ရူးသွပ်စွာ ပြေးလွှားခြင်း
Vol. 79 Ch. 1102
ဖုတ်ကောင်များက မည်မျှ သန်မာသည်ဖြစ်စေ ရင်ဆိုင်ရတော့မည်သာ။ ယခုတွင် ၎င်းတို့က ကျန်းရီတို့နှစ်ယောက်ထံသို့ တန်းတန်းမတ်မတ် ဦးတည်လာနေပေပြီ။ ထိပ်တိုက်ရင်ဆိုင်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။ ဤတစ်ကြိမ်တွင် ကျန်းရီ ပို၍ ဂရုစိုက်ရပေမည်။ သူ ဝိညာဉ်လေများကို ထုတ်လိုက်ပြီး ဝိညာဉ်လေဓားများအဖြစ် ပေါင်းစည်းလိုက်သည်။ သက်တန့်ဝိညာဉ်လှံကလည်း သူ၏မျက်ခုံးနှစ်ခုကြားမှ ထွက်လာပြီး ဖုတ်ကောင်စစ်တပ်ဆီသို့ ပျံဝင်သွားသည်။
ဝုန်း...
ဖုတ်ကောင်စစ်သည်များ၏ ဝိညာဉ်က လှံချက်တစ်ချက်တည်းဖြင့် ပျက်စီးသွားသေးသည်။ သို့သော် လှံချက်၏ သက်ရောက်မှုက ယခင်ကလောက် မကြီးတော့ကြောင်း ထင်ရှားပေသည်။ မည်သို့ပင်ဖြစ်စေ ကျန်းရီသည် သက်တန့်ဝိညာဉ်လှံကို ထိန်းချုပ်၍ ဖုတ်ကောင်စစ်သည်များကို အဆက်မပြတ် တိုက်ခိုက်လိုက်သည်။ ထို့နောက် သူ ယဉ်ရို့ပင်းကို လှည့်ကြည့်ကာ အော်ပြောလိုက်သည်။
“ရိုးပင်... သတိထား။ ဒီဖုတ်ကောင်တွေက ပိုပြီးသန်မာတယ်။ ဟိုက ဖုတ်ကောင်သားရဲက ပိုပြီးတောင်သန်မာလိမ့်မယ်လို့ ငါထင်တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ။ ပြီးတော့... ငါ့နားကို ကပ်မလာနဲ့။ ငါ့ခန္ဓာကိုယ်ကို ဝိညာဉ်လေတွေက ကာထားတယ်။ မင်း အနားကပ်လာရင် ထိခိုက်မိလိမ့်မယ်”
“ကောင်းပြီ”
ယဉ်ရို့ပင်းသည်လည်း သတိမလွတ်ဝံ့ပေ။ သူမခန္ဓာကိုယ်ပတ်ပတ်လည်တွင် နတ်ဘုရားဒိုင်း တောက်ပလာသည်။ သူမကိုယ်ပေါ်တွင် အစိမ်းရောင် ကိုယ်လုံးပြည့်ချပ်ဝတ်လည်း ထွက်ပေါ်လာသည်။ ထိုချပ်ဝတ်က ဝိညာဉ်ချိတ်ဆက် မူလရတနာတစ်ခုဖြစ်ကြောင်း ထင်ရှားပေသည်။ ၎င်းအပေါ်တွင် သင်္ကေတပုံသဏ္ဌာန်များ တောက်ပနေသည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်က အလွန်အခြေခိုင်သည်။ ထို့ကြောင့် ယဉ်မျိုးနွယ်မှ ပထမသခင်မလေးက ဝိညာဉ်ချိတ်ဆက် မူလရတနာ ချပ်ဝတ်တစ်ထည်ကို ပိုင်ဆိုင်ထားခြင်းမှာ သာမန်သာဖြစ်ပေသည်။
ကျန်းရီသည် ထိုချပ်ဝတ်ကို ကြည့်၍ အတန်ငယ် စိတ်အေးသွား၏။ ထို့နောက် သူသည် သူ့အရှေ့မှ ဖုတ်ကောင်စစ်သည်များကို တိုက်ခိုက်ရန်သာ အာရုံစိုက်လိုက်လေသည်။
ဟိန်း...ဟိန်း...
ကျန်းရီတို့နှင့် သုံးကီလိုမီတာအကွာမှာ ဖုတ်ကောင်သားရဲက နိုးထလာ၏။ ၎င်း၏ဟိန်းသံက လမ်းတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ကျန်းရီနှင့် ယဉ်ရို့ပင်းတို့ တုန်လှုပ်သွား၏။ နားစည်လည်း နာသွားကြသည်။ ဖုတ်ကောင်သားရဲကို အနက်ရောင် အခိုးအငွေ့များက ဝန်းရံထားသည်။ ၎င်းတွင် တုတ်ခိုင်ရှည်လျားသော ခြေခြောက်ဘက်ရှိ၏။ ၎င်း၏အရပ်က အလွန်မြင့်မားပေသည်။ ၎င်း၏ ဧရာမ ပါးစပ်နီကြီးဟလာတိုင်းလည်း ချွန်ထက်သော ကြောက်မက်ဖွယ်သွားကြီးများကို မြင်လိုက်ရသည်။ ၎င်းတို့ကို ကြည့်မိသူတိုင်း သေချာပေါက် တုန်လှုပ်သွားမည်သာ။ ဖုတ်ကောင်သားရဲကြီးသည် ယဉ်ရို့ပင်းကို ၎င်း၏ နီရဲနေသောမျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။ ထိုမျက်လုံးများက ပုတ်လောက်ကြီး ကြီးပေသည်။
“သေပေတော့...”
ကျန်းရီသည် ဝိညာဉ်လေဓားဆယ်ချောင်းစလုံးကို မီတာခြောက်ဆယ်မြင့်သော ဖုတ်ကောင်သားရဲကြီးဆီသို့ ပစ်လွှတ်လိုက်သည်။ ဝိညာဉ်လေဓားတစ်ချောင်က ဖုတ်ကောင်သားရဲကြီး၏ ပါးစပ်ထဲ ဝင်သွားသည်။
ဟိန်း...
ဖုတ်ကောင်သားရဲက အနက်ရောင်အခိုးအငွေ့လုံးတစ်လုံးကို အန်ထုတ်လိုက်သည်။ ၎င်းအခိုးအငွေ့အလုံးက အပြင်သို့ ရောက်လာသောအခါ မြားနက်တစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ယင်းမြားနက်က ကျန်းရီထံသို့ ဦးတည်ပျံဝင်သွားလေသည်။
ထန်း...ထန်း...ထန်း...
ဝိညာဉ်လေဓားများက ဖုတ်ကောင်သားရဲကြီး၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ စိုက်ဝင်သွား၏။ သို့သော် သတ္တုအချင်းချင်း ထိခတ်သံများသာ ထွက်ပေါ်လာသည်။ ဖုတ်ကောင်သားရဲကြီးသည် အဟုန်ကြောင့် နောက်သို့ လွင့်ပျံသွား၏။ သို့ရာတွင် ထိပ်တန်းအဆင့် ကောင်းကင်ကံကြမ္မာသင်္ဘော၏ အကာအရံအလွှာကိုပင် ထိုးဖောက်နိုင်ခဲ့သော ဝိညာဉ်လေဓားများက ဖုတ်ကောင်သားရဲ၏ ခန္ဓာကိုယ်ကို ပြတ်ရှရာလေးများသာ ထင်စေခဲ့သည်။ ကျန်းရီ အလွန်အံ့အားသင့်သွားလေသည်။ ဖုတ်ကောင်သားရဲ၏ အရိုးများကလည်း အကောင်းအတိုင်း ရှိနေဆဲပင်။ ပါးစပ်အတွင်းသို့ ဝင်သွားသော ဝိညာဉ်လေဓားက ပုပ်နေသော အသားအချို့ကိုသာ လှီးဖြတ်နိုင်ခဲ့ပြီး ဖုတ်ကောင်သားရဲ၏ တစ်ကိုယ်လုံးကို အပိုင်းပိုင်းပြတ်သွားအောင် မလုပ်နိုင်ခဲ့ပေ။
ရွှီ...ရွှီ...
သားရဲကြီး၏ အနက်ရောင်အခိုးအငွေ့မှ ဖြစ်ပေါ်လာသော မြားနက်က ကျန်းရီထံသို့ လျင်မြန်စွာ ပျံဝင်လာသည်။ ၎င်းက သက်ရောက်မှုက အလွန်ကြီးမည့်ပုံပင်။ ကျန်းရီသည် ထိုမျှားကို ရှောင်လိုက်နိုင်၏။ သို့သော် သူ့အနောက်တွင် ယဉ်ရို့ပင်း ရှိနေရာ သူ မည်သို့ ရှောင်ရက်ပါမည်နည်း။
ဝုန်း...
ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ကျန်းရီ နောက်သို့ လွင့်ပျံထွက်သွားသည်။ သူ၏ ဝိညာဉ်လေနတ်ဘုရားဒိုင်းမှ စွမ်းအင်များစွာ ကုန်သွားသည်။ တော်သေးသည်မှာ သူ မြေပေါ်သို့ ပြန်ပြုတ်ကျလာသည့်အချိန်တွင်ပင် နတ်ဘုရားဒိုင်းက မပျက်စီးသွားသေးခြင်းပင်။ မြားနက်သယ်ဆောင်လာသော ဖိအားက ကျန်းရီကို အလွန်တုန်လှုပ်သွားစေသည်။ သူ၏ သွေးကြောများနှင့် ကိုယ်တွင်းအင်္ဂါများက ဒဏ်ရာရသွားပေပြီ။
“အဲ့ဖုတ်ကောင်က တော်တော်စွမ်းတာပဲ”
ကျန်းရီသည် သူ့နှုတ်ခမ်းစွန်းမှ သွေးများကို သုတ်လိုက်ပြီး ထရပ်လိုက်သည်။ ထို့နောက် သူ လေထဲသို့ ပျံတက်လိုက်ပြီး ယဉ်ရို့ပင်းကို အော်ပြောလိုက်သည်။
“ရို့ပင်း... ဖုတ်ကောင်စစ်သည်တွေကို ရှင်းထားလိုက်။ ငါ အဲ့ဖုတ်ကောင်သားရဲကို အရင် သွားရှင်းလိုက်ဦးမယ်”
“ဂရုစိုက်နော်”
ယဉ်ရို့ပင်းက ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ သူမ၏ အနီရောင်လေးက အသင့်ဖြစ်နေပေပြီ။ လေးမှနေ၍ ရာချီသာ အနီရောင်အလင်းတန်းများ ပျံထွက်သွားသည်။ ဖုတ်ကောင်များက ပိုသန်မာလာပြီဖြစ်သော်လည်း အလင်းတန်းများက ဖုတ်ကောင်များ၏ ဦးခေါင်းများကို ဖောက်ခွဲပစ်နိုင်နေသေးသည်။ ကျန်းရီသည် ယဉ်ရို့ပင်းအတွက် စိုးရိမ်ရန်မလိုပေ။ သူမက ဖုတ်ကောင်စစ်သည်များကို သူမဘာသာ ကိုင်တွယ်နိုင်ပေသည်။
ကျန်းရီသည် လေထဲတွင် သူ၏နတ်ဘုရားဒိုင်းကို စွမ်းအင်ပြန်ဖြည့်လိုက်ပြီး ဝိညာဉ်လေဓားကို ပြန်ဆင့်ခေါ်လိုက်သည်။ သူ၏ သက်တန့်ဝိညာဉ်လှံကလည်း ဖုတ်ကောင်စစ်သည်များကို တိုက်ခိုက်မနေတော့ဘဲ ဝိညာဉ်လေဓားများ၏အနောက်ကို လိုက်ကာ ဧရာမဖုတ်ကောင်သားရဲကြီးဆီသို့ ပျံသန်းသွားလေသည်။
ထန်း...ထန်း...ထန်း...
ဤတစ်ကြိမ်တွင် ကျန်းရီသည် ဝိညာဉ်လေဓားဆယ်ချောင်းကို နေရာတစ်ခုစီ မတိုက်ခိုက်စေတော့ဘဲ သားရဲကြီး၏ ခြေထောက်တစ်ချောင်းကိုသာ တိုက်ခိုက်စေလိုက်သည်။ သူက သားရဲကြီးကို ဒုက္ခိတဖြစ်သွားအောင် လုပ်လိုနေခြင်းပင်။ ထိုမှ ၎င်း ထွက်မပြေးနိုင်မည်ဖြစ်သည်။ သက်တန့်ဝိညာဉ်လှံကလည်း သားရဲကြီးကို တစ်ပတ်လှည့်၍ ပျံသန်းပြီးနောက် ၎င်း၏ဝိညာဉ်ကို ဦးတည်ကာ စတင်တိုက်ခိုက်လိုက်သည်။
ဖုတ်ကောင်သားရဲကြီးက အနက်ရောင် အခိုးအငွေ့လုံးနောက်တစ်လုံးကို အန်ထုတ်လိုက်၏။ အနက်ရောင်အခိုးအငွေ့လုံးက အနက်ရောင်မြားတစ်ချောင်းအဖြစ် ပြောင်းလဲသွားပြီး ကျန်းရီထံသို့ ထပ်မံပျံသန်းသွားသည်။ ယင်းက ဖုတ်ကောင်သားရဲကြီး၏ အားနည်းချက်ပင်။ ထိုတိုက်ခိုက်မှုက ရိုးရှင်းလွန်းပေသည်။ သေပြီးသော တိရစ္ဆာန်တစ်ကောင်က သေပြီးသော တိရစ္ဆာန်တစ်ကောင်သာ မဟုတ်ပါလား။ ၎င်းက မည်မျှစွမ်းအားကြီးပါစေ အသက်ရှင်နေစဉ်တုန်းကကဲ့သို့ အသိဉာဏ်ရှိတော့မည် မဟုတ်ပေ။
‘မဖြစ်နိုင်ဘူး’
သက်တန့်ဝိညာဉ်လှံက ဖုတ်ကောင်သားရဲကြီး၏ စိတ်ဝိညာဉ်ပင်လယ်အတွင်း ဝင်သွားပြီးနောက် ကျန်းရီသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိလိုက်၏။ သားရဲကြီး၏ စိတ်ဝိညာဉ်ပင်လယ်အတွင်းရှိ အနက်ရောင်အခိုးအငွေ့များက အလွန်သိပ်သည်းလွန်းနေသည်။ သူသာ အတိအကျ မတိုက်ခိုက်နိုင်လျှင် သက်တန့်ဝိညာဉ်လှံက တိုက်စားခံလိုက်ရနိုင်သည်။ ကျန်းရီ မစွန့်စားဝံ့ပေ။ ထို့ကြောင့် သူ သက်တန့်ဝိညာဉ်လှံကို ပြန်ထွက်လာစေလိုက်သည်။
ဝုန်း...
ကျန်းရီက ဖုတ်ကောင်သားရဲကြီးနှင့် နီးကပ်နေသဖြင့် သက်ရောက်မှုအဟုန်က ပြင်းထန်နေခြင်းမှာ အံ့ဩစရာမရှိချေ။ သူသည် တစ်ချက်တွေဝေလိုက်သဖြင့် ရှောင်ချိန်ပင် မရလိုက်။ မြားနက်ကြောင့် သူ ထပ်မံ လွင့်ပျံထွက်သွားသည်။ သူသည် လေကိုခွင်း၍ ကျောက်တုံးအိမ်တစ်အိမ်ဘေးရှိ လူသွားစင်္ကြံလမ်းပေါ်သို့ ကျသွား၏။ ပြုတ်ကျမှုအဟုန်ကြောင့် ကျောက်တုံးအိမ်၏ အကာအရံများပင် တုန်ခါသွားသည်။
‘ထပ်ကြိုးစားကြည့်တာပေါ့’
ကျန်းရီ ထပ်မံပျံတက်လိုက်၏။ ဖုတ်ကောင်သားရဲကြီး၏ ခြေထောက်က တစ်ဝက်ပြတ်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် သူ၏မျက်လုံးများ တောက်ပလာသည်။ သူ၏ နဝမကြယ်စက်လုံးထဲတွင် ဝိညာဉ်လေများစွာ ရှိသေးသည်။ ဝိညာဉ်လေများ ကုန်သွားမည်ကို သူ စိုးရိမ်စရာမလိုပေ။ သူ ထိုဖုတ်ကောင်သားရဲကြီးကို ဝိညာဉ်လေဓားများနှင့် မသတ်နိုင်လျှင်လည်း ခြေထောက်များကို ဖြတ်ပစ်နိုင်သေးသည်။
ဝှစ်...ဝှစ်...
ကျန်းရီ လေထဲသို့ ထပ်ခါထပ်ခါ ပျံတက်နေရ၏။ သူသည် လေထဲသို့ ပျံတက်လိုက်တိုင်းလည်း ဝိညာဉ်လေဓားဆယ်ချောင်းကို ဖုတ်ကောင်သားရဲကြီး၏ ခြေထောက်တစ်ချောင်းစီ ပစ်သွင်းလိုက်သည်ချည်းသာ။ ဖုတ်ကောင်သားရဲကြီး၏ ဘယ်ဘက်ရှိ ပထမနှင့် ဒုတိယခြေထောက်တို့က ပြတ်သွားပေပြီ။ သို့သော် သားရဲကြီးသည် ဘယ်ဘက်မှ တတိယခြေထောက်ကို အားပြု၍ ရပ်နေဆဲပင်။ ကျန်းရီသည် သားရဲကြီး၏ ကျန်နေသေးသော ခြေထောက်များကို ဆက်တိုက်ခိုက်လိုက်သည်။
ရွှက်...
ကျန်းရီ ဆယ်ကြိမ် ပျံတက်ပြီးနောက်တွင် ဖုတ်ကောင်သားရဲကြီး၏ ဘယ်ဘက်ခြေထောက် သုံးချောင်းစလုံး ပြတ်သွားပေပြီ။ ညာဘက်ခြေထောက်သုံးချောင်းက အကောင်းအတိုင်း ရှိနေသေးသော်လည်း ဖုတ်ကောင်သားရဲကြီးသည် ဟန်ချက်ညီညီ ရပ်နိုင်တော့မည် မဟုတ်ပေ။ ၎င်းသည် မတ်မတ်ရပ်နိုင်ရန် ကြိုးစားနေသော်လည်း ရပ်လိုက်တိုင်း ယိုင်ကာလဲကျသွားသည်သာ။ ယခုတွင် ၎င်းသည် မတ်မတ်ပင် မရပ်နိုင်တော့သဖြင့် ကျန်းရီကိုလည်း တိုက်ခိုက်နိုင်တော့မည် မဟုတ်ချေ။
‘သွားမယ်...’
ကျန်းရီသည် နှုတ်ခမ်းစွန်းမှ သွေးများကို သုတ်လိုက်ပြီး သက်တန့်ဝိညာဉ်လှံကို ထပ်မံ ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူသည် ယဉ်ရို့ပင်းကို ဆွဲခေါ်ကာ အရှေ့သို့ သွားလိုက်သည်။ ယခုတွင် ဖုတ်ကောင်သားရဲကြီးက သူတို့ကို မတားနိုင်တော့ပေ။ ဖုတ်ကောင်စစ်သည်များမှာမူ သူတို့အတွက် ပမွှားလေးများသာ။ သူတို့နှစ်ယောက်သည် ဖုတ်ကောင်စစ်သည်များကို သတ်ကာ လမ်းရှင်း၍ အရှေ့သို့ လျင်မြန်စွာ သွားနေကြလေသည်။
ရွှီး...
ငါးကီလိုမီတာ ပြေးပြီးနောက် ကျန်းရီ၏ အာရုံထဲတွင် ပုံရိပ်တစ်ခု ထပ်ပေါ်လာသည်။ ကောင်းကင်က ထက်ခြမ်းပွင့်သွားပြီး ဗာဂျရာဖိနပ်တစ်ရံ ကျဆင်းလာသည်။ ထို့နောက် ကျန်းရီ၏ အာရုံထဲတွင် ပုံရိပ် ပြန်ပျောက်ကွယ်သွားလေသည်။
‘တတိယရတနာ ပါသွားပြီ’
ကျန်းရီနှင့် ယဉ်ရို့ပင်းတို့ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြ၏။ ကျန်းရီ မျက်နှာပျက်နေသည်။ အချိန်တိုအတွင်းမှာပင် တတိယရတနာက အခြားသူထံ ပါသွားပေပြီ။ ရှီးဖေး သို့မဟုတ် ကျန့်ထျန်းလဲ့က တတိယအဆင့်ကို ဖြတ်ကျော်သွားနိုင်ခဲ့ခြင်းဖြစ်မည်။ သို့သော် ရီချန်နှင့် ကျန့်ဝူယင်းတို့နှစ်ယောက်ထဲမှ တစ်ယောက်ယောက်က ဆိုးဝါးအဆင့် စမ်းသပ်မှု၏ ပဉ္စမအဆင့်ကို ဖြတ်ကျော်သွားနိုင်ခြင်းလည်း ဖြစ်နိုင်သည်။
မည်သူက တတိယ ရတနာကို ရသွားသည်ဖြစ်စေ အရေးမကြီးပေ။ ဒုတိယရတနာက ဖန်စေတီဖြစ်နေခြင်းကသာ အရေးကြီးသည်။ အကယ်၍ တစ်စုံတစ်ယောက်က ဖန်စေတီကို ရသွားလျှင် သူ ဒုက္ခများသွားနိုင်သည်။ သူတို့ ဆန်းကြယ်နတ်ဘုရားနန်းတော်မှ ပြန်ထွက်ချိန်တွင် နတ်ဘုရားတစ်ပိုင်းများက ဝိုင်းနေမည်ဖြစ်၍ သူ ဖန်စေတီကို ပြန်လုယူနိုင်မည်လည်း မဟုတ်ပေ။
“မြန်မြန်၊ မြန်မြန်၊ မြန်မြန်...”
ကျန်းရီ အော်လိုက်သည်။ သက်တန့်ဝိညာဉ်လှံက ယခင်ကထက် ပိုလျင်မြန်စွာ ပျံသန်းသွားသည်။ ကျန်းရီသည် စွမ်းအင်ကုန်မည်ကို အရေးစိုက်မနေနိုင်တော့ဘဲ ဖုန်းတုမြို့ထဲမှသာ အမြန်ဆုံး ထွက်လိုနေလေသည်။
“ကျန်းရီ...”
ယဉ်ရို့ပင်းက ကျန်းရီကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်သည်။ သူ ဤအတိုင်း ရူးသွပ်စွာ ပြေးလွှားနေပါက မကြာခင်တွင် အားကုန်သွားပေလိမ့်မည်။ အကယ်၍ အရှေ့တွင် ပို၍ကြီးသော ဖုတ်ကောင်သားရဲများက သူမတို့ကို စောင့်နေလျှင် မည်သို့လုပ်မည်နည်း။ သို့သော် ကျန်းရီက ရူးသွပ်စွာ ပြေးလွှားနေဆဲပင်။ ထို့ကြောင့် သူမသည်လည်း အရှိန်မြှင့်ကာ သူ့နောက်သို့ အမီလိုက်နေရသည်။ သူမ၏ လက်ထဲမှ အနီရောင်လေးက တောက်ပလာ၏။ အကယ်၍ ကျန်းရီ အားကုန်သွားပါက နှစ်ယောက်စလုံး၏ ဝန်ကိုထမ်းရန် သူမ အသင့်ပြင်လိုက်ပေပြီ။
ဂါး...ဂါး...ဂဲ...ဂဲ...
ဖုတ်ကောင်စစ်သည်များက ကျန်းရီနှင့် ယဉ်ရို့ပင်းတို့ဆီ ပြေးဝင်လာနေဆဲပင်။ သူမတို့နောက်တွင်လည်း ရှည်လျားသော ဖုတ်ကောင်တန်းကြီး ရှိနေသည်။ သူမတို့ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်ခံနေရလေသည်။ ဖုန်းတုမြို့က အမှန်ပင် ငရဲတစ်ခု ဖြစ်လာပေပြီ။
***