← Chapters

သိုင်းပညာရှင်များ စုဝေးခြင်း

Vol. 80 Ch. 1110

သိုင်းပညာရှင်များ စုဝေးခြင်း

Vol. 80 Ch. 1110

ဝုန်း...

မိစ္ဆာဧကရာဇ်မြို့ထဲရှိ ရှီးရဲတိုက်ဝန်းထဲတွင် ပေါက်ကွဲသံကြီးတစ်သံကို ကြားလိုက်ရ၏။ ရဲတိုက်တစ်ခု ပြိုကျသွားပြီး ရဲတိုက်နံရံမှ အင်္ဂတေများက နေရာအနှံ့သို့ လွင့်ပျံသွားကြသည်။ ရဲတိုက်တစ်ခုလုံး ပြိုကျသွားသည်ဖြစ်၍ ဖုန်မှုန့်များ တထောင်းထောင်းထသွားရာ ရှီးရဲတိုက်ဝန်းထဲရှိ လူအားလုံး လန့်ဖြန့်သွားကြလေသည်။

ဝှစ်...ဝှစ်...ဝှစ်...

ရဲတိုက်များထဲမှနေ၍ မရေမတွက်နိုင်သော ရှီးမျိုးနွယ် သိုင်းပညာရှင်များ ပျံထွက်လာကြသည်။ သူတို့သည် အင်အားကြီးရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရတော့မည့်အလား မျက်နှာထားများ တင်းမာနေကြသည်။ ပြိုကျသွားသော  ရဲတိုက်မှာ အနောက်ဝန်းအတွင်းရှိ အကြီးဆုံးရဲတိုက်ဖြစ်ပြီး မိစ္ဆာဧကရာဇ်နေထိုင်ရာ ရဲတိုက်လည်း ဖြစ်သည်။ အထဲတွင် မိစ္ဆာဧကရာဇ် ရှိနေသည်ပင် မည်သူက ရဲတိုက်ကို တိုက်ခိုက်ဝံ့ခြင်းနည်း။ လောကထိပ်တန်းအဆင့် သိုင်းပညာရှင်တစ်ယောက်က လာရောက်တိုက်ခိုက်ခြင်းလော။

မိစ္ဆာအင်ပါယာနှင့် ရှီးမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများသည် ကောင်းကင်စိတ်အာရုံထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်ကြသော်လည်း မည်သည့်ရန်သူကိုမှ မတွေ့သဖြင့် အံ့အားသင့်သွားကြ၏။ သူတို့သည် အပျက်အစီးပုံကြီးထဲတွင် မိစ္ဆာဧကရာဇ်၏ အငွေ့အသက်ကိုသာ အာရုံခံနိုင်ကြသည်။ မိစ္ဆာဧကရာဇ်က အပျက်အစီပုံ‌အောက်တွင် ပိနေခြင်းပင်။ သို့သော် သူ့ကို နတ်ဘုရားဒိုင်းက ကာရံပေးထားသည်။ သူသည် အမျက်တချောင်းချောင်း ထနေသော မျက်ဝန်းများဖြင့် ထိုင်နေသည်။

“စိတ်လျှော့ပါ အရှင်ဧကရာဇ်... ကျွန်တော်မျိုးတို့ မှားပါတယ်”

လူများစွာသည် သူတို့က တိုက်ခိုက်ခံရခြင်း မဟုတ်ဘဲ မိစ္ဆာဧကရာဇ်က ဒေါသဖြစ်ကာ သူ့ရဲတိုက်ကိုသူ ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်ကြောင်း သိသွားကြသည်။ မိစ္ဆာဧကရာဇ်က အလွန်ဒေါသထွက်နေသည်ကို ကြည့်၍ ရှီးရဲတိုက်ဝန်းထဲမှ လူအားလုံး ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားကြ၏။ မိစ္ဆာဧကရာဇ်က ဤသို့ဒေါသမထွက်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

“ဟွန်း...”

မိစ္ဆာဧကရာဇ်က နှာမှုတ်ကာ အပျက်အစီးပုံထဲမှ ပျံထွက်လာသည်။ သူ့အနီးမှ အင်္ဂတေများအားလုံးလည်း အမှုန့်ဖြစ်သွားသည်။ သူ လေထဲတွင် ဝံ့ကြွားစွာ ရပ်လိုက်၏။ သူ၏ မီးခိုးရောင်ဆံပင်များနှင့် ကြော့ရှင်းသော ရွှေနားကွပ် ဝတ်ရုံနက်က လေထဲတွင် ဝဲလွင့်နေသည်။ ထို့နောက် သူ အရှေ့ဘက်သို့ ကြည့်ကာ အော်ပြောလိုက်သည်။

“ကျန်းရီ... ငါ မင်းကို သတ်ပစ်မယ်။ ငါ မင်းကို သတ်မယ်”

“ကျန်းရီလား...”

မိစ္ဆာအင်ပါယာနှင့် အကြီးအကဲများ နားမလည်နိုင်ဖြစ်သွားကြ၏။ ကျန်းရီ ပျောက်နေခဲ့သည်မှာ သုံးနှစ်နီးပါး ရှိပြီဖြစ်သည်။ သို့ဖြစ်ရာ သူက မိစ္ဆာဧကရာဇ်ကို အဘယ်သို့ အပြစ်ပြုမိခဲ့ခြင်းနည်း။ တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့သည်လော။

“အဖေ... ဘာဖြစ်တာလဲ”

မည်သူကမှ မမေးဝံ့သဖြင့် မိစ္ဆာအင်ပါယာက မေးလိုက်ရသည်။

မိစ္ဆာဧကရာဇ်က မိစ္ဆာအင်ပါယာကို ပြန်မဖြေပဲ အော်ပြောလိုက်သည်။

“တစ်ယောက်ယောက် လာခဲ့စမ်း၊ ဝူရှန့်ဆီ သတင်းပို့လိုက်။ ကျန်းရီက ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲမှာ ရှိနေတယ်လို့ သူ့ကို ပြောလိုက်။ သူ လက်စားချေချင်တယ်ဆိုရင် ချက်ချင်းသွားမှ ရလိမ့်မယ်”

“ကျန်းရီက ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲမှာ ရှိနေတာလား”

လူများစွာသည် ခေတ္တမျှ မှင်တက်သွားကြ၏။ ကျန်းရီ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် ရှိနေခြင်းက အဘယ်ကြောင့် မိစ္ဆာဧကရာဇ်ကို ထိုမျှဒေါသထွက်စေရသနည်း။ မိစ္ဆာအင်ပါယာသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး စိုးရိမ်တကြီးဖြင့် လှမ်းမေးလိုက်သည်။

“အဖေ... ဖေးအာ တစ်ခုခုဖြစ်လို့လား”

“ဖေးအာ သေပြီ”

မိစ္ဆာဧကရာဇ်က မျက်လုံးများ မှိတ်လိုက်ပြီး ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။ သူ့မြေးတွင် ပြစ်ချက်များစွာ ရှိသော်လည်း ကောင်းကွက်တစ်ခုလည်း ရှိသည်။ ယင်းမှာ မည်သည့်အခါတွင်မှ အရှုံးမပေးတတ်ဘဲ အရှုံးနှင့် ရင်ဆိုင်ရတိုင်း ပို၍သန်မာစွာ ပြန်ဦးမော့လာနိုင်ခြင်းဖြစ်သည်။ သူသည် အရှုံးနှင့် ရင်ဆိုင်ရလျှင် စိတ်ဓာတ်ကျမသွားဘဲ သူ့ကိုယ်သူ ပို၍သန်မာလာအောင် ကြိုးစားတတ်သူဖြစ်သည်။ ထိုအကျင့်မှာ မိစ္ဆာဧကရာဇ်၏ ငယ်စဉ်ကအကျင့်နှင့် တူသည်။ ထို့ကြောင့် မိစ္ဆာဧကရာဇ်သည် ထိုမြေးကို အချစ်ဆုံးဖြစ်သည်။

“ဖေးအာ...”

မိစ္ဆာအင်ပါယာသည် အသက်လေးဆယ်အရွယ်သာ ရှိသေးသည်ဟု ထင်ရပြီး သန်သန်မာမာ ရှိသည့်ပုံ ပေါ်သည်။ သို့သော် ထိုအခိုက်တွင် သူ မူးမေ့လဲကျမလိုပင် ဖြစ်သွားသည်။ ရှီးဖေးမှာ သူချစ်ခင်ရသောသား ဖြစ်သည်။ ထို့ပြင် ရှီးဖေးက မျိုးနွယ်ခေါင်းဆောင်ငယ် ဖြစ်ခါစသာ ရှိသေးသည်။ မျိုးနွယ်တစ်ခုလုံးက ထိုသတင်းကို ယခုမှ ရခါစသာ ရှိသေးသည်။ သို့သော် သူက ရုတ်တရက် သေဆုံးသွားခဲ့ပေပြီ။ ယင်းမှာ ရှီးမျိုးနွယ်အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်သည်။

မိစ္ဆာအင်ပါယာသည် တုန်ယင်လာပြီး မတ်မတ်ပင် မရပ်နိုင်တော့ချေ။ သို့သော် သူက ရှီးမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင် ဖြစ်သဖြင့် ပြိုလဲသွား၍ မရပေ။ ထို့ကြောင့် သူသည် သူ၏ဝမ်းနည်းမှုနှင့် ဒေါသကို မျိုသိပ်၍ အသက်ပြင်းပြင်းတစ်ချက် ရှူကာ လက်ဆုပ်၍ ပြောလိုက်လေသည်။

“အဖေ... ကျွန်တော့်ကို ဆန်းကြယ်နတ်ဘုရားတောင်ဆီ လူတွေ ခေါ်သွားခွင့်ပြုပါ။ ကျွန်တော် ကျန်းရီကို မသတ်နိုင်ရင် ပြန်မလာပါဘူး”

“ဟင့်အင်း...”

မိစ္ဆာဧကရာဇ်က လက်ဝှေ့ယမ်း၍ ငြင်းလိုက်သည်။ ထို့နောက် သူ အေးစက်စက် ပြောလိုက်သည်။

“မင်း ဒီမှာပဲ စောင့်ကြပ်နေရမယ်။ လောင်လျို့နဲ့ တခြားဆယ်ယောက် ငါနဲ့အတူ ဆန်းကြယ်နတ်ဘုရားတောင်ကို လိုက်ခဲ့ကြ။ ငါ ဒီနေရာက မထွက်တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ အပြင်လူတွေက ငါ ဘယ်လောက်စွမ်းအားကြီးတယ်ဆိုတာကို မေ့ကုန်ကြပြီ။ လူသတ်သမား သွေးစွန်းလက်... သွေးမမြင်သ၍ ပြန်မဆုတ်ဘူး”

“သွေးမမြင်သ၍ ပြန်မဆုတ်ဘူး”

အကြီးအကဲတစ်ဦးက လက်ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော ရှီးမျိုးနွယ် သိုင်းပညာရှင်လည်း ဆောင်ပုဒ်ကို လိုက်၍ရွတ်ဆိုလိုက်ကြသည်။ ထို့နောက် စွမ်းအားကြီး နတ်ဘုရားတစ်ပိုင်း ပညာရှင်ဆယ်ယောက်သည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး မိစ္ဆာဧကရာဇ်၏ အနောက်သို့ ပျံသန်းသွားလိုက်ကြသည်။ သူတို့ကိုယ်မှနေ၍ သတ်ဖြတ်အရှိန်အဝါများ ထွက်နေကြသည်။ သူတို့က အတိတ်တွင် မိစ္ဆာဧကရာဇ်နှင့်အတူ တိုက်ပွဲဝင်ခဲ့ကြသူများဖြစ်သည်။ မိစ္ဆာဧကရာဇ်က အမှန်ပင် လူသတ်သမား သွေးစွန်းလက်ဟူသော အမည်ကို ရခဲ့သည်။ သူ လှုပ်ရှားလိုက်တိုင်း သွေးချောင်းစီးခဲ့သည်။ အရှေ့ဘက် တော်ဝင်နယ်မြေတွင် မိစ္ဆာဧကရာဇ်၏ လက်ချက်ကြောင့် သေသွားရသော သိုင်းပညာရှင်များကို မရေတွက်နိုင်ပေ။ မျိုးဆက်ဟောင်းမှလူများသည် မိစ္ဆာဧကရာဇ်၏ အမည်ကို ကြားလိုက်သည်နှင့် ကြောက်ရွံ့တုန်လှုပ်သွားပေလိမ့်မည်။

“တင်ပြပါတယ်”

တမန်တော်တစ်ယောက်က မိစ္ဆာဧကရာဇ်တို့ အုပ်စုထံ ပျံသန်းလာပြီး လက်ဆုပ်ကာ ပြောလိုက်သည်။

“ဝူမျိုးနွယ်က သတင်းတစ်ခု ပို့လိုက်ပါတယ်။ မြောက်ဘက်ဧကရာဇ်က ဆန်းကြယ်နတ်ဘုရားတောင်ကို သွားနေပါပြီ။ ဓားဧကရာဇ်၊ သားရဲဧကရာဇ်၊ ယဉ်ဧကရာဇ်၊ ရွှမ်ဧကရာဇ်၊ အသံလှိုင်းဧကရာဇ်နဲ့ တခြားသူတွေအားလုံးကလည်း အခု ဆန်းကြယ်နတ်ဘုရားတောင်ကို သွားနေပြီလို့လည်း သတင်းရထားပါတယ်”

“ငါ့ရဲ့ မိတ်ဆွေဟောင်းတွေအများကြီး သွားကြတာလား။ အဲ့ဒါဆို ငါလည်း သွားကြည့်ရမှာပဲ”

မိစ္ဆာဧကရာဇ်သည် ခေါင်းညိတ်လိုက်ပြီး မြို့ထဲရှိ မြို့ရင်ပြင်ဆီသို့ ပျံသန်းသွားလိုက်သည်။ ထို့နောက် သူ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“လောင်လျို့... ငါတို့ရဲ့ မိတ်ဆွေဟောင်းတွေကို သွားတွေ့ကြတာပေါ့။ ပြီးတော့ ငါ့ရဲ့ ဝိညာဉ်ပုံရိပ်ကို ဖျက်ဆီးရဲတဲ့ အဲ့ကောင်စုတ်ကိုလည်း တွေ့ရမယ်”

ဝှစ်...ဝှစ်...

စွမ်းအားကြီး အကြီးအကဲဆယ်ယောက်သည် အရိပ်များအဖြစ် ပြောင်းလဲ၍ မိစ္ဆာဧကရာဇ်နောက်သို့ လိုက်သွားကြသည်။ သူတို့၏ ပေါင်းစည်းနေသော အရှိန်အဝါများက တိမ်မည်းအုပ်ကြီးတစ်အုပ်ကဲ့သို့ပင်။ ၎င်းမှ ထုတ်လွှတ်နေသော ဖိအားကလည်း မိစ္ဆာဧကရာဇ်မြို့အတွင်းရှိ မြို့သူမြို့သားများကို မိုးပြိုတော့မည်ကဲ့သို့ ခံစားနေရစေသည်။

ရွှီး...

မြို့ရင်ပြင်ရှိ ဧရာမ တည်နေရာပြောင်းရွှေ့အစီအရင်က လင်းလက်လာ၏။ မိစ္ဆာဧကရာဇ်နှင့် နောက်ပါများက အစီအရင်အတွင်းဝင်ကာ ပျောက်ကွယ်သွားကြသည်။ မြို့ရင်ပြင်ထဲရှိ လူများသည် တုံ့ပြန်ချိန်ပင် မရလိုက်ကြချေ။ သို့သော် သူတို့သည် အစီအရင်အတွင်း ဝင်သွားသူများမှာ မိစ္ဆာဧကရာဇ်နှင့် အကြီးအကဲများဖြစ်ကြောင်း သိလိုက်ရသောအခါ ကြောက်ရွံ့တကြီး ဒူးထောက်လိုက်ကြသည်။ သူတို့၏ ရင်ထဲတွင်လည်း တုန်လှုပ်မှုများနှင့် ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။

ရဲတိုက်ထဲတွင်သာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော မိစ္ဆာဧကရာဇ်က ထပ်မံ ထွက်ပေါ်လာပေပြီ။ ထို့ပြင် သူသည် စွမ်းအားကြီး နတ်ဘုရားတစ်ပိုင်း ပညာရှင်ဆယ်ယောက်ကိုလည်း သူနှင့်အတူ ခေါ်သွားသည်။ ကြည့်ရသည်မှာ ကိစ္စကြီးတစ်ခု ဖြစ်လာတော့မည်ပုံပင်။ အရှေ့ဘက် တော်ဝင်နယ်မြေတွင် သွေးချောင်းစီးရပေလိမ့်ဦးမည်။

***

“မြောက်ဘက်ဧကရာဇ်၊ ဓားဧကရာဇ်၊ သားရဲဧကရာဇ်၊ ယဉ်ဧကရာဇ်၊ ရွှမ်ဧကရာဇ်နဲ့ အသံလှိုင်းဧကရာဇ်တို့က ဒီကို ရောက်နေပြီလား။ ပြီးတော့ မိစ္ဆာဧကရာဇ်ကလည်း ဒီကို လာနေပြီလား”

တိုက်ပွဲဧကရာဇ်သည် ဆန်းကြယ်ဧကရာဇ်မြို့၏ မြို့ရိုးအပေါ်တွင် ရပ်နေ၏။ ထူးဆန်းသည်မှာ ပတ်ဝန်းကျင်မှ အစောင့်များနှင့် မြို့ထဲမှ လူများက တိုက်ပွဲဧကရာဇ်နှင့် သူ့ဘေးမှ နတ်ဘုရားတစ်ပိုင်းများကို မမြင်ချင်ယောင်ဆောင်နေကြခြင်းပင်။ မည်သူမှ သူတို့ဘက်သို့ ကြည့်မနေကြပေ။ တိုက်ပွဲဧကရာဇ်သည် တင်ပြချက်တစ်ခုကို ကြားလိုက်ရ၍ မျက်မှောင်ကြုတ်ကာ အထက်ပါအတိုင်း မေးလိုက်ခြင်းဖြစ်သည်။

“အရှင်ဧကရာဇ်ကို တင်ပြပါတယ်... ဟုတ်ပါတယ် သူတို့တွေ ဒီကို ရောက်နေပါပြီ။ ယဉ်ဧကရာဇ်လည်း မကြာခင် ရောက်လာတော့မှာပါ”

အကြီးအကဲအိုကြီးတစ်ယောက်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ ထို့နောက် သူသည် တစ်စုံတစ်ခုကို တွေးမိဟန်ဖြင့် ဆက်ပြောလိုက်၏။

“ကျုပ်တို့ရဲ့ သတင်းအရင်းအမြစ်တွေအရတော့ ဗုဒ္ဓဧကရာဇ်က မလှုပ်ရှားသေးပါဘူး။ ညဧကရီကလည်း ဒီကို ရောက်မလာသေးဘူး။ သူတို့က ဒီကို ရောက်နေပေမယ့် ပုန်းအောင်းနေတာလည်း ဖြစ်တော့ဖြစ်နိုင်ပါတယ်”

“အဲ့ဗုဒ္ဓဧကရာဇ်အိုကြီးကို အရေးစိုက်နေဖို့ မလိုပါဘူး”

တိုက်ပွဲဧကရာဇ်က လက်ဝှေ့ယမ်း၍ တောင်ဘက်သို့ ငေးကြည့်ကာ ပြောလိုက်သည်။

“အဲ့ည... အဲ့ခွေးမက ရောက်မလာသေးဘူးတဲ့လား။ သူက ဒီလိုအခြေအနေတွေမှာ ဂုဏ်ဖော်ရတာကို ကြိုက်တယ်မဟုတ်ဘူးလား။ သူ ရောက်မလာတာက တော်တော်ထူးဆန်းနေတယ်”

ဧကရာဇ်ရှစ်ပါးထဲတွင် ဗုဒ္ဓဧကရာဇ်နှင့် ညဧကရီတို့မှ လွဲ၍ ကျန်ဧကရာဇ်များအားလုံး ဆန်းကြယ်နတ်ဘုရားတောင်သို့ လာနေပေပြီ။

တိုက်ပွဲဧကရာဇ်က အတန်ငယ်ပင် အံ့ဩမသွားခဲ့ပေ။ ဆန်းကြယ်နတ်ဘုရားနန်းတော်က ထပ်မံ ထွက်ပေါ်လာပြီဖြစ်ရာ ထိုဧကရာဇ်များ ရောက်မလာမှသာ ထူးဆန်းနေမည်ဖြစ်သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ မျိုးနွယ်ဝင်တစ်ယောက်က ရသွားဖို့များသည်။ သို့သော် အားလုံးက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို လိုချင်နေသည် မဟုတ်လော။ အကယ်၍ နန်းတော်ကို ရသွားသူမှာ မိမိတို့မျိုးနွယ်မှ မဟုတ်လျှင် သူတို့သည် အခွင့်အရေးပေါ်လာသည်နှင့် ထိုသူထံမှ နန်းတော်ကို လုယူကြပေလိမ့်မည်။ နန်းတော်ကို ရလာသူမှာ မိမိတို့မျိုးနွယ်မှ ဖြစ်ပါက နန်းတော်လုယူမခံရအောင် ကာကွယ်ကြမည်ဖြစ်သည်။

အကယ်၍ နန်းတော်ကို ရသွားသူမှာ ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ မျိုးနွယ်ဝင် မဟုတ်ဘဲ အပြင်လူတစ်ယောက် ဖြစ်နေပါက ဧကရာဇ်ကိုးပါးမျိုးနွယ်စုသည် နန်းတော်ကို ပြန်လုယူကြမည်ဖြစ်သည်။ ဆန်းကြယ်ဧကရာဇ်နန်းတော်ကို ဧကရာဇ်ကိုးပါးမျိုးနွယ်စုကသာ ပိုင်ဆိုင်ရပေမည်။ ထို့ကြောင့် နန်း‌တော်ကို ရယူသွားနိုင်သည့် အပြင်လူတိုင်း သေရမည်ဖြစ်သည်။

ဆန်းကြယ်နတ်ဘုရားနန်းတော်က ‌လောကနံပါတ်(၁)ရတနာဖြစ်သည်။ ၎င်းကို ရယူနိုင်သော မျိုးနွယ်သည် အလွန်အင်အားကြီးသွားမည်ဖြစ်ပြီး အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးကို အလွယ်တကူ အုပ်စိုးနိုင်ပေလိမ့်မည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် မျိုးနွယ်ဝင်များ၏ အင်အားကို အဆက်မပြတ် တိုးတက်စေမည့် ဆန်းကြယ်နယ်မြေများစွာ ရှိသည်။ သို့ဖြစ်ရာ ၎င်းကို ရယူနိုင်မည့် မျိုးနွယ်က ဆယ်စုနှစ်များ၊ ရာစုနှစ်များ ကြာပြီးလျှင် မည်မျှ အင်အားကြီးလာမည်ကို မှန်းဆ၍ပင် မရနိုင်ချေ။

ထို့ပြင် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် ဧကရာဇ်ကိုးပါးကို စိတ်လှုပ်ရှားစေသော မူလရတနာနှစ်ခုလည်း ရှိ‌သေးသည်။ တိုက်ပွဲဧကရာဇ်က ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရယူနိုင်သည့် မည်သူမဆို ကျန့်မျိုးနွယ်၏ ထာဝရမိတ်ဆွေ ဖြစ်လိမ့်မည်ဟု ပြောခဲ့သော်လည်း အမှန်တွင်မူ ယင်းမှာ ထိုးမည့်ဆင် နောက်တစ်လှမ်း ဆုတ်ခြင်းသာဖြစ်သည်။ သူက မူလရတနာနှစ်ခုကို လိုချင်၊ မလိုချင်ကို သူသာ သိပေလိမ့်မည်။

ရွှီး...

မြို့ထဲတွင် တောက်ပသောအလင်း လင်းလက်လာသည်။ မြို့ရင်ပြင်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။ တိုက်ပွဲဧကရာဇ်က မြို့ရင်ပြင်ကို လှမ်းကြည့်၍ ခပ်သဲ့သဲ့ ပြုံးကာ ပြောလိုက်သည်။

“မိတ်ဆွေတစ်ယောက်တော့ ရောက်လာပြီ။ သူ့ကို သွားတွေ့ကြတာပေါ့။ ဆန်းကြယ်ဧကရာဇ်မြို့က ဒီလောက်မစည်းကားခဲ့တာ ကြာပြီ။ ဒါပေမဲ့ မကြာခင် အခုထက်တောင် ပိုစည်းကားလာတော့မယ်”

***

All Chapters