ရို့ပင်း... ငါ့ကို စောင့်နေ
Vol. 80 Ch. 1112
အထွတ်အထိပ်အဆင့် မိစ္ဆာဧကရာဇ်က အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်နှင့် ယှဉ်နိုင်သည်။ အချို့ အထွတ်အထိပ်အဆင့် မိစ္ဆာဧကရာဇ်များဆိုလျှင် စွမ်းအားကြီး မိစ္ဆာအတတ်များကိုပင် တတ်မြောက်ထားကြသည်။
သို့သော် ကျန်းရီသည် ထိုမိစ္ဆာဧကရာဇ်များကို မကြောက်ပေ။ သူက အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များကို ခွေးသတ်၊ ဝက်သတ် သတ်ခဲ့သူ မဟုတ်ပါလား။ မိစ္ဆာဧကရာဇ်များမှာ မိစ္ဆာများသာ။ ၎င်းတို့၏ တိုက်ပွဲနည်းစနစ်များက လူသားများလောက် မကောင်းမွန်ကြပေ။ ထို့ပြင် ၎င်းတို့က တာအိုပုံသဏ္ဌာန် တိုက်ခိုက်မှုများကိုလည်း မသိကြချေ။ ၎င်းတို့၏ မိစ္ဆာအတတ်များက သေစေနိုင်သည်ဆိုသောအချက်မှလွဲ၍ အခြားနေရာများတွင် ၎င်းတို့က အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များထက် နိမ့်ကျပေသည်.
အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များကိုလည်း အဆင့်အမျိုးမျိုး ခွဲခြားနိုင်သေးသည်။ သာမန် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များမှာ အလွန်ဆုံးမှ ကြယ်သုံးပွင့်အဆင့် သိုင်းသမားများသာ ဖြစ်ကြသည်။ စွမ်းအားကြီး တာအိုပုံသဏ္ဌာန်များကို သိမြင်နားလည်ထားသည့် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များကသာ ကြယ်ငါးပွင့်အဆင့်ကို ရောက်ကြသည်။ သို့သော် မိစ္ဆာဧကရာဇ်များက တာအိုပုံသဏ္ဌာန်များကို မသိကြ၍ ၎င်းတို့၏ စွမ်းအားက သိပ်မကြီးပေ။
ရွှမ်...ရွှမ်...
ကျန်းရီ၏ဓားပျော့က ကြောက်မက်ဖွယ် အသံလှိုင်းများကို ထုတ်လွှတ်နေ၏။ ထိုအသံလှိုင်းများက အားကောင်းသော ဒီရေလှိုင်များအလား အရှေ့သို့ ရွေ့လျားသွားကြသည်။ စက္ကန့်ဝက်အတွင်းမှာပင် အထွတ်အထိပ်အဆင့် မိစ္ဆာဧကရာဇ်သုံးပါးသည် အသံလှိုင်းများ၏ လွှမ်းခြုံမှုကို ခံလိုက်ရလေသည်။ ပြင်းထန်သော အသံလှိုင်းများက မိစ္ဆာဧကရာဇ်သုံးပါး၏ စိတ်ဝိညာဉ်များကို တိုက်ခိုက်လိုက်သည်။ ထိုစဉ် ကျန်းရီ၏ သတ်ဖြတ်အရှိန်အဝါလည်း ထွက်လာကာ ထိုမိစ္ဆာသုံးကောင်ကို ဖိနှိပ်လိုက်လေသည်။
ဝုန်း...ဝုန်း...
ကောင်းကင်ထက်မှ ငှက်ကြီးက အောက်ဘက်ရှိ တောအုပ်ထဲသို့ ပြုတ်ကျသွား၏။ ကျောက်တုံးအချို့လည်း အစိတ်စိတ်အမွှာမွှာ ကွဲသွားပြီး ငှက်ကြီးအပေါ် ကျောက်စများ ပိသွားသည်။ ကျယ်လောင်သော ပဲ့တင်သံကြီးတစ်သံကိုလည်း ကြားနေရလေသည်။
ဝုန်း...ဝုန်း...ဝုန်း...
ခွေ့သားရဲနှင့် ငွေရောင်ကင်းခြေများကြီးတို့ကလည်း နာကျင်တကြီးဖြင့် စတင်လူးလွန့်လာသည်။ ထို့ကြောင့် ဖုန်မှုန့်များတထောင်းထောင်းထနေသည်။
ရွှစ်...ရွှစ်...
ကျန်းရီ၏ ဝိညာဉ်လေဓားများက အောက်ဘက်သို့ ပျံဆင်းသွားပြီး မိစ္ဆာသားရဲသုံးကောင်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ မိစ္ဆာဧကရာဇ်များ၏ ခုခံစွမ်းအားက အလွန်အားကောင်းသော်လည်း ထိပ်တန်းအဆင့် ကောင်းကင်ကံကြမ္မာသင်္ဘော၏ အကာအရံလောက်တော့ အားမကောင်းပေ။ သို့သော် ဝိညာဉ်လေဓားများက ၎င်းတို့၏ ခန္ဓာကိုယ်များကို ခုတ်ဖြတ်လိုက်သောအခါ သတ္တုချင်းထိခတ်သံများနှင့် မီးပွားများ ထွက်ပေါ်လာသေးသည်။ ထို့နောက်တွင် မိစ္ဆာသားရဲသုံးကောင်၏ ခန္ဓာကိုယ်များက အပိုင်းပိုင်းပြတ်သွားလေသည်။ ၎င်းတို့၏ သွေးများနှင့် အသားစများကလည်း နေရာအနှံ့သို့ လွင့်စင်သွားသည်။ သို့ဖြစ်ရာ အန်ချင်ဖွယ်ကောင်းသော သွေးညှီနံ့များလည်း ထွက်ပေါ်လာလေသည်။
“အန်... ဘာလို့ အဲ့မိစ္ဆာဧကရာဇ်တွေမှာ မိစ္ဆာအမြုတေ မရှိရတာလဲ”
ကျန်းရီသည် မိစ္ဆာဧကရာဇ်သုံးပါးကို အလွယ်တကူ သတ်နိုင်ခဲ့သော်လည်း သူ့ကိုယ်သူ ဂုဏ်ယူမသွားပေ။ ထိုအစား သူသည် သူ့အရှေ့ရှိ မိစ္ဆာအလောင်းသုံးလောင်းကို သံသယဖြင့် ကြည့်လိုက်သည်။ မိစ္ဆာသားရဲအားလုံးတွင် မိစ္ဆာအမြုတေ ရှိကြသည်။ ထိုမိစ္ဆာအမြုတေများက အဖိုးတန်သော အရာများဖြစ်ပြီး ဆေးဖော်ရာနှင့် လက်နက်များပြုလုပ်ရာတွင် အသုံးပြုနိုင်သည်။ ထို့ကြောင့် ၎င်းတို့ကို ဈေးကောင်းကောင်းနှင့် ရောင်းနိုင်ပေသည်။
“ဒီက မိစ္ဆာသားရဲတွေမှာ မိစ္ဆာအမြုတေ မရှိကြဘူး”
ယဉ်ရို့ပင်းက ပျံသန်းလာပြီး ရှင်းပြလိုက်သည်။
“အရင်တစ်ခေါက်တုန်းက ကျွန်မတို့လည်း အဲ့ကိစ္စကြောင့် အံ့ဩသွားကြသေးတယ်။ ကြည့်ရတာတော့ ဒီမိစ္ဆာသားရဲတွေက ဆန်းကြယ်ဧကရာဇ် ဖန်ဆင်းထားတဲ့ သားရဲတွေ ဖြစ်နေလို့နေမယ်။ သူတို့က ပုံစံလည်း မပြောင်းနိုင်သလို အပြင်က မိစ္ဆာသားရဲတွေလောက်လည်း ဉာဏ်မရှိကြဘူး။ ဒါပေမဲ့ သူတို့ရဲ့ တိုက်ခိုက်စွမ်းအားကတော့ မဆိုးပါဘူး”
“အို့.. အဲ့လိုလား။ အဲ့ဒါဆိုလည်း ဆက်သွားကြတာပေါ့”
ကျန်းရီက ခေါင်းညိတ်လိုက်ပြီး အရှေ့မှ ဦးဆောင်သွားလိုက်သည်။ မိစ္ဆာဝိညာဉ်တောင်ကြားတွင် မည်သည့်ဖြတ်လမ်းမှ မရှိပေ။ လူတိုင်း တောင်(၄၉)လုံးကို ဖြတ်ကျော်ကာ တောရိုင်းဝိညာဉ်ရွာအထိရောက်အောင် သွားရမည်ဖြစ်သည်။ သို့သော် တောင်(၄၉)လုံးကို ဖြတ်ကျော်ရန်မှာ မလွယ်ချေ။ မဟုတ်လျှင် ကျန့်ထျန်းလဲ့က အောင်မြင်စွာ ဖြတ်ကျော်ပြီးသွားလောက်ပြီဖြစ်သည်.
“ဟူ..ဟူ...” “ရွှီ...ရွှီ”
ကျန်းရီတို့သည် ငါးကီလိုမီတာ ပျံသန်းပြီးနောက် အဝေးရှိတောအုပ်ထဲမှ ထွက်လာသော ဧရာမစပါးအုံးမြွေကြီးတစ်ကောင်နှင့် ကြုံတွေ့လိုက်ရ၏။ ထိုစပါးအုံးမြွေကြီးက နက်မှောင်နေပြီး သံမဏိကြာပွတ်ကြီးတစ်ချောင်းနှင့်ပင် ဆင်တူနေသည်။ ၎င်း၏ကိုယ်ပေါ်တွင် အကြေးခွံများ မရှိဘဲ စူးချွန်များသာ ရှိနေသည်။ ၎င်းသည်လည်း အထွတ်အထိပ်အဆင့် မိစ္ဆာဧကရာဇ်ဖြစ်သည်။ စပါးအုံးမြွေကြီး၏ဘေးတွင် ပုံပျက်ပန်းပျက် မိစ္ဆာတစ်ကောင်လည်း ရှိနေသည်။ ၎င်းက ဘောလုံးတစ်လုံးနှင့် တူပြီး ဝမ်းဗိုက်တွင် မျက်လုံးပေါင်း ဒါဇင်ကျော် ရှိနေသည်။ ၎င်းက မည်သို့ခေါ်သောသတ္တဝါဖြစ်ကြောင်းကို မည်သူမှ မသိပေ။
“သတ်...”
ကျန်းရီသည် သူ့အရှေ့တွင် လူသားတစ်ယောက် ကာနေလျှင် လူသားကို သတ်မည်ဖြစ်သည်။ ဗုဒ္ဓတစ်ပါးကာနေလျှင် ဗုဒ္ဓကိုသတ်မည်။ အကယ်၍ မိစ္ဆာတစ်ကောင်ကာနေလျှင် မိစ္ဆာကို သတ်မည်ဖြစ်သည်။
ကျန်းရီသည် သတ်ဖြတ်အရှိန်အဝါနှင့် နတ်ဘုရားအသံ ကောင်းကင်အတတ်ကို သုံးကာ ထိုမိစ္ဆာနှစ်ကောင်ကို ဖိနှိပ်လိုက်ပြီး ဝိညာဉ်လေဓားများနှင့် သက်တန့်ဝိညာဉ်လှံတို့ကို သုံး၍ ၎င်းတို့ကို သတ်ဖြတ်လိုက်သည်။
ယဉ်ရို့ပင်းသည်လည်း နတ်ဘုရားပစ်လေးကို ကိုင်၍ စိတ်လှုပ်တရှား ကြည့်နေသည်။ သူမသည် ကောင်းကင်စိတ်အာရုံကို အသုံးမပြုနိုင်၍ မျက်လုံးကိုပဲ အားကိုးနေရ၏။ သူမ၏ အမြင်အာရုံက ကောင်းသော်လည်း မျက်လုံး၏ မြင်နိုင်စွမ်းရှိသလောက်သာ မြင်နိုင်ပေသည်။ အကယ်၍ မိစ္ဆာအရှင်တစ်ပါးက ရုတ်တရက် ထွက်ပေါ်လာပြီး အလစ်တိုက်ခိုက်လိုက်လျှင် အကျိုးဆက်က အလွန်ဆိုးဝါးသွားပေလိမ့်မည်။
***
ငရဲအဆင့်ကို ရွေးချယ်ခဲ့လျှင် ဤမိစ္ဆာဝိညာဉ်တောင်ကြား၌ အမှန်ပင် မိစ္ဆာအရှင်များနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ထိုအခိုက်တွင် မိစ္ဆာဝိညာဉ်တောင်ကြား၏ အခြားဘက်၌ လူတစ်ယောက်သည် မိစ္ဆာအရှင်တစ်ပါးနှင့် အပြင်းအထန် တိုက်ခိုက်နေသည်။
ထိုလူက ခံ့ညားသော လူငယ်တစ်ယောက်ဖြစ်ပြီး စစ်ဓားရှည်တစ်ချောင်းကို ကိုင်ထားကာ ငွေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ သူ၏ မျက်ဝန်းများကလည်း တောက်ပစူးရှနေသည်။ သူ၏ တိုက်ခိုက်မှုတိုင်းက အာကာပြင်ကို တုန်ခါသွားစေနေပြီး ကျောက်တုံးများကို အက်ကွဲသွားစေနေသည်။ သစ်ပင်များလည်း လဲကျကုန်သည်။ သူ့ဓားရှည်၏ ဓားရိုးပေါ်တွင် ဆန်းကြယ်သော နဂါးပုံသဏ္ဌာန်များရှိသည်။ ဓားသွားကလည်း ခပ်မှိန်မှိန် တောက်ပနေပြီး ကြောက်မက်ဖွယ် အရှိန်အဝါလှိုင်းများကို ထုတ်လွှတ်နေသည်။ စစ်ဓားရှည်၏ အရှိန်အဝါက နတ်ဘုရားတစ်ပါး၏ အရှိန်အဝါကဲ့သို့ ကြောက်မက်ဖွယ်ကောင်းပေသည်။
လူငယ်နှင့် တိုက်ခိုက်နေသည်မှာ ကျားသစ်နက်တစ်ကောင်ဖြစ်သည်။ ထိုကျားသစ်နက်က မကြီးမားသော်လည်း အလွန်လျင်မြန်သည်။ လျင်မြန်လွန်းသဖြင့် သာမန် ကောင်းကင်ဧကရာဇ်များဆိုလျှင် ၎င်း၏အရိပ်ကိုသာ မြင်နို်ငမည်ဖြစ်သည်။ ထို့ပြင် ၎င်း၏ လက်သည်များကလည်း အလွန်ရှည်လျားသည်။ ၎င်းက လက်သည်းများဖြင့် တစ်ချက်ကုတ်လိုက်တိုင်း ဟင်းလင်းပြင်က စုတ်ပြဲသွားသည်။ ၎င်း၏ခန္ဓာကိုယ်ကလည်း ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ အကယ်၍ ကျန်းရီနှင့် ယဉ်ရို့ပင်းတို့သာ ထိုအနားတွင် ရှိနေလျှင် သေချာပေါက် ကြောက်ရွံ့တုန်လှုပ်သွားပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော ထိုအရှိန်အဝါက မိစ္ဆာအရှင်တစ်ပါး၏ အရှိန်အဝါဖြစ်နေ၍ပင်။ ထို့ပြင် ထိုမိစ္ဆာအရှင်က သာမန်မိစ္ဆာအရှင် မဟုတ်ချေ။
“ဟားဟား... သေလိုက်တော့ မျိုးမစစ်”
ကျန့်ထျန်းလဲ့က ဒေါသတကြီးဖြင့် အကြိမ်ဒါဇင်ကျော် အဆက်မပြတ် တိုက်ခိုက်လိုက်သည်။ ကောင်းကင်ထဲတွင် သူ၏ဓားရိပ်များ ပြည့်နှက်သွားသည်။ ပတ်ဝန်းကျင်အာကာပြင်ကလည်း စုတ်ပြဲသွားသည်။ သို့သော် ကျားသစ်နက်က အလွန်လျင်မြန်သဖြင့် ဓားချက်တစ်ချက်ပင် ၎င်းကို ထိမသွားခဲ့ပေ။ ထို့ကြောင့် ကျန့်ထျန်းလဲ့ ပို၍ မချင့်မရဲဖြစ်လာ၏။ သူက စွမ်းအားကြီးသော်လည်း ထိုအခိုက်တွင် အသုံးမဝင်ဖြစ်နေလေသည်။
ကျန့်ထျန်းလဲ့ မိစ္ဆာဝိညာဉ်တောင်ကြားထဲသို့ ဝင်လာခဲ့သည်မှာ ရက်များစွာ ကြာခဲ့ပြီဖြစ်သည်။ သူ တောင်(၄၅)လုံးကို ဖြတ်ကျော်ခဲ့ပြီးပြီဖြစ်ပြီး မရေမတွက်နိုင်သော မိစ္ဆာသားရဲများကို သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် သူသည် တောရိုင်းဝိညာဉ်ရွာသို့ အလွန်လျင်မြန်စွာ ရောက်နိုင်လိမ့်မည်ဟု ထင်ခဲ့၏။ သို့သော် သူက ထိုကျားသစ်နက်နှင့် တစ်ရက်၊ တစ်ညကြာအောင် တိုက်ခိုက်နေရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ချေ။ သူသည် ယခုအထိ ထိုမိစ္ဆာအရှင်ကို မသတ်နိုင်သေးသဖြင့် အလွန်ခံရခက်နေလေသည်။
“ဒီလိုဖြစ်လို့ မရဘူး။ ငါ ဒီအဆင့်ကို ဖြတ်ကျော်နိုင်မှရမယ်။ ငါ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ပိုင်ဆိုင်ရမယ်။ အဲ့ဒါမှ ယဉ်ရို့ပင်းက ငါ့အပေါ် အမြင်ပြောင်းသွားမှာ... ငါနဲ့ လိုလိုလားလား လက်ထပ်မှာ... ငါ့ကိုပဲ ချစ်ခင်လာမှာ”
ကျန့်ထျန်းလဲ့ ကျယ်လောင်စွာ အော်လိုက်သည်။ သူ၏အတွေးထဲတွင် ယဉ်ရို့ပင်း၏ ချစ်စဖွယ်မျက်နှာလေးနှင့် ပြည့်နှက်နေသည်။ သူသည် ဤအဆင့်သို့ ဝင်မလာခင်တွင် ယဉ်ရို့ပင်းကို သူနှင့်အတူ သွားရန် ပြောခဲ့၏။ သို့သော် ယဉ်ရို့ပင်းက သူ့ကို အေးစက်စက်ပြောဆိုကာ ငြင်းခဲ့သည်။ ထို့ကြောင့် သူ ငရဲအဆင့်ကို ရွေးချယ်ခဲ့ခြင်းပင်။ သူသည် သူကသာ သူမနှင့် ထိုက်တန်သူဖြစ်ကြောင်းကို သက်သေပြလိုခဲ့ခြင်းပင်။
“ရို့ပင်း... ငါ့ကို စောင့်နေ၊ ငါ မင်းကို လက်ထပ်မယ့်အချိန်ကို စောင့်နေ။ ငါ သေချာပေါက် မင်းကို ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခွင်လုံးရဲ့ အပျော်ဆုံးသတို့သမီး ဖြစ်စေရမယ်”
ကျန့်ထျန်းလဲ့ ထပ်မံ အော်လိုက်၏။ သူ၏ စစ်ဓားက တောက်ပစွာ လင်းလက်လာသည်။ ဓားသည် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်ပြီး စတင်လည်ပတ်လာလေသည်။ သူ၏ခန္ဓာကိုယ်ကလည်း ဓားနှင့်အတူ လည်ပတ်လာသည်။ သူသည် ငါးကီလိုမီတာအဝန်းအဝိုင်းအတွင်းရှိ မိုးမြေအတွင်းအားများကို စုပ်ယူလိုက်၏။ ထိုအခါ တိမ်တိုက်များ ရစ်ဝဲသွားပြီး လေပြင်းများ တိုက်ခတ်လာသည်။ သူ့ပတ်ပတ်လည်မှ အာကာပြင်ကလည်း အဝိုင်းပုံစံ အက်ကွဲလာသည်။ သူ့ကို ခုပ်အုပ်ရန် ဟန်ပြင်နေသော ကျားသစ်နက်၏ မျက်နှာပေါ်တွင် ကြောက်ရွံ့သည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် ၎င်းသည် လျင်မြန်စွာ နောက်ဆုတ်သွားလေတော့သည်။
“လေတိမ် တစ္ဆေဇီဝိန်ခြွေဓား။ သေပေတော့ ကျားသစ်စုတ်”
ကျန့်ထျန်းလဲ့ ထပ်မံအော်လိုက်ပြီး လှည့်ပတ်နေခြင်းကို ရပ်တန့်လိုက်သည်။ သူ၏စစ်ဓားမှနေ၍ ဧရာမ ဓားအရှိန်အဝါလှိုင်းတစ်လှိုင်း အရှေ့သို့ ပျံထွက်သွားသည်။ ဓားအရှိန်အဝါလှိုင်းက လေပြင်းများကိုလည်း သယ်ဆောင်လာသည်။ ကျားသစ်နက်သည် လေပြင်းများကြောင့် ရုတ်တရက် အရှိန်နှေးသွားလေသည်။
ဓားအရှိန်အဝါလှိုင်းက အလွန်လျင်မြန်သည်။ ၎င်းသည် ကောင်းကင်ကို ဖြတ်သန်း၍ ကျားသစ်နက် မိစ္ဆာအရှင်ကို ပြင်းထန်စွာ ပိုင်းဖြတ်လိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာကာ မိစ္ဆာအရှင်၏ခန္ဓာကိုယ် ပိုင်းဖြတ်ခံလိုက်ရသည်။ အောက်ဘက်မှ တောင်ကြောကလည်း ပြတ်သွားပြီး ပေသောင်းချီရှည်သော အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုမြင်ကွင်းက အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ ထိုဓားချက်က နတ်ဘုရားတစ်ပါး၏ တိုက်ခိုက်မှုကဲ့သို့ပင်။ ၎င်းကို မခုခံနိုင်သလို တုပြိုင်နိုင်မည်လည်း မဟုတ်ချေ။
“ဖူး...”
ကျန့်ထျန်းလဲ့ သွေးအန်လိုက်၏။ ထို့နောက် သူ လေထဲမှ ပြုတ်ကျလာသည်။ အောက်သို့ ရောက်သောအခါ သူသည် ဓားကို မြေပြင်ထဲတွင် ထိုးစိုက်အားပြု၍ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်သည်။ ထို့နောက် သူ မချိပြုံး ပြုံး၍ ပြောလိုက်လေသည်။
“လက်ရှိ ငါ့အင်အားနဲ့ ကြယ်ခုနစ်ပွင့် တာအိုပုံသဏ္ဌာန် လေတိမ် တစ္ဆေဇီဝန်ခြွေဓားကို အသုံးပြုနိုင်ဖို့ ခက်ခဲနေသေးတယ်”
“သွားမယ်...”
ကျန့်ထျန်းလဲ့သည် ငါးမိနစ်မျှ အနားယူပြီးနောက် ပျံတက်ကာ အဝေးရှိ နောက်တောင်တစ်လုံးဆီသို့ သွားလိုက်လေသည်။ သူသည် ပျံသန်းနေရင်း ပါးစပ်မှ သွေးများကို သုတ်လိုက်ပြီး ရေရွတ်လိုက်၏။
“ရို့ပင်း... ငါ့ကို စောင့်နေ။ ငါ သေချာပေါက် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရယူပြီး မင်းနဲ့ လက်ထပ်မယ်”
***