လူအိုကြီး
Vol. 80 Ch. 1109
ဝုန်း...ဝုန်း...ဝုန်း...
ဝိညာဉ်လေဓားများက အဆက်မပြတ် တိုက်ခိုက်နေသည်။ ရှီးဖေးတစ်ယောက် အကြိမ်ကြိမ် နောက်သို့ လွင့်ပျံထွက်နေသည်။ အသံလှိုင်းများကလည်း မရပ်တန့်ဘဲ ရှီးဖေးကို ဖိနှိပ်ကာ သူ၏ စိတ်ဝိညာဉ်ကို အဆက်မပြတ် တိုက်ခိုက်နေသည်။
ဝှစ်...ဝှစ်...
ကျန်းရီသည် သက်တန့်ဝိညာဉ်လှံကိုလည်း ထုတ်လိုက်၏။ လှံသည် သက်တန့်တစ်ခုအလား ရှီးဖေးထံသို့ တန်းတန်းမတ်မတ် ပျံဝင်သွားသည်။ သို့သော် သွေးဧကရာဇ်ချပ်ဝတ်က တောက်ပလာပြီး သက်တန့်ဝိညာဉ်လှံကို ခုခံလိုက်သည်။ ထို့ကြောင့် ကျန်းရီသည် ရွေးချယ်စရာ မရှိတော့ဘဲ သက်တန့်ဝိညာဉ်လှံကို ပြန်ရုတ်သိမ်းလိုက်ရပြီး ဝိညာဉ်လေဓားများနှင့်သာ ဆက်၍ တိုက်ခိုက်လိုက်ရလေသည်။ ဝိညာဉ်လေဓားများက တုန်ခါသွားစေရုံသာ တတ်နိုင်သည်ဆိုလျှင်လည်း သူ ရှီးဖေးကို သေသည်အထိ တုန်ခါသွားအောင် လုပ်ပစ်လိုနေသည်။
“ဖူး...”
ရှီးဖေးက အနောက်သို့ အဆက်မပြတ် လွင့်ထွက်နေပြီး သူ့ခေါင်းဆောင်းအောက်မှလည်း သွေးများ စီးကျနေသည်။ ဝိညာဉ်လေဓားများနှင့် တစ်ကြိမ် ထိမှန်ခံလိုက်ရတိုင်း သူသည် နာကျင်လွန်းလှသဖြင့် အသိပြန်ကပ်ကပ်လာသည်။ ဤတစ်ကြိမ်တွင်မူ ပြင်းထန်သော နာကျင်မှုကြောင့် သူ လုံးဝအသိဝင်သွားပြီး သူ၏ကိုယ်တွင်းအင်္ဂါများ ပျက်စီးသွားမည်ကို ပူပန်မိသွားသည်။ ထိုအတိုင်း ဆက်ဖြစ်နေပါက သူ အမှန်ပင် သေသည်အထိ တုန်ခါသွားပေလိမ့်မည်။
ရှီးဖေးသည် ထွက်ပြေးရန်လည်း အကြိမ်များစွာ ကြိုးစားကြည့်ခဲ့၏။ သို့သော် ကျန်းရီ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်က စက္ကန့်မျှပင် မရပ်တန့်သဖြင့် သူ ထွက်မပြေးနိုင် ဖြစ်နေသည်။ သူသည် မည်သို့မှ ထွက်ပြေးနိုင်မည် မဟုတ်ကြောင်း သေချာသွား၍ ကျန်းရီကို အော်ပြောလိုက်သည်။
“ကျန်းရီ... မင်းရဲ့ တိုက်ခိုက်မှုတွေကို ရပ်လိုက်တော့။ မင်း ငါ့ကို သတ်လို့မရဘူး... ငါက ရှီးမျိုးနွယ်ရဲ့ မျိုးနွယ်ခေါင်းဆောင်ငယ် ဖြစ်နေပြီ။ ငါ့မှာ မျိုးနွယ်ခေါင်းဆောင်ငယ် အမိန့်ပြားရှိတယ်။ မင်း ငါ့ကို သတ်လိုက်ရင် ငါ့အဘိုးက ချက်ချင်သိသွားလိမ့်မယ်။ အဲ့ကျရင် သူ ကိုယ်တိုင် ရောက်လာပြီး မင်းကို လိုက်သတ်လိမ့်မယ်။ မင်း ထွက်ပြေးနိုင်မှာ မဟုတ်ဘူး...”
ရွှမ်...ရွှီ...
ရှီးဖေး စကားစ အဖြတ်ခံလိုက်ရ၏။ ကျန်းရီ၏ မျက်နှာထားက အနည်းငယ်ပင် မပြောင်းလဲသွားပေ။ ဝိညာဉ်လေဓားများက အရှေ့သို့ ဆက်ပျံသန်းသွားပြီး ရှီးဖေးကို ပေတစ်ရာကျော် လွင့်ပျံသွားစေ၏။ ကျန်းရီသည် စကားဆက်ပြောမနေလိုပေ။ သူ၏ မျက်နှာထားက တင်းမာအေးစက်နေပြီး သူ၏ လုပ်ဆောင်ချက်များက ရှင်းလင်းပြတ်သားပေသည်။ သူ အနည်းငယ်ပင် မညှာတာခဲ့ချေ။
“ကျန်းရီ... မင်း ငါ့ကို မသတ်ဘူးဆိုရင် ငါ မင်းကို သွေးဧကရာဇ်ချပ်ဝတ် ပေးမယ်။ တခြား ရှေးဟောင်းအသုံးအဆောင် သုံးခု... မဟုတ်ဘူး... ငါးခုကိုလည်း ပေးဦးမယ်။ ပြီးတော့ ငါ ဘယ်တော့မှ မင်းကို ရန်မရှာတော့ပါဘူးလို့လည်း ဆန်းကြယ်ဧကရာဇ်ကို တိုင်တည်ပြီး ကျိန်ဆိုပြမယ်”
ဝုန်း...ဝုန်း...ဝုန်း...
ကျန်းရီသည် ရှီးဖေး၏ စကားကို ဝိညာဉ်လေဓားဆယ်ချောင်းဖြင့်သာ တုံ့ပြန်လိုက်သည်။ ရှီးဖေး မြေပေါ်တွင် လိမ့်သွား၏။ သူ့ပတ်ပတ်လည်မှ ဖုတ်ကောင်စစ်သည်များကလည်း ဝိညာဉ်လေဓားများကြောင့် အပိုင်းပိုင်း ပြတ်သွားကြသည်။ ၎င်းတို့၏ သွေးများက ရှီးဖေးအပေါ်သို့ ပန်းထွက်ကုန်လေသည်။
“ကျန်းရီ... တိုက်ခိုက်တာ ရပ်လိုက်တော့။ မင်း မြောက်ဘက်ဧကရာဇ်ရဲ့ ဝူမျိုးနွယ်ကို အပြစ်ပြုပြီးပြီ။ မင်း ယဉ်ရို့ပင်းကို သွေးဆောင်ဖြားယောင်းတာကလည်း ကျန့်မျိုးနွယ်နဲ့ ယဉ်မျိုးနွယ်ကို ဒေါသူပုန်ထသွားစေမှာပဲ။ ပြီးတော့ မင်း ငါ့ကို သတ်လိုက်ရင် ရှီးမျိုးနွယ်ကလည်း မင်းရဲ့ ရန်သူ ဖြစ်သွားလိမ့်မယ်။ အဲ့ကျရင် မင်း ကမ္ဘာမြေအဆုံးအထိ ထွက်ပြေးရင်တောင် လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုသာ ပူးပေါင်းလိုက်ရင် အပြစ်သားကျွန်းက ခုခံနိုင်မှာ မဟုတ်ဘူး။ မင်းက သေရမှာ မကြောက်ဘူးဆိုရင်တောင် ယဉ်ရို့ပင်းအတွက် တွေးမပေးတော့ဘူးလား”
“မင်းဖင်ကြီးကိုပဲ သွားတွေးလိုက်”
နောက်ဆုံးတွင် ကျန်းရီ ပြန်ပြောလိုက်ပေပြီ။ သူ ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။
“ငါက မျိုးနွယ်ကြီးတွေ အများကြီးကို အပြစ်ပြုပြီးပြီဆိုတော့ ရှီးမျိုးနွယ်ကို ထပ်အပြစ်ပြုတော့ရော ဘာဖြစ်မှာလဲ။ ရို့ပင်းအတွက် တွေးရမယ်ဟုတ်လား။ ဒီနေ့ မင်း ရို့ပင်းကို မစော်ကားခဲ့ဘူးဆိုရင် ငါ မင်းကို အသက်ရှင်ခွင့်ပေးလို့ ရသေးတယ်။ ဒါပေမဲ့ မင်း စော်ကားခဲ့တယ်... အဲ့တော့ မင်း သေကိုသေရမယ်”
ဝုန်း...ဝုန်း...ဝုန်း...
တိုက်ခိုက်မှုတိုင်းက ရှီးဖေးကို အနောက်သို့ လွင့်ပျံသွားနေစေသည်။ သူသည် ချော့တစ်ခါ၊ ခြောက်တစ်လှည့်နှင့်လည်း အဆက်မပြတ် အသနားခံနေသည်။ သို့သော် ကျန်းရီ၏ နှလုံးသားက သံမဏိကဲ့သို့ မာကြောသည်။ သူ လုံးဝ မညှာတာပေ။ သူက ဧကရာဇ်ကိုးပါးမျိုးနွယ်စုထဲမှ မျိုးနွယ်သုံးခုကို အပြစ်ပြုမိခဲ့ပြီးပြီဖြစ်၍ နောက်မျိုးနွယ်တစ်ခုကို ထပ်အပြစ်ပြုလျှင်လိုက်လည်း ကွာခြားမှု ရှိတော့မည် မဟုတ်ချေ။ သူ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရယူနိုင်လိုက်လျှင်လည်း မိစ္ဆာဧကရာဇ်က တောင်ခြေတွင် သူ့ကို စောင့်နေမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် သတ်ဖြတ်ရန် တွန့်ဆုတ်မနေတော့ပေ။
ကျန်းရီက သတ္တိကောင်းသူတစ်ယောက်ဖြစ်၍ မတွန့်ဆုတ်တတ်ချေ။ မိမိလုပ်ရပ်တိုင်းအတွက် ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို တွေးနေရလျှင် မည်သူ့ကိုမှ ပြန်ခုခံနိုင်မည် မဟုတ်ပေ။ သူ့ရန်သူတိုင်း၏နောက်ကွယ်တွင် အင်အားကြီးသော မျိုးနွယ်များနှင့် အင်အားစုများ ရှိနေသည် မဟုတ်ပါလား။ သူက မည်သူ့ကိုမှ မသတ်နိုင်လျှင် အခြားသူများက သူ့အား ခွေးတစ်ကောင်ကဲ့သို့ လာသတ်သည်ကိုသာ စောင့်နေရမည်ဖြစ်သည်။ သူသည် ထိုသို့အဖြစ်ခံမည့်အစား အပြစ်သားကျွန်းတွင်သာ ရိုးရှင်းသောဘဝကို ဖြတ်သန်းနေမည်ဖြစ်သည်။
“ယဉ်ရို့ပင်း... ငါတို့က ဧကရာဇ်မျိုးနွယ်စုက မျိုးနွယ်ဝင်တွေဆိုတဲ့ မျက်နှာကို ထောက်ပါဦး။ ကျန်းရီကို ငါ့ကိုမသတ်ဖို့ ပြောပေးပါ။ ငါ့ကို ခွေးတစ်ကောင်ကို လွှတ်ပေးသလို လွှတ်ပေးလိုက်ပါ။ နောက်ကျ ငါ မင်းတို့နှစ်ယောက်ကို ပြဿနာလာမရှာဘူးလို့ ကတိပေးပါတယ်။ ယဉ်ရို့ပင်း... မျိုးနွယ်ခေါင်းဆောင်ငယ်က မျိုးနွယ်အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာကို မင်းလည်း သိပါတယ်။ ငါ အသတ်ခံလိုက်ရတာနဲ့ ငါ့အဘိုးက သူကိုယ်တိုင် လက်စားချေလိမ့်မယ်။ အဲ့လိုဆို မင်းတို့နှစ်ယောက် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲက ထွက်တာနဲ့ အသတ်ခံရလိမ့်မယ်။ ကျန်းရီကို ဖျောင်းဖျပေးပါ။ ငါ ဆက်တောင့်မခံနိုင်တော့ဘူး...”
ဤတစ်ခေါက်တွင် ရှီးဖေးသည် ကျန်းရီအနောက်ရှိ ယဉ်ရို့ပင်းကို အသနားခံလိုက်သည်။ ကျန်းရီက စိတ်ပြောင်းမည် မဟုတ်ကြောင်း သူ သေချာသွားပြီဖြစ်သည်။ ယခုတွင် သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ယဉ်ရို့ပင်းသာ ရှိတော့သည်။ ယဉ်ရို့ပင်းကသာ ကျန်းရီကို ဖျောင်းဖျလိုက်လျှင် ကျန်းရီက သူမ၏မျက်နှာကို ထောက်ထားနိုင်ပေသည်.
“အာ...”
ယဉ်ရို့ပင်း မျက်မှောင်ကြုတ်လိုက်၏။ ရှီးဖေး၏စကားများက မှန်ပေသည်။ ရှီးမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်ငယ်က အသတ်ခံလိုက်ရလျှင် မိစ္ဆာဧကရာဇ်ကိုယ်တိုင် ရောက်လာပေလိမ့်မည်။
ရှီးမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်ငယ်မှာ အနာဂတ်တွင် မိစ္ဆာအင်ပါယာ၊ မိစ္ဆာဧကရာဇ် ဖြစ်လာမည့်သူဖြစ်သည်။ မျိုးနွယ်ခေါင်းဆောင်ငယ် အသတ်ခံလိုက်ရလျှင် ရှီးမျိုးနွယ် မျက်နှာပျက်ရပေလိမ့်မည်။ ထို့ကြောင့် မိစ္ဆာဧကရာဇ်က သူကိုယ်တိုင် ရောက်လာပြီး ကျန်းရီ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲမှ ထွက်လိုက်သည်နှင့် ကျန်းရီကို ချက်ချင်း သတ်ပစ်မည်ဖြစ်သည်။ ရှီးဖေး ပြောခဲ့သော အမိန့်ပြားမှာ အမှန်တကယ်ရှိသောအရာဖြစ်သည်။ သူ သေသွားသည်နှင့် မိစ္ဆာဧကရာဇ်က ချက်ချင်း သိသွားပေလိမ့်မည်။
ကျန်းရီက မျက်နှာထားမပြောင်းသေးချေ။ သူ ယဉ်ရို့ပင်းကို လှည့်ကြည့်လိုက်သည်။ အကယ်၍ ယဉ်ရို့ပင်းကသာ တောင်းဆိုလျှင် သူ ရှီးဖေးကို မသတ်ဘဲ လွှတ်ပေးနိုင်သည်။ သူက ယဉ်ရို့ပင်းအပေါ်တွင် များစွာအကြွေးတင်နေသည် မဟုတ်ပါလား။
သို့သော် ယဉ်ရို့ပင်းသည် ကျန်းရီ၏ မျက်နှာထားကို တွေ့လိုက်သောအခါ ခပ်သဲ့သဲ့ပြုံး၍ ပြောလိုက်သည်။
“ကျန်းလန်... ဒီကိစ္စကို ရှင့်လက်ထဲပဲ လွှဲပေးလိုက်မယ်။ ရှင့်နဲ့သာဆိုရင် ကျွန်မ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ဖြတ်နိုင်တယ်”
“ကောင်းပြီ”
ကျန်းရီ ခေါင်းညိတ်လိုက်၏။ သူ့ရင်ထဲတွင် ခံစားချက်များ ထပ်မံ ပြည့်တက်လာသည်။ သူ၏ ဓားပျော့က ဆက်၍ လှုပ်ယမ်းသွားပြီး ဝိညာဉ်လေဓားများကလည်း အရှေ့သို့ ပျံထွက်သွားသည်။ ရှီးဖေးသည် ဝိညာဉ်လေဓားများ ထိမှန်ခံလိုက်ရပြီး ထပ်မံ သွေးအန်သွား၏။
တဖြည်းဖြည်းဖြင့် ရှီးဖေး၏အသံက တိမ်ဝင်လာသည်။ သူ၏ ကိုယ်တွင်းအင်္ဂါများက လုံးဝ ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ သူ စကားဆက်မပြောနိုင်တော့ပေ။ သေခြင်းတရား၏ အငွေ့အသက်ကလည်း သူ့ကို လွှမ်းခြုံနေပြီဖြစ်သည်။
ဝုန်း...
တိုက်ခိုက်မှုတစ်ခုကို ထပ်ခံရပြီးနောက် ရှီးဖေး၏ ခန္ဓာကိုယ်က မခံနိုင်တော့ချေ။ သွေးဧကရာဇ်ချပ်ဝတ်က သူ့ကိုယ်မှ အလိုလိုကျွတ်သွားပြီး လေထဲတွင် ပျံဝဲနေသည်။ ရှေးဟောင်းနတ်ဘုရားလက်စွပ်ကလည်း အလိုလို ပျံတက်သွားသည်။ ရှီးဖေး၏ တစ်ကိုယ်လုံးက သွေးများရွှဲနေပေပြီ။ သူ အသက်လည်း မရှူတော့ပေ။ သို့သော် သူ သေ၊ မသေကို အတည်မပြုနိုင်သေးချေ။
ဝှစ်...
ရုတ်တရက်...
ရှီးဖေး၏ကိုယ်ပေါ်မှ ကျောက်စိမ်းဖြူအမိန့်ပြားတစ်ခုက လေထဲသို့ ပျံတက်သွားကာ ပေါက်ကွဲသွားသည်။ ယဉ်ရို့ပင်းသည် ထိုအဖြစ်အပျက်ကို မြင်လိုက်သောအခါ မျက်နှာပျက်သွားပြီး အနီးရှိ အခန်းတစ်ခုအတွင်းသို့ အပြေးအလွှား ဝင်သွားလိုက်သည်။
ရွှီး...
ကျောက်စိမ်းဖြူအမိန့်ပြားက အာကာပြင်ကို ပွင့်ထွက်သွားစေ၏။ အာကာပြင်ထဲရှိ မိုးမြေအတွင်အားများက ဧရာမ မျက်နှာကြီးတစ်ခုအဖြစ် လျင်မြန်စွာ ပေါင်းစည်းသွားသည်။
ထိုမျက်နှာကြီးမှာ ပိန်းပါးသော အဘိုးအိုတစ်ယောက်၏ မျက်နှာဖြစ်သည်။ သူ၏နှာတံက မြင့်ပြီး မျက်လုံးများက သိမ်းငှက်မျက်လုံးများကဲ့သို့ပင်။ သူက သိုင်းပညာရှင်တစ်ယောက်ဖြစ်ကြောင်း ထင်ရှားပေသည်။ မျက်နှာကြီးထံမှနေ၍ မည်သည့်အရှိန်အဝါမှ ထွက်မနေသော်လည်း ယင်းမျက်နှာကြီးကို ကြည့်မိသူတိုင်း ရင်တုန်သွားနိုင်လေသည်။
“ကျန်းရီ... အဲ့ဒါက မိစ္ဆာဧကရာဇ်ရဲ့ နတ်ဘုရားဝိညာဉ်ကနေ ဖြစ်ပေါ်လာတဲ့ ဝိညာဉ်ပုံရိပ်တစ်ခုပဲ။ မိစ္ဆာဧကရာဇ်က ရှီးဖေးကို ပေးထားတဲ့ အမိန့်ပြားက ပေါက်ကွဲသွားလို့ မိစ္ဆာဧကရာဇ်က မိုင်သန်းချီအကွာကနေပြီး အာရုံခံမိလိုက်တာ။ ရှင်... ဒီကိစ္စကို ဂရုတစိုက် ကိုင်တွယ်မှရမယ်”
ယဉ်ရို့ပင်းက ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။ မိစ္ဆာဧကရာဇ်၏ ဝိညာဉ်ပုံရိပ်ကြီး ထွက်ပေါ်လာပေပြီ။ မိစ္ဆာဧကရာဇ်က သူမကို တွေ့သွား၍ မဖြစ်ပေ။ သူမက ယဉ်မျိုးနွယ်မှ သခင်မလေးတစ်ယောက် မဟုတ်ပါလား။ အကယ်၍ သူမက ကျန်းရီနှင့်အတူ ရှီးဖေးကို သတ်ခဲ့ခြင်းဖြစ်ကြောင်း မိစ္ဆာဧကရာဇ် သိသွားပါက ယဉ်မျိုးနွယ်ပါ ပြဿနာတက်သွားနိုင်ပေသည်။
မိစ္ဆာဧကရာဇ်၏ ဝိညာဉ်ပုံရိပ် ထွက်ပေါ်လာသောအခါ အနီးမှ ဖုတ်ကောင်စစ်သည်များသည် ကြောက်ရွံ့စွာ နောက်ဆုတ်သွားကြ၏။ မိစ္ဆာဧကရာဇ်က မြေပြင်ပေါ်တွင် လဲကျနေသော ရှီးဖေးကို ကြည့်လိုက်ပြီးနောက် ကျန်းရီကို ဆက်ကြည့်လိုက်သည်။
“မင်းက ကျန်းရီလား”
ကျန်းရီ၏ မျက်နှာထားက အတန်ငယ်ပင် ပြောင်းလဲမသွားပေ။ သူ အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“ကျွန်တော်က ကျန်းရီပဲ။ ခင်ဗျားက မိစ္ဆာဧကရာဇ်လား”
“မင်းက ငါ့မြေးကို သတ်ရဲတယ်ပေါ့လေ”
မိစ္ဆာဧကရာဇ်၏ အသံက အလွန်အေးစက်နေပြီး ဖော်ပြ၍မရနိုင်သော ဖိအားတစ်ခုကို သယ်ဆောင်လာသည်။ လူများသည် သူ့အသံကို ကြားပြီးနောက်တွင် သူ့အား ပြန်လှန်၍ ပြောဝံ့မည်မဟုတ်ပေ။ သူသည် အားလုံး၏ ရိုသေလေးစားခြင်းကို ခံရသော အဆုံးမဲ့စွမ်းအားကို ပိုင်ဆိုင်ထားသည့် ဧကရာဇ်တစ်ပါးဖြစ်သည်။
သို့သော် ကျန်းရီသည် မည်သည့်ခံစားချက်ကိုမှ မပြသသေးဘဲ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
“ခင်ဗျားရဲ့ မြေးက ကျွန်တော့်ကို သတ်ချင်နေတာလေ၊ အဲ့တော့ ကျွန်တော်လည်း သူ့ကို ပြန်သတ်ရတာပေါ့”
“အတင့်ရဲလိုက်တာ...”
မိစ္ဆာဧကရာဇ်၏ ဝိညာဉ်ပုံရိပ်မှ မျက်လုံးများက အေးစက်စက်အလင်း လင်းလက်လာ၏။ ပုံရိပ်မှ ထွက်လာသော ဖိအားကလည်း အလွန်အားကောင်းပေသည်။ သို့သော် သူ စကားမဆုံးသေးခင်မှာပင် ကျန်းရီက လက်မြှောက်၍ အတွင်းအားတစ်တန်း ထုတ်လွှတ်လိုက်သည်။ ဝိညာဉ်ပုံရိပ်ကြီး အမှုန့်ဖြစ်သွားပေပြီ။
တစ်ချိန်တည်းမှာပင် ကျန်းရီသည် ဝိညာဉ်လေဓားများကို စုစည်း၍ အရှေ့သို့ ပစ်လွှတ်လိုက်၏။ ဝိညာဉ်လေဓားများက ရှီးဖေး၏ ခန္ဓာကိုယ်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားအောင် ခုတ်ဖြတ်ပစ်လိုက်ကြသည်။ ထို့နောက် ကျန်းရီ ခပ်လှောင်လှောင် ပြောလိုက်လေသည်။
“လူအိုကြီး... ခင်ဗျားက ဝိညာဉ်ပုံရိပ်လေးနဲ့ ကျွန်တော့်ကို ခြောက်ဖို့ ကြိုးစားနေတယ်ပေါ့လေ။ ကျွန်တော်က သူရဲဘောကြောင်တဲ့ကောင်လို့ ထင်လို့လား...”
ရှီးဖေး သေဆုံးသွားပေပြီ။
***