ကျန်းရီ... ငါတို့ ထပ်တွေ့ပြန်ပြီ
Vol. 79 Ch. 1103
သုံးရက်...
ကျန်းရီ အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်မှာ သုံးရက်ရှိသွားပြီဖြစ်သည်။ သူသည် စက္ကန့်ပိုင်းမျှပင် အနားမယူခဲ့ပေ။ ထိုသုံးရက်အတွင်းတွင် သူသည် မရေမတွက်နိုင်သော ဖုတ်ကောင်စစ်သည်များကို သတ်ခဲ့ပြီး မရေမတွက်နိုင်သော ဖုတ်ကောင်သားရဲများကို တိုက်ခိုက်ခဲ့သည်။ သူသိသည်မှာ လမ်းပေါင်းရှစ်ရာကို ရှာပြီးသော်လည်း ထွက်ပေါက်ကို ရှာမတွေ့သေးခြင်းပင်။
ဖုန်းတုမြို့တွင် လမ်းပေါင်း နှစ်သောင်းကျော်ရှိသည်။ ကျန်းရီတို့နှစ်ယောက်သည် တစ်လမ်းပြီးတစ်လမ်း လျင်မြန်စွာ ဖြတ်သွားနေသည်။ သို့သော် ဖုတ်ကောင်စစ်သည်များနှင့် ဖုတ်ကောင်သားရဲများက အလွန်များပြားလွန်းသည်ဖြစ်ရာ သူတို့ တစ်ရက်လျှင် လမ်းနှစ်ရာ ရှာဖွေနိုင်ခြင်းမှာ ကောင်းနေပြီဟု ဆိုရပေမည်။
ဟူး...ဟူး...
နောက်ဆုံးတွင် ကျန်းရီ ဆက်တောင့်မခံနိုင်တော့ပေ။ သူ ခေတ္တမျှရပ်ကာ အနားယူလိုက်သည်။ ယဉ်ရို့ပင်းသည်လည်း အလွန်ပင်ပန်းနေပြီဖြစ်သည်။ သူမ၏ မျက်နှာပေါ်တွင် ပင်ပန်းသည့် အရိပ်အယောင်များကို အထင်းသား မြင်နေရသည်။ ကျန်းရီ သူ့ကိုယ်သူ စိတ်တည်ငြိမ်သွားအောင် လုပ်လိုက်၏။ ယခုအတိုင်းသာ ဆက်သွားလျှင် ထွက်ပေါက်ကို မရှာနိုင်ရုံသာမက သူ ယဉ်ရို့ပင်းကိုပါ အမောဆို့၍ သေသွားစေပေလိမ့်မည်။
“ရို့ပင်း... ခဏလောက် နားကြတာပေါ့”
ကျန်းရီသည် ပတ်ဝန်းကျင်ကို အာရုံခံလိုက်ပြီး သူတို့ဘေးရှိ ကျောက်တုံးအိမ်အလွတ်တစ်ခုကို ရွေးချယ်လိုက်သည်။ သူသည် ယဉ်ရို့ပင်းကို ကျောက်တုံးအိမ်အတွင်းသို့ ခေါ်သွားလိုက်ပြီး ခေတ္တမျှ အနားယူစေလိုက်သည်။ သူကမူ တံခါးကို ကျောမှီကာ ထိုင်လိုက်သည်။ သူ၏ သက်တန့်ဝိညာဉ်လှံက တံခါးအနားသို့ ကပ်လာသော ဖုတ်ကောင်စစ်သည်တိုင်းကို ရှင်းပစ်နေသည်။
သို့သော်...
ထိုဖုတ်ကောင်စစ်သည်များက မြို့ပြင်မှ ဖုတ်ကောင်များကဲ့သို့ မဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့အနားသို့ မည်သူမှ မကပ်လာသေးချိန်မှာလည်း နိုးထနေကြသည်။ မရေမတွက်နိုင်သော ဖုတ်ကောင်စစ်သည်များက ကျန်းရီတို့ထံသို့ ဦးတည်လာနေကြလေသည်။ ကျန်းရီသည် ထိုဖုတ်ကောင်စစ်သည်တန်းကြီး၏ အဆုံးကိုပင် လှမ်းမမြင်နိုင်ချေ။
‘တံခါးကို တစ်ခုခုနဲ့ ခံထားရမယ်’
ကျန်းရီ အကြံတစ်ခု ရလိုက်၏။ တံခါးကို တစ်စုံတစ်ခုနှင့် ခံကာပိတ်ထားလျှင် သူတို့နှစ်ယောက် အိမ်ထဲတွင် အေးအေးဆေးဆေး အနားယူနိုင်လောက်သည်။ သို့သော် တံခါးကို ခံထားရန် မည်သည့်အရာမှ ရှိမနေပေ။ အိမ်ထဲမှ ပစ္စည်းများမှာ ပေါ့ပါးသေးငယ်သော အရာများသာဖြစ်သည်။ အကယ်၍ သူသာ ဧကရာဇ်နန်းတော်နှင့် အရည်ကျို နတ်ဘုရားမီးဖိုကို ထုတ်နိုင်လျှင် ၎င်းတို့က တံခါးကို ခံထားနိုင်လောက်သည်။ သို့သော် ဤနေရာတွင် လေဟာနယ်နတ်ဘုရားပစ္စည်းများကို အသုံးပြု၍မရပေ။ မဟုတ်လျှင် သူတို့နှစ်ယောက် ဧကရာဇ်နန်းတော်အတွင်း ဝင်နေ၍ရသည်။ ဧကရာဇ်နန်းတော်က အနည်းဆုံး နှစ်နာရီကြာ တောင့်ခံနိုင်ပေလိမ့်မည်။
“ကျန်းရီ... ကျွန်မမှာ အကြံတစ်ခုရှိတယ်”
ယဉ်ရို့ပင်းသည် ကျန်းရီ၏ အတွေးကို ခန့်မှန်းကြည့်လိုက်၏။ ထို့နောက် သူမသည် အနီရောင် ရှေးဟောင်းနတ်ဘုရားလက်စွပ်တစ်ကွင်းကို ထုတ်လိုက်၏။ ၎င်းက လင်းလက်လာပြီး ဒိုင်းကာအသေးတစ်ခု ထွက်ပေါ်လာသည်။ ထိုဒိုင်ကားလေးက အတုအယောင် နတ်ဘုရား အသုံးအဆောင်တစ်ခုဖြစ်ကြောင်း သိသာပေသည်။ ယဉ်ရို့ပင်းသည် ၎င်းထဲသို့ အတွင်းအား ထည့်သွင်းလိုက်ပြီး ၎င်းကို ပျံသန်းသွားစေလိုက်သည်။ ၎င်းက တံခါးအနားသို့ ရောက်သောအခါ သူမ အော်လိုက်သည်။
“ပြောင်းလဲ”
ဒိုင်းသည် တံခါးအရှေ့တွင် ရပ်တန့်သွား၏။ ထို့နောက် အလင်းတစ်ချက် လက်သွားပြီး ဒိုင်းက အဆများစွာ ကြီးထွားလာကာ တံခါးကို ကာရံလိုက်သည်။ တံခါးနှင့် ဒိုင်းအကြားတွင် အလင်းတစ်တန်းပင် မဖောက်နိုင်ချေ။ ကျန်းရီသည် ဒိုင်းကာ အတန်ကြာ ငေးကြည့်ပြီးနောက် ရေရွတ်လိုက်၏။
“ဘယ်လိုတောင် ကောင်းတဲ့ ပစ္စည်းလဲ။ အဲ့ဒါက ဘာရတနာလဲ”
ယဉ်ရို့ပင်းက ခပ်သဲ့သဲ့ ပြုံးကာ ရှင်းပြလိုက်သည်။
“အဲ့ဒါက ရူရီဒိုင်းပဲ။ ပုံစံသန်းချီပြီး ပြောင်းလဲနိုင်တယ်။ ချပ်ဝတ် ဒါမှမဟုတ် ဓားပုံစံလည်း ပြောင်းနိုင်တယ်။ ဒါပေမဲ့ အဲ့ဒါက ခုခံစွမ်းအားက ကျွန်မကိုယ်ပေါ်က ရတနာချပ်ဝတ်လောက်တော့ မကောင်းဘူး”
“မင်းမှာ တကယ်ကို ရတနာတွေ အများကြီး ရှိတာပဲ”
ကျန်းရီ အမှန်ပင် အထင်ကြီးသွား၏။ ထို့နောက် သူ မြေပြင်ပေါ်တွင် ပြန်ထိုင်လိုက်ပြီး နံရံကို မှီကာ မျက်လုံးများ မှိတ်ထားလိုက်သည်။ ယဉ်ရို့ပင်းကလည်း စကား ဆက်မပြောတော့ပေ။ ထို့နောက် သူမသည် ရှေးဟောင်းနတ်ဘုရားလက်စွပ်အတွင်းမှနေ၍ အစိမ်းရောင် သစ်သားကုလားထိုင်နှစ်လုံးနှင့် လေးထောင့်စားပွဲတစ်လုံးကို ထုတ်လိုက်သည်။ ထို့နောက် သူမသည် ဝိညာဉ်သစ်သီးအနည်းငယ်ကို ဆက်ထုတ်လိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။
“ကျန်းရီ... သစ်သီးနီ နည်းနည်းလောက် စားလိုက်ဦး။ ဒီသစ်သီးတွေက ရှင့်ရဲ့ စွမ်းအင်တွေကို ပြန်ပြည့်တင်းလာစေလိမ့်မယ်”
“အင်း...”
ကျန်းရီ အားနာမနေတော့ပေ။ သူ ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်လိုက်ပြီး ဝိညာဉ်သစ်သီးတစ်လုံးကို ယူလိုက်သည်။ ထို့နောက် သူသည် ဟန်မဆောင်နိုင်တော့ဘဲ သစ်သီးကို ခပ်ကြီးကြီးတစ်ကိုက် ကိုက်လိုက်လေသည်။ သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ယဉ်ရို့ပင်းမှာမူ ခါးမတ်မတ်ထိုင်၍ သစ်သီးကို ဖြည်းဖြည်းချင်း စားနေသည်။ မျိုးနွယ်ကြီးများမှ သခင်မလေးများက သူမတို့၏ ဟန်ပန်အမူအယာကို အမြဲပင် ဂရုစိုက်ကြပေသည်။ သူမသည် ကျန်းရီတစ်ယောက် သစ်သီးကို အားပါးတရစားနေသည်ကို ကြည့်၍ ပြုံးလိုက်၏။
“ကျန်းရီ... မလောပါနဲ့။ ကျွန်မမှာ သစ်သီးနီတွေ အများကြီး ကျန်ပါသေးတယ်။ ရှင် အဲ့အသီးတွေကို နောက်နှစ်နှစ်လောက်စားတောင် ကုန်မှာမဟုတ်ပါဘူး”
“ငါ အချိန်ဖြုန်းလို့ မရဘူး။ မဟုတ်ရင် ဖန်စေတီကို တခြားတစ်ယောက်က ယူသွားလိမ့်မယ်”
“ဖန်စေတီလား”
ယဉ်ရို့ပင်း ပို၍ ခါးမတ်သွား၏။ သူမ နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
“ရှင်က ဘာလို့ ဖန်စေတီကို လိုချင်ရတာလဲ။ ရှင်က ဆန်းကြယ်နတ်ဘုရားနန်းတော်ကို လိုချင်တာလို့ ကျွန်မက ထင်နေတာ”
“ဆန်းကြယ်နတ်ဘုရားနန်းတော်က ဆန်းကြယ်ဧကရာဇ် ပိုင်ခဲ့တဲ့ပစ္စည်းပဲ။ သူက အဲ့ဒါကို သူကြိုက်တဲ့သူကို ပေးမှာ။ အဲ့ဒါအတွက် တိုက်ခိုက်နေရတာ အဓိပ္ပာယ်မရှိဘူး”
ကျန်းရီက ခေါင်းခါကာ ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ဖန်စေတီကိုတော့ ယှဉ်ပြိုင်ပြီး ယူရမှာ။ ပြီးတာ့ ငါက ဆန်းကြယ်နတ်ဘုရားနန်းတော်ထက် ဖန်စေတီကို ပိုလိုချင်တယ်။ အဲ့ဒါက ငါ့အတွက် အရမ်းအရေးကြီးတယ်”
“အို့...”
ယဉ်ရို့ပင်းသည် ကျန်းရီက အသေးစိတ်ပြောမပြလိုကြောင်းကို တွေ့လိုက်၍ ဆက်မမေးတော့ရန် ဆုံးဖြတ်လိုက်သည်။ သူမသည် တိတ်တဆိတ်ထိုင်၍သာ ကျန်းရီစားသည်ကို ကြည့်နေလိုက်၏။ ထိုစဉ် သူမ၏ နှုတ်ခမ်းစွန်းလေးနှစ်ဘက်က အတန်ငယ် တွန့်တက်သွား၏။ အကယ်၍ ကျန့်ထျန်းလဲ့သာ ယခု သူမ ကျန်းရီကို ကြည့်နေသောပုံစံအား မြင်လိုက်ပါက သေချာပေါက် ဒေါသူပုန်ထသွားပြီး ကျန်းရီကို သတ်ပစ်လောက်ပေသည်။
သို့သော် ကျန်းရီသည် ယဉ်ရို့ပင်းကို အာရုံမစိုက်အားပေ။ ဝိညာဉ်သစ်သီးဆယ်လုံးကျော်ကို စားပြီးနောက် စွမ်းအင်ပြန်ပြည့်လာသည်ကို သူ ခံစားလိုက်ရ၏။ ထို့နောက် သူ ကုလားထိုင်ကိုမှီ၍ မျက်လုံးများမှိတ်ကာ တစ်ရေးမှေးလိုက်သည်။ ကျန်နေသေးသည့် အချိန်ကို သူ အပြည့်အဝ အသုံးချရပေမည်။ သုံးရက်ကုန်သွားပြီဖြစ်သော်လည်း သူတို့ ထွက်ပေါက်ကို ရှာမတွေ့သေးချေ။ အကယ်၍ ရှီးဖေး သို့မဟုတ် ကျန့်ထျန်းလဲ့က တတိယအဆင့်ကို ဖြတ်ကျော်ပြီးသွားလျှင် ဖန်စေတီကို ရရန် နောက်တစ်ဆင့်သာ ထပ်ဖြတ်ကျော်ရတော့မည်ဖြစ်သည်။
ဂါး...ဂါး...ဂီး...ဂီး...ဘုန်း...ဘုန်း...
ဖုတ်ကောင်စစ်သည်များက အပြင်ဘက်မှနေ၍ မရပ်မနား အော်နေကြ၏။ အချို့ဖုတ်ကောင်စစ်သည်များက ကျောက်တုံးအိမ်ထဲတွင် သက်ရှိများရှိနေကြောင်း အနံ့ခံနိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့က ဒိုင်းကို အဆက်မပြတ် တိုက်ခိုက်နေကြလေသည်။ ၎င်းတို့ကိုယ်မှ အနက်ရောင်အငွေ့အသက်များကလည်း အိမ်အတွင်းသို့ အကျိုအကြားများနေ၍ တိုးဝင်လာသည်။ ထို့ကြောင့် အိမ်အတွင်းပိုင်းက အေးစက်ကာ ချောက်ချားဖွယ် ဖြစ်နေသည်။ သို့သော် ကျန်းရီက နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲပင်။ ယဉ်ရို့ပင်းသည် စားပွဲပေါ်တွင် လက်ထောက်မေးတင်၍ ကျန်းရီကို ငေးကြည့်နေသည်။ ထိုအခိုက်တွင် သူမသည် အပြင်ဘက်တွင် ဖြစ်ပျက်နေသော အရာအားလုံးကို မေ့လျော့သွားလေသည်။
စမ်းချောင်းဝါလမ်းကြောင်းတွင် ကျန်းရီသည် သူ၏မူလပုံစံအဖြစ် ပြန်ပြောင်းခဲ့သည်။ ယဉ်ရို့ပင်းက တောင်းဆိုခဲ့၍ ပြန်ပြောင်းခဲ့ခြင်းဖြစ်သည်။ ယဉ်ရို့ပင်းသည် ကျန်းရီ၏ မျက်နှာကို ငေးကြည့်နေရင်း ကျန်းရီက ပို၍ပင် ဆွဲဆောင်မှုရှိလာသည်ဟု တွေးနေ၏။ ယခင်တွင် ကျန်းရီ၏ အသားအရေက သာမန်သာဖြစ်ခဲ့သည်။ သို့သော် နဂါးညှိုးရော်မြက်ပင်၏ မွမ်းမံမှုကို ခံရပြီးနောက်တွင် သူ၏ အသားအရေက များစွာချောမွေ့လာသည်။ ထို့ပြင် သူ၏ ရုပ်ရည်ကလည်း ပို၍ ယောက်ျားပီသလာကာ ကြည့်ကောင်းလာသည်။
ယဉ်ရို့ပင်းသည် ကျန်းရီကို ငေးကြည့်နေရင်းဖြင့် အိပ်ပျော်သွား၏။ သူမသည် ကုလားထိုင်ကို မှီထားပြီး အေးချမ်းစွာ ပြုံးနေသည်။ သူမက သူမ၏ အိပ်ခန်းထဲတွင် ကျေကျေနပ်နပ်ဖြင့် တစ်ရေးအိပ်နေသကဲ့သို့ပင်။
ကျန်းရီသည် ခြောက်နာရီကြာ အနားယူပြီးနောက် မျက်လုံးများ ဖွင့်လိုက်၏။ သူသည် ခရီးဆက်နိုင်ရန် ယဉ်ရို့ပင်းကို နှိုးလိုသော်လည်း သူမ၏ အိပ်မောကျနေပုံကိုကြည့်၍ မနှိုးရက်တော့ပေ။ ထို့ကြောင့် လေးနာရီထပ်ကြာပြီးမှ သူတို့နှစ်ယောက် ခရီးဆက်နိုင်လေသည်။ သူတို့သည် ဖုတ်ကောင်စစ်သည်များကို ဆက်၍ သတ်ဖြတ်၊ ဖုတ်ကောင်သားရဲများကို ဆက်၍ တိုက်ခိုက်ကာ ထွက်ပေါက်ကို ဆက်ရှာလိုက်ကြသည်။
‘ထူးဆန်းလိုက်တာ။ ကျန့်ထျန်းလဲ့နဲ့ ရှီးဖေးတို့ ဖုတ်ကောင်တွေကို တိုက်ခိုက်နေတာကို ဘာလို့ တစ်ခါမှတောင် မတွေ့ရသေးတာလဲ’
ကျန်းရီသည် လမ်းများစွာကို ရှာဖွေပြီးနောက် ဖုတ်ကောင်မရှိသော လမ်းတစ်လမ်းကို တွေ့လိုက်ရသဖြင့် အတန်ငယ် စိတ်ဝင်စားသွား၏။ သို့သော် အခြားလမ်းတစ်လမ်းရှိ အလောင်းကောင်များက ပျောက်ကွယ်သွားပြီး ထိုလမ်းတွင် ဖုတ်ကောင်အသစ်များ ထွက်ပေါ်လာသည်ကို တွေ့လိုက်သောအခါ သူ ရုတ်တရက် သဘောပေါက်သွားသည်။
ကြည့်ရသည်မှာ ဝိညာဉ်ဖျက်ဆီးခံလိုက်ရသော ဖုတ်ကောင်စစ်သည်များက မြို့ပြင်သို့ တည်နေရာပြောင်းရွှေ့ခံလိုက်ရပြီး အပြင်မှ ဖုတ်ကောင်စစ်သည်အသစ်များက မြို့ထဲသို့ တည်နေရာပြောင်းရွှေ့လာသည့်ပုံပင်။ စမ်းချောင်းဝါလမ်းကြောင်းတွင်လည်း ထိုသို့သာဖြစ်သည်။ ဖုတ်ကောင်စစ်သည် အသစ်များသာ ရောက်ရှိမလာလျှင် သူတို့၏ သတ်ဖြတ်မှုကြောင့် မြို့ထဲတွင် အသက်ဝင်နေသော ဖုတ်ကောင်များ ကုန်သွားလောက်ပြီဖြစ်သည်။
တစ်ရက်၊ နှစ်ရက်...သုံးရက်...
နောက်ထပ်သုံးရက် ကုန်ဆုံးသွား၏။ ကျန်းရီသည် နောက်ထပ်လမ်းရှစ်ရာကို ရှာဖွေပြီးသွားပေပြီ။ သူ၏ကံက အလွန်ဆိုး၏။ ယခုအထိ ထွက်ပေါက်ကို ရှာမတွေ့သေးပေ။ ထို့ကြောင့် သူသည် အခြားနေရာတစ်ခုကို ရှာ၍ ယဉ်ရို့ပင်းနှင့်အတူ အနားယူလိုက်သည်။ ယဉ်ရို့ပင်း၏ ရူရီဒိုင်းက အလွန်အသုံးဝင်သည်။ ၎င်းကြောင့်သာ သူတို့နှစ်ယောက် အေးအေးဆေးဆေး အနားယူနိုင်ခြင်းဖြစ်သည်။
ကျန်းရီတို့သည် နေ့တစ်ဝက်အနားယူပြီးနောက် ထွက်ပေါ်ကို ဆက်ရှာရန် ဆုံးဖြတ်လိုက်ကြ၏။ ခြောက်ရက်ကုန်သွားပြီဖြစ်သော်လည်း မည်သူမှ ဒုတိယရတနာကို မရသေးပေ။ အဆင့်များက ပို၍ ပို၍ ခက်လာခြင်းပင်။ ထိုအဆင့်များကို ဖြတ်ကျော်နိုင်ရန် လိုအပ်သော စွမ်းအားအဆင့်ကလည်း တိုးလာသည်။ ကျန့်ထျန်းလဲ့နှင့် ရှီးဖေးတို့သည်လည်း အဆင့်များကို ဖြတ်ကျော်နိုင်ရန် ခက်ခဲနေခြင်း ဖြစ်ပေမည်။
“ထွက်ပေါက်...”
ရှစ်ရက်မြောက်နေ့၌ လမ်းတစ်လမ်းသို့ ရောက်သောအခါ ယဉ်ရို့ပင်းက ရုတ်တရက် အော်ပြောလိုက်သည်။ ကျန်းရီက ဖုတ်ကောင်သားရဲတစ်ကောင်နှင့် တိုက်ခိုက်နေရသည်။ ထို့ကြောင့် သူ ပတ်ဝန်းကျင်ကို အာရုံမစိုက်နိုင်ခဲ့ခြင်းပင်။ ယဉ်ရို့ပင်း အော်ပြောလိုက်သောအခါမှ သူ ချက်ချင်း လှည့်ကြည့်လိုက်သည်။ သူ၏မျက်စိများက ကြယ်တာရာနှစ်ပွင့်ကဲ့သို့ တောက်ပသွားသည်။ သူတို့နှင့် ကီလိုမီတာအနည်းငယ်အကွာရှိ လမ်းတစ်ခု၏ အဆုံးတွင် တောက်ပနေသော ကျောက်ဂိတ်တံခါးတစ်ခု ရှိနေသည်။ ဖုန်းတုမြို့ရှိ လမ်းမီးအိမ်များက မှေးမှိန်ကျသဖြင့် ထိုကျောက်ဂိတ်တံခါးလောက် မတောက်ပနိုင်ကြချေ။ ယင်းကျောက်ဂိတ်တံခါးက ထွက်ပေါက်ဖြစ်မည်ကို မှားစရာမရှိပေ။
“အဲ့ဒါက တကယ် ထွက်ပေါက်ပဲ၊ ဒါပေမဲ့... မင်း ဝင်သွားလို့မရဘူး”
ထိုအခိုက်တွင် ကျန်းရီတို့အနောက်မှနေ၍ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။ လမ်းမဘေးရှိ ကျောက်တုံးအိမ်တစ်အိမ်အတွင်းမှနေ၍ လူရိပ်တစ်ခု လျင်မြန်စွာ ပျံထွက်လာသည်။ အရိုးခေါင်းတစ်ခုက သူ့ကို လှည့်ပတ်နေပြီး အနီရောင်အလင်း ဖြာထုတ်နေသည်။ သူသည် အမုန်းတရားများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကျန်းရီကို စိုက်ကြည့်လိုက်၏။
“ငါ မင်းကို စောင့်နေတာ နှစ်ရက်ရှိပြီ။ ငါက ရည်းစားလုဘက်ကို ရှင်းပစ်ချင်ခဲ့တာ... ဒါပေမဲ့ ပိုကြီးတဲ့ငါးကို မိလိမ့်မယ်လို့ မထင်ထားဘူး။ ကျန်းရီ... ငါတို့ ထပ်တွေ့ပြန်ပြီ”