေခြင်းပင်။
ကျန်းရီသည် သက်တန့်ဝိညာဉ်လှံဖြင့် ဝိညာဉ်ဝါးမျိုမိကျောင်းများကို သတ်နိုင်ခဲ့သည်။ ထိုမိကျောင်းများက လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို သန်မာအောင် လုပ်ပေးနိုင်သော ဝိညာဉ်စွမ်းအင်များဖြစ်သည်။ သို့သော် ကျန်းရီ ဝိညာဉ်ဝါးမျိုမိကျောင်းများကို သတ်လျှင်ပင် သက်တန့်ဝိညာဉ်လှံက ပိုစွမ်းအားကြီးမလာတော့ပေ။ ထိုအစား သူ၏ မူလစိတ်ဝိညာဉ်ကသာ ပို၍စွမ်းအားကြီးလာသည်။ ပို၍ ထူးဆန်းသည်မှာ မူလစိတ်ဝိညာဉ်က ကြီးထွားလာသော်လည်း ဆက်၍ မအက်ကွဲတော့ခြင်းပင်။
ရွှက်...ရွှက်...
မည်းမှောင်နေသော စမ်းချောင်းဝါလမ်းကြောင်းတွင် မရေမတွက်နိုင်သော အရိပ်နက်များက ကျန်းရီထံ လျင်မြန်စွာ ပြေးလာကြ၏။ ကျန်းရီသည် ထွက်လည်းမပြေးသလို၊ ရှောင်လည်းမရှောင်လိုက်ပေ။ သူသည် ထိုအရိပ်နက်များအား သူ၏စိတ်ဝိညာဉ်ကို ဖြတ်သန်းသွားစေလိုက်သည်။ ထို့ကြောင့် ယဉ်ရို့ပင်းတစ်ယောက် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် နောက်သို့ ဆုတ်လိုက်သည်။
ကျန်းရီကမူ မည်သို့မှ မဖြစ်သကဲ့သို့ပင်။ သူသည် သူ့ကို မိစ္ဆာတစ်ကောင်ကဲ့သို့ ကြည့်နေသည့် ယဉ်ရို့ပင်းအား လှည့်ကြည့်ကာ ပြုံးပြလိုက်၏။
ရွှီး...
ယဉ်ရို့ပင်းသည် ခေတ္တမျှ တွေးတောပြီးနောက် တစ်စုံတစ်ခုလုပ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ သူမ၏ခန္ဓာကိုယ်က လင်းလက်လာပြီး ယစ်မူးဖွယ် မွှေးရနံ့တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုမွှေးရနံ့က ကျန်းရီ၏ စိတ်ဝိညာဉ်ကို အတန်ငယ်ပို၍ သန်မာသွားစေသည်။ ကျန်းရီသည် ယဉ်ရို့ပင်းကို အံ့ဩဟန်ဖြင့် ကြည့်လိုက်သော်လည်း သူမ၏အကူအညီကို မငြင်းဆန်လိုက်ပေ။ သူ၏မူလစိတ်ဝိညာဉ်က မသန်မာချေ။ သူက ဝိညာဉ်ဝါးမျိုမိကျောင်းများကို သတ်နေသဖြင့် သူ၏မူလစိတ်ဝိညာဉ်က တဖြည်းဖြည်း သန်မာလာနေပြီဖြစ်သော်လည်း ယခု နံ့သာသခင်မမျိုးနွယ်က ဖြည့်စွက်ကူညီလိုက်ရာ ပို၍လျင်မြန်စွာ တိုးတက်လာလေသည်။
ကျန်းရီသည် စမ်းချောင်းဝါလမ်းကြောင်းကို မနှေးမမြန် ဖြတ်ကျော်နေသည်။ လမ်းတစ်လျှောက်တွင် ကျန်းရီထံ ပြေးဝင်လာသော ဝိညာဉ်ဝါးမျိုမိကျောင်းများက သက်တန့်ဝိညာဉ်လှံ၏ သတ်ဖြတ်မှုကို ခံနေရလေသည်။ ထို့နောက် ၎င်းတို့၏ စွမ်းအင်က ကျန်းရီ၏ မူလစိတ်ဝိညာဉ်အတွင်းသို့ စုပ်ယူခံလိုက်ရသည်။
‘ဒီစမ်းချောင်းဝါလမ်းကြောင်းရဲ့ အခက်အခဲတွေက ဖြတ်ကျော်တဲ့ သိုင်းသမားရဲ့ အစွမ်းအပေါ်မူတည်ပြီး ပြောင်းလဲနေတာထင်တယ်။ ရှီးဖေးနဲ့ ကျန့်ထျန်းလဲ့တို့က ဒီထက်ခက်တဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရလောက်လား။ သူတို့ ဒုတိယအဆင့်ကို ဖြတ်ကျော်ပြီးသွားပြီလား’
ကျန်းရီ တွေးတောနေစဉ်တွင် သူ၏ အာရုံထဲ၌ ကောင်းကင်ထက်ခြမ်းပွင့်သွားသော ပုံရိပ်များ ထွက်ပေါ်လာလေသည်။ အနီရောင် တောက်ပနေသော ဗုဒ္ဓပုတီးစေ့များက ကောင်းကင်ထက်မှ ပြုတ်ကျလာပြီး လေထဲတွင် ရပ်တန့်သွားကြသည်။ ထို့နောက် ၎င်းတို့က ကောင်းကင်အက်ကြောင်းအတွင်း ဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။ ယင်းနောက် ကျန်းရီ၏ အာရုံထဲမှ ပုံရိပ်များ ပျောက်ကွယ်သွားသည်။
“တစ်ယောက်ယောက်က ဖြတ်ကျော်နိုင်သွားတာလား”
ကျန်းရီ၏ မျက်လုံးများ တောက်ပလာ၏။ သူ ယဉ်ရို့ပင်းကို လှည့်ကြည့်ကာ မေးလိုက်သည်။
“ရို့ပင်း... အဲ့ဒါက ဘာရတနာလဲ”
“အနီရောင် ဇင်ပုတီးစေ့တွေ”
ယဉ်ရို့ပင်းက ပြန်ဖြေလိုက်သည်။
“အဲ့ဒါက ဆဋ္ဌမရတနာပဲ။ တစ်ယောက်ယောက်က အမှတ်ခြောက်မှတ် ရသွားပြီထင်တယ်။ ရှီးဖေး ဒါမှမဟုတ် ကျန့်ထျန်းလဲ့က ဒုတိယအဆင့်ကို ဖြတ်ကျော်နိုင်သွားတာထင်တယ်။ အဲ့လိုမဟုတ်လည်း ကျန့်ဝူယင်းက ဆိုးဝါးအဆင့် စမ်းသပ်မှုရဲ့ တတိယအဆင့်ကို ဖြတ်ကျော်နိုင်သွားတာ ဖြစ်ရမယ်”
“ဆဋ္ဌမရတနာလား”
ကျန်းရီ၏မျက်နှာထား မည်းမှောင်သွား၏။ သူတို့နှစ်ယောက် စမ်းသပ်မှုအတွင်းသို့ ဝင်လာခဲ့သည်မှာ မကြာသေးသော်လည်း အရှေ့ပိုင်းအဆင့်များမှ ရတနာများက အခြားသူများ၏ လက်ထဲသို့ ရောက်သွားပြီဖြစ်သည်။ အကယ်၍ သူသာ ရက်ပေါင်းများစွာ နောက်ကျပြီးမှ ရောက်လာခဲ့လျှင် ဆန်းကြယ်နတ်ဘုရားနန်းတော်ပင် အခြားသူလက်ထဲ ပါသွားနိုင်သည်။ သူ တောက်ပသော မျက်ဝန်းများဖြင့် အော်ပြောလိုက်သည်။
“မြန်မြန်... ငါတို့ မြန်မြန်သွားမှရမယ်။ ငါ့အနားမှာ ကပ်နေပါ”
ကျန်းရီသည် ဝိညာဉ်စွမ်းအင်များကို ပို၍ စုပ်ယူလိုနေ၏။ ထိုမှ သူ၏ စိတ်ဝိညာဉ်က တတိယအဆင့်သို့ ရောက်သွားမည်ဖြစ်သည်။ ယဉ်ရို့ပင်းနှင့် အခြားသူများအားလုံး၏ စိတ်ဝိညာဉ်က တတိယအဆင့်တွင် ရှိနေလောက်ပေပြီ။ ကျန်းရီက သူမတို့ထက် တစ်ဆင့်နိမ့်နေသည်။ သို့သော် သူ၏ စိတ်ဝိညာဉ်သာ မအက်ကွဲခဲ့ပါက ယခုလောက်ဆိုလျှင် သူ အဆင့်တက်ပြီးနေလောက်ပြီဖြစ်သည်။
ဝှစ်...ဝှစ်...
ကျန်းရီသည် မြန်နိုင်သမျှ အမြန်ဆုံး ပြေး၍ လမ်းကြောင်းကို ဖြတ်ကျော်နေသည်။ သူ အရှိန်တင်လိုက်သည့်အခိုက်တွင် သူတို့ ပတ်ဝန်းကျင်မှ အရာအားလုံး လည်ပတ်သွားသည်။ ဝိညာဉ်ဝါးမျိုမိကျောင်းများကလည်း ကျိုင်းကောင်အုပ်ကြီးကဲ့သို့ သူတို့ထံ အလွန်လျင်မြန်စွာ ပြေးဝင်လာလေသည်။
“ကျန်းရီ သတိထား”
ယဉ်ရို့ပင်းသည် အရှေ့မှ မြင်ကွင်းကို ကြည့်၍ အလွန်စိတ်လှုပ်ရှားသွားသည်။ သူမသည်ပင် ထိုဝိညာဉ်ဝါးမျိုမိကျောင်းများကို ခက်ခက်ခဲခဲ ခုခံရမည်ဖြစ်သည်။ ကျန်းရီက သူမထက် စိတ်ဝိညာဉ်အဆင့်နိမ့်ပေရာ ၎င်းတို့ကို ခုခံနိုင်ပါမည်လော။
ကျန်းရီ ယဉ်ရို့ပင်းကို ပြန်မပြောလိုက်ပေ။ သူ့ခန္ဓာကိုယ်ထဲကို ဝင်သွားပြီး ဝိညာဉ်ဝါးမျိုမိကျောင်းများက မြေပုံတစ်ခုကဲ့သို့ ပြန်ထွက်လာကြသည်။ ယဉ်ရို့ပင်းသည် ဆူဆူပူပူ လုပ်မနေတော့ဘဲ ကျန်းရီနားသို့သာ ကပ်ထားလိုက်၏။ ဝိညာဉ်ဝါးမျိုမိကျောင်းများသည် တစ်ချီတိုက်ခိုက်ပြီးလျှင် အတန်ကြာမှ ထပ်မံ ထွက်ပေါ်လာမည်ဖြစ်သည်။ သူမ ကျန်းရီနောက်တွင် ကပ်နေလျှင် လုံခြုံပေသည်။
စမ်းချောင်းဝါလမ်းကြောင်းက ရှည်လျားသည်။ ယခင်တစ်ခေါက်တွင် ကျန်းရီသည် ထိုလမ်းကြောင်း၏ အဆုံးကိုရောက်ရန် လဝက်ကြာ သွားခဲ့ရသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ သူ တစ်ရက်သာ သွားလိုက်ရသည်။ ယခုတွင် အရှေ့ရှိ ကျောက်ဂိတ်တံခါးကို သူ လှမ်းမြင်နေရပေပြီ။ ယခင်တစ်ခေါက်တွင် သူက အလွန်နှေးကွေးခဲ့သည့်အပြင် လမ်းတွင်လည်း မကြာမကြာ အနားယူခဲ့သေးသည်။ ဤတစ်ကြိမ်တွင်မူ သူက အမြန်ဆုံးအရှိန်ဖြင့် ပြေးလာခဲ့ခြင်းပင်။ သို့ဖြစ်ရာ ယခင်ကလောက် အချိန်မကြာတော့ခြင်းမှာ သဘာဝကျပေသည်။
“ငါတို့ ရှီးဖေးကိုရော ကျန့်ထျန်းလဲ့ကိုရော မတွေ့ခဲ့ဘူး။ သူတို့က တတိယအဆင့်ကို ရောက်သွားပြီထင်တယ်”
ကျန်းရီသည် ပတ်ဝန်းကျင်ကို အာရုံခံကြည့်ပြီးနောက် ရေရွတ်လိုက်၏။ ရှီးဖေးနှင့် ကျန့်ထျန်းလဲ့တို့နှစ်ယောက်ထဲမှ တစ်ယောက်က ဇင်ပုတီးစေ့များကို ရသွားခြင်းဖြစ်မည်။ ယခုတွင် သူတို့က ဖုန်းတုမြို့တွင် ရှိနေလောက်ပြီဟု ကျန်းရီ ခန့်မှန်းလိုက်သည်။
ကျန်းရီသည် ကျောက်ဂိတ်တံခါးအတွင်းသို့ မဝင်ခင် သူ၏ ဝိညာဉ်ကို စူးစမ်းကြည့်လိုက်သည်။ သူ နောင်တရသွားသည်။ သူသာ ပိုနှေးနှေးလာခဲ့လျှင် စိတ်ဝိညာဉ်က ယခုထက်များစွာပို၍ တိုးတက်နေလောက်သည်။ ဤတစ်ကြိမ်တွင် သူ၏မူလစိတ်ဝိညာဉ်က အဆတစ်ရာနီးပါး အရွယ်အစား ပိုကြီးလာခဲ့သည်။ နောက်အဆင့်သို့ ရောက်ရန် သိပ်မလိုလောက်တော့ချေ။
ရွှီး...
ထိုအခိုက်တွင် ကျန်းရီနှင့် ယဉ်ရို့ပင်းတို့၏ အာရုံထဲ၌ အခြားပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်က ထပ်မံ၍ ထက်ခြမ်းပွင့်သွား၏။ ကောင်းကင်ထက်မှနေ၍ ဘူးတစ်ဘူးနှင့် ဓားရှည်တစ်ချောင်း ကျဆင်းလာသည်။ ကျန်းရီနှင့် ယဉ်ရို့ပင်းတို့ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။
ပဉ္စမရတနာနှင့် စတုတ္ထရတနာတို့ကို လူတစ်ယောက်တည်းက တစ်ချိန်တည်းမှာ ရယူသွားသည်။ ကျန့်ထျန်းလဲ့နှင့် ရှီးဖေးတို့က ဖုန်းတုမြို့ထဲသို့ ရောက်နေလောက်ပြီဖြစ်သော်လည်း ထိုရတနာနှစ်ခုကို ဆိုးဝါးအဆင့် စမ်းသပ်မှုမှ လူတစ်ယောက်က ယူသွားခြင်း ဖြစ်မည်ဖြစ်ကြောင်း ကျန်းရီသိ၏။ အဘယ်ကြောင့်ဆိုသော် ငရဲအဆင့် စမ်းသပ်မှုတွင် အဆင့်တစ်ဆင့်ကို ဖြတ်ကျော်နိုင်လျှင် အမှတ်သုံးမှတ်ရသောကြောင့်ပင်။ အကယ်၍ ရှီးဖေးနှင့် ကျန့်ထျန်းလဲ့တို့သာ ဖုန်းတုမြို့ကို ဝင်သွားနိုင်ခဲ့လျှင် စုစုပေါင်း အမှတ်ကိုးမှတ်ရမည်ဖြစ်သည်။ သို့ဆိုလျှင် သူတို့က ပဉ္စမ၊ စတုတ္ထနှင့် တတိယ ရတနာများကို တစ်ခါတည်း ယူနိုင်မည်ဖြစ်သည်။
“ကျန့်ဝူယင်းလား၊ ရီချန်လား”
ကျန့်ဝူယင်းနှင့် ရီချန်တို့က ဆိုးဝါးအဆင့် စမ်းသပ်မှုအတွင်းသို့ အရင်ဆုံး ဝင်သွားခဲ့သူများဖြစ်သည်။ သူတို့နှစ်ယောက်က အလွန်အင်အားကြီးပြီး အဆင့်များကို လျင်မြန်စွာ ဖြတ်ကျော်နိုင်သည့်အစွမ်းရှိသည်။ ကျန်းရီသည် ခေတ္တမျှ အနားယူပြီးနောက် ကျောက်ဂိတ်တံခါးဆီသို့ သွားလိုက်လေသည်။ ပါရမီရှင်အနည်းငယ်က စမ်းသပ်မှုများကို အလွန်လျင်မြန်စွာ ဖြတ်ကျော်နေသည်။ သူသာ အမီမလိုက်နိုင်လျှင် ဖန်စေတီက အခြားတစ်ယောက်၏ လက်ထဲသို့ ပါသွားပေလိမ့်မည်။
ရွှီး...
အဖြူရောင်အလင်း လင်းလက်လာ၏။ ကျန်းရီနှင့် ယဉ်ရို့ပင်းတို့ အနီရောင်ကုန်းမြေတစ်ခုသို့ ရောက်သွားသည်။ ဖုန်းတုမြို့က ယခင်ကကဲ့သို့ပင်။ ကောင်းကင်က မှောင်မည်းနေပြီး သူတို့ပတ်ဝန်းကျင်မှ အရာအားလုံးက အေးဆက်နေသည်။ ထိုနေရာက သေခြင်းတရား၏ အငွေ့အသက်ကို ပေးလေသည်။ ထိုနေရာသို့ ရောက်လာသည့် မည်သူမဆို စိတ်မသက်မသာ ခံစားရမည်သာ။
ကျန်းရီသည် ယဉ်ရို့ပင်းက တုန်ယင်နေကြောင်း ခံစားလိုက်ရ၏။ သူ နောက်လှည့်ကြည့်လိုက်ရာ သူမ၏ မျက်နှာတွင် သွေးမရှိတော့ကြောင်း တွေ့လိုက်ရသည်။ သူ သူမ၏ လက်ကလေးကို လှမ်းဆွဲလိုက်ပြီး နှစ်သိမ့်လိုက်သည်။ ထို့နောက် သူ ပြုံးကာ မေးလိုက်လေသည်။
“မင်း ကြောက်လို့လား”
“မကြောက်ပါဘူး”
ယဉ်ရို့ပင်းက ကျန်းရီ၏လက်ကိုကိုင်၍ ချိုသာစွာ ပြုံးလိုက်သည်။
“ရှင် ရှိနေရင် ကျွန်မ ဘာကိုမှ မကြောက်ဘူး”
“ဟ...”
ကျန်းရီ တစ်ကိုယ်လုံး တောင့်တင်းသွား၏။ သူမပြောသောစကားက ချစ်သူရည်းစားအချင်းချင်းသာပြောသောစကား မဟုတ်လော။ ဤရက်ပိုင်းတွင် ယဉ်ရို့ပင်းတစ်ယောက် ဘာဖြစ်နေခြင်းနည်း။ အဘယ်ကြောင့် သူမက သူ့ကို ပရောပရည်စကားများ ပြောနေရသနည်း။ သူမက သူ့ကို ချစ်ခင်နေခြင်းလော။ သူမက အရာအားလုံးကို စွန့်လွှတ်၍ သူ့နောက်သို့ လိုက်လာရန် ဆုံးဖြတ်ထားခြင်းလော။
ယဉ်ရို့ပင်းကဲ့သို့ မိန်းမပျိုလေးတစ်ယောက်က ယောက်ျားများကို ခြေရင်းတွင် ဝပ်တွားသွားစေနိုင်သည်။ ကျန်းရီသည်လည်း သူမ၏ သူ့အပေါ်ဆက်ဆံပုံကို စိတ်ထဲမှ ကြိတ်၍သဘောကျမိနေသဖြင့် စက္ကူကဲ့သို့ ပါးလွှာသည့် စိတ်ကူးယဉ်အိပ်မက်လေးကို မဖျက်စီးနေတော့ပေ။ သူ ခပ်သဲ့သဲ့ပြုံးကာ ပြောလိုက်သည်။
“ငါ မင်းကို တမလွန်လောကဆီ ခေါ်သွားမယ်”
“အွန်း...”
ယဉ်ရို့ပင်းက ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်သည်။ သူမ၏ မျက်ဝန်းများထဲမှ ချစ်ခင်မှုက အဆတစ်သိန်း တိုးလာလေသည်။ ကျန်းရီသည် ယဉ်ရို့ပင်း၏လက်ကို ဆွဲကာ လျင်မြန်စွာ ပြေးသွားလိုက်သည်။ သို့သော် သူတို့ ကီလိုမီတာငါးဆယ် သွားပြီးနောက်တွင် ရွေးချယ်စရာမရှိဘဲ ရပ်တန့်လိုက်ရလေသည်။
“ဖုန်းတုမြို့က ဘာဖြစ်သွားတာလဲ။ ဘာလို့ မြို့ပြင်မှာ အလောင်းတွေ ပြည့်နေရတာလဲ”
ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ သူတို့ထံ ဦးတည်လာနေသော ဖုတ်ကောင်စစ်တပ်တစ်တပ်ကို အာရုံခံလိုက်သည်။ သူ ရုတ်ခြည်း မျက်နှာထား တင်းမာသွားသည်။ ယခင်တစ်ခေါက်တွင် ဖုန်းတုမြို့၌ ဖုတ်ကောင်စစ်သည်များ မရှိခဲ့ပေ။ ဤတစ်ကြိမ်တွင်မူ မြို့ပြင်၌ မရေမတွက်နိုင်သော ဖုတ်ကောင်စစ်သည်များ ရှိနေလေသည်။
‘ဒီအဆင့်ကရော ဖြတ်ကျော်မယ့် သိုင်းသမားရဲ့ အစွမ်းပေါ်မူတည်ပြီး အခက်အခဲတွေ မတူတာလား။ အင်း... ခုနက စမ်းချောင်းဝါလမ်းကြောင်းမှာလည်း ဝိညာဉ်ဝါးမျိုမိကျောင်းတွေ ပိုရှိနေခဲ့တာပဲ’
ကျန်းရီသည် သက်တန့်ဝိညာဉ်လှံကို ထုတ်ကာ ပစ်လွှတ်လိုက်သည်။ ယခင်တစ်ခေါက်တွင် သူသည် ဤအဆင့်ကို ဖြတ်ကျော်ရန် အသက်တံခါးကို ရှာတွေ့ခဲ့သည်။ သူ့အတွက် ဤဖုန်းတုမြို့ကို ဖြတ်ကျော်နိုင်ရန် လွယ်ကူပေသည်။ ဖုတ်ကောင်စစ်သည်များက သူတို့ထံသို့ လာနေလျှင်ပင် သူ ၎င်းတို့အားလုံးကို ရှင်းပစ်နိုင်မည်ဟု ယုံကြည်မှုရှိသည်။ ကျန်းရီသည် သတ်ဖြတ်အရှိန်အဝါများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် အော်ပြောလိုက်သည်။
“ရို့ပင်း... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်။ မင်းအပေါ် ဖုတ်ကောင်အရှိန်အဝါတွေ ရောက်မလာစေနဲ့။ သတ်...”
“သတ်...”
ယဉ်ရို့ပင်းသည် ဖုတ်ကောင်စစ်တပ်ဆီသို့ ရူးသွပ်နေသော နဂါးတစ်ကောင်ကဲ့သို့ ပြေးသွားသော ကျန်းရီကိုကြည့်ကာ ချိုသာစွာ ပြုံးလိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် ချစ်ခင်သည့် အရိပ်အယောင်များ ပြည့်နှက်နေလေသည်။ ထို့နောက် သူမ၏ လက်ထဲတွင် ကျောက်စိမ်းနီလေးတစ်လက် ထွက်ပေါ်လာသည်။ သူမလည်း ဖုတ်ကောင်စစ်တပ်ဆီသို့ ပြေးသွားလိုက်သည်။ ဖုတ်ကောင်များကို ကျန်းရီနှင့်အတူ ရှင်းပစ်ရန် သူမ အဆင်သင့်ဖြစ်နေပေပြီ။
***