မိစ္ဆာဝိညာဉ်တောင်ကြား
Vol. 80 Ch. 1111
“သေပြီလား”
ဆန်းကြယ်ဧကရာဇ်နန်းတော်အတွင်းရှိ ဖုန်းတုမြို့ထဲတွင် ယဉ်ရို့ပင်းက ရှီးဖေး၏ သွေးမှုန်သွေးမွှားများကို ကြည့်၍ စိတ်ထဲတွင် ဒွိဟဖြစ်သွား၏။ ရှီးဖေးက ဧကရာဇ်ကိုးပါးမျိုးနွယ်စု၏ အတော်ဆုံးသူများထဲမှ တစ်ယောက်ဖြစ်သဖြင့် မိစ္ဆာဧကရာဇ်အသစ် ဖြစ်လာကာ အရှေ့ဘက် တော်ဝင်နယ်မြေ၏ ကာကွယ်သူတစ်ယောက် ဖြစ်လာနိုင်သူဖြစ်သည်။ သူက ရှီးမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်ငယ်လည်း ဖြစ်ပြီး အရှေ့ဘက် တော်ဝင်နယ်မြေရှိ အထူးချွန်ဆုံး သခင်လေးများထဲမှ တစ်ယောက်လည်းဖြစ်သည်။ သို့သော် ယခုတွင် သူသည် ဖုန်းတုမြို့တွင် သေဆုံးသွားကာ ဖုတ်ကောင်စစ်သည်များ၏ ထာဝရအဖော် ဖြစ်နေတော့မည်ဖြစ်သည်။
ယဉ်ရို့ပင်းတစ်ယောက် အိပ်မက်အလား ခံစားနေရသည်။ ရှီးမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်ငယ်က အမှန်ပင် သူမအရှေ့တွင် သေသွားခဲ့ခြင်းလော။ သူမသည် ထိုသို့သောကိစ္စမျိုး ဖြစ်လာလိမ့်မည်ဟု မည်သည့်အခါကမှ မတွေးခဲ့ဖူးချေ။ ထို့ပြင် ကျန်းရီက မိစ္ဆာဧကရာဇ်၏ ဝိညာဉ်ပုံရိပ်ကို ဖျက်ဆီးပစ်လိုက်၏။ ယခုတွင် သူသည် ရှီးမျိုးနွယ်တစ်ခုလုံး၏ ရန်သူဖြစ်သွားပေပြီ။
ယဉ်ရို့ပင်းသည် ယဉ်မျိုးနွယ်၏ ပထမသခင်မလေးဖြစ်၍ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက မည်မျှအင်အားကြီးကြောင်းကို ငယ်စဉ်ကတည်းက မြင်ခဲ့ဖူးသည်။ ထို့ပြင် ဧကရာဇ်ကိုးပါးတွင်ရှိသော ဩဇာအာဏာကိုလည်း သူမ ကောင်းစွာသိထားသည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စု၏ ဂုဏ်သိက္ခာကို အလွယ်တကူ သွားမထိသင့်ပေ။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုနှင့် ယှဉ်သူတိုင်း ချွင်းချက်မရှိ သေဆုံးသွားရမည်သာ။ ယင်းအချက်ကို လွန်ခဲ့သော နှစ်ပေါင်းခုနစ်သိန်းကတည်းက မရေမတွက်နိုင်သော သိုင်းပညာရှင်များက အသက်ကိုပေး၍ ထပ်ခါ ထပ်ခါ သက်သေပြပြီးခဲ့ပြီဖြစ်သည်။ ထိုသက်သေပြချက်များကို ယနေ့ခေတ်လူများသည် သမိုင်းမှတ်တမ်းများမှတဆင့် သိကြရသည်။
သို့သော် ကျောထောက်နောက်ခံမရှိသော ကျန်းရီက ထိုသံမဏိစည်းမျဉ်းကို လက်သီးဖြင့်ထိုး၍ ဖျက်ဆီးရန် ကြိုးစားနေလေသည်။ သူသည် ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို ဆန့်ကျင်ခဲ့သော အတိတ်မှ စွမ်းအားကြီး သိုင်းပညာရှင်များကဲ့သို့ ဖြစ်လိုနေသည်။ သူက ထိုသိုင်းပညာရှင်များကဲ့သို့ သေဆုံးသွားမည်လော သို့မဟုတ် ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို အောင်အောင်မြင်မြင် တွန်းလှမ်ကာ သမိုင်းကို အသစ်ရေးမည်လော။
ယဉ်ရို့ပင်း မသိပေ။
ထိုအခိုက်တွင် ယဉ်ရို့ပင်းသည် ကျန်းရီ၏ နောက်ကျောပြင်ကိုကြည့်၍ စိုးရိမ်နေသည်။ သူမ၏ စိတ်ဝိညာဉ်ကလည်း တုန်ယင်နေသည်။ သို့သော် သူမ တမဟုတ်ချင်း ပြန်တည်ငြိမ်လာသည်။ သူမက ပြိုင်ဘက်ကင်းယောက်ျားတစ်ယောက်ကို အမြဲရှာနေခဲ့သည် မဟုတ်လော။ အစောတွင် ကျန်းရီက ရှီးဖေးကို မသတ်ရန် ဆုံးဖြတ်ခဲ့လျှင် သူနှင့် အရှေ့ဘက် တော်ဝင်နယ်မြေမှ အခြားယောက်ျားများက မည်သို့ကွာခြားတော့မည်နည်း။
သာမန်လူများ မကြံစည်ဝံ့သည်ကို ကြံစည်ခြင်းနှင့် သာမန်လူများ မလုပ်ဝံ့သည်ကို လုပ်ခြင်းတို့မှာ ယောက်ျားစစ်စစ်တစ်ယောက်၏ ကြန်အင်လက္ခဏာများဖြစ်သည်။ ထိုသို့သောယောက်ျားကမှသာ ပြိုင်ဘက်ကင်းယောက်ျားတစ်ယောက်ဖြစ်သည်။
ယဉ်ရို့ပင်း၏ မျက်နှာပေါ်တွင် စိုးရိမ်ရိပ်များ ပျောက်ကွယ်သွားပြီး အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။ သူမ၏ခေါင်းထဲမှ စိတ်ရှုပ်ဖွယ် အတွေးများလည်း ပျောက်ကွယ်သွားပေပြီ။ မည်သို့ပင်ဖြစ်စေ သူမသည် ထိုယောက်ျားကို ရွေးချယ်ခဲ့ပြီးပြီဖြစ်သည်။ မိန်းမတစ်ယောက်သည် မိမိရွေးချယ်ခဲ့သော ယောက်ျား၏ဘေးတွင် အေးအတူပူအမျှ ရပ်တည်ရမည်ဖြစ်သည်။ ကြီးကျယ်ခမ်းနားသောဘဝတွင် တစ်ရက်နေရခြင်းက သာမန်ဘဝတွင် တစ်ဘဝစာနေရခြင်းထက် မြတ်သည်။
ကျန်းရီကမူ များစွာ တွေးတောမနေပေ။
ကျန်းရီသည် ပုန်ကန်တတ်သောဉာဉ်နှင့် မွေးဖွားလာသူတစ်ယောက် ဖြစ်နိုင်သည်။ သူသည် ကောင်းကင်ကြယ်တာရာနယ်မြေတွင် သူ၏နိုင်ငံကို သစ္စာဖောက်ခဲ့ပြီးပြီဖြစ်သည်။ ထို့ပြင် အစပိုင်းတွင် သူက သူ့အဖေ ကျန်းပိုင်လီနှင့်လည်း စစ်ဖြစ်ရန် တွေးခဲ့သေးသည်။ ကျန်းရီသည် မည်သည့်အခါကမှ တိုက်ပွဲက ထွက်မပြေးခဲ့ပေ။ သူက ဝူနီကိုပင် သတ်ဝံ့သည်။ ရှီးဖေးကိုလည်း အခွင့်အရေးကြုံသည်နှင့် သတ်မည်ဟု ယခင်ကတည်းက ဆုံးဖြတ်ထားခဲ့ပြီးဖြစ်သည်။ ယခုတွင် အခွင့်အရေးနှင့် ကြုံခဲ့ပေပြီ။ မိစ္ဆာဧကရာဇ်က ဝိညာဉ်ပုံရိပ်အဖြစ်နှင့် ရောက်လာမည်ဖြစ်စေ၊ လူကိုယ်တိုင် ရောက်လာမည်ဖြစ် ကျန်းရီသည် ရှီးဖေးကို သတ်နိုင်မည်ဆိုလျှင် တွန့်ဆုတ်နေမည် မဟုတ်ပေ။
‘သွေးဧကရာဇ်ချပ်ဝတ်လား... ပစ္စည်းကောင်းပဲ’
ကျန်းရီ၏ မျက်လုံးများ အရောင်လက်လာသည်။ သူ လျင်မြန်စွာ ပျံသန်းသွားလိုက်ပြီး သွေးဧကရာဇ်ချပ်ဝတ်ကို လက်တစ်ဘက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ၎င်းမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက ကြယ်ကိုးပွင့် ပညာရှင်တစ်ယောက် ပြုလုပ်ခဲ့သော ရတနာချပ်ဝတ်တစ်ခု ဖြစ်သည်။ ကျန်းရီသည် ၎င်း၏ ခုခံစွမ်းအားကို ကိုယ်တိုင် မြင်ခဲ့ရပြီဖြစ်သည်။ ဝိညာဉ်လေဓားများက အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သော်လည်း သွေးဧကရာဇ်ချပ်ဝတ်တွင် ပွန်းပဲရာတစ်ခုပင် မထင်ခဲ့ပေ။ ထိုချပ်ဝတ်က အမှန်ပင် ပြိုင်ဘက်ကင်း မူလရတနာတစ်ခု ဖြစ်ပေသည်။
မီးတိမ်သံချပ်ကာက ဖျက်ဆီးခံလိုက်ရ၍ ကျန်းရီသည် ခုခံနိုင်စွမ်းကောင်းသော ရတနာတစ်ခု လိုအပ်နေ၏။ သွေးဧကရာဇ်ချပ်ဝတ်က အလွန်အစွမ်းထက်၍ သူ ၎င်းကို အလွန်သဘောကျနေသည်။ ထို့ကြောင့် သူသည် အချိန်ဖြုန်းမနေတော့ဘဲ အတွင်းအားသုံးကာ ၎င်းကို သန့်စင်ရန် လုပ်လိုက်သည်။
သို့သော် သွေးဧကရာဇ်ချပ်ဝတ်က ရှေးဟောင်းအသုံးအဆောင်တစ်ခုဖြစ်၍ သန့်စင်ရန် မလွယ်ကူပေ။ ကျန်းရီသည် ခေတ္တမျှ သန့်စင်ကြည့်ပြီးနောက် ၎င်းကို အချိန်တိုအတွင်း သန့်စင်နိုင်မည် မဟုတ်ကြောင်း သိသွား၍ လက်လျှော့လိုက်သည်။ ထို့နောက် သူ ရှီးဖေး၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်နှင့် အရိုးခေါင်းလက်နက်တို့ကို ယူလိုက်ပြီး ယဉ်ရို့ပင်းဆီ ပျံသန်းသွားကာ ပြောလိုက်လေသည်။
“ရို့ပင်း... မင်း အဆင်ပြေရဲ့လား”
“ကျွန်မ အဆင်ပြေပါတယ်”
ယဉ်ရို့ပင်းက ချိုသာစွာ ပြုံးလိုက်ပြီး နူးညံ့သော မျက်ဝန်းများဖြင့် ပြောလိုက်သည်။
“ကျန်းလန်... ရှင် တကယ်ပဲ အဆင့်တက်သွားပြီလား။ အခု ရှင်က နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ကိုတောင် သတ်နိုင်သွားပြီလား”
“အဲ့ဒါတွေအကုန်လုံးက မင်းရဲ့ ကျေးဇူးတွေပါ”
ကျန်းရီက ယဉ်ရို့ပင်း၏လက်ကို ကိုင်ကာ ချစ်ခင်စွာဖြင့် ပြောလိုက်၏။
“ရို့ပင်း... မင်း ဒုက္ခခံခဲ့ရပြီ။ မင်းရဲ့ခန္ဓာကိုယ် အဆင်ပြေရဲ့လား။ မင်း အားဖြည့်ဖို့ အချိန်လိုသေးလား”
“ကျွန်မ အဆင်ပြေပါတယ်”
ယဉ်ရို့ပင်းက ရှက်ရွံ့ဟန်လေးဖြင့် ခေါင်းငုံ့ကာ ပြောလိုက်သည်။
“ကျန်းလန်... အခု ကျွန်မတို့ ဘာလုပ်ကြမလဲ”
“အဲ့ဒါက အရေးမကြီးပါဘူး”
ကျန်းရီက လက်ဝှေ့ယမ်းကာ ပြောလိုက်၏။
“ငါတို့ အရှေ့ဆက်သွားကြတာပေါ့။ အခုအထိ ဘယ်သူမှ ဖန်စေတီကို မရသေးဘူး။ ငါ အဲ့ဒါကို ရမှရမယ်။ ပြီးတော့ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရယူနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားရမယ်။ အဲ့ဒါမှ ငါ ဧကရာဇ်ကိုးပါးနဲ့ ယှဉ်နိုင်ဖို့ အခွင့်အရေးတစ်ခု ရလိမ့်မယ်။ မင်း ယဉ်မျိုးနွယ်ကို ခေါင်းမော့ရင်ကော့ပြီး ပြန်သွားနိုင်စေရမယ်လို့ ငါ ပြောခဲ့တယ်မလား”
“အွန်း...”
ယဉ်ရို့ပင်းက လှပစွာ ပြုံးလိုက်သည်။ ယခုတွင် သူမသည် အမျိုးသမီးတစ်ယောက် ဖြစ်လာပြီဖြစ်၍ ပို၍ပင် လှပလာလေသည်။ သူမ၏ ကလေးဆန်မှုနေရာတွင် ရင့်ကျက်မှုက အစားထိုးဝင်ရောက်လာပေပြီ။ သူမ၏ အငွေ့အသက်က မည်သည့်ယောက်ျား၏ စိတ်ဘဝင်ကိုမဆို လှုပ်ခတ်ပစ်နိုင်ပေသည်။
ကျန်းရီသည် ယဉ်ရို့ပင်းကို လက်ဆွဲ၍ ထွက်ပေါက်ဆီသို့ ပြေးသွားလိုက်၏။ သူ၏သက်တန့်ဝိညာဉ်လှံက သူတို့ကို ပတ်ပတ်လည်မှ ဖုတ်ကောင်စစ်သည်များကို တစ်ကောင်ပြီးတစ်ကောင် ဇီဝိန်ချွေနေလေသည်။ ထွက်ပေါက်က မျက်စိရှေ့ အသက်တစ်ရှူစာအကွာတွင် ရှိနေပေပြီ။ ကျန်းရီသည် တုံ့ဆိုင်းမနေဘဲ ကျောက်တံခါးအတွင်းသို့ တန်းတန်းမတ်မတ် ဝင်သွားလိုက်လေတော့သည်။
***
“အာ...”
ကျန်းရီတို့နှစ်ယောက်သည် အဖြူရောင်အလင်းတစ်ခုကို မြင်လိုက်ရပြီးနောက် လွင်တီးခေါင်တစ်ခုအတွင်းသို့ ရောက်သွားလေသည်။ ယင်းမှာ ဆန်းကြယ်ဧကရာဇ်နန်းတော်၏ အဆင့်လေးဖြစ်သော မိစ္ဆာဝိညာဉ်တောင်ကြားဖြစ်သည်။
ယခင်တစ်ခေါက်တွင် ကျန်းရီသည် ထိုအဆင့်ကို မဖြတ်ကျော်ခဲ့ပေ။ ယဉ်ရို့ပင်းနှင့် အခြားသူများကမူ ဆိုးဝါးအဆင့်မှနေ၍ ထိုအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သည်။ ကျန်းရီသည် ယခင်တစ်ခေါက်က မိစ္ဆာဝိညာဉ်တောင်ကြားထဲရှိ တောရိုင်းဝိညာဉ်ရွာသို့ ရောက်သောအခါ ထိုရွာရှိ ကျောက်တံခါးအတွင်းသို့ မဝင်နိုင်ခဲ့ချေ။ အောင်းလုက ညစ်ခဲ့ကာ ကျန်းရီအား ထိုအဆင့်ကို ကျော်နိုင်အောင် ကူညီပေးခဲ့သည်။ ထို့ကြောင့် ကျန်းရီ ရတနာသုံးခုကို ရယူနိုင်ခဲ့ပြီး ရတနာရှာပွဲကို အဆုံးသတ်စေခဲ့သည်။
“ကျန်းရီ သတိထားနော်။ မိစ္ဆာဝိညာဉ်တောင်ကြားထဲမှာ တောင်(၁၀၈)လုံးရှိတယ်။ တောင်တိုင်းက ကြီးပြီး အကြားအကန့် မရှိဘူး။ အရင်တစ်ခေါက် ကျွန်မတို့ ဒီအဆင့်ကို ဖြတ်ခဲ့တုန်းက တောင်တစ်လုံးချင်းစီကို စောင့်ကြပ်နေတဲ့ မရေမတွက်နိုင်တဲ့ ကြောက်စရာ မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာအရှင်တစ်ပါးကိုတောင် တွေ့ခဲ့ရတယ်။ ဒီတစ်ခေါက် ကျွန်မတို့ရဲ့ စွမ်းအားအဆင့်က မတူတော့ဘူး... ပြီးတော့ ကျွန်မတို့က ငရဲအဆင့်ကို ရွေးချယ်ခဲ့တာ။ အဲ့တော့ အဲ့မိစ္ဆာသားရဲတွေက သေချာပေါက် ပိုပြီး စွမ်းအားကြီးနေလိမ့်မယ်။ ဒီအဆင့်ကို အောင်နိုင်ဖို့ ကျွန်မတို့ တောင်(၄၉)လုံးကို ဖြတ်ကျော်ပြီး အလယ်မှာရှိတဲ့ တောရိုင်းဝိညာဉ်ရွာကို သွားရလိမ့်မယ်။ ပြီးရင် ကျွန်မတို့ အဆင့်ငါးကို ဝင်နိုင်ပြီ”
ယဉ်ရို့ပင်းသည် ထိုအဆင့်အကြောင်းကို ကျန်းရီအား အသေးစိတ် ရှင်းပြလိုက်သည်။ ကျန်းရီ၏ မျက်လုံးများ အရောင်တောက်လာသည်။ သူက မိစ္ဆာသားရဲများကို မကြောက်ဆုံးဖြစ်သည်။ သက်ရှိများက သက်မဲ့များထက် ပို၍ကိုင်တွယ်ရလွယ်ကူသည် မဟုတ်ပါလား။ သက်ရှိများတွင် အသိစိတ်ရှိသည်။ ယခုတွင် သူ၏ သတ်ဖြတ်အရှိန်အဝါက အဆင့်တက်သွားပြီဖြစ်၍ ထိုအသိစိတ်များအပေါ် အလွယ်တကူ သက်ရောက်နိုင်ပေလိမ့်မည်။
“သွားမယ်”
အဆင့်လေးကို ဖြတ်ကျော်နိုင်လျှင် အမှတ်(၁၂)မှတ် ရသွားမည်ဖြစ်သည်။ ထိုအမှတ်က ဖန်စေတီကို ရယူနိုင်ရန် လုံလောက်ပေသည်။ ဤတစ်ကြိမ်တွင် ကျန့်ထျန်းလဲ့က ထိုရတနာကို မရသေးပေ။ သူက ဤအဆင့်တွင်သာ ရှိနေသေးပုံပေါ်သည်။ ထို့ကြောင့် ကျန်းရီသည် အလွန်တက်ကြွနေပြီး ကျန့်ထျန်းလဲ့ထက်အရင် အဆင့်လေးကို ဖြတ်ကျော်နိုင်ရန် အစွမ်းကုန်ကြိုးစားမည်ဟု ဆုံးဖြတ်ထားလေသည်။
ဝှစ်...
ကျန်းရီတို့နှစ်ယောက်သည် ပထမတောင်ဆီသို့ ထက်ရှသောဓားများအလား ပျံသန်းသွားလိုက်ကြ၏။ ထိုတောင်ပေါ်တွင် ဧရာမ အနက်ရောင်သစ်ပင်ကြီးများနှင့် ပြည့်နှက်နေသည်။ တောင်ထွတ်ကလည်း အလွန်မြင့်မားသည်။ ထိုတောင်ပေါ်တွင် မိစ္ဆာသားရဲများ မည်မျှရှိမည်ကို မည်သူ သိမည်နည်း။
“ကျန်းလန် အရမ်းအမြင့်ကြီး မပျံနဲ့။ အဲ့လိုဆို မိစ္ဆာသားရဲတွေရဲ့ အာရုံစိုက်တာကို ခံရလိမ့်မယ်။ ဒီနေရာမှာ ကောင်းကင်စိတ်အာရုံကိုလည်း သုံးလို့မရဘူး။ ပြီးတော့ ကောင်းကင်ကနေပြီးလည်း လျှပ်စီးတန်းတွေ ကျလာတတ်တယ်”
ယဉ်ရို့ပင်းသည် ကျန်းရီက ပိုမြင့်မြင့် ပျံသန်းလာ၍ လျင်မြန်စွာ သတိပေးလိုက်၏။ သူမသည် ရတနာချပ်ဝတ်ကိုလည်း ထုတ်လိုက်ပြီး နတ်ဘုရားပစ်လေးကိုလည်း ကိုင်ထားလိုက်သည်။ သူမ၏ အငွေ့အသက်က စစ်နတ်ဘုရားမတစ်ပါးကဲ့သို့ ဖြစ်နေပေပြီ။
“အန်...”
ကျန်းရီသည် ထိုနေရာ၌ ကောင်းကင်စိတ်အာရုံကို အသုံးပြု၍ မရကြောင်း သိသွား၏။ သူ အောက်ဘက်သို့ ဆင်းသွားလိုက်ပြီး တောင်ကြောနှင့်ကပ်၍ ပျံသန်းလိုက်သည်။ သူသည် ယဉ်ရို့ပင်းကို လက်ဆွဲမထားတော့ဘဲ ဓားပျော့ကို ကိုင်ထားသည်။ သူ့ပတ်ပတ်လည်တွင်လည်း ဝိညာဉ်လေနတ်ဘုရားဒိုင်း ရှိနေပြီဖြစ်သည်။ ဝိညာဉ်လေဓားဆယ်ချောင်းက သူ့အနောက်သို့ လိုက်လာပြီး သက်တန့်ဝိညာဉ်လှံကလည်း တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။
“ဟိန်း” “လူး...လူး...” “ဟိန်း”
ကျန်းရီတို့နှစ်ယောက် တောင်ကိုဖြတ်၍ ပျံသန်းသောအခါ မိစ္ဆာသားရဲများက ချက်ချင်း နိုးထလာကြသည်။ ပေတစ်ရာရှည်သော ငှက်ကြီးတစ်ကောင်က လျှိုတစ်ခုအတွင်းမှနေ၍ ပျံတက်လာ၏။ ၎င်း၏ မျက်ဝန်းများက ရေခဲတမျှ အေးစက်နေပြီး လက်သည်များကလည်း သံမဏိကဲ့သို့ တလက်လက်တောက်ပနေသည်။ ၎င်းကို ကြည့်မိသူတိုင်း ကြောက်ရွံ့တုန်လှုပ်သွားနိုင်ပေသည်။
ထိုစဉ် တောင်ထွတ်တစ်ခုမှနေ၍ အရိပ်နက်တစ်ခု ပျံထွက်လာ၏။ ယင်းမှာ မျက်လုံးပြာများရှိပြီး ပါးစပ်မှ အစွယ်ရှည်နှစ်ချောင်း ထွက်နေသော ခွေ့သားရဲပင်။ ထိုသားရဲကလည်း အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။
မြေအောက်မှနေ၍လည်း ငွေရောင်ပိုးခြေများတစ်ကောင် ထွက်လာသည်။ ၎င်းက ရှည်လျားလွန်းပြီး ခြေထောက်များစွာ ရှိသည်။ ခြေထောက်တစ်ချောင်းစီက သံမဏိဓားသွားများကဲ့သို့ ထက်ရှပြီး တလက်လက်တောက်ပနေသည်။ ၎င်းသည် လျင်မြန်စွာ သွားလိုက်ပြီး လမ်းတစ်လျှောက်ရှိ သစ်ပင်များကို အပိုင်းပိုင်း ပြတ်သွားစေသည်။ ကျောက်တုံးများလည်း အက်ကွဲကာ ကျောက်မှုန်ကျောက်စများ လွင့်ပျံ့ထွက်သွားသည်။ ၎င်း၏ ကြောက်မက်ဖွယ်အရှိန်အဝါက ကီလိုမီတာဒါဇင်အနည်းငယ်အတွင်း လွှမ်းခြုံသွားသည်။
“မိစ္ဆာဧကရာဇ် အထွတ်အထိပ်အဆင့်ရှိတဲ့ မိစ္ဆာသုံးကောင်လား”
ကျန်းရီ မျက်နှာထားတည်သွားသည်။ သူ မျက်နှာထားတည်သွားခြင်းမှာ သူ့အရှေ့မှ မိစ္ဆာဧကရာဇ်သုံးပါး၏ အရှိန်အဝါကြောင့် မဟုတ်ဘဲ မိစ္ဆာဝိညာဉ်တောင်ကြားအဆင့်၏ အစတွင်သာ ရှိသေးသော်လည်း အထွတ်အထိပ်အဆင့် မိစ္ဆာဧကရာဇ်များ ထွက်လာနေ၍ဖြစ်သည်။ သို့ဖြစ်ရာ မိစ္ဆာအရှင်များလည်း သေချာပေါက် ထွက်လာပေလိမ့်မည်။ မိစ္ဆာအရှင်များက မည်မျှစွမ်းအားကြီးမည်ကို မည်သူမှ မပြောနိုင်ပေ။
“ရို့ပင်း သတိထား”
ကျန်းရီသည် အော်ကာသတိပေးလိုက်ပြီး ဓားပျော့ကို လှုပ်ယမ်းကာ သားရဲသုံးကောင်ဆီသို့ အကြောက်အရွံ့မရှိ ပျံသန်းသွားလိုက်လေသည်။
***