← Chapters

ဝက်မျက်နှာ၊ မျောက်ကိုယ်လုံး

Vol. 80 Ch. 1113

ဝက်မျက်နှာ၊ မျောက်ကိုယ်လုံး

Vol. 80 Ch. 1113

ကျန်းရီသည် နတ်ဘုရားအသံ ကောင်းကင်အတတ်ကိုသုံး၍ မိစ္ဆာသားရဲများစွာကို မြက်ရိတ်သကဲ့သို့ လွယ်ကူစွာ သတ်ဖြတ်နိုင်ခဲ့သည်။ အထွတ်အထိပ်အဆင့် မိစ္ဆာဧကရာဇ်များစွာက မိစ္ဆာအတတ်များကို တတ်ကြသည်။ သို့သော် ၎င်းတို့သည် ထိုအတတ်များကို သုံးရန်ပင် အခွင့်အရေး မရလိုက်ကြဘဲ ကျန်းရီ၏ သတ်ဖြတ်မှုကို အလွယ်တကူ ခံလိုက်ကြရသည်။ ကျန်းရီနှင့် ယဉ်ရို့ပင်းတို့သည် အခက်အခဲမရှိ ရှေ့ဆက်နိုင်ခဲ့ကြ၏။ သူတို့သည် တစ်ရက်နှင့် နေ့တစ်ပိုင်းအတွင်းမှာပင် တောင်ကိုးလုံးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်သည်။

“ငါတို့ ဘာလို့ အခုထိ မိစ္ဆာအရှင်တစ်ပါးနဲ့မှ မတွေ့ရသေးတာလဲ။ အဲ့ဒါက ထူးဆန်းမနေဘူးလား”

ကျန်းရီသည် မိစ္ဆာဧကရာဇ်သုံးပါးကို သတ်လိုက်ပြီးနောက် နားမလည်နိုင်ဟန်ဖြင့် ယဉ်ရို့ပင်းကို မေးလိုက်သည်။ ယဉ်ရို့ပင်းသည်လည်း ထိုအခြင်းအရာက ထူးဆန်းနေသည်ဟု ခံစားနေရ၏။ ယခင်တစ်ခေါက်တွင် သူမနှင့် အဖော်များက ယခုလောက် စွမ်းအားမကြီးခဲ့သည်ပင် တောင်တစ်တောင်စီကို စောင့်ကြပ်နေသော မိစ္ဆာအရှင်တစ်ပါးစီနှင့် ရင်ဆိုင်ခဲ့ရသည်။ ဤတစ်ကြိမ်တွင် အစောဆုံး ထွက်လာသည့် မိစ္ဆာသားရဲများသည်ပင် အထွတ်အထိပ် မိစ္ဆာဧကရာဇ်များ ဖြစ်နေရာ မိစ္ဆာအရှင်များလည်း ထွက်ပေါ်လာသင့်နေပြီဖြစ်သည်။

ဟူး...ဟူး...

ပြောရင်းဆိုရင်းမှာပင် အဝေးမှနေ၍ အပူလှိုင်းတစ်လှိုင်း ထွက်ပေါ်လာလေသည်။ ထိုထက်ပိုဝေးသောနေရာတွင် သိပ်သည်းသော မီးခိုးများ ထွက်နေသည်ကိုလည်း လှမ်းမြင်နေရသည်။ ပတ်ဝန်းကျင်ကို အားကောင်းသော အရှိန်အဝါတစ်ခုက လွှမ်းခြုံလာ၏။ ကျန်းရီနှင့် ယဉ်ရို့ပင်းတို့သည် အဝေးသို့ လှမ်းကြည့်လိုက်ကြပြီး တစ်ချိန်တည်းမှာပင် မျက်နှာထားများ ‌အေးစက်သွားကြသည်။ ကျန်းရီ ပြောလိုက်သည်။

“အဲ့ဒါက မိစ္ဆာအရှင်တစ်ပါးပဲ။ သူက မီးဓာတ်မိစ္ဆာအရှင်လား။ ရို့ပင်း...နောက်ဆုတ်လိုက်။ မီးဓာတ်မိစ္ဆာအရှင်တစ်ပါးက ငါ့အတွက် မပြောပလောက်ဘူး။ မင်း ကိုယ့်ကိုယ်ကိုယ်သာ ဂရုစိုက်ပါ”

“ကျန်းလန် ရှင်လည်း သတိထားပါ”

ယဉ်ရို့ပင်းသည် နာခံစွာဖြင့် နောက်ဆုတ်လိုက်၏။ သူမ၏အစွမ်းက အထွတ်အထိပ်အဆင့် မိစ္ဆာဧကရာဇ်များကို ယှဉ်နိုင်သော်လည်း မိစ္ဆာအရှင်ကိုတော့ မယှဉ်နိုင်လောက်ပေ။ ထို့ကြောင့် သူမ တိုက်ခိုက်မည်ဆိုလျှင်လည်း ကျန်းရီအတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်နေပေလိမ့်မည်။ ထို့ပြင် ကျန်းရီသည် မီးဝိညာဉ်ပုလဲကို ပိုင်ဆိုင်ထား၍ မီးကို ကြောက်စရာမလိုပေ။ ထို့ကြောင့် ယဉ်ရို့ပင်း များစွာစိတ်မပူမိချေ။

ဟိန်း...ဟိန်း...

အပူလှိုင်းက ပို၍ နီးကပ်လာပြီး မီးခိုနက်များကလည်း ကျန်းရီတို့ဘက်သို့ ဦးတည်လာနေလေသည်။ မိစ္ဆာအရှင် လာရာလမ်းတစ်လျှောက်ရှိ သစ်ပင်များအားလုံး မီးလောင်သွား၏။ ထိုမိစ္ဆာက အဝေးမှနေ၍ပင် စတင်ဟိန်းနေပေပြီ။ ထိုဟိန်းသံက တောင်များကို တုန်ခါသွားစေပြီး တောင်များပေါ်မှနေ၍ ကျောက်တုံးများ လိမ့်ဆင်းလာစေလေသည်။ တုန်ခါမှုများကြောင့် ကျန်းရီ သွေးဆူလာသည်။

“ဝက်မျက်နှာနဲ့ မျောက်ကိုယ်လား”

ကျန်းရီသည် သူ့ဆီသို့ လာနေသော မိစ္ဆာသားရဲကို ကြည့်လိုက်ပြီး မထိန်းနိုင်တော့ဘဲ ရယ်မိသွား၏။

ကျန်းရီသည် မိစ္ဆာသားရဲမျိုးစုံကို တွေ့ခဲ့ဖူး၏။ သူ ချမ်ချမ်နှင့် အနက်ရောင်နတ်ဘုရားတို့နှင့်အတူ အဆုံးမဲ့ပင်လယ်နက်အတွင်း သွားလာခဲ့စဉ်က ခေါင်သောကျွန်းတစ်ကျွန်းပေါ်တွင် ယခုသားရဲနှင့် ဆင်တူသော မိစ္ဆာမျိုးနွယ်တစ်ခုကို တွေ့ခဲ့ဖူးသည်။ ထိုမိစ္ဆာသားရဲမျိုးနွယ်က အလွန်ရုပ်ဆိုးသည်။ ၎င်းတို့၏ ခေါင်းက ဝက်ခေါင်းကဲ့သို့ ကြီးမားပြီး ခန္ဓာကိုယ်ကမူ မျောက်ခန္ဓာကိုယ်နှင့် တူသည်။ ၎င်းတို့၏ပုံစံက ခေါင်းကြီးကိုယ်သေးဖြစ်နေ၍ အလွန်ရယ်စရာကောင်းပေသည်။ ၎င်းတို့သည် လူသားပုံစံ ပြောင်းလဲလျှင်ပင် ထိုခန္ဓာကိုယ်အချိုးအစားအတိုင်းသာ ပြောင်းလဲကြပြီး ယင်းခန္ဓာကိုယ်အချိုးအစားက ၎င်းတို့ကို ဆွဲဆောင်မှုရှိစေသည်ဟု ထင်ကြပေသည်။

ထိုသားရဲအမျိုးအစားက ပင်လယ်ထဲတွင် မနေနိုင်ကြပေ။ ချမ်ချမ်သည် ကျန်းရီကို ထိုသားရဲများနှင့်ပင် မိတ်ဆက်ပေးခဲ့သေးသည်။ ၎င်းတို့က ဒေါသကြီးကြပြီး မကြာခဏဆိုသလို ပင်လယ်သားရဲများကို သတ်ဖြတ်ကြသည်။ ၎င်းတို့သည် ဉာဏ်ရည်မမြင့်ကြဘဲ လူရူးတစ်ယောက်၏ ဉာဏ်ရည်လောက်သာ ရှိကြသည်။ သို့သော် ၎င်းတို့၏ စွမ်းအားက ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းတို့က အသံကို အသုံးပြု၍ တိုက်ခိုက်ခြင်းဖြစ်သည်။ စွမ်းအားအကြီးဆုံး ဝက်မျက်နှာ၊ မျောက်ကိုယ် သားရဲ၏ ဟိန်’သံက တောင်များနှင့် မြစ်များကိုပင် တုန်ခါစေနိုင်ပြီး ကြယ်များကိုပင် ကြွေကျစေနိုင်သည်ဟု ဆိုကြသည်။ သို့သော် ယင်းမှာ ဒဏ္ဍာရီတစ်ခုသာ ဖြစ်ပေသည်။

ဝက်မျက်နှာ၊ မျောက်ကိုယ် သားရဲများတွင် အခြားတိုက်ခိုက်မှုတစ်မျိုးလည်း ရှိသေးသည်။ ထိုတိုက်ခိုက်မှုမှာ မီးမှုတ်ခြင်းဖြစ်သည်။ ၎င်းတို့က အပူချိန်အလွန်မြင့်သော ခရမ်းရောင်မီးတောက်များကို မှုတ်နိုင်ကြသည်။ ခရမ်းမီးတောက်တစ်ခုက ရေကန်တစ်ကန်လုံးကိုပင် အငွေ့ပျံကာ ရေခိုးရေငွေ့များ ဖြစ်သွားစေနိုင်သည်။ သို့သော် ကျန်းရီသည် ထိုမီးတောက်၏ အပူချိန်က မည်မျှအထိ မြင့်တက်နိုင်ကြောင်းကို သေချာမသိပေ။ ယခုတွင် သားရဲက ချဉ်းကပ်လာပြီဖြစ်သော်လည်း ကျန်းရီ မည်သည့်အပူဒဏ်ကိုမှ မခံစားရသေးချေ။ မီးဝိညာဉ်ပုလဲက အလိုလို နိုးထလာပြီး သခင်ကို ကာကွယ်ပေးထားပေသည်။

ရွှမ်...ရွှမ်....

ဝက်မျက်နှာ၊ မျောက်ကိုယ်နှင့် သားရဲက မိစ္ဆာအရှင်တစ်ပါးဖြစ်သဖြင့် ကျန်းရီ သတိလက်လွတ်မဖြစ်ဝံ့ပေ။ ထို့ကြောင့် သူသည် ချက်ချင်းပင် နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ထုတ်လွှတ်၍ အသံလှိုင်းများကို အရှေ့သို့ ပို့လွှတ်လိုက်သည်။ သားရဲသည် ၎င်း၏ တြိဂံပုံမျက်လုံးများကို ကျုံ့လိုက်ပြီး ရပ်တန့်လိုက်၏။ ထို့နောက် ၎င်းက ပို၍ကျယ်လောင်စွာ ဟိန်းလိုက်သည်။ ပတ်ဝန်းကျင်ရှိ တောင်ထွတ်များမှာ ကျောက်တုံးများ ပြိုကျလာသည်။ ယဉ်ရို့ပင်းသည်ပင် ထိုဟိန်းသံကို မခံနိုင်တော့သဖြင့် နောက်သို့ ထပ်ဆုတ်လိုက်ရလေသည်။

ကျန်းရီသည်လည်း ဆိုးဆိုးဝါးဝါး ခံစားလိုက်ရ၏။ သူ၏အတွင်းအားရှုပ်ထွေးသွားပြီး သူ၏သွေးများ ဆူပွက်လာသည်။ သူ လေထဲမှ ပြုတ်ကျမလိုပင် ဖြစ်သွားသေးသည်။ သို့သော် သူ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ လျင်မြန်စွာ ဝင်လိုက်ပြီး ဟိန်းသံကို ခုခံလိုက်သည်။ ဟိန်းသံက သူ၏စိတ်ဝိညာဉ်အပေါ် မသက်ရောက်နိုင်တော့ပေ။ အတွင်းအား မတည်ငြိမ်မှုကိုမူ အလွယ်တကူ ဖြေရှင်းနိုင်ပေသည်။

“အမည်မဲ့ကျင့်စဉ်”

ကျန်းရီသည် ‌ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းသို့ ဝင်ပြီးနောက် အမည်မဲ့ကျင့်စဉ်ကိုသုံးကာ သူ၏အတွင်းအားကို တည်ငြိမ်အောင် လုပ်လိုက်သည်။ ထို့နောက် သူသည် ဝိညာဉ်လေများကို ထုတ်၍ ဝိညာဉ်လေဓားဆယ်ချောင်း ပြုလုပ်လိုက်၏။ ဤတစ်ကြိမ်တွင် သူ သက်တန့်ဝိညာဉ်လှံကို အသုံးမပြုဝံ့ပေ။ ထိုမိစ္ဆာသားရဲက မီးမှုတ်နိုင်သည်။ အကယ်၍ ထိုမီးတောက်များက သက်တန့်ဝိညာဉ်လှံကို လောင်ကျွမ်းနိုင်ပါက အခြေအနေဆိုးသွားပေလိမ့်မည်။

ရွှမ်...ရွှမ်...

နတ်ဘုရားအသံ ကောင်းကင်အတတ်က မိစ္ဆာအရှင်ကို ဆက်၍ ဖိနှိပ်ထား၏။ ၎င်းသည် မလှုပ်ရှားနိုင်တော့ဘဲ ကိုယ်ကိုင်း၍ လာလေသည်။ သို့သော် အသံကုန် ဟိန်းနေဆဲပင်။ ၎င်း၏အရှိန်အဝါကလည်း ပို၍ခက်ထန်လာသည်။ အကယ်၍ ကျန်းရီသာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းသို့ ဝင်မထားပါက ထိုခက်ထန်သောအရှိန်အဝါကြောင့် မွန်းကြပ်သွားမည်ဖြစ်သည်။

ဝုန်း...ဝုန်း...ဝုန်း...

ဝိညာဉ်လေဓားဆယ်ချောင်းကလည်း မိစ္ဆာအရှင်၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ပိုင်းဖြတ်လိုက်၏။ ဓားချက်တိုင်းတွင် မီးပွားများ ထွက်ပေါ်လာသည်။ မိစ္ဆာအရှင်၏ ဧရာမခန္ဓာကိုယ်ကြီး အနောက်သို့ လွင့်ပျံထွက်သွားသည်။ သို့သော် ၎င်း၏ကိုယ်ပေါ်မှ အမွေးအနည်းငယ် ကျွတ်သွားရုံမှလွဲ၍ အပြင်းအထန် ဒဏ်ရာရသွားပုံ မပေါ်ချေ။ ခပ်ရေးရေး သွေးစီးကြောင်းတစ်ကြောင်းကိုသာ တွေ့မြင်ရ၍ အပေါ်ယံဒဏ်ရာလောက်သာ ရသွားကြောင်း ထင်ရှားပေသည်။

‘ဒုက္ခတော့ များတော့မှာပဲ...’

ကျန်းရီ၏ မျက်နှာထား မည်းမှောင်သွားသည်။ သူသည် ထိုမိစ္ဆာအရှင်ကို မကြောက်သော်လည်း အရှေ့ရှိ တောင်များကို မည်သို့ ဖြတ်ကျော်ရမည်ကို တွေးကာ စိုးရိမ်လာလေသည်။

ထိုမိစ္ဆာအရှင်က တိုက်ခိုက်စွမ်းအား မကြီးသော်လည်း ခုခံစွမ်းအား ကြီးသည်။ အကယ်၍ အရှေ့ရှိ တောင်များတွင် ထိုမိစ္ဆာအရှင်ထက် စွမ်းအားပိုကြီးသော အခြားမိစ္ဆာအရှင်များနှင့် ရင်ဆိုင်ရပါက အခြေအနေ ဆိုးလာနိုင်သည်။ နတ်ဘုရားအသံ ကောင်းကင်အတတ်က ထိုမိစ္ဆာအရှင်များကို ဖိနှိပ်နိုင်လျှင်ပင် ကျန်းရီ ၎င်းတို့ကို မည်သို့ သတ်ရမည်နည်း။ ခုခံစွမ်းအား အလွန်ကြီးသော မိစ္ဆာအရှင်နှင့် ရင်ဆိုင်ရလျှင် သူ မည်မျှပင် ကြိုးစားပါစေ ထိုမိစ္ဆာအရှင်ကို သတ်နိုင်မည် မဟုတ်ပေ။

‘ထားလိုက်တော့ကွာ... ဒီတစ်ကောင်ကိုပဲ အရင်သတ်တာပေါ့’

ကျန်းရီ စိတ်ဆုံးဖြတ်လိုက်ပြီး အရှေ့သို့ လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။ သူ ပေတစ်ထောင် ပျံသန်းပြီးနောက် ခရမ်းရောင် မီးမြွေတစ်ကောင်က သူ့ထံသို့ ပျံဝင်လာလေသည်။ ပတ်ဝန်းကျင်ရှိ သစ်ပင်များအားလုံး ပြာကျသွားသည်။ မြေပြင်သည်ပင် မည်းနက်သွားပြီး အနက်ရောင် မီးခိုးငွေ့များကို ထုတ်လွှတ်နေလေသည်။

“အဟင်း...”

ကျန်းရီ ခပ်သဲ့သဲ့ ပြုံးလိုက်ပြီး ဝိညာဉ်လေနတ်ဘုရားဒိုင်းကို ရုတ်သိမ်းကာ မီးတောက်များအား သူ့ကို ဝါးမျိုခွင့်ပြုလိုက်သည်။ သူ၏မီးဝိညာဉ်ပုလဲထဲတွင် မီးတောက်များ ကုန်နေပေပြီ။ ထို့ကြောင့် မီးဝိညာဉ်ပုလဲက ထိုခရမ်းရောင်မီးတောက်များကို စုပ်ယူနိုင်လိုက်လျှင်လည်း မဆိုးပေ။ ထိုမီးတောက်များက မိုးကြိုးမီးနှင့်ပင် ယှဉ်နိုင်ပုံပေါ်သည်။ ၎င်းတို့က မိစ္ဆာအရှင်တစ်ပါး၏ မိစ္ဆာမီးတောက်များ မဟုတ်ပါလား။

ဟိန်း...ဟိန်း...

ပေနှစ်ရာမြင့်သော ဝက်မျက်နှာ၊ မျောက်ကိုယ် မိစ္ဆာသားရဲက အရှေ့သို့ လျင်မြန်စွာ ပြေးလာ၏။ ၎င်း၏ တြိဂံပုံ မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်များ ပြည့်နှက်နေသည်။ ၎င်းက ခြေလှမ်းကျဲကြီးများ လှမ်းကာ အဆက်မပြတ် ဟိန်းနေသည်။ ပတ်ဝန်းကျင်မှ တောင်များနှင့် မြစ်များ တုန်ခါလာကြသည်။ ကျောက်တုံးများလည်း အက်ကွဲလာသည်။

“ရပ်လိုက်တော့”

ကျန်းရီက ဓားပျော့ကို လှုပ်ယမ်းလိုက်၏။ နတ်ဘုရားအသံ ကောင်းကင်အတတ်က မိစ္ဆာအရှင်ကို ကျန်းရီအနားသို့ ဆက်တိုးမလာနိုင်တော့အောင် တားလိုက်သည်။ မီးဝိညာဉ်ပုလဲက မီးတောက်များကို စုပ်ယူနေသည်။ ဝိညာဉ်လေဓာများကလည်း အရှေ့သို့ ဆက်ပျံသန်းသွားသည်။ ဤတစ်ကြိမ်တွင်မူ ကျန်းရီသည် မိစ္ဆာအရှင်၏ ဘယ်ဘက်ခြေထောက်ကိုသာ ပစ်မှတ်ထား တိုက်ခိုက်လိုက်သည်။ မိစ္ဆာအရှင်သာ ခြေထောက်နှစ်ချောင်း ပြတ်သွားလျှင် သူ ၎င်းကို အလွယ်တကူ သတ်ပစ်နိုင်ပြီဖြစ်သည်။

ဝုန်း...ဝုန်း...ဝုန်း...

ဝိညာဉ်လေဓားဆယ်ချောင်းက တစ်နေရာတည်းကို အဆက်မပြတ် တိုက်ခိုက်နေ၏။ ထိုတိုက်ခိုက်မှု၏ ထိရောက်မှုက အလွန်သိသာပေသည်။ မိစ္ဆာအရှင်၏ ဘယ်ဘက်ခြေထောက် ပြတ်ထွက်သွားသည်။ ခြေပြတ်နေရာမှနေ၍ သွေးများ ဒလဟောပန်းထွက်လာသည်။ ငုတ်တိုကျန်ခဲ့သော ခြေထောက်ရိုးဖြူဖြူကြီးကိုလည်း မြင်နေရသည်။ မိစ္ဆာအရှင်၏ဧရာမခန္ဓာကိုယ်ကြီးလည်း အနောက်သို့ ထပ်မံလွင့်ပျံထွက်သွားသည်။

“မီးတောက်တွေနဲ့ ထပ်တိုက်ခိုက်လိုက်ပါဦး”

ကျန်းရီသည် ခပ်ဖြေးဖြေး ပျံသန်းသွားလိုက်ပြီး မိစ္ဆာအရှင်ကို မီးမှုတ်ရန် အချိန်ပေးလိုက်သည်။ ပို၍စွမ်းအားကြီးသော မိစ္ဆာအရှင်များကို တိုက်ခိုက်နိုင်ရန် ကျန်းရီ ခရမ်းရောင်မီးတောက်များကို ပို၍လိုအပ်ပေသည်။ မီးတောက်များက အရည်ကျို နတ်ဘုရားမီးဖိုကို နှိုးရာတွင်လည်း အသုံးဝင်သည်။ သို့သော် ကြယ်တာရာစွမ်းအားမရှိလျှင် အရည်ကျို နတ်ဘုရားမီးဖိုကို အပြည့်အဝ မနှိုးနိုင်လောက်ဟု သူ ထင်သည်။ သို့သော် မီးတောက်များကို ပိုစုပ်ယူထားခြင်းက မည်သည့်ဆိုးကျိုးမှ မရှိသည် မဟုတ်လော။

သို့ဖြင့်...

ကျန်းရီသည် မိစ္ဆာအရှင်ကို ဖြည်းဖြည်းချင်း သတ်နေ၏။ ထိုမိစ္ဆာအရှင်၏ စွမ်းအားက ကျန်းရီ၏ စွမ်းအားကို လုံးဝမယှဉ်နိုင်ပေ။ ကျန်းရီအတွက် ထိုမိစ္ဆာအရှင်ကို သတ်ရသည်က ငှက်ပျောသီးအခွံခွာစားရသကဲ့သို့ လွယ်ကူပေသည်။

တစ်နာရီကြာပြီးနောက် မိစ္ဆာအရှင်၏ ခြေထောက်နှစ်ချောင်းစလုံး ခုတ်ဖြတ်ခံလိုက်ရပေပြီ။ ယခုတွင် ၎င်းသည် မြေပြင်တွင်သာ တွားသွားနိုင်တော့၏။ သို့သော် ၎င်းက မကြာခဏဆိုသလို မီးတောက်များ မှုတ်ထုတ်နေသေးသည်။ ကျန်းရီသည် မီးတောက်များကို စုပ်ယူနေသော မီးဝိညာဉ်ပုလဲကို ကိုင်၍ အလွန်ကျေနပ်နေသည်။ မကြာခင်တွင် မီးဝိညာဉ်ပုလဲသည် စုပ်ယူနိုင်သလောက် စုပ်ယူပြီးသွားလေသည်။

“အချိန်ကျပြီ... ဒါကို အဆုံးသတ်လိုက်ကြတာပေါ့”

ကျန်းရီသည် မီးဝိညာဉ်ပုလဲကို စစ်ဆေးကာ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူသည် ဝိညာဉ်လေဓားများကို မိစ္ဆာအရှင်၏ လည်ပင်းဆီသို့ ပျံသန်းသွားစေလိုက်သည်။ သို့သော် မိစ္ဆာအရှင်၏ခုခံစွမ်းအားက ကောင်းသဖြင့် သူ ၎င်းကို ငါးမိနစ်၊ ဆယ်မိနစ်အတွင်း သတ်နိုင်မည် မဟုတ်ပေ။

“အို့ ဟုတ်သား...”

ကျန်းရီသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိလိုက်၍ မျက်လုံးများ ဖွင့်လိုက်၏။ သူ့မျက်နှာပေါ်တွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ရှိနေလေသည်။

လေမီးစမ်းသက်ချက်တွင် ကျန်းရီသည် ဝိညာဉ်လေများကို ပြီးပြည့်စုံအောင် ပေါင်းစည်း၍ ရကြောင်း တွေ့ခဲ့၏။ သူ၏ အကြံများကို ထိုမိစ္ဆာအရှင်နှင့် စမ်းသပ်ကြည့်နိုင်ပေသည်။ သူသာ ဝိညာဉ်လေများကို ပြီးပြည့်စုံအောင် ပေါင်းစည်းနိုင်လိုက်လျှင် သူ၏ တိုက်ခိုက်စွမ်းအားက သေချာပေါက် အဆပေါင်းများစွာ တိုးတက်သွားပေလိမ့်မည်။ သို့ဆိုလျှင် မိစ္ဆာဝိညာဉ်တောင်ကြားကို ဖြတ်ကျော်နိုင်ခြေ ပိုမြင့်လာမည်ဖြစ်သည်။ မိစ္ဆာဝိညာဉ်တောင်ကြားကို အရင်ဆုံး ဖြတ်ကျော်နိုင်ပါက သူ ဖန်စေတီကို ရယူနိုင်မည်ဖြစ်သည်။

“အာ...”

သို့သော်...

ထိုအခိုက်တွင် ကျန်းရီနှင့် ယဉ်ရို့ပင်းတို့၏ အာရုံထဲတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ကောင်းကင်တွင် အက်ကြောင်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် အက်ကြောင်းအတွင်းမှနေ၍ လှပသော အစိမ်းရောင် စေတီလေးတစ်ခု ကျဆင်းလာသည်။ ထိုစေတီကို လက်ကြီးတစ်ခုက ယူသွားလေသည်။ ထို့နောက်တွင် အက်ကြောင်းက ပြန်ဆက်သွား၏။ ကျန်းရီတို့အာရုံထံမှ ပုံရိပ်လည်း ပြန်ပျောက်ကွယ်သွားသည်။

ကျန်းရီသည် နွေခေါင်ခေါင်တွင် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ သူ ခေတ္တမျှ ဆွံ့အသွားကာ ကြက်သေသေသွားသည်။

တစ်စုံတစ်ယောက်က ဖန်စေတီကို ရယူနိုင်သွားပြီလော။ ဖန်စေတီကို ယူသွားသော လက်က သေချာပေါက် ယောက်ျားတစ်ယောက်၏လက်ပင်။ ထို့ကြောင့် ထိုသူက ကျန့်ထျန်းလဲ့မဟုတ်လျှင် ကျန့်ဝူယင်းဖြစ်နိုင်သည်။ ဖန်စေတီမရှိလျှင် ကျန်းရီ စုလောရွှယ်ကို မည်သို့ ကယ်တင်ရမည်နည်း။

***

All Chapters