ဝိညာဉ်လိုက်လေ
Vol. 79 Ch. 1101
တိုက်ပွဲက လျင်မြန်စွာ အစပြု၍ လျင်မြန်စွာပင် အဆုံးသတ်သွားသည်။ သို့သော် တိုက်ပွဲပြင်တွင် မည်သည့်သွေးမှ ရှိမနေပေ။
ကျန်းရီသည် ဖုတ်ကောင်စစ်သည်များ၏ ဝိညာဉ်ဟုဆိုနိုင်သော ၎င်းတို့၏ အသက်တံခါးကို သိမြင်နိုင်သည်။ သက်တန့်ဝိညာဉ်လှံက ဖုတ်ကောင်စစ်သည်တစ်ကောင်စီ၏ ဦးခေါင်းများကို ထိုးဖောက်သွားကာ ၎င်းတို့၏ ဝိညာဉ်များကို အမှုန့်ချေပစ်လိုက်သည်။ ထိုအခါ ဖုတ်ကောင်စစ်သည်များ လဲကျသွားကြသည်။ ကျန်းရီအတွက် ၎င်းတို့က မပြောပလောက်ပေ။
“အာ...”
ယဉ်ရို့ပင်းသည် ကျန်းရီ တိုက်ခိုက်နေသည်ကို ကြည့်ရင်း မှင်တက်နေ၏။ သူမ၏ လှပသော မျက်ဝန်းလေးများက ဝဲပျံနေသော လှံကို မျက်တောင်မခတ် လိုက်ကြည့်နေသည်။ သူမ အံ့အားသင့်နေကြောင်း ထင်ရှားပေသည်။ သူမသည် ဖုတ်ကောင်စစ်သည်များ တစ်ကောင်ပြီးတစ်ကောင် လဲကျသွားသည်ကို ကြည့်ရင်း တံတွေးမျိုချကာ မေးလိုက်သည်။
“ကျန်းရီ... ရှင်က ဘယ်လို ပါရမီရှင်မျိုးလဲ။ ဘယ်လိုလုပ် အဲ့ဖုတ်ကောင်စစ်သည်တွေကို ဒီလောက်မြန်မြန် သတ်ပစ်နိုင်ရတာလဲ”
“ဟင်းဟင်း...”
ကျန်းရီ ခေါင်းငဲ့ကြည့်ကာ ပြုံးလိုက်သည်။
“အဲ့ဒါက စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်မျိုးပဲ... နည်းနည်းလေး ပိုပြီးထူးခြားတာပဲရှိတာ။ ဖုတ်ကောင်စစ်သည်တွေရဲ့ အသက်တံခါးက သူတို့ရဲ့ ဝိညာဉ်ပဲ။ ငါ သူတို့ရဲ့ ဝိညာဉ်ကို ဖျက်ဆီးလိုက်ရင် သူတို့က အလောင်းကောင် ပြန်ဖြစ်သွားမှာပေါ့”
“မဟုတ်သေးပါဘူး၊ ကျန်းရီ... ရှင့်ရဲ့ စိတ်ဝိညာဉ်က ကျွန်မရဲ့စိတ်ဝိညာဉ်လောက် မသန်မာဘူးမလား။ ဘာလို့ ရှင့်ရဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှုက အဲ့လောက် စွမ်းအားကြီးနေရတာလဲ”
ယဉ်ရို့ပင်းက မျက်လုံးပြူးကာ မေးလိုက်သည်။
“အဲ့ဒါက ရှင်းပြဖို့ခက်တယ်”
ကျန်းရီ နှာခေါင်းကုတ်လိုက်၏။ သူ့စိတ်ဝိညာဉ်၏ ထူးခြားမှုအကြောင်းကို သူ ယဉ်ရို့ပင်းအား ပြောပြ၍ မဖြစ်ပေ။ သူ အတန်ကြာ နှုတ်ဆိတ်သွားပြီးမှ စိတ်ဝင်တစား မေးလိုက်သည်။
“အရင်တစ်ခေါက်တုန်းက မင်းတို့ ဖုတ်ကောင်စစ်သည်တွေကို ဘယ်လို သတ်ခဲ့တာလဲ”
ယဉ်ရို့ပင်းက ခေတ္တမျှ စဉ်းစား၍ ပြန်ဖြေလိုက်သည်။
“သူတို့ရဲ့ခေါင်းတွေကို ပေါက်ကွဲထွက်သွားအောင် လုပ်လိုက်တာပဲ။ အဲ့ဖုတ်ကောင်စစ်သည်တွေရဲ့ ခန္ဓာကိုယ်က မသေနိုင်ဘူး။ ရှင့်ရဲ့ နည်းလမ်းကတော့ ပိုပြီး သပ်ရပ်တာပေါ့”
“ဟားဟား... သွားကြစို့”
ကျန်းရီသည် စကားဆက်ပြောမနေတော့ဘဲ သက်တန့်ဝိညာဉ်လှံကို လမ်းရှင်းခိုင်းကာ ဖုန်းတုမြို့ဆီသို့ ဦးတည်သွားလိုက်လေသည်။
အကယ်၍ ထိုအခိုက်တွင် တစ်စုံတစ်ယောက်က ကျန်းရီတို့ကို ကောင်းကင်ထက်မှ ကြည့်နေလျှင် ကြီးကျယ်သော မြင်ကွင်းတစ်ခုကို မြင်ရပေလိမ့်မည်။ မရေမတွက်နိုင်သော ဖုတ်ကောင်စစ်သည်များက ကျန်းရီတို့ထံသို့ အရပ်မျက်နှာအနှံ့မှနေ၍ ပြေးလာနေသည်။ ၎င်းတို့၏ ခန္ဓာကိုယ်က အနက်ရောင်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ ၎င်းတို့၏ မျက်ဝန်းများကလည်း နီရဲနေသည်။ ၎င်းတို့ကိုယ်မှလည်း သွေးပုပ်နံ့များ ထွက်နေသည်။ ဖုတ်ကောင်အများစုသည် ခြေတစ်ဘက်ပြတ်၊ လက်တစ်ဘက်ပြတ်များဖြစ်ကြပြီး ထူးဆန်းသော လက်နက်များကို ကိုင်ထားကြသည်။ ၎င်းတို့သည် ပါးစပ်များဟကာ ခြေကားရား၊ လက်ကားရားဖြင့် လျှောက်ကြသည်။ ဖုတ်ကောင်အော်သံများနှင့် လေအေးများက ထိုမြင်ကွင်းကို ပို၍ ကြောက်မက်ဖွယ်ကောင်းစေသည်။ ယင်းမြင်ကွင်းသည် တမလွန်လောကမှ မြင်ကွင်းကဲ့သို့ပင်။
သို့သော် ဖုတ်ကောင်အုပ်ကြီးကြားတွင် လူငယ်တစ်ယောက်က အရှေ့သို့ လျင်မြန်စွာ ပြေးသွားနေသည်။ သက်တန့်ဝိညာဉ်လှံတစ်ချောင်းကလည်း သူ့ကို လှည့်ပတ်ပျံသန်းနေသည်။ ထိုလှံသည် လူငယ်၏ ပတ်ပတ်လည်ရှိ ဖုတ်ကောင်များ၏ ခေါင်းကို လျှပ်စီးအလျင်ဖြင့် ထွင်းဖောက်ကာ ၎င်းတို့ကို မြေပြင်ပေါ် လဲကျသွားစေနေသည်။ ထိုလူငယ်၏အနောက်တွင်မူ မိန်းမလှလေးတစ်ယောက်က မြေပြင်မှ နှစ်လက်အကွာမှနေ၍ ပျံသန်းနေသည်။ ထိုမြင်ကွင်းတစ်ခုလုံးက မည်သူ့ကိုမဆို အံ့အားသင့်သွားစေမည်ဖြစ်သည်။
ဖုတ်ကောင်စစ်သည်များက မည်သည့်နေရာမှ ထွက်လာကြောင်းကို မသိရပေ။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ ကီလိုမီတာငါးဆယ် အဝန်းအဝိုင်းအတွင်း အာရုံခံကြည့်လိုက်သည်။ ဖုတ်ကောင်စစ်တပ်ကြီးက အဆုံးမရှိပေ။ တော်သေးသည်မှာ ဖုတ်ကောင်စစ်သည်များက ယခင် ကျန်းရီ ကြုံတွေ့ခဲ့သော ဖုတ်ကောင်များလောက် စွမ်းအားမကြီးခြင်းပင်။ ထို့ကြောင့် ယခု ဖုတ်ကောင်များက ကျန်းရီအတွက် ပမွှားလေးများဖြစ်နေလေသည်။
သို့သော်...
ကျန်းရီတို့ ကီလိုမီတာထောင်ကျော်သွားပြီးပေပြီ။ ကျန်းရီသည် သူ ဖုတ်ကောင်မည်မျှကို သတ်ခဲ့ကြောင်း မသိသော်လည်း သူ၏စိတ်ဝိညာဉ်က နွမ်းနယ်လာကြောင်း စတင်ခံစားလာရသည်။ သက်တန့်ဝိညာဉ်လှံက ဖုတ်ကောင်တစ်ကောင်ချင်းစီ၏ ဝိညာဉ်ကို ထိုးဖောက်သွားအောင် သူ့စိတ်ဖြင့် ထိန်းချုပ်ထားရသည် မဟုတ်လော။ ယင်းက အလွန်ပင်ပန်းသော အလုပ်ပင်။
“ကျွန်မ ရှေ့ကသွားမယ်”
ယဉ်ရို့ပင်းသည် ကျန်းရီက ပင်ပန်းလာကြောင်း သတိပြုမိလိုက်၍ ပြောလိုက်သည်။ ကျန်းရီက သူမကို လှည့်ကြည့်လိုက်သည်။
“မင်း ဖြစ်ပါ့မလား”
“ဟွန်း... ကျွန်မကို ကြည့်ထား”
ယဉ်ရို့ပင်းက မေးငေါ့၍ ကျန်းရီ၏အရှေ့သို့ ပျံသန်းသွားလိုက်သည်။ သူမ၏လက်ထဲရှိ အနီရောင်လေးက အဆက်မပြတ် တောက်ပနေသည်။ လေးမှ ထွက်သွားသော ကြောက်မက်ဖွယ် အနီရောင်အလင်းတန်းများက ရာချီသော မြားနီများအဖြစ် ပြောင်းလဲကာ ဖုတ်ကောင်များ၏ ဦးခေါင်းကို သွားရောက်ထိမှန်လေသည်။
ဖောင်း...ဖောင်း...ဖောင်း...
ရာချီသော ဖုတ်ကောင်များ၏ ဦးခေါင်းများ ပေါက်ကွဲသွား၏။ ထိုမြင်ကွင်းက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည်။ ကျန်းရီသည် ဖုတ်ကောင်များ၏ အသားစများ သူ့ကို လာမစင်စေရန် နတ်ဘုရားဒိုင်း ထုတ်၍ ကာလိုက်ရသည်။ ထို့နောက် သူ အနီရောင်လေးကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
“မဆိုးဘူး... အဲ့ဒါက ရှေးဟောင်းလက်နက်လား”
ယဉ်ရို့ပင်းက ဂုဏ်ယူဝံ့ကြွားစွာ ခေါင်းမော့၍ ပြောလိုက်သည်။
“ဟုတ်တယ်.. ဒါက နတ်ဘုရားပစ်လေးပဲ။ ဒီလေးက ရှေးခေတ်တုန်းက တော်တော်လေး ကျော်ကြားခဲ့တာ။ ပြီးတော့ ဒီလေးက ကျွန်မ သိမြင်နားလည်ထားတဲ့ ကြယ်လေးပွင့်၊ ကြယ်ငါးပွင့် တာအိုပုံသဏ္ဌာန်တစ်ခုနဲ့လည်း ကိုက်ညီမှုရှိတယ်လေ။ ဒါက တော်တော်လေး စွမ်းအားကြီးတယ်မလား”
ကျန်းရီက ပြုံး၍ လက်မထောင်ပြလိုက်သည်။ ထို့နောက် သူသည် စိတ်အေးသွားဟန်ဖြင့် သက်တန့်ဝိညာဉ်လှံကို ပြန်ရုတ်သိမ်းလိုက်သည်။ ယဉ်ရို့ပင်းသည် ကျန်းရီ၏ ချီးကျူးမှုကို ရလိုက်၍ မျက်လုံးကလေးများ ကျဉ်းသွားသည်အထိ ပြုံးလိုက်လေသည်။ ထို့နောက် သူမသည် စိတ်လှုပ်တရှားဖြင့် အရှေ့သို့ ပျံသွားလိုက်ပြီး အနီရောင်လေးကို သုံး၍ ဖုတ်ကောင်များကို သတ်လိုက်သည်။ လေးမှနေ၍ ရာချီသော အနီရောင်အလင်းတန်းများ အဆက်မပြတ် ထွက်နေ၏။ ရာချီသော ဖုတ်ကောင်များ၏ ဦးခေါင်းများလည်း ပေါက်ကွဲထွက်နေသည်။ သူမသည် ကျန်းရီထက် အနည်းငယ်ပို၍ အားစိုက်ရသော်လည်း ရလဒ်မှာ ကောင်းမြဲကောင်းဆဲပင်။
“အဲ့ဒါက အဆင့်မြင့် လေဓာတ်တာအိုပုံသဏ္ဌာန်လား”
ကျန်းရီ စိတ်ဝင်တစား မေးလိုက်၏။ သူသည် မြားနီများကို ကြည့်ရင်း ၎င်းတို့က လေအဟုန်ဖြင့် တူသည်ဟု တွေးမိလိုက်ခြင်းပင်။ ၎င်းမြားများက ဖုတ်ကောင်များ၏ ဦးခေါင်းများအနောက်သို့ ၎င်းတို့ဘာသာ လိုက်နိုင်သည်။ ယဉ်ရို့ပင်းက နောက်လှည့်ကြည့်ကာ ထပ်မံပြုံးလိုက်၏။
“ဟုတ်တယ်... အဲ့ဒါက အဆင့်မြင့် လေဓာတ်တာအိုပုံသဏ္ဌာန် ဝိညာဉ်လိုက်လေပဲ။ အဲ့ဒါကို ကျွန်မဘာသာ သိမြင်နားလည်သွားတာ။ ကျွန်မတို့ မျိုးနွယ်က ဆန်းကြယ်နယ်မြေတွေကို သုံးခဲ့တာ မဟုတ်ဘူး”
“တော်တယ်...”
ကျန်းရီက ထပ်မံ လက်မထောင်ပြလိုက်၏။ ယဉ်ရို့ပင်းသည် လူကြီးတစ်ယောက်၏ ချီးကျူးမှုကို ခံရသော ကလေးငယ်လေးတစ်ယောက်ကဲ့သို့ တောက်ပစွာ ပြုံးသွားလေသည်။ သူမ၏ အပြစ်ကင်းသောအပြုံး၊ ထင်ပေါ်သော ကိုယ်လုံးကိုယ်ပေါက်၊ လှပသော ရုပ်ရည်နှင့် သွယ်လျသော ခြေတံလေးများက သူမကို တောအုပ်နတ်သမီးတစ်ပါးနှင့် ဆင်တူနေစေလေသည်။ သူမကိုယ်ပေါ်မှ မွှေးရနံ့ကလည်း ဖုတ်ကောင်များ၏ ပုပ်အဲ့အဲ့အနံ့များကို ဖုံးလွှမ်းပေးထားသည်။ ထို့ကြောင့် ကျန်းရီသည် သူက ဖုန်းတုမြို့တွင် ရှိနေခြင်းမှ ဟုတ်ပါသလောဟု တွေးမိသွားသည်။ သူသည် ယဉ်ရို့ပင်းနှင့်အတူ လောကအနှံ့ ခရီးသွားနေသလိုမျိုး ခံစားနေရပေသည်။
ကျန်းရီနှင့် ယဉ်ရို့ပင်းတို့သည် တစ်ယောက်တစ်လှည့်စီ ဦးဆောင်၍ အရှေ့သို့ သွားနေကြသည်။ သူတို့သည် အတူတကွ လုပ်ဆောင်နေရ၍ မပင်ပန်းသည့်အပြင် တစ်ယောက်ကိုတစ်ယောက်ကြည့်၍ အားတက်နေကြသည်။ သို့ဖြင့် သူတို့သည် နေ့ဝက်နှင့်ပင် ဖုန်းတုမြို့သို့ ရောက်သွားလေသည်။ သူတို့သည် မြင့်မားသော အနက်ရောင် မြို့ရိုးများနှင့် သွေးနီရောင် မြို့ဂိတ်တံခါးကို ကြည့်လိုက်ကြသည်။ ကျန်းရီ၏ မျက်နှာထား တင်းမာသွားလေသည်။
မြို့ပြင်တွင်ပင် ဖုတ်ကောင်စစ်သည်များ ရှိနေလျှင် မြို့ထဲတွင် ပို၍အန္တရာယ်များနိုင်သည်။ အရေးအကြီးဆုံးမှာ ရှီးဖေးနှင့် ကျန့်ထျန်းလဲ့တို့က မြို့ထဲတွင် ရှိနေနိုင်ခြင်းပင်။ ကျန့်ထျန်းလဲ့က သူမည်သူဖြစ်ကြောင်းကို သိသွားပြီလော၊ မသိသေးသလောကို သူ မသိပေ။ မသိသေးလျှင် ကောင်းပေလိမ့်မည်။ သိသွားပြီဆိုလျှင်တော့ ပြဿနာများက စောင့်ကြိုနေနိုင်သည်။
ရွှီး...
ကျန်းရီ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်က လင်းလက်လာပြီး လက်စွပ်အတွင်းမှနေ၍ ဓားပျော့ ထွက်လာသည်။ နတ်ဘုရားတစ်ပိုင်းများကို တိုက်ခိုက်ရန် သူ အခြားရွေးချယ်စရာမရှိဘဲ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို အသုံးပြုရမည်ဖြစ်သည်။ သက်တန့်ဝိညာဉ်လှံကို သုံး၍ အတန်ငယ် ထိခိုက်သွားအောင် လုပ်နိုင်လောက်သော်လည်း နတ်ဘုရားတစ်ပိုင်းများ၏ တုံ့ပြန်နိုင်စွမ်းက အလွန်မြန်ပေသည်။ လှံက သူတို့၏ ခေါင်းအနားသို့ပင် ကပ်နိုင်မည် မဟုတ်ပေ။
“မစိုးရိမ်ပါနဲ့ ကျန်းရီ”
ယဉ်ရို့ပင်းသည် ကျန်းရီက စိုးရိမ်နေကြောင်း ပြောနိုင်၏။ ထို့ကြောင့် သူမ ပြုံးကာ အားပေးစကားပြောလိုက်သည်။
“ကျွန်မတို့ ရှီးဖေးနဲ့ တွေ့ခဲ့ရင် ကျွန်မ သူ့ကို ခဏလောက် သတိမေ့သွားအောင် လုပ်နိုင်ပါတယ်။ ပြီးတော့ ဖုန်းတုမြို့ထဲမှာက လမ်းခွဲတွေ အများကြီးရှိတာ... သူ ကျွန်မတို့ကို လိုက်မဖမ်းနိုင်လောက်ပါဘူး”
“အာ...”
ကျန်းရီသည် ယဉ်ရို့ပင်းကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်၏။ ထိုကောင်မလေးကလည်း နတ်ဘုရားတစ်ပိုင်းများကို တိုက်ခိုက်နိုင်သည်လော။ သို့သော် သူ အကြောင်းကို ချက်ချင်း သဘောပေါက်သွားသည်။ ထို့နောက် သူ တောက်ပသော မျက်ဝန်းများဖြင့် မေးလိုက်သည်။
“နံ့သာသခင်မမျိုးနွယ်ရဲ့ ထူးခြားတဲ့စွမ်းအားတစ်မျိုးနဲ့လား”
“အွန်း...”
ယဉ်ရို့ပင်း ရှက်သွေးဖြာသွား၏။ သူမသည် ကျန်းရီနှင့် မျက်လုံးချင်းမဆုံဝံ့တော့ပေ။
“ဟင်းဟင်း... အဲ့ဒါကိုသုံးဖို့ လိုချင်မှလိုမှာပါ။ ရှီးဖေးက ငါ့ကို မသတ်နိုင်လောက်ပါဘူး”
ကျန်းရီက ဓားပျော့ကို မြှောက်၍ ဖုန်းတုမြို့ဆီ သွားလိုက်လေသည်။
ကျွီ...ကျွီ...
ကျန်းရီတို့နှစ်ယောက် မြို့ဂိတ်တံခါးနှင့် မီတာတစ်ရာအကွာသို့ ရောက်လာသောအခါ အနီရောင်မြို့ဂိတ်တံခါးက ပွင့်သွားလေသည်။ ၎င်းသည် သူတို့နှစ်ယောက်ကို ဝါးမျိုတော့မည့် ဧရာမသားရဲကြီးတစ်ကောင်၏ ပါးစပ်ကြီးနှင့်ပင် တူနေပေသည်။
ကျန်းရီသည် ယဉ်ရို့ပင်း၏လက်ကလေးကို ဆုပ်ကိုင်လိုက်ပြီး မြို့ထဲသို့ ဝင်သွားလိုက်သည်။ ရုတ်ခြည်းပင် မြို့ဂိတ်တံခါးက ပြန်ပိတ်သွားသည်။ ထူးဆန်းသည်မှာ မြို့ပြင်မှ ဖုတ်ကောင်စစ်သည်များသည်လည်း အလောင်းကောင်များအဖြစ် လဲကျသွားခြင်းပင်။ ထို့နောက် ထိုအလောင်းကောင်များက လင်းလက်လာပြီ ပျောက်ကွယ်သွားလေသည်။ နေရာအနှံ့တွင် စွန်းထင်းနေသော သွေးနက်များကလည်း ပျောက်ကွယ်သွားသည်။ ယခုတွင် မြို့ပြင်၌ မည်သည့်အရာမှ မရှိတော့ပေ။
ကျန်းရီသည် ဖုန်းတုမြို့ထဲသို့ ရောက်လာသော်လည်း ယခင်က သူကြားခဲ့ရသော တစ္ဆေအော်သံများကို မကြားရတော့ပေ။ တစ္ဆေဘုရင်ကို အောင်းလုက ဖန်တီးခဲ့ခြင်းပင်။ ယခုတွင် အောင်းလုက အဆုံးမဲ့ပင်လယ်နက်သို့ ရောက်သွားပြီဖြစ်ရာ တစ္ဆေအော်သံများလည်း ပျောက်ကွယ်သွားပေပြီ။
“ပြဿနာပဲ...”
ကျန်းရီတို့နှစ်ယောက်သည် အရှေ့မှနေ၍ သူတို့ထံ ပြေးလာသော ဖုတ်ကောင်စစ်သည်များကို ထပ်မံတွေ့လိုက်ရ၏။ ထိုဖုတ်ကောင်စစ်သည်များက မြို့ပြင်မှ ဖုတ်ကောင်စစ်သည်များနှင့် ကွဲပြားသည်။ ၎င်းတို့က နှစ်ဆပိုမြန်သည်။ ထို့ပြင် သူတို့နှစ်ယောက်၏အရှေ့ သုံးကီလိုမီတာအကွာတွင်လည်း ဧရာမဖုတ်ကောင်သားရဲကြီးတစ်ကောင် ရပ်နေသည်။ ထိုဖုတ်ကောင်များက မြို့ပြင်မှ ဖုတ်ကောင်များထက် အဆပေါင်းများစွာ ပိုကြီး၊ ပိုသန်မာလိမ့်မည်ဟု သူတို့ တွေးမိသွားသည်။ ဖုတ်ကောင်သားရဲကြီးက မည်မျှစွမ်းအားကြီးကြောင်းကိုမူ သူတို့ မခန့်မှန်းနိုင်ကြပေ။
***