← Chapters

နတ်ရနံ့ပုံရိပ်ယောင်အစီအရင်

Vol. 80 Ch. 1105

နတ်ရနံ့ပုံရိပ်ယောင်အစီအရင်

Vol. 80 Ch. 1105

ဝှီး...ဝှီး...

ရှီးဖေးက လက်ဝှေ့ယမ်းလိုက်၏။ သူ့ပတ်ပတ်လည်မှ လေထုက တုန်ခါလာသည်။ လေထုအတွင်းမှ မိုးမြေအတွင်းအားက သူ့ထံသို့ သွားရောက် စုဝေးကာ အနက်ရောင်ဘီးလုံးတစ်လုံးအဖြစ် ပေါင်းစည်းသွားသည်။ အနက်ရောင်ဘီးလုံးမှာ ဓားကွေးများ စုပေါင်း၍ ဘီးလုံးတစ်လုံးကဲ့သို့ ဖြစ်နေသည့်ပုံစံပင်။ ၎င်းသည် လျင်မြန်စွာ လည်ပတ်၍ ပတ်ဝန်းကျင်မှ လေထုကို အဆက်မပြတ် ပိုင်းဖြတ်နေသည်။ ၎င်းက အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ ထိုစဉ် ရှီးဖေး အော်ပြောလိုက်သည်။

“အမှိုက်ကောင် သေပေတော့”

“ကျန်းရီ သတိထား”

ယဉ်ရို့ပင်းသည် အနက်ရောင်ဘီးလုံးကြီးကို မြင်လိုက်သောအခါ စိုးရိမ်တကြီး အော်ပြောလိုက်၏။ သူမသည် ထိုကြယ်ခြောက်ပွင့်တာအိုပုံသဏ္ဌာန်ကို ယခင်က ကြားခဲ့ဖူးသည်။ ၎င်းက အလွန်စွမ်းအားကြီးသည်ဟု ဆိုကြသည်။ မိစ္ဆာဧကရာဇ်သည်ပင် ၎င်း၏စွမ်းအားကို ချီးကျူးသည်။ ယခု မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသောအခါ ၎င်းက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေပေသည်။

ကျန်းရီသည် အနောက်သို့ အသည်းအသန် ဆုတ်လိုက်၏။ သို့သော် သူ မည်မျှမြန်မြန် နောက်ဆုတ်ပါစေ အနက်ရောင်ဘီးလုံးကြီးက သူနှင့် နီးကပ်လာနေသည်။ ဘီးလုံး၏ အရှိန်က အလွန်ပင် လျင်မြန်ပေသည်။ ထို့ပြင် ကြောက်မက်ဖွယ် ဖိအားတစ်ခုက ကျန်းရီကို ဖိနှိပ်ကာ သူ၏အရှိန်ကို နှေးလာနေစေသည်။ ကျန်းရီသည် သူ့အနောက်ရှိ ယဉ်ရို့ပင်းအတွက် စိုးရိမ်သွား၏။ ထို့ကြောင့် သူ အံကြိတ်ကာ တောင့်ခံလိုက်သည်။ သူ ဆုတ်ခွာ၍ မရတော့သဖြင့် ပြန်တိုက်ခိုက်ရုံသာ ရှိတော့သည်။ သူ၏သေခြင်း၊ ရှင်ခြင်းက ကံကြမ္မာအပေါ်တွင်သာ မူတည်ပေလိမ့်မည်။

ရွှီ...ရွှီ...

အနက်ရောင်ဘီးလုံးက အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျန်းရီထံသို့ တန်းတန်းမတ်မတ် ပျံသန်းလာသည်။ ၎င်း ပျံသန်းရာမှ ထွက်ပေါ်လာသော စူးရှသည့် လေခွင်းသံက ကျန်းရီ၏နားကို အူနေစေသည်။ သူ့မြင်ကွင်းထဲတွင်လည်း အနက်ရောင်အလင်းတန်းကသာ နေရာယူထားသည်။ သူ၏ဝိညာဉ်လေနတ်ဘုရားဒိုင်းက အသင့်ရှိနေသော်လည်း ထိုတိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည်ဟု သူ ယုံကြည်မှုမရှိပေ။

အတိတ်တွင် ကျန်းရီသည် ဗုဒ္ဓတောင်အနီး၌ ဝိညာဉ်လေနတ်ဘုရားဒိုင်းကိုသုံး၍ ဝူနီ၏ ကြယ်ခြောက်ပွင့်တာအိုပုံသဏ္ဌာန် ပြစ်ဒဏ်စီရင်လေဓားကို ခုခံခဲ့သည်။ သို့သော် ထိုစဉ်တွင် ဝူနီက အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်သာ ဖြစ်ခဲ့သည်။ ရှီးဖေးမှာမူ နတ်ဘုရားတစ်ပိုင်း ဖြစ်နေပြီဖြစ်သည်။ သူတို့၏ စွမ်းအားများက လုံးဝကွဲပြားပေသည်။

“လာစမ်း...”

ကျန်းရီသည် မျက်လုံးပြူး၍ အသံကုန်အော်လိုက်၏။ သူ၏ ဝတ်စုံက တဖျပ်ဖျပ်ခတ်နေပြီဖြစ်သည်။ သူ၏လက်ထဲတွင် ဝိညာဉ်လေများကလည်း ဝိညာဉ်လေဓားများအဖြစ် ပေါင်းစည်းသွားသည်။ သူသည် သူ့ထံသို့ လာနေသော ဘီးလုံးကြီး၏ စွမ်းအားကို လျှော့ချနိုင်ရန် အကောင်းဆုံး ကြိုးစားနေပေသည်။

အနက်ရောင်ဘီးလုံးကြီးက ကျန်းရီထံသို့ မရပ်မနား ပျံဝင်လာပြီး ကျန်းရီပစ်လွှတ်လိုက်သော ဝိညာဉ်လေဓားများကို သစ်ဆွေးချောင်းများအလား ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် ၎င်းက ဝိညာဉ်လေနတ်ဘုရားဒိုင်းကို လာဆောင့်လေသည်။

“သွား...”

ယဉ်ရို့ပင်း အော်လိုက်သည်။ ကျောက်စိမ်းဖြူဒိုင်းကာတစ်ခုက ကျန်းရီအရှေ့သို့ ပျံသန်းလာသည်။ ထိုဒိုင်းက ရူရီဒိုင်း မဟုတ်ဘဲ အခြားဒိုင်းတစ်ခုပင်။ ၎င်းပေါ်တွင် သင်္ကေတပုံသဏ္ဌာန်များ တောက်ပနေသဖြင့် ၎င်းက ဝိညာဉ်ချိတ်ဆက် မူလရတနာတစ်ခုဖြစ်ကြောင်း သိနိုင်ပေသည်။

ဝုန်း...

ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။ ဒိုင်းက အပိုင်းလေးပိုင်း၊ ငါးပိုင်းအဖြစ် ပျက်စီးသွားသည်။ အချို့အပိုင်းများက အမှုန့်ဖြစ်သွားသည်။ အနက်ရောင်ဘီးလုံးကြီးက ဒိုင်းကို ဖျက်ဆီးပစ်ပြီးနောက် ကျန်းရီ၏ ဝိညာဉ်လေနတ်ဘုရားဒိုင်းကို ဆက်၍ ဖျက်ဆီးရန် ကြိုးစားလိုက်လေသည်။

“ဖူး...”

ယဉ်ရို့ပင်း သွေးအန်သွား၏။ ဝိညာဉ်ချိတ်ဆက် မူလရတနာများမှာ ပိုင်ရှင်၏ ဝိညာဉ်နှင့် ချိတ်ဆက်ထားကြသည်။ ကျောက်စိမ်းဖြူဒိုင်းက ဖျက်ဆီးခံလိုက်ရပြီဖြစ်၍ ယဉ်ရို့ပင်း၏ ဝိညာဉ်လည်း ထိခိုက်သွားလေသည်။

ဖောင်း...

ကျန်းရီ၏ ဝိညာဉ်လေနတ်ဘုရားဒိုင်းက ပူဖောင်းတစ်လုံး ပေါက်သကဲ့သို့ ပေါက်သွား၏။ ၎င်းသည် စက္ကန့်ပိုင်းမျှပင် တောင့်မခံနိုင်ခဲ့ချေ။ ထိုပျက်သုဉ်းကောင်းကင်ဘီးလုံးက သူ၏ ဝိညာဉ်လေဓားများ၊ ယဉ်ရို့ပင်း၏ ဝိညာဉ်ချိတ်ဆက် မူလရတနာနှင့် ဖျက်ဆီးခဲ့ပြီးနောက်တွင်ပင် သူ၏ ဝိညာဉ်လေနတ်ဘုရားဒိုင်းကို ဆက်၍ဖျက်ဆီးနိုင်သေးသည်လော။

သေရေး၊ ရှင်ရေး အခိုက်အတန့်တွင် ကျန်းရီ၏ ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်နေသည်။ သူ၏ ရှင်သန်လိုစိတ်က သူ ထိုကဲ့သို့ သေသွားမည်ကို ခွင့်မပြုပေ။ လျှပ်တစ်ပြက်အတွင်းမှာပင် သူ့အတွေးထဲ၌ အကြံများ ဆယ်နှင့်ချီ၍ ထွက်ပေါ်လာသည်။ သူ့မျက်လုံးများ အရောင်လက်သွားပြီး သူ့လက်မှ လက်စွပ်လည်း တောက်ပလာသည်။ သူ့ရင်ဘတ်အရှေ့တွင် ဧရာမ ကျောက်မီးဖိုကြီးတစ်လုံး ထွက်ပေါ်လာလေသည်။ သူသည် သူ၏နောက်ဆုံးမျှော်လင့်ချက်ကို အရည်ကျို နတ်ဘုရားမီးဖိုအပေါ်တွင် ထားလိုက်ခြင်းပင်။ အကယ်၍ ထိုမီးဖိုသာ ဘီးလုံးကြီးကို မခုခံနိုင်ပါက သူ အမှုန့်ဖြစ်သွားပေလိမ့်မည်။

ဝုန်း...

ကျယ်လောင်သော ထိတိုက်သံကြီးတစ်သံ ထွက်ပေါ်လာ၏။ အရည်ကျို နတ်ဘုရားမီးဖိုကို အနောက်သို့ လွင့်ထွက်သွားသော်လည်း ကျန်းရီကို စိတ်မပျက်စေခဲ့ပေ။ ၎င်းက အလွန်ခိုင်မာသဖြင့် ပျက်သုဉ်းကောင်းကင်ဘီးလုံး၏ အဟုန်ကို ခုခံနိုင်ခဲ့သည်။ သို့သော် ထိုသို့ခုခံနိုင်ခဲ့ခြင်းမှာ ဘီးလုံး၏ စွမ်းအင်တော်တော်များများက ကုန်ဆုံးပြီးနေ၍ဖြစ်သည်။ မဟုတ်လျှင် ဘီးလုံးသည် အရည်ကျို နတ်ဘုရားမီးဖိုကို ဖျက်ဆီးပစ်နိုင်ရုံသာမက ကျန်းရီကိုပင် အစိတ်စိတ်အမွှာမွှာဖြစ်သွားအောင် လုပ်ပစ်နိုင်မည်ဖြစ်သည်။

“ဖူး...”

မည်သို့ပင်ဖြစ်စေ ကျန်းရီသည် အနောက်သို့ မီတာရာချီ လွင့်ပျံသွားသည်။ သူသည် မြေပြင်ပေါ်တွင် အပတ်ပေါင်းများစွာ လိမ့်သွား၏။ နောက်ဆုံးမှ သူ ထထိုင်ကာ သွေးအန်လိုက်သည်။ ပျက်သုဉ်းကောင်းကင်ဘီးလုံး၏ ကြီးမားသော အဟုန်က သူ၏ ကိုယ်တွင်းအင်္ဂါများကို အပြင်းအထန် ဒဏ်ရာရသွားစေသည်။

ရှူး...ရှူး...

ကျန်းရီ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူ အစွမ်းမဲ့သကဲ့သို့ ခံစားနေရပေပြီ။ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်နှင့် နတ်ဘုရားတစ်ပိုင်း အကြားတွင် ကြီးမားသော ကွာဟချက်တစ်ခု ရှိသည်။ သူသည် ထိုကွာဟချက်ကို မည်သို့ ဖြတ်ကျော်ရမည်ကို မသိပေ။ အရည်ကျို နတ်ဘုရားမီးဖိုကို မနှိုးနိုင်လျှင် သူက နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ကို ယှဉ်နိုင်မည် မဟုတ်ချေ။ သူသည် ဖိချေခံရမည်ကို ထိုင်စောင့်နေရန်သာ တတ်နိုင်သည်။

“ရို့ပင်း... မြန်မြန် ထွက်ပြေးတော့”

ကျန်းရီသည် ယဉ်ရို့ပင်းကို တစ်ချက်ကြည့်၍ အသံပို့လွှတ်လိုက်၏။ ထို့နောက် သူသည် မြေပြင်ကို လက်တစ်ဘက်ဖြင့် ပုတ်၍ အရှေ့သို့ ပျံသွားလိုက်သည်။ သူ သေရမည်ဆိုလျှင် ရှီးဖေးကိုလည်း သူနှင့်အပါခေါ်သွားရပေမည်။ ထိုမှသာ ယဉ်ရို့ပင်း လွတ်မြောက်နိုင်မည်ဖြစ်သည်။

“ကျွန်မ ထွက်မပြေးနိုင်ဘူး။ ရှီးဖေးက အရမ်းမြန်လွန်းတယ်။ ကျွန်မတို့ ထွက်ပြေးရင်တောင် သူက အသာလေး လိုက်မီလာမှာပဲ”

ယဉ်ရို့ပင်းသည် ရှီးဖေးကို လှည့်ကြည့်လိုက်ပြီး ခါးသက်သက် ရယ်လိုက်သည်။ ထို့နောက် သူမသည် ကျန်းရီကို စိတ်လှုပ်ရှားစွာဖြင့် တစ်ချက်ကြည့်လိုက်ပြီး ရှီးဖေးဆီသို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။ ရုတ်တရက် သူမ၏ မျက်နှာပေါ်တွင် ပြတ်သားမှုတစ်ခု ထွက်ပေါ်လာသည်။ သူမသည် လက်နှစ်ဘက်ကို မြှောက်၍ ဝှေ့ယမ်းကာ ထူးဆန်းသော လက်ဟန်တစ်ခုကို ပြုလုပ်လိုက်သည်။

“ဟားဟားဟား...”

ရှီးဖေး၏ စွမ်းအားကို ခန့်မှန်း၍မရနိုင်ပေ။ သူ၏ဆံပင်ရှည်များက သူ့မျက်နှာအနီးတွင် ဝဲလွင့်နေသည်။ ဧရာမဦးခေါင်းခွံကြီးကလည်း အော်၍ သူ့ခန္ဓာကိုယ်ကို လှည့်တပ်နေသည်။ သူသည် ကြွက်ကလေးများနှင့် ဆော့နေသော ကြောင်တစ်ကောင်ကဲ့သို့ပင်။ ယင်းမှာ နှိပ်စက်မှုပင်။ သူ အေးစက်စက်လေသံဖြင့် အော်ပြောလိုက်သည်။

“ယဉ်ရို့ပင်း... မင်းက ‌တော်တော်ဉာဏ်ကောင်းတာပဲ။ ကျန်းရီ... ဘာလို့ ပုရွက်ဆိတ်တွေက ကောင်းကင်ကို မလှုပ်ကိုင်နိုင်တာလဲဆိုတာကို သိလား။ ဘာလို့လဲဆိုတော့ ပုရွက်ဆိတ်တွေက အမြဲ ပုရွက်ဆိတ်တွေ ဖြစ်နေမှာမလို့ပဲ။ သူတို့က အမြဲ အသုံးမကျတဲ့ ပိုးမွှားတွေပဲ ဖြစ်နေမှာ”

ရှီးဖေးက ပျက်သုဉ်းကောင်းကင်ဘီးလုံး အသစ်တစ်ခုကို ဖန်တီးလိုက်သည်။ ဤတစ်ကြိမ်တွင် ယဉ်ရို့ပင်းထံတွင် သူမတို့ကို ကာကွယ်ပေးနိုင်မည့် ဝိညာဉ်ချိတ်ဆက် မူလရတနာ မရှိတော့ပေ။ ရှီးဖေးသည် ကျန်းရီက ဤအခြေအနေမှ မည်သို့ လွတ်မြောက်အောင်လုပ်မည်ကို သိလိုနေသည်။ သူသည် ကျန်းရီ ဒုက္ခခံနေရသည်ကို ကြည့်ရန်အတွက်ဖြင့် ထိုတာအိုပုံသဏ္ဌာန်ကို အကြိမ်ရာနှင့်ချီ သုံးနိုင်ပေသည်။

‘ပြီးသွားပြီ...’

ကျန်းရီသည် အရှေ့သို့ ပျံသွားနေသော်လည်း မျှော်လင့်ချက်ကင်းမဲ့နေသည်။ သူ ယဉ်ရို့ပင်းကို အပြစ်ရှိဟန်ဖြင့် လှည့်ကြည့်လိုက်သည်။ သူသည် မည်သည့်အခါကမှ သေရမည်ကို မကြောက်ခဲ့ပေ။ သို့သော် သူနှင့်အတူ ယဉ်ရို့ပင်းကိုပါ ဒုက္ခရောက်စေမိသည့်အတွက် သူ အပြစ်ရှိသကဲ့သို့ ခံစားနေရသည်။

“ဟင်းဟင်း...

ရုတ်တရက် ယဉ်ရို့ပင်းက ခပ်သဲ့သဲ့ ပြုံးလိုက်၏။ သူမသည် သူမတို့ကို လှောင်ပြုံးဖြင့် ကြည့်နေသော ကောင်းကင်ထက်ရှိ ရှီးဖေးကို မော့ကြည့်ကာ ပြောလိုက်သည်။

“ရှီး‌ဖေး... ပုရွက်ဆိတ်တွေက ဘယ်တော့မှ ကောင်းကင်ကို မလှုပ်ကိုင်နိုင်ဘူးဆိုတာ အမှန်ပဲ။ ဒါပေမဲ့ ကျွန်မတို့က ပုရွက်ဆိတ်တွေ မဟုတ်ဘူး... ရှင်ကလည်း ကောင်းကင်မဟုတ်ဘူး။ ရှင်တစ်ယောက်တည်းနဲ့ ကျွန်မတို့ နှစ်ယောက်ကို သတ်နိုင်လိမ့်မယ်လို့ တကယ်ပဲ ထင်နေတာလား။ အိပ်မက်မက်နေလိုက်”

ရွှီး...

ယဉ်ရို့ပင်း၏ခန္ဓာကိုယ်မှနေ၍ အဖြူရောင်အလင်း တောက်ပလာသည်။ သူမ၏ အဝတ်အစားများနှင့် လည်စီးပုဝါက လေထဲတွင် တဖျပ်ဖျပ်ခတ်နေသည်။ အဖြူရောင်အလင်းအောက်တွင် သူမက ကောင်းကင်မှဆင်းသက်လာသော နတ်မိမယ်တစ်ပါးနှင့် ဆင်တူနေလေသည်။

အဖြူ‌ရောင်အလင်းနှင့်အတူ အားကောင်းသော မွှေးရနံ့တစ်ခုလည်း ထွက်လာသည်။ ထိုရနံ့အငွေ့အသက်က ဒြပ်ထည်ရှိလာပြီး ပန်းရောင်အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ပတ်ဝန်းကျင်တစ်ခွင်လုံးတွင် ပန်းရောင်အခိုးအငွေ့များ ပြည့်နှက်သွားသည်။ သူမတို့ပတ်ပတ်လည်မှ အရာအားလုံးက စတင်ပျောက်ကွယ်လာလေသည်။

“ကျွန်မတို့ နံ့သာသခင်မမျိုးနွယ်က ထိပ်တန်းသခင်မမျိုးနွယ်ဆယ်ခုထဲက နံပါတ်(၂)လို့ သတ်မှတ်ခံရတဲ့ မျိုးနွယ်ပဲ။ ရှီး‌ဖေး... ကျွန်မမှာ ပန်းပွင့်တစ်ထောင်ညှို့ဓာတ်ပဲ ရှိလိမ့်မယ်လို့ ရှင် တကယ်ပဲ ထင်လား။ ရှင် ကျွန်မကို လျှော့တွက်မိပြီ”

ယဉ်ရို့ပင်းက ခပ်လှောင်လှောင်ရယ်၍ ပန်းရောင်အခိုးအငွေ့များကို ရှီးဖေးထံ ရွေ့လျားသွားစေလိုက်၏။ ထိုအခိုက်တွင် ရှီးဖေးသည် မျက်မြင်တစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။ သူသည် အောက်ဘက်သို့ မမြင်နိုင်တော့သလို အာရုံခံ၍လည်း မရတော့သဖြင့် ယဉ်ရို့ပင်းနှင့် ကျန်းရီတို့ မည်သည့်နေရာတွင် ရှိနေကြောင်းကို မသိနိုင်တော့ပေ။

ရှီးဖေးသည် အတန်ငယ် မှင်တက်နေပြီးနောက် တစ်စုံတစ်ခုကို တွေးမိသွား၏။ ထို့ကြောင့် သူ ဒေါသတကြီး အော်ပြောလိုက်သည်။

“ဒဏ္ဍာရီလာ နတ်ရနံ့ပုံရိပ်ယောင်အစီအရင်က တကယ်ပဲ ရှိတာလား။ ယဉ်ရို့ပင်... မိန်းမပျက်မ... မင်းက အဲ့မျိုးမစစ်ကျန်းရီကို ကူညီပေးမယ်ပေါ့လေ။ အား...အား...”

ရှီးဖေးသည် ပျက်သုဉ်းကောင်းကင်ဘီးလုံးကို အခိုးအငွေ့များကို ဖြတ်၍ ပျံသန်းသွားစေလိုက်၏။ တစ်ချိန်တည်းမှာပင် ဦးခေါင်းခွံကြီးက အရပ်မျက်နှာအနှံ့ကို အော်လိုက်သည်။ သို့သော် ပန်းရောင်အခိုးအငွေ့များက နေရာအနှံ့တွင် ရှိနေ၍ ရှီးဖေး သူ၏ ပစ်မှတ်များကို မတွေ့မြင်နိုင်ချေ။ ထို့ပြင် ယခုတွင် သူက အရှေ့အနောက်တောင်မြောက်ကိုပင် မသိတော့ပေ။ သူသည် ထိုပုံရိပ်ယောင်အစီအရင်အတွင်းမှ ပြန်မထွက်နိုင်‌တော့ဟုပင် ခံစားနေရလေသည်။

“ဟာ...”

ကျန်းရီသည် အရှေ့သို့ ပျံသန်းနေရင်းဖြင့် သူ့အရှေ့တွင် ပန်းရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။ ယဉ်ရို့ပင်းနှင့် ရှီးဖေးတို့က သူ့မြင်ကွင်းထဲမှ ပျောက်ကွယ်သွားပေပြီ။ ထို့ကြောင့် သူ မျက်လုံးပြူးသွားပြီး အော်ခေါ်လိုက်သည်။

“ရို့ပင်း...ရို့ပင်း...ရို့ပင်း”

ဝှစ်...

ပန်းရောင်အခိုးအငွေ့များအတွင်းမှနေ၍ လူတစ်ယောက်ထွက်လာသည်။ ယဉ်ရို့ပင်း၏ မျက်နှာတွင် သွေးမရှိတော့ပေ။ သူမ၏ ခြေလှမ်းများကလည်း ဒယိမ်းဒယိုင်ဖြစ်နေသည်။  သူမ ခါးသက်သက်ပြုံး၍‌ ပြောလိုက်သည်။

“ကျန်းရီ... မြန်မြန်၊ ကျွန်မကို ဒီနေရာက ခေါ်ထုတ်သွား”

“ကောင်းပြီ”

ကျန်းရီ စိတ်လှုပ်ရှား ပြန်ပြောလိုက်သည်။ သူ သူမဆီသို့ လျင်မြန်စွာ သွားလိုက်ပြီး မြေပြင်သို့ လဲကျသွားသော သူမကို ပွေ့ဖမ်းလိုက်သည်။ ထို့နောက် သူ ထိုနေရာမှနေ၍ ဝေးနိုင်သမျှ အဝေးသို့ ပြေးသွားလိုက်သည်။ သက်တန့်ဝိညာဉ်လှံက သူတို့၏ လမ်းတွင် ပိတ်နေသော ဖုတ်‌ကောင်စစ်သည်များကို ရှင်းပစ်ပေးနေသည်။

ကျန်းရီတို့ ကီလိုမီတာများစွာ သွားပြီးနောက်တွင် ယဉ်ရို့ပင်းက ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်၏။ ထို့နောက် သူမသည် အားနည်းသောအသံလေးဖြင့် ပြောလိုက်သည်။

“အဝေးကြီးကို မပြေးနဲ့။ သန့်ရှင်းတဲ့ အခန်းတစ်ခန်းကို ရှာလိုက်။ ကျွန်... ကျွန်မ ဆက်တောင့်မခံနိုင်တော့ဘူး”

ကျန်းရီ စိုးရိမ်သွား၏။ သူ ယဉ်ရို့ပင်းကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

“ရို့ပင်း.... တောင့်ထားပါဦး။ မင်း မသေရဘူး။ မင်းသေရင်..ငါ... ငါလည်း အသက်ဆက်မရှင်ချင်တော့ဘူး”

***

All Chapters