← Chapters

သွေးဧကရာဇ်ချပ်ဝတ်

Vol. 80 Ch. 1104

သွေးဧကရာဇ်ချပ်ဝတ်

Vol. 80 Ch. 1104

ရှီးဖေးက အမှန်ပင် နှစ်ရက်ကြာ စောင့်နေခဲ့ခြင်းပင်။

ကျန့်ထျန်းလဲ့မှာ လွန်ခဲ့သည့် ခြောက်ရက်ကတည်းက အဆင့်လေးသို့ ဆက်သွားခဲ့ပြီဖြစ်သည်။ ရှီးဖေး၏ ကံက ဆိုးဝါးခဲ့သည်။ သူ ထွက်ပေါက်ကို ရက်အနည်းငယ်ကြာ ရှာခဲ့ရသည်။ ရှာတွေ့သောအခါတွင်လည်း သူသည် အဆင့်လေးသို့ ဆက်မသွားလိုက်ဘဲ ကျန်းရီကို စောင့်နေခဲ့သည်။

ရှီးဖေးသည် ကျန့်ထျန်းလဲ့က သူနှင့် စွမ်းအားအဆင့်ခြင်း တူကြောင်း သိ၏။ ထို့ပြင် ကျန့်ထျန်းလဲ့တွင် အလွန်စွမ်းအားကြီးသော ရှေးဟောင်းလက်နက်တစ်ခု ရှိနေသည်။ ထိုလက်နက်က အ‌ရှေ့ဘက် တော်ဝင်နယ်မြေရှိ ထိပ်တန်းရှေးဟောင်းလက်နက်ဆယ်ခုထဲမှ တစ်ခုဖြစ်သည်။ ထို့ပြင် ကျန့်ထျန်းလဲ့က လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ထွက်ပေါက်ကို ရှာတွေ့သွားခဲ့ပြီဖြစ်၍ သူ နောက်မှ အလျင်စလို လိုက်သွားလျှင်လည်း လိုက်မီနိုင်တော့မည် မဟုတ်ပေ။ သူ လိုက်မီခဲ့လျှင်လည်း ကျန့်ထျန်းလဲ့နှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။

ထို့ပြင် ရှီးဖေးက ကျန်းရီနှင့် အတွေးတူနေသည်။ ဆန်းကြယ်ဧကရာဇ်က မည်သို့သော လူစားမျိုးနည်း။ သူက သူပိုင်သောအရာများကို အခြားသူများအား အလွယ်တကူ ပေးပါမည်လော။ သူတို့ အဆင့်ငါးဆင့်ကို ဖြတ်ကျော်နိုင်ပြီး အမှတ်(၁၅)မှတ် ရသွားလျှင်ပင် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို သေချာပေါက် ရယူနိုင်မည်ဟု မပြောနိုင်ပေ။ ထို့ကြောင့် ရှီးဖေး အလျင်မလိုနေချေ။ ဖန်စေတီ သို့မဟုတ် အခြားရတနာတစ်ခုကို ကျန့်ထျန်းလဲ့အား ပေးလိုက်ရလျှင်လည်း ဘာအရေးနည်း။

ရှီးဖေးသည် လီထျန်းက ငရဲအဆင့် စမ်းသပ်မှုကို ရွေးချယ်ခဲ့၊ မခဲ့ကို ကြည့်ရန် ထွက်ပေါက်အနီးတွင် ရက်အတန်ကြာ စောင့်နေဖို့ ဆုံးဖြတ်ခဲ့သည်။ လီထျန်းနှင့် ရီချန်ကြားတွင် ပတ်သတ်မှုတစ်ခု ရှိနေသည်။ ထို့ကြောင့် ရှီးဖေး အလွန်ဒေါသထွက်နေရသည်။ လီထျန်းကို မသတ်နိုင်သ၍ သူ စိတ်အေးချမ်းနိုင်မည် မဟုတ်ချေ။

သို့သော် ရှီးဖေးသည် သူတွေ့ကြုံရမည့်အရာကို မသိခဲ့ပေ။ သူ စောင့်နေခဲ့သော လီထျန်းမှာ ကျန်းရီ ဖြစ်နေလေသည်။

လီထျန်းက ကျန်းရီဖြစ်နေခြင်းမှာ ရှီးဖေး၏ ခေါင်းထဲရှိ မေးခွန်းအားလုံးကို ရှင်းသွားစေသည်။ ရီချန်နှင့် ကျန်းရီတို့ကြားတွင် ပတ်သတ်မှုတစ်ခု ရှိနေပြီဖြစ်သည်။ မဟုတ်လျှင် ရီချန်ကဲ့သို့ ဝံ့ဝါသူတစ်ယောက်က အာကာတိမ်လွှာလမ်းတွင် ယောက်ျားတစ်ယောက်၏ လက်ဆွဲခေါ်မှုကို ခံမည်မဟုတ်ပေ။ သို့သော် ထိုယောက်ျားက ကျန်းရီဖြစ်နေရာ အရာအားလုံးက ပို၍ အဓိပ္ပာယ်ရှိလာပြီဖြစ်သည်။

“ရှီးဖေး...”

ကျန်းရီနှင့် ယဉ်ရို့ပင်းတို့ တစ်ချိန်တည်း အံ့အားသင့်သွား၏။ ကျန်းရီ နောက်ပြန် မဆုတ်လိုက်ပေ။ သူ့လက်ထဲတွင် အရည်ကျို နတ်ဘုရားမီးဖို ထွက်ပေါ်လာ၏။ သူ ၎င်းအတွင်းသို့ အတွင်းအား ထည့်လိုက်သည်။ မီးဖိုက ရုတ်ခြည်း လင်းလက်လာသည်။ သင်္ကေတပုံသဏ္ဌာန်များလည်း ပျံဝဲသွားသည်။ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကလည်း ပတ်ဝန်းကျင်တစ်ခွင်လုံးသို့ ပျံ့နှံ့သွားသည်။ ထို့နောက် ကျန်းရီက ရယ်ကာ ပြောလိုက်လေသည်။

“ဟားဟားဟား... ရှီးဖေး.. မင်းက ကောင်းကင်ဘုံကို သွားတဲ့လမ်းကို မရွေးချင်ဘဲ ငရဲဆီပဲ ခုန်ချလာချင်တာကိုး။ ငါက စေတီတောင်မှာ နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်ကိုတောင် သတ်နိုင်ခဲ့တာ။ ဒီနေ့ မင်းကို သတ်ဖို့က ပုရွက်ဆိတ်တစ်ကောင်ကို ဖိချေရသလိုမျိုး လွယ်မှာပဲ”

“အာ...”

ယဉ်ရို့ပင်း၏ မျက်လုံးများ အရောင်တောက်သွားသည်။ သူမ ကျန်းရီကို လေးစားစွာ လှည့်ကြည့်လိုက်သည်။ စေတီတောင်တွင် ကျန်းရီက အမှန်ပင် နတ်ဘုရားတစ်ပိုင် ပညာရှင်ငါးယောက်ကို သတ်ပစ်ခဲ့သည်။ သူသည် ကီလိုမီတာငါးရာ ပတ်လည်အတွင်းရှိ အရာအားလုံးကိုလည်း မီးလောင်ကျွမ်းစေခဲ့သည်။ သူ ထိုသို့လုပ်နိုင်ခဲ့ခြင်းမှာ ထိုမီးဖိုကြောင့်ပေလော။ ထိုမီးဖိုက အလွန်ပူပြင်းကာ စွမ်းအားကြီးပုံပေါ်သည်။ ယင်းက ကျန်းရီ အပြစ်ဆေးကြောဒေသမှ ရခဲ့သော ရှေးဟောင်းအသုံးအဆောင် ဖြစ်ဖို့များသည်။

“ရို့ပင်း... နောက်ဆုတ်လိုက်။ ငါ ရှီးဖေးကို အရှင်လတ်လတ် မီးရှို့ပြီးတဲ့အထိ စောင့်နေ”

ကျန်းရီက ‌အော်ပြောလိုက်သည်။ သူသည် မီးဖိုအတွင်းသို့ အတွင်းအားအကုန် ထည့်လိုက်၏။ မီးဖိုက ယခင်ကထက်ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။ ယဉ်ရို့ပင်းက နာခံစွာဖြင့် နောက်ဆုတ်လိုက်သည်။ သို့သော် သူမ၏ မျက်ဝန်းများက ရှုပ်ထွေးသော ခံစားချက်များကို ဖော်ပြလိုက်လေသည်။ ရှီးဖေးက ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ သခင်လေးတစ်ယောက်ဖြစ်သည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ မျိုးနွယ်များသည် အချင်းချင်း ဆက်နွယ်မှုများ ရှိကြသည်။ အကယ်၍ ယနေ့တွင် ကျန်းရီက ရှီးဖေးကို သတ်ပစ်လိုက်လျှင်လည်း အပြင်လူများက ထိုအကြောင်းကို သိကြမည်မဟုတ်ပေ။ သို့သော် သူမကတော့ သေချာပေါက် စိတ်မသက်မသာ ခံစားရမည်ဖြစ်သည်။

“ဟားဟားဟား...”

ရှီးဖေးက ကျယ်လောင်စွာ ရယ်လိုက်၏။ သူသည် အနည်းငယ်ပင် ကြောက်ရွံ့သွားပုံ မပေါ်ပေ။ ထိုအစား သူ လှောင်ပြောင်သောလေသံဖြင့် ပြောလိုက်သည်။

“အရည်ကျို နတ်ဘုရားမီးဖိုလား။ အဲ့ဒါက အတိတ်တုန်းက မီးနတ်ဘုရား ပိုင်ဆိုင်ခဲ့တဲ့ အရာတစ်ခုပဲ။ ငါ အဲ့ဒါအကြောင်းကို လေ့လာပြီးပါပြီ။ မင်းက ငါ့ကို အရှင်လတ်လတ် မီးလောင်တိုက်သွင်းဖို့ ကြံနေတာလား။ လုပ်လေ... မင်း လုပ်နိုင်ရင် လုပ်လိုက်ပါ။ မင်း နိဗ္ဗာန်မီးတောက်တွေကို ဆင့်ခေါ်နိုင်သေးရဲ့လား။ မင်းမှာ အဲ့လောက် ကြယ်တာရာစွမ်းအားတွေ ကျန်သေးရဲ့လား။ မင်း နိဗ္ဗာန်မီးတောက်တွေကို ထုတ်နိုင်ရင်တောင် ငါက ကြောက်ဦးမှာ မဟုတ်ဘူး”

“အာ...”

ယဉ်ရို့ပင်း၏ ခြေလှမ်းများ တန့်သွား၏။ သူမ တုန်လှုပ်သွားပြီး ကျန်းရီကို လှည့်ကြည့်လိုက်သည်။ သို့သော် ကျန်းရီ၏ မျက်နှာပေါ်တွင် ခနဲ့တဲ့တဲ့ အပြုံးတစ်ပွင့် ရှိနေသည်ကို သူမ တွေ့လိုက်ရ၏။ ကျန်းရီသည် အနည်းငယ်ပင် တုန်လှုပ်မသွားဘဲ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

“အဲ့ဒါဆို ဘာလို့ မင်းက ငါ့ကို မတိုက်ခိုက်သေးတာလဲ။ သတ္တိရှိရင် လာလိုက်လေ”

“ရို့ပင်း... ပြေးတော့”

ကျန်းရီက ယဉ်ရို့ပင်းဆီသို့ အသံပို့လွှတ်လိုက်သည်။ သူ၏အသံက ပြတ်သားကာ စူးရှသည်။ ထိုအခါမှ ရှီးဖေးက အမှန်ကို ပြောနေခြင်းဖြစ်ကြောင်း ယဉ်ရို့ပင်း သိရှိသွားသည်။ ကျန်းရီသည် အမှန်ပင် အရည်ကျို နတ်ဘုရားမီးဖိုကို မနှိုးနိုင်ပေ။ မဟုတ်လျှင် သူ စကားအများကြီး ပြောနေမည် မဟုတ်ချေ။ လမ်းတွင် ရှီးဖေး သို့မဟုတ် ကျန့်ထျန်းလဲ့နှင့် တွေ့မည်ကိုလည်း စိုးရိမ်နေခဲ့မည် မဟုတ်ချေ။

ယဉ်ရို့ပင်းသည် ကျန်းရီ၏ အသံပို့လွှတ်မှုကို ကြားပြီးနောက် မပြေးရုံသာမက ကျန်းရီထံသို့ ပျံသန်းသွားလိုက်သည်။ ရှီးဖေး ခေတ္တမျှ အံ့အားသင့်သွား၏။ သို့သော် သူ ချက်ချင်း သဘောပေါက်သွားသည်။

ကျန်းရီက သူ၏ ရန်သူတော်ကြီးဖြစ်သည်။ အကယ်၍ ကျန်းရီသာ သူ့ကို သတ်နိုင်လျှင် ယခုလောက်ဆို သတ်ပြီးနေပေပြီ။ ကျန်းရီက စကားပြောကာ အချိန်ဖြုန်းတတ်သူတစ်ယောက် မဟုတ်ပေ။ ရှီးဖေးသည် မိစ္ဆာဧကရာဇ်ကို မေးခဲ့ဖူး၏။ မိစ္ဆာဧကရာဇ်သည် ကျန်းရီက နတ်ဘုရားတစ်ပိုင်း မဖြစ်လာသေးသ၍ အရည်ကျို နတ်ဘုရားမီးဖိုကို ထပ်မံ နှိုးနိုင်တော့မည်မဟုတ်ဟု ပြောခဲ့သည်။ ရှီးဖေးက မိစ္ဆာဧကရာဇ်ကို ယုံရန် ရွေးချယ်ခဲ့ပေသည်။

သို့သော် ရှီးဖေးသည် လုံခြုံမှုရှိစေရန် ကျန်းရီအနားသို့ သိပ်မကပ်သွားရန် ဆုံးဖြတ်ခဲ့သည်။ သူတို့နှစ်ယောက်ကြားတွင် သုံးကီလိုမီတာလောက် ခြားနေပေသေးသည်။ သူ့ဘေးမှ ဧရာမဦးခေါင်းခွံကြီးက အော်လိုက်၏။ သူ နတ်ဘုရားတစ်ပိုင်း ဖြစ်လာပြီးနောက် မိစ္ဆာဧကရာဇ်က ထိုဦးခေါင်းခွံကို ကိုယ်တိုင်မွမ်းမံပေးခဲ့သည်။ ယခုတွင် ယင်းဦးခေါင်းခွံက ရှေးဟောင်းအသုံးအ‌ဆောင်တစ်ခုကဲ့သို့ စွမ်းအားကြီးနေပြီဖြစ်သည်။ ၎င်း ပျံသန်းသွားလျှင် လေပြင်းများ တိုက်ခတ်လာပြီး ၎င်း၏အော်သံက ရွှေတုံး၊ ကျောက်တုံးများကိုပင် ဖြတ်သန်းသွားနိုင်သည်။ ထို့ပြင် ၎င်း၏အရှိန်အဝါကလည်း ကြောက်မက်ဖွယ်ကောင်းပေသည်။

ရွှီ...ရွှီ...

ကျန်းရီ၏ အခြားလက်တစ်ဘက်ထဲတွင် ဓားပျော့တစ်ချောင်း ထွက်ပေါ်လာသည်။ သူ ဓားပျော့ကို လှုပ်ယမ်းလိုက်သောအခါ လေချွန်သံကဲ့သို့ အသံများ ထွက်ပေါ်လာသည်။ ထို့နောက် သူသည် အရည်ကျို နတ်ဘုရားမီးဖိုကို ပြန်သိမ်းလိုက်ပြီး ဝိညာဉ်လေများကို ထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှနေ၍လည်း သတ်ဖြတ်အရှိန်အဝါ ထွက်လာသည်။ သူ၏ မျက်ဝန်းများက ရဲရဲနီနေပေပြီ။ သူသည် နောက်လှည့်ကြည့်ကာ ယဉ်ရို့ပင်းကို အော်ပြောလိုက်သည်။

“ရို့ပင်း... နောက်ဆုတ်”

“ကျန်းရီ... တိုက်ခိုက်ရမယ်ဆိုလည်း အတူတူ တိုက်ခိုက်မယ်”

ယဉ်ရို့ပင်းက ကျန်းရီ၏စကားကို မနာခံလိုက်ဘဲ ရှီးဖေးကို လှမ်း‌အော်လိုက်သည်။

“ရှီးဖေး... ရှင် ကျန်းရီကို သတ်ချင်ရင် ကျွန်မ ယဉ်ရို့ပင်းကို အရင်သတ်မှရမယ်”

“ဟားဟားဟား”

ယခုတွင် ရှီးဖေးသည် ကျန်းရီက အမှန်ပင် အရည်ကျို နတ်ဘုရားမီးဖိုကို မနှိုးနိုင်ကြောင်း ရာနှုန်းပြည့် သေချာသွားလေသည်။ သူ ကျန်းရီတို့ထံ ပျံသန်းသွားလိုက်သည်။ သူသည် ယဉ်ရို့ပင်းထံမှ အကြည့်မခွာဘဲ အော်ပြောလိုက်၏။

“မိန်းမပျက်... မင်းက အပြစ်သားကျွန်းက အပြစ်သားနဲ့ ပတ်သတ်ရဲတယ်ပေါ့လေ။ ယဉ်မျိုးနွယ် သိက္ခာကျမှာကို မင်း မကြောက်ဘူးလား။ အရှေ့ဘက် တော်ဝင်နယ်မြေမှာ ဂုဏ်သိက္ခာရှိတဲ့ ယောက်ျားတွေ အများကြီး ရှိတယ်။ ထျန်းလဲ့က အဲ့အမှိုက်ကောင်ထက် ဘာတွေများ ပိုဆိုးနေလို့လဲ။ ဘာလို့ မင်းက အဲ့လိုအမှိုက်ကောင်ကို ကြိုက်သွားရတာလဲ။ ယဉ်ရို့ပင်း... ငါ မင်းကို မုဒိမ်းကျင်ပြီး သတ်ပစ်မယ်။ အဲ့ဒါမှ မင်း ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို ဆက်ပြီး သိက္ခာမချနိုင်မှာ”

ဝုန်း...ဝုန်း...ဝုန်း...

ဝိညာဉ်လေဓားဆယ်ချောင်းက အရိုးခေါင်းကြီးကို သွားရောက်ထိမှန်၏။ အရိုးခေါင်းက လင်းလက်သွားပြီး အနောက်သို့ လွင့်ပျံသွားသည်။ သို့သော် မည်သို့မှတော့ မထိခိုက်ခဲ့ပေ။ ၎င်း၏ ခုခံစွမ်းအားက အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလေသည်။ နတ်ဘုရားအသံ ကောင်းကင်အတတ်ကလည်း အရိုးခေါင်းကို ဖြတ်ကျော်သွားသည်။ ရှီးဖေး၏ မျက်နှာပေါ်တွင် နာကျင်မှုအရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ ရှီးဖေးသည် ‌သွေးမအန်မိရန် ထိန်းထားပြီး နေရာတွင် မြဲမြဲမြံမြံ ရပ်နေသည်။ ထို့ကြောင့် နတ်ဘုရားအသံ ကောင်းကင်အတတ်က သူ့အပေါ် များစွာသက်ရောက်မှုမရှိကြောင်း ထင်ရှားပေသည်။

ကျန်းရီ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်က ဒုတိယအဆင့်တွင် ရှိနေပြီဖြစ်သည်။ ထို့ပြင် သူသည် သတ်ဖြတ်အရှိန်အဝါနှင့် ပေါင်းစည်းနိုင်မည့် တေးသွားတစ်ပုဒ်ကိုလည်း ဖန်တီးခဲ့သည်။ သို့သော် သူ နတ်ဘုရားတစ်ပိုင်းများ၏ ဝိညာဉ်ကို လျှော့တွက်ခဲ့မိပေသည်။ ရှီးဖေးက ရှီးမျိုးနွယ်မှ သခင်လေးတစ်ယောက်ဆိုသည်ကိုလည်း သူ မေ့သွားခဲ့သည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုတွင် ဝိညာဉ်ဆေးပင်များ မရေမတွက်နိုင်အောင် ရှိသည်။ ယခုတွင် ရှီးဖေး၏ ဝိညာဉ်က လွန်စွာသန်မာနေပြီဖြစ်သည်။ ရှီးဖေးကို အတန်ငယ် နာကျင်သွားအောင် လုပ်နိုင်ခဲ့သည်နှင့်ပင် ကျန်းရီ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်က စွမ်းအားကြီးပေသည်ဟု ဆိုနိုင်ပြီဖြစ်သည်။

ကျန်းရီက ထိန်းချုပ်ထားသဖြင့် နတ်ဘုရားအသံ ကောင်းကင်အတတ်က ယဉ်ရို့ပင်းအပေါ် အနည်းငယ်မှပင် မသက်ရောက်ချေ။ ယဉ်ရို့ပင်းသည် ရှီးဖေး၏စကားကို ကြားလိုက်သောအခါ မျက်နှာထားတင်းမာသွား၏။ ထို့နောက် သူမ အေးစက်စက်လေသံဖြင့် အော်ပြောလိုက်သည်။

“ရှင်က ရှင့်ကိုယ်ရှင် ဂုဏ်သိက္ခာရှိတဲ့ယောက်ျားလို့ ထင်နေတာလား။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုရဲ့ ဝတ်စုံကို ဝတ်ထားနိုင်တာလွဲလို့ ရှင့်မှာ တခြားဘာရှိလဲ။ ရှင်က ကျန်းရီနဲ့ ဘယ်နေရာမှာ ယှဉ်နိုင်လဲ။ အဲ့လို အကျင့်စရိုက်မျိုးနဲ့ အစ်မချန်ကို လိုချင်နေသေးတယ်... အိပ်မက်ပဲ ဆက်မက်နေလိုက်”

ရွှီး...

ယဉ်ရို့ပင်း၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အဖြူရောင်အလင်း လင်းလက်လာသည်။ သူမ၏ခန္ဓာကိုယ်မှနေ၍ အားကောင်းသော မွှေးရနံ့တစ်ခု ထွက်လာ၏။ ထိုရနံ့အငွေ့အသက်သည် ပန်းရိုးတံများအဖြစ် စုစည်းသွား၏။ ၎င်းတို့က အငွေ့အသက်ဖြစ်သော်လည်း ရှီးဖေးထံသို့ တစ်ချောင်းပြီးတစ်ချောင်း ပျံသန်းသွားသည်။ ထိုစဉ် ယဉ်ရို့ပင်းက ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။

“ကျန်းရီ ပြေးတော့။ ကျွန်မ ရှီးဖေးကို အချိန်ဆွဲထားလိုက်မယ်”

ကျန်းရီ ပြေးမည်လော။ အကယ်၍ သူ ပြေးလိုက်လျှင် သူ့ကို ကျန်းရီဟု ခေါ်နိုင်ပါဦးမည်လော။

ကျန်းရီ၏ မျက်ဝန်းများတွင် ရူးသွပ်သော အရိပ်အယောင်တစ်ခု ရှိနေသည်။ သူသည် ဝိညာဉ်လေနတ်ဘုရားဒိုင်းကို ဖန်တီးလိုက်ပြီး လက်ထဲမှ ဓားပျော့ကို လျင်မြန်စွာ လှုပ်ယမ်းလိုက်သည်။ ထို့နောက် သူသည် ဝိညာဉ်လေဓားဆယ်ချောင်းကို ထပ်မံစုစည်းလိုက်ပြီး သက်တန့်ဝိညာဉ်လှံကို မြေအောက်ထဲမှနေ၍ ရှီး‌ဖေးထံသို့ သွားစေလိုက်သည်။ ဤနေရာတွင် သူ ကောင်းကင်ရှောင်တိမ်းခြင်းကို အသုံးမပြုနိုင်ပေ။ ထို့ပြင် အရည်ကျို နတ်ဘုရားမီးဖိုကိုလည်း မနှိုးနိုင်။ ထို့ကြောင့် ရှီးဖေး၏ ဝိညာဉ်ကို ထိခိုက်သွားအောင် လုပ်ရန် သက်တန့်ဝိညာဉ်လှံကိုသာ အားကိုးရတော့မည်ဖြစ်သည်။ ယင်းကသာ သူတို့၏ တစ်ခုတည်းသော လွတ်လမ်းဖြစ်နိုင်သည်။

“ဟားဟားဟား... နံ့သာသခင်မမျိုးနွယ်ရဲ့ ပန်းပွင့်တစ်သန်းညှို့ဓာတ်လား”

ရှီးဖေးက ကျယ်လောင်စွာ ရယ်လိုက်သည်။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်မှ နတ်ဘုရားတစ်ပိုင်းဖိအားက ကျန်းရီနှင့် ယဉ်ရို့ပင်းတို့ကို ဖိနှိပ်လိုက်၏။ ကျန်းရီတို့ အသက်ရှူရန်ပင် ခက်ခဲလာသည်။ ထို့နောက်တွင် ရှီးဖေး၏ ခန္ဓာကိုယ်ပေါ်၌ သွေးနီရောင်ချပ်ဝတ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းချပ်ဝတ်အပေါ်တွင် ဆန်းကြယ်သော သင်္ကေတပုံသဏ္ဌာန်များ တောက်ပနေသည်။ ၎င်း ထုတ်လွှတ်နေသော အရှိန်အဝါကလည်း ကြောက်မက်ဖွယ်ကောင်းပေသည်။ ချပ်ဝတ်က ခေါင်းဆောင်းလည်းပါသော ကိုယ်လုံးပြည့်ချပ်ဝတ်ဖြစ်သည်။ ရှီးဖေးသည် ကျန်းရီတို့နှစ်ယောက်ထံသို့ မကြောက်မရွံ့ ပျံသန်းလာပြီး အော်ပြောလိုက်သည်။

“ယဉ်ရို့ပင်း... သွေးဧကရာဇ်ချပ်ဝတ် ရှိနေရင် မင်းရဲ့ အဆင့်နိမ့်တဲ့ စွမ်းရည်လေးတွေက ငါ့ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူးကွ”

“သွေးဧကရာဇ်ချပ်ဝတ်... မိစ္ဆာဧကရာဇ်က အဲ့ဒါကို ရှင့်ကို ပေးလိုက်တာလား”

ယဉ်ရို့ပင်း၏ မျက်နှာလေး ဖြူဖျော့သွား၏။ သွေးဧကရာဇ်ချပ်ဝတ်မှာ အရှေ့ဘက် တော်ဝင်နယ်မြေရှိ ပဉ္စမမြောက် အကောင်းဆုံး ရတနာဖြစ်သည်။ ၎င်းက ဝတ်ဆင်သူ၏ စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာကို ကာကွယ်ပေးနိုင်သည်။ ရှန်းစီမြို့တွင် လေလံပစ်ခဲ့သော သွေးဧကရာဇ်စစ်ရထားလုံးနှင့် ဤသွေးဧကရာဇ်ချပ်ဝတ်တို့၏ ပိုင်ရှင်က တစ်ယောက်တည်းဖြစ်သည်။ ၎င်းတို့က အတိတ်တွင် သွေးဧကရာဇ်ကိုယ်တိုင် အသုံးပြုခဲ့သော တိုက်ပွဲဝင် အသုံးအဆောင်များ ဖြစ်ပေသည်။

“ဟင်းဟင်း...”

ရှီးဖေးက သူ့ကိုယ်သူ အလွန်ကျေနပ်နေပုံပေါ်သည်။ ဧရာမအရိုးခေါင်းကြီးကလည်း သူ့ကို လှည့်ပတ်နေသေးရာ သူသည် သေမင်းတစ်ပါးနှင့်ပင် တူနေလေသည်။ သူ ပျံသန်းလာရင်း အော်ပြောလိုက်သည်။

“အရှုံးပေးလိုက်တော့ ကျန်းရီ။ ငါ မင်းကို ငါ့ရဲ့ ကြယ်ခြောက်ပွင့်တာအိုပုံသဏ္ဌာန် ပျက်သုဉ်းကောင်းကင်ဘီးလုံးရဲ့ အရသာကို ပေးမြည်းမယ်။ မင်း သေသွားရင် ငါက ယဉ်ရို့ပင်းကို မင်းအစား ကောင်းကောင်းစောင့်ရှောက်ပေးမှာပါ။ သူက နတ်သမီးလေးတစ်ပါးလို နေရမယ်လို့ ငါ အာမခံတယ်...”

***

All Chapters