ကျွန်မ နားလည်ပါတယ်
Vol. 80 Ch. 1114
“ကျန်းလန် ဘာဖြစ်တာလဲ”
ယဉ်ရို့ပင်းသည် ကျန်းရီက တိုက်ခိုက်နေမှုကို ရုတ်တရက် ရပ်တန့်လိုက်ပြီး နေရာတွင်ပင် မှင်တက်စွာရပ်၍ စိတ်ဓာတ်ကျနေသည့်ပုံကို တွေ့လိုက်သဖြင့် ကျန်းရီထံ လျင်မြန်စွာ ပျံသန်းသွားလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။ မိစ္ဆာအရှင်က သေလုမြောပါး ဒဏ်ရာရနေပြီဖြစ်၍ သူမတို့ကို အန္တရာယ်မပေးနိုင်တော့ပေ။ ထို့ကြောင့် ယဉ်ရို့ပင်းသည် သူမတို့၏ လုံခြုံရေးအတွက် စိတ်မပူဘဲ ကျန်းရီ၏ မျက်နှာထားကို ပို၍စိုးရိမ်နေလေသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော် ရတနာရှာပွဲတွင်မှလွဲ၍ သူမသည် သူ ထိုကဲ့သို့ မျက်နှာထားဖြစ်နေသည်ကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။
“ဘာမှ မဖြစ်ပါဘူး”
ကျန်းရီက အားတင်း၍ ပြုံးလိုက်သည်။ သူသည် ယဉ်ရို့ပင်းကို မစိုးရိမ်စေလိုပေ။ သူ၏ဝန်ထုပ်ဝန်ပိုးများကို သူတစ်ယောက်တည်းသာ ထမ်းရပေမည်။
ယဉ်ရို့ပင်းက အနည်းနှင့်အများဆိုသလို ခန့်မှန်းမိ၍ မေးလိုက်သည်။
“ဖန်စေတီကြောင့်လား”
“အင်း...”
ယဉ်ရို့ပင်းက ခန်းမှန်းမိနေပြီဖြစ်၍ ကျန်းရီ သူမကို ဆက်၍ ဖုံးကွယ်မနေလိုတော့ပေ။ ထို့ကြောင့် သူ သက်ပြင်းလေးလေးတစ်ချက်ချကာ ပြောလိုက်သည်။
“ဖန်စေတီက ငါ့အတွက် အရမ်းအရေးကြီးတယ်။ တကယ်လို့ ကျန့်ထျန်းလဲ့က အဲ့ဒါကို ရသွားပြီဆိုရင် ငါ သူ့ဆီက ပြန်လုယူရမှာပဲ။ ဒါပေမဲ့ ကျန့်ထျန်းလဲ့က ရှီးဖေးထက်ပိုပြီး စွမ်းအားကြီးတယ်။ ငါတို့ သူ့ကို လိုက်မီမှာ မဟုတ်ဘူး။ ပြီးတော့ ဖန်စေတီကို ရသွားတဲ့သူက ကျန့်ဝူယင်းဆိုရင်လည်း ငါ ပြန်လုယူနိုင်မှာ မဟုတ်ဘူး”
ဆန်းကြယ်နတ်ဘုရားနန်းတော် ရတနာရှာပွဲ ပြီးဆုံးသွားလျှင် အားလုံးသည် ဆန်ကြယ်နတ်ဘုရားတောင်ခြေသို့ ပြန်ပို့ခံရပေလိမ့်မည်။ ထိုအခါ မျိုးနွယ်အသီးသီးမှ နတ်ဘုရားတစ်ပိုင်းများသည် သူတို့၏မျိုးနွယ်ဝင်များကို လာရောက် ကာကွယ်ပေးကြမည်ဖြစ်သည်။ ကျန်းရီက ပြိုင်ဘက်ကင်း နတ်ဘုရားတစ်ပါး မဟုတ်ပေ။ သူသည် နတ်ဘုရားတစ်ပိုင်းများစွာ၏ မျက်စိအောက်တွင် ကျန့်(Jian)ဝူယင်း သို့မဟုတ် ကျန့်(Zhan)ထျန်းလဲ့(နောက်ပိုင်းတွင် ကွဲပြားမှုရှိစေရန် ‘ကျန့်ထျန်းလဲ့’ကို ‘ကျန်ထျန်းလဲ့’ဟု ပြန်ပါမည်)ကို မတိုက်ခိုက်နိုင်ပေ။
ထို့ကြောင့် ကျန်းရီတွင် ဖန်စေတီကို ရယူနိုင်မည့် အခွင့်အရေး မရှိတော့ချေ။ သို့ဆိုလျှင် သူ စုလောရွှယ်ကိုလည်း ကယ်တင်နိုင်တော့မည် မဟုတ်ပေ။ သို့ဖြစ်၍ ယခုတွင် သူ အလွန်စိတ်ဓာတ်ကျနေပေသည်။
“အခွင့်အရေးတစ်ခုခုတော့ ရှိလာမှာပါ”
ယဉ်ရို့ပင်းက ကျန်းရီကို ခပ်ဖွဖွ ဖက်၍ ပြုံးကာ ပြောလိုက်သည်။
“အဆိုးထဲမှာအကောင်းရှိတယ်၊ အကောင်းထဲမှာအဆိုးရှိတယ်ဆိုတဲ့ ဆိုရိုးတစ်ခု ရှိတယ်မလား။ လက်လျှော့ဖို့ စောပါသေးတယ်။ ရတနာရှာပွဲက မပြီးသေးပါဘူး။ ကျွန်မတို့သာ အစွမ်းကုန်ကြိုးစားမယ်ဆိုရင် နောက်ဆုံးရလဒ်က ဘယ်လိုပဲဖြစ်လာဖြစ်လာ နောင်တရစရာမရှိဘူးမလား”
ကျန်းရီသည် ယဉ်ရို့ပင်း၏ အားပေးစကားကို ကြားလိုက်သောအခါ ပြန်၍အားတက်လာ၏။ သူ၏ မျက်ဝန်းများထဲတွင် အရောင်ပြန်လက်လာသည်။
ဟုတ်၏။
ရတနာရှာပွဲက မပြီးသေးပေ။ နောက်ဆုံးအချိန်မရောက်သေးရာ အရှုံးပေးရန် စောလွန်းပေသေးသည်။ သူ အကောင်းဆုံး မကြိုးစားကြည့်ဘဲနှင့် နောက်ဆုံးရလဒ်ကို မည်သို့ သိနိုင်မည်နည်း။
“ကျေးဇူးတင်ပါတယ် ရို့ပင်း။ မင်းရဲ့ ချစ်ခင်မှုကို ခံရတာ ငါ့ဘဝရဲ့ ကံအကောင်းဆုံးအရာပဲ”
ကျန်းရီက နောက်လှည့်၍ ယဉ်ရို့ပင်းကို ဖက်လိုက်ကာ သူမ၏ နှုတ်ခမ်းများကို နူးညံ့စွာ နမ်းလိုက်သည်။ ထို့နောက် ကျန်းရီသည် ဝိညာဉ်လေများကို ထပ်မံ ထုတ်လွှတ်၍ မိစ္ဆာအရှင်ကို ဆက်လက်တိုက်ခိုက်လိုက်လေသည်။
ကျန်းရီ၏ ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင် မိစ္ဆာအရှင်က ဆယ်မိနစ်သာ ဆက်လက်ရှင်သန်နိုင်လိုက်သည်။ ကျန်းရီသည် မိစ္ဆာအရှင်ကို သတ်ပြီးသော်လည်း မရပ်တန့်သေးဘဲ အရှေ့သို့ ပျံသန်းကာ ဝိညာဉ်လေများကို ဆက်လက်ထုတ်လွှတ်၍ ပတ်ဝန်းကျင်မှ တောင်ထွတ်များကို တိုက်ခိုက်လိုက်သည်။ ဝိညာဉ်လေများကို ပြီးပြည့်စုံစွာ ပေါင်းစည်းနိုင်ရန် ရသလောက်အချိန်အတွင်း အကောင်းဆုံး ကြိုးစားရပေမည်။
ကျန်းရီ ကျန်ထျန်းလဲ့ကို လိုက်မီလိုလျှင် မိစ္ဆာဝိညာဉ်တောင်ကြားကို အမြန်ဆုံး ဖြတ်ကျော်၍ ပဉ္စမအဆင့်သို့ ဝင်ရမည်ဖြစ်သည်။ သို့သော် မိစ္ဆာဝိညာဉ်တောင်ကြားကို ဖြတ်ကျော်ရန် သူ၏အင်အားက မလုံလောက်သေးပေ။ သူသာ ဝိညာဉ်လေများကို ပြီးပြည့်စုံအောင် မပေါင်းစည်းနိုင်လျှင် ဤတောင်ကြားမှ တောင်တစ်လုံးလုံးတွင် တစ်နေနိုင်ပေသည်။
ကျန်းရီသည် ဆယ်လုံးမြောက်တောင်ကို တစ်နာရီအတွင်း ဖြတ်ကျော်လိုက်သည်။ သို့သော် သူတို့ မိစ္ဆာအရှင်တစ်ပါးနှင့် ရင်ဆိုင်ခဲ့ရသည်။ တော်သေးသည်မှာ ထိုမိစ္ဆာအရှင်က ဝက်မျက်နှာ၊ မျောက်ကိုယ်လုံးနှင့် မိစ္ဆာအရှင်ထက် များစွာပို၍ မသန်မာခြင်းပင်။ ထို့ပြင် ၎င်း၏ ခုခံစွမ်းအားက နိမ့်သည်။ ထို့ကြောင့် ကျန်းရီသည် ၎င်းကို နတ်ဘုရားအသံ ကောင်းကင်အတတ်နှင့် ဖိနှိပ်ကာ ဝိညာဉ်လေဓားများနှင့် ဗိုက်ကိုခွဲ၍ အလွယ်တကူ သတ်နိုင်ခဲ့သည်။
ဆယ့်တစ်၊ ဆယ့်နှစ်၊ ဆယ့်သုံး၊ ဆယ့်လေး...
ကျန်းရီသည် အနားမယူဘဲ နေ့ရောညပါ အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်။ သူ၏ စိတ်က ရူးသွပ်နေပေပြီ။ သူသည် မျက်လုံးများမှိတ်ကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းသို့ ဝင်၍လည်း ဝိညာဉ်လေများကို ပြီးပြည့်စုံစွာ ပေါင်းစည်းနိုင်မည့် နည်းလမ်းကို ကြိုးစား ရှာဖွေနေသည်။ သုံးရက်အတွင်းမှာပင် သူ တောင်ဆယ်လုံးကို ကျော်ဖြတ်နိုင်ခဲ့ပြီး နှစ်ဆယ်မြောက်တောင်သို့ ရောက်သွားလေသည်။
ဤတစ်ကြိမ်တွင်မူ ကျန်းရီ ကံမကောင်းတော့ပေ။ သူ ရင်ဆိုင်ရသော မိစ္ဆာအရှင်များက ပို၍ ပို၍ သန်မာလာသည်။ နတ်ဘုရားအသံ ကောင်းကင်အတတ်က ၎င်းတို့ကို ဖိနှိပ်နိုင်နေသေးသော်လည်း သက်ရောက်မှုက လျော့ကျလာသည်။ သူ၏ သက်တန့်ဝိညာဉ်လှံနှင့် ယဉ်ရို့ပင်း၏ နတ်ဘုရားပစ်လေးကြောင့်သာ မဟုတ်လျှင် ထိုမိစ္ဆာအရှင်များကို သတ်နိုင်ရန် အလွန်ခက်လာပေလိမ့်မည်။
ထို့ပြင် မိစ္ဆာအရှင်များ၏ ခုခံစွမ်းအားကလည်း ပို၍အားကောင်းလာသည်။
ကျန်းရီသည် နှစ်ဆယ်လုံးမြောက်တောင်မှ မိစ္ဆာအရှင်ကို သတ်နိုင်လိုက်သော်လည်း တစ်ရက်လုံး အချိန်ယူခဲ့ရပေသည်။
‘မဖြစ်တော့ဘူး။ ရှေ့မှာ တောင်နှစ်ဆယ့်ကိုးလုံး ကျန်သေးတယ်။ ဒီနှုန်းနဲ့သာဆိုရင် နှစ်ဆယ့်ကိုးရက်ကြာလိမ့်မယ်။ အဲ့ဒါက ကြာလွန်းတယ်။ နောက်နှစ်ဆယ့်ကိုးရက်ဆိုရင် ရတနာရှာပွဲလည်း ပြီးသွားလောက်ပြီ’
ကျန်းရီ အလွန်စိတ်လှုပ်ရှားလာသည်။ သူသည် ဝိညာဉ်လေများကို ပြီးပြည့်စုံအောင် ပေါင်းစည်းနိုင်မည့် နည်းလမ်းကိုလည်း ရှာမတွေ့သေးချေ။ ထို့ကြောင့် သူ ပို၍ပင် စိတ်ဓာတ်ကျလာသည်။
“ကျန်းရီ... ခဏလောက် နားကြတာပေါ့။ ဒီလိုဆက်သွားနေရင် ပိုဆိုးလာတာပဲရှိမှာ။ ပြီးတော့ ကျွန်မလည်း ပင်ပန်းနေပြီ”
ယဉ်ရို့ပင်း၏ အသံပို့လွှတ်မှုက ကျန်းရီကို အသိပြန်ကပ်သွားစေ၏။ သူ နောက်လှည့်ကြည့်လိုက်ရာ အလွန်ပင်ပန်းနေသော ယဉ်ရို့ပင်းကို မြင်လိုက်ရ၏။ သူ အလွန်စိတ်မကောင်း ဖြစ်သွားလေသည်။ သူတို့ မရပ်မနား သွားနေခဲ့သည်မှာ ရက်အနည်းငယ် ရှိခဲ့ပြီ မဟုတ်ပါလား။ သူက ထိုသို့သော ဘဝကို အသားကျနေပြီဖြစ်သော်လည်း ယဉ်ရို့ပင်းက မျိုးနွယ်ကြီးတစ်ခုမှ သခင်မလေးဖြစ်သည်။ သူမက သက်တောင့်သက်သာနေရသော ဘဝတွင်သာ အသားကျနေသူဖြစ်သည်။ သို့သော် သူမသည် ဗိုက်ဆာသည့်အခါတိုင်း အားဖြည့်ဆေးလုံးများ၊ ရိက္ခာခြောက်အနည်းငယ်နှင့် ရေအနည်းငယ်တို့ကိုသာ စားသောက်၍ ကျန်းရီအနောက်သို့ လိုက်ခဲ့သည်။ သူမ အပေါ့အပါး သွားလိုသည့်အခါတွင်လည်း ကျောက်တုံးအကွယ်တစ်ခုကိုရှာ၍ ကိစ္စရှင်းရသည်။
ကျန်းရီသည် ဖုန်းတုမြို့တွင် ယဉ်ရို့ပင်းကို ပျော်ရွှင်အောင်ထားကာ တစ်သက်လုံး ကာကွယ်ပေးမည်ဟု ကျိန်ဆိုခဲ့သည်။ ယခုတွင်မူ သူမက သူမ၏မျိုးနွယ်၊ သူမ၏ အဆင့်အတန်းကို ကျန်းရီအတွက် စွန့်လွှတ်ခဲ့သော်လည်း ကျန်းရီကမူ သူမကို ခေါ်၍ သုံး၊ လေးရက် တိုင်တိုင် မိစ္ဆာသားရဲများနှင့် မရပ်မနား တိုက်ခိုက်နေခဲ့သည်လော။
အရေးအကြီးဆုံးအချက်မှာ ယဉ်ရို့ပင်းက အရာအားလုံးကို စွန့်လွှတ်၍ ကျန်းရီအနောက်သို့ လိုက်ခဲ့သော်လည်း ကျန်းရီက သူမနှင့် ထိုအကြောင်းကို ကောင်းစွာပင် ဆွေးနွေးမပြောဆိုသေးပေ။ သူက သူမကို အာမခံချက်တစ်ခုပင် မပေးသေးချေ။ သူမက ကြောက်ရွံ့နေမည်လော သို့မဟုတ် ယဉ်မျိုးနွယ်နှင့် သူမ၏ မိဘများအပေါ် အပြစ်ရှိသလို ခံစားနေရကာ သူမကိုယ်သူမ အပြစ်တင်နေမည်လောဟုပင် သူ တွေးမိပါသလော။
ကျန်းရီသည် ထိုအကြောင်းများကို တွေးကာ သူ့ကိုယ်သူ အရူးဟု အပြစ်တင်နေမိ၏။ ထို့ပြင် သူသည် ယဉ်ရို့ပင်းအပေါ်လည်း ပို၍ ကရုဏာသက်ကာ ချစ်ခင်မိလာသည်။ ပြီးခဲ့သော ရက်အနည်းငယ် အတွင်းတွင် ယဉ်ရို့ပင်းက တစ်ချက်ပင် မညည်းညူခဲ့ချေ။ အလိုလိုက်ခံထားရသော မိန်းမပျိုတစ်ယောက်ကဲ့သို့လည်း မပြုမူခဲ့ပေ။ ထို့အစား သူမက သူ့ကိုပင် နှစ်သိမ့်ပေးခဲ့သေးသည်။
“ရို့ပင်း...”
ကျန်းရီသည် အပြစ်ရှိဟန်ဖြင့် ယဉ်ရို့ပင်းကို ကြည့်လိုက်ကာ တစ်စုံတစ်ခု ပြောရန် ဟန်ပြင်လိုက်သည်။ သို့သော် ယဉ်ရို့ပင်းက ပြုံး၍ ခေါင်းခါကာ ပြောလိုက်လေသည်။
“ကျန်းလန်... ရှင် ဘာမှ ပြောစရာမလိုပါဘူး။ ကျွန်မ နားလည်ပါတယ်”
ရိုးရှင်းသော စကားလေးတစ်ခွန်းနှင့် အကြည့်လေးတစ်ချက်က ကျန်းရီကို ဆွံ့အသွားစေသည်။ သူ သူမထံ ပျံသန်းသွားလိုက်ပြီး သူမကို တင်းတင်းကြပ်ကြပ်ဖက်ကာ မြေပေါ်သို့ ဆင်းလိုက်သည်။ သူသည် သစ်ပင်တစ်ပင်အောက်ရှိ မြက်ခင်းပြင်တစ်ခုကို ရှာလိုက်ပြီး သူ့လက်စွပ်အတွင်းမှနေ၍ အခင်းတစ်ခုကို ထုတ်ကာ မြင်ခင်းပေါ်တွင် ဖြန့်ခင်းလိုက်သည်။ ထို့နောက် သူမကို အခင်းပေါ်တွင် ထိုင်စေလိုက်သည်။
ထို့နောက်တွင် ကျန်းရီသည် ရေအနည်းငယ် သွားရှာလိုက်ပြီး လက်စွပ်အတွင်းမှနေ၍လည်း ဝိညာဉ်သစ်သီးအချို့နှင့် ကျပ်တိုက်အသားအချို့ကို ထုတ်လိုက်သည်။ ပြီးနောက် အသားများကို ချက်ပြုတ်ရန် မီးဖိုလိုက်သည်။ ယဉ်ရို့ပင်းသည် သစ်ပင်ကိုမှီထိုင်၍ ကျန်းရီတစ်ယောက် အလုပ်ရှုပ်နေသည်ကို ကြည့်နေ၏။ သူမ၏မျက်နှာပေါ်တွင် အေးချမ်း၍ နွေးထွေးသော အပြုံးလေးတစ်ပွင့် ထွက်ပေါ်လာလေသည်။
ကျန်းရီ၏ အချက်အပြုတ်စွမ်းရည်က လက်ခံနိုင်လောက်သောအဆင့်တွင် ရှိသည်။ သူသည် နှစ်ပေါင်းများစွာ လေလွင့်ခဲ့၍ အချက်အပြုတ်ပိုင်းတွင် အနည်းငယ် ကျွမ်းကျင်နေပေပြီ။ သို့သော် အသားများမှာ ကျပ်တိုက်အသားများဖြစ်နေ၍ လတ်ဆတ်သည့်အရသာတော့ မရှိနေပေ။ မည်သို့ပင်ဖြစ်စေ ယဉ်ရို့ပင်းသည် ကျန်းရီ ချက်ပြုတ်ပေးသော ဟင်းလျာဖြစ်၍ အားပါးတရ စားခဲ့သည်။ စားသောက်ပြီးနောက်တွင် သူမ သစ်ပင်ကိုမှီ၍ အိပ်ပျော်သွားလေတော့သည်။
ကျန်းရီက ယဉ်ရို့ပင်းကို ညင်သာစွာ ပွေ့ယူလိုက်ပြီး သူ၏ပေါင်ပေါ်တွင် ခေါင်းအုံးကာ အိပ်စေလိုက်သည်။ ထို့နောက် သူသည် သူမ၏ လှပသော မျက်နှာလေးကို ကြည့်ရင်း သူမ၏ ဆံနွယ်လေးများကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ကျန်းရီ ရင်ခုန်စိတ်လှုပ်ရှားနေမိလေသည်။
ကျန်းရီသည် မအိပ်ဘဲနှင့် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ စတင်အာရုံစိုက်လိုက်သည်။ ထိုအခြေအနေအတွင်း ဝင်ထားလျှင် မိစ္ဆာသားရဲများ အနားသို့ရောက်လာပါက ချက်ချင်း သိနိုင်ပေလိမ့်မည်။ ထို့နောက် သူသည် ဝိညာဉ်လေများကို ပြီးပြည့်စုံအောင် ပေါင်းစည်းနိုင်မည့် နည်းလမ်းကို ဆက်၍ ရှာဖွေလိုက်လေသည်။
ကျန်းရီ စတင်တရားထိုင်ပြီးနောက် ယဉ်ရို့ပင်းက ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူမသည် ကျန်းရီ၏ စူးရှသောမျက်နှာကိုကြည့်၍ ချိုသာစွာ ပြုံးလိုက်သည်။ ထို့နောက် သူမ မျက်လုံးများ ပြန်မှိတ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်လေသည်။ သူမအိပ်နေသောပုံစံက အလွန်ကြော့ရှင်းသည်။ သူမက မြက်ခင်းပြင်ပေါ်တွင် အိပ်နေခြင်းဖြစ်သော်လည်း ဖဲမွေ့ရာထက်တွင် အိပ်နေသော လူချမ်းသာအမျိုးသမီးတစ်ယောက်နှင့် တူနေပေသည်။ သူမသည် မိစ္ဆာဝိညာဉ်တောင်ကြားထဲတွင် ထူးခြားလှပသော ရှုခင်းတစ်ခုကို ဖန်တီးလိုက်ပေပြီ။
***