ဝိညာဉ်လေများကို ပြီးပြည့်စုံစွာ ပေါင်းစည်းခြင်း
Vol. 80 Ch. 1115
ကျန်းရီသည် ဤတစ်ကြိမ်တွင် ပို၍ အေးချမ်းစွာ တရားထိုင်နိုင်ခဲ့သည်။ သူ့ပေါင်ပေါ်တွင် ခေါင်းအုံးအိပ်နေသော မိန်းမပျိုလေးက သူ့ကို စိတ်အေးချမ်းစေပုံပင်။ သို့မဟုတ် သူမ၏ ခန္ဓာကိုယ်မှ ထွက်လာသော မွှေးရနံ့သင်းသင်းက သူ့ကို အလွန်သက်တောင့်သက်သာ ခံစားနေရပုံပင်။ ထို့ကြောင့် တရားထိုင်ခြင်း၏ အကျိုးသက်ရောက်မှုက များစွာပိုကောင်းနေပေသည်။
အကျိုးသက်ရောက်မှုက ပိုကောင်းသော်လည်း မသိမြင်မနားလည်နိုင်သော အကြောင်းအချို့ကို သိမြင်နားလည်နိုင်မည် မဟုတ်ပေ။ ဝိညာဉ်လေများကို ပေါင်းစည်းရသည်မှာ တာအိုပုံသဏ္ဌာန်ကို လေ့လာရသည်ထက် ပိုခက်သည်။ ဝိညာဉ်လေများက ကွဲပြားသော သဏ္ဌန်ရှိ၍ ၎င်းတို့ကို စုစည်းရသည်မှာ လွယ်သော်လည်း ပြီးပြည့်စုံအောင် ပေါင်းစည်းရန်မှာမူ အလွန်ခက်ပေသည်။ ဥပမာအားဖြင့် ကြိုးနှစ်ချောင်းကို ကြည့်ပါ။ ကြိုးနှစ်ချောင်းကို တစ်ချောင်းနှင့်တစ်ချောင်း ချည်ရန် လွယ်ကူသော်လည်း တစ်ကြိုးတည်းဖြစ်သွားအောင် ပေါင်းစည်းရန်မှာမူ ခက်ပေသည်။
‘သူတို့ကို ပေါင်းစည်းနိုင်ဖို့ ငါ ဘာလုပ်ရမှာလဲ။ ဝိညာဉ်လေတွေကို ပြီးပြည့်စုံသွားအောင်ရော ပေါင်းစည်းနိုင်ရဲ့လား။ ငါ လေမီးစမ်းသပ်ချက်မှာ မြင်ခဲ့ရတာတွေက ဆန်းကြယ်ဧကရာဇ် ဖန်တီးထားတဲ့ ပုံရိပ်ယောင်တွေလား’
ကျန်းရီ၏ စိတ်ထဲတွင် သံသယများ ပြည့်နှက်နေသည်။ သူသည် လေမီးစမ်းသပ်ချက်တွင် တွေ့မြင်ခဲ့ရသည်များကို ပြန်တွေးလိုက်ပြီး ထိုသံသယများကို မောင်းထုတ်ပစ်လိုက်၏။
‘ဝိညာဉ်လေတွေက တကယ် ပေါင်းစည်းနေခဲ့တာပဲ။ ငါ့ကိုယ်ထဲမှာ ပေါင်းစည်းနေတဲ့ ဝိညာဉ်လေတွေ ရှိသေးတယ်။ အဲ့ဒါက ပုံရိပ်ယောင် မဟုတ်ဘူး... တကယ်ပေါင်းစည်းနေတာပဲ’
‘ပေါင်းစည်းနိုင်တဲ့ ဝိညာဉ်လေတွေလား’
ကျန်းရီသည် တွေးတောရင်းဖြင့် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွား၏။ သူသည် နဝမကြယ်စက်လုံးအတွင်းရှိ ပေါင်းစည်းနေသော ဝိညာဉ်လေများကို ထုတ်လိုက်ပြီး သူ၏သွေးကြောများအတွင်း လည်ပတ်စေကာ ၎င်းတို့ကို အသေးစိတ် လေ့လာလိုက်သည်။
အတန်ကြာ လေ့လာပြီးနောက် ကျန်းရီ၏ စိတ်ဝိညာဉ်က စတင် တုန်ယင်လာ၏။ သူ အကြံကောင်းတစ်ခုကို တွေးလိုက်မိပေပြီ။
ကျန်းရီသည် ဝိညာဉ်လေများကို မည်သို့ ပြီးပြည့်စုံအောင် ပေါင်းစည်းရမည်ကို မသိသော်လည်း ပေါင်းစည်းပြီးသား ဝိညာဉ်လေများကို ပြန်ခွဲထုတ်ပစ်နိုင်သည်။ ပေါင်းစည်းပြီးသား ဝိညာဉ်လေအနည်းငယ်ကို ခွဲထုတ်ကြည့်လိုက်လျှင် မည်သို့ပေါင်းစည်းရမည်ဆိုသော နည်းလမ်းကိုလည်း သိလာနိုင်လောက်သည်။
တွေးမိလျှင် လုပ်ရမည်။
ကျန်းရီသည် သူ့ပေါင်ပေါ်မှ ယဉ်ရို့ပင်းကို မြက်ခင်းပြင်ပေါ်သို့ ညင်သာစွာ ချလိုက်၏။ ထို့နောက် သူ မနီးမဝေးရှိ တောင်ကုန်းလေးတစ်ခုဆီသို့ ဦးတည်သွားလိုက်သည်။ ဝိညာဉ်လေများက အလွန်အန္တရာယ်များပေသည်။ သူ ၎င်းတို့ကို မထိန်းချုပ်နိုင်တော့လျှင် ယဉ်ရို့ပင်း ထိခိုက်သွားနိုင်သည်။
ယဉ်ရို့ပင်းသည် ဤတစ်ကြိမ်တွင် အမှန်ပင် အိပ်မောကျနေပေသည်။ ကျန်းရီသည် ပေရာကျော်အကွာရှိ တောင်ကုန်းလေးမှနေ၍ သူမကို လှမ်းကြည့်လိုက်ရာ သူမက နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရ၏။ ထို့ကြောင့် သူ စိတ်အေးသွားပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းသို့ ဝင်လိုက်သည်။ ထို့နောက် သူ ဝိညာဉ်လေများကို ဆက်ထုတ်လွှတ်လိုက်ပြီး ၎င်းတို့ကို ခွဲထုတ်နိုင်မည့် နည်းလမ်းတစ်ခုကို ရှာလိုက်လေသည်။
ရွှီ...ရွှီ...
ကျန်းရီသည် ပေါင်းစည်းပြီးသား ဝိညာဉ်လေတန်းတစ်တန်းကို ထုတ်ယူလိုက်၏။ ထိုဝိညာဉ်လေတန်းက သူ၏ခန္ဓာကိုယ်အတွင်း စုပ်ယူခံခဲ့ရပြီဖြစ်၍ သူပိုင်သောအရာ ဖြစ်နေပေပြီ။ ထို့ကြောင့် သူ ၎င်းကို အလွယ်တကူ ထိန်းချုပ်နိုင်နေသည်။ ကျန်းရီသည် သူ၏စိတ်ကို အသုံးပြု၍ ဝိညာဉ်လေတန်းကို ခွဲထုတ်ရန် ကြိုးစားလိုက်၏။
သို့သော် ပေါင်းစည်းပြီးသား ဝိညာဉ်လေများက တစ်သားတည်းဖြစ်နေရာ ကျန်းရီသည် ၎င်းတို့ကို ခွဲမထုတ်နိုင် ဖြစ်နေသည်။ နောက်ဆုံးတွင် သူသည် အခက်ထန်ဆုံးနည်းကို သုံးရန် ဆုံးဖြတ်လိုက်သည်။ ၎င်းတို့ကို အားသုံး၍ အတင်းခွဲထုတ်ရပေမည်။
ရွှစ်...ရွှစ်...
ကျန်းရီသည် ပေါင်းစည်းပြီးသား ဝိညာဉ်လေတန်းကို တိုက်ခိုက်ရန် အခြားဝိညာဉ်လေတန်းများကို ထပ်မံ ထုတ်လွှတ်လိုက်သည်။ သူသည် ဝိညာဉ်လေတန်းကို ခွဲထုတ်ရန် ကြိုးစားနေရင်း ပေါင်းစည်းမှုနောက်ကွယ်မှ နည်းလမ်းကိုလည်း လေ့လာနေပေသည်။
‘ဒါက...’
ဝိညာဉ်လေတန်းက ကွဲထွက်သွားသောအခါ သိပ်သည်းစွာ ပေါင်းစည်းထားသည့် မရေမတွက်နိုင်သော ဝိညာဉ်လေတန်းအသေးလေးများစွာ ဖြစ်သွားသည်ကို တွေ့လိုက်ရ၍ ကျန်းရီ အံ့အားသင့်သွားသည်။ ဝိညာဉ်လေတန်းတစ်တန်းကို မရေမတွက်နိုင်သော ဝိညာဉ်လေတန်းအသေးစားလေးများဖြင့် ဖွဲ့စည်းထားပုံပင်။ ဥပမာပြရသော် ဆံချည်တစ်မျှင်ကို ဆံသားအပိုင်းအစများစွာနှင့် ဖွဲ့စည်းထားသကဲ့သို့ပင် ဖြစ်သည်။
‘အဲ့ဒါပဲ.. ငါ နားလည်သွားပြီ။ နောက်ဆုံးတော့ ငါ နားလည်သွားပြီ။ မဖြစ်တည်ခင် ပျက်စီးရတယ်။ ငါ ဝိညာဉ်လေတွေကို ပြီးပြည့်စုံအောင် ပေါင်းစည်းချင်ရင် ဝိညာဉ်လေတွေကို အပိုင်းအစလေးတွေ ဖြစ်သွားအောင် ဖျက်ဆီးပစ်ပြီး သူတို့ဘာသာ ပြန်ပေါင်းစည်းသွားအောင် လုပ်ရမှာပဲ...’
“ဟားဟားဟား...”
ကျန်းရီသည် ကောင်းကင်ကိုကြည့်၍ အရူးတစ်ယောက်ကဲ့သို့ ရယ်လိုက်၏။ နောက်ဆုံးတွင် သူ့အား အချိန်အတော်ကြာ ဒုက္ခပေးနေခဲ့သော ပြဿနာ၏ အဖြေကို သူ ရှာတွေ့သွားပြီဖြစ်သည်။ သူသည် ဝိညာဉ်လေတန်းများကို ချက်ချင်း ထုတ်လွှတ်လိုက်ပြီး ၎င်းတို့အချင်းချင်း တိုက်ခိုက်စေလိုက်သည်။ ဝိညာဉ်လေတန်းများက စွမ်းအင်အပိုင်းအစများအဖြစ် ပျက်စီးသွား၏။ ထို့နောက် သူသည် အမည်မဲ့ကျင့်စဉ်ကို သုံးကာ ထိုအပိုင်းအစများကို လျင်မြန်စွာ စုပ်ယူလိုက်လေသည်။
အံ့ဩဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ပေါ်လာသည်။ ထိုဝိညာဉ်လေအပိုင်းအစများက သူ၏သွေးကြောများမှတဆင့် နဝမကြယ်စက်လုံးအတွင်းသို့ ဝင်သွားသောအခါ စတင်၍ အလိုလို ပေါင်းစည်းသွားကြပြီး ပြီးပြည့်စုံစွာ ပေါင်းစည်းထားသော ဝိညာဉ်လေတန်းများအဖြစ် ပြောင်းလဲသွားလေသည်။ ၎င်းတို့က ပျက်စီးပြီးနောက် ပြန်လည်ဖြစ်တည်လာပေပြီ။
“ကောင်းတယ်...”
ကျန်းရီ အတော်လေး စိတ်လှုပ်ရှားလာပြီး ဝိညာဉ်လေများကို ဆက်လက်ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူသည် ၎င်းတို့ကို အချင်းချင်း တိုက်ခိုက်စေကာ စွမ်းအင်အပိုင်းအစများ ဖြစ်သွားစေလိုက်သည်။ ပြီးနောက် သူ ထိုအပိုင်းအစများကို စုပ်ယူ၍ ပြီးပြည့်စုံစွာ ပေါင်းစည်းလိုက်သည်။
“အာ...”
မနီးမဝေးရှိ ယဉ်ရို့ပင်းတစ်ယောက် လန့်နိုးလာ၏။ သူမသည် ကျန်းရီက အလွန်စိတ်လှုပ်ရှားနေပြီး သူ့ပတ်ပတ်လည်မှ ဟင်းလင်းပြင်က တုန်ခါနေသည်ကို မြင်လိုက်၏။ သူမ၏မျက်လုံးများ အရောင်တောက်လာသည်။ ကျန်းရီက ထပ်မံ အဆင့်တက်သွားပုံပင်။ မဟုတ်လျှင် သူ ထိုမျှစိတ်လှုပ်ရှားနေမည် မဟုတ်ပေ။
‘သူက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ။ သူ့ရဲ့ အဆင့်တက်နှုန်းက မြန်လွန်းတယ်။ သူသာ ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှာ မွေးလာခဲ့ရင် အခုလောက်ဆို ကြယ်ခြောက်ပွင့်၊ ဒါမှမဟုတ် ကြယ်ခုနစ်ပွင့်အဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်နေလောက်ပြီ။ သူက ကြယ်ရှစ်ပွင့် ပညာရှင်တောင် ဖြစ်နိုင်သေးတယ်’
ယဉ်ရို့ပင်း ခပ်သဲ့သဲ့ ပြုံးလိုက်ပြီး သူမ၏အမျိုးသားကို ဂုဏ်ယူစွာ ကြည့်လိုက်သည်။ ယဉ်ရို့ပင်း၏ မျက်လုံးထဲတွင် မျိုးနွယ်၏ အကူအညီကြောင့် အဆင့်မြင့်တက်လာသူများမှာ ပါရမီရှင်အစစ်အမှန်များ မဟုတ်ပေ။ ကျန်းရီကဲ့သို့ မိမိကိုယ်ကို အားကိုး၍ အဆင့်တက်နိုင်သူများကသာ ပါရမီရှင်အစစ်အမှန်များဖြစ်သည်။
ကျန်းရီက ဝိညာဉ်လေများကို အလွန်လျင်မြန်စွာ ပေါင်းစည်းနေသည်။ ဝိညာဉ်လေအပိုင်းအစများက နဝမကြယ်စက်လုံးအတွင်း ဝင်သွားပြီးနောက်တွင် အလိုလို ပေါင်းစည်းသွားကြသည်။ သူက ဝိညာဉ်လေများကို ထုတ်လွှတ်၍ အချင်းချင်းတိုက်ခိုက်ခိုင်းပြီး ၎င်းတို့ အပိုင်းအစများဖြစ်သွားလျှင် ပြန်စုပ်ယူလိုက်ရုံသာ။ သူသည် စက်ပစ္စည်းတစ်ခုကဲ့သို့ နဝမမြောက်ကြယ်စက်လုံးအတွင်းရှိ မပေါင်းစည်းရသေးသော ဝိညာဉ်လေများကို ထုတ်လွှတ်၊ အချင်းချင်း တိုက်ခိုက်ခိုင်း၊ အပိုင်းအစများကို ပြန်စုပ်ယူနှင့် အဆက်မပြတ် လုပ်ဆောင်နေလေသည်။
နဝမကြယ်စက်လုံးထဲတွင် ဝိညာဉ်လေများ များစွာရှိသော်လည်း ကျန်းရီသည် တစ်ရက်ကျော်ကျော်လောက်အတွင်းမှာပင် ဝိညာဉ်လေအကုန်လုံးကို ပြီးပြည့်စုံစွာ ပေါင်းစည်းနိုင်လိုက်လေသည်။ သူ့နဝမကြယ်စက်လုံးအတွင်းရှိ ဝိညာဉ်လေတန်း အရေအတွက်က သိသိသာသာ လျော့သွားပေပြီ။ သို့သော် သူ မစိုးရိမ်ပေ။ လက်ရှိ ဝိညာဉ်လေတန်းများက လအနည်းငယ်လောက် ခံပေလိမ့်မည်။ ထို့ပြင် အရှေ့ဘက် တော်ဝင်နယ်မြေ၌ ညအချိန်ဆိုလျှင် ဝိညာဉ်လေများကို အကန့်အသတ်မရှိ ရယူနိုင်သည်။ သူ့တွင်ရှိသော ဝိညာဉ်လေတန်းများ ကုန်သွားလျှင် ထပ်မံစုပ်ယူလိုက်ရုံသာ။
နောက်ဆုံး ဝိညာဉ်လေတန်းများကို ပေါင်းစည်းပြီးနောက် ကျန်းရီသည် ကျယ်လောင်စွာ ရယ်လိုက်ပြီး ကောင်းကင်ထက်သို့ ပျံတက်သွားလိုက်ပြီး သူ့လက်တစ်ဘက်ဖြင့် ဝိညာဉ်လေများ ထုတ်လွှတ်၍ ဝိညာဉ်လေဓားများအဖြစ် ပေါင်းစည်းလိုက်၏။ ထို့နောက် သူသည် ထိုဝိညာဉ်လေဓားများကို အဝေးရှိ တောင်ထွတ်တစ်ခုဆီသို့ ပစ်လွှတ်လိုက်သည်။ သူ၏ဝိညာဉ်လေဓားများက ပြီးပြည့်စုံစွာ ပေါင်းစည်းထားသော ဝိညာဉ်လေများနှင့် ကွဲပြားသည်။ ဝိညာဉ်လေဓားများမှာ ဝိညာဉ်လေများကို ရောထုံး၍သာ ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်လေများက ပြီးပြည့်စုံစွာ ပေါင်းစည်းပြီးသွားပြီဖြစ်သော်လည်း ဝိညာဉ်လေဓားများအဖြစ် ထပ်မံပေါင်းစည်းနိုင်သေးပေသည်။ ပေါင်းစည်းမှုပုံစံနှစ်မျိုးက အချင်းချင်း အဟန့်အတား မဖြစ်စေပေ။
ဂျွက်...
မည်သည့်ပေါက်ကွဲမှုမှ မဖြစ်သွားဘဲ အက်ကွဲသံတစ်သံသာ ထွက်ပေါ်လာသည်။ ထို့နောက် တောင်ထွတ်က ပြတ်ထွက်သွားပြီး ပြိုကျသွားသည်။ တောင်ထွက်နှင့် မြေပြင် ထိသောအခါ ဆူညံသံများနှင့် ဖုန်မှုန့်များလည်း ထွက်ပေါ်လာလေသည်။
“ရို့ပင်း... မင်း လုံလုံလောက်လောက် အနားယူခဲ့ရရဲ့လား”
ကျန်းရီသည် အလွန်ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး ယဉ်ရို့ပင်းကို လှည့်၍ မေးလိုက်၏။ သူမ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမသည် ကျောက်စိမ်းချပ်ဝတ်နှင့် နတ်ဘုရားပစ်လေးတို့ကို ထုတ်၍ ကျန်းရီထံသို့ ပျံသန်းသွားလိုက်သည်။
“သွားကြစို့”
ကျန်းရီ၏ ယုံကြည်မှုက အဆတစ်ရာကျော် တိုးတက်လာပေပြီ။ ပြီးပြည့်စုံစွာ ပေါင်းစည်းထားသော ဝိညာဉ်လေများ ရှိနေပြီဖြစ်ရာ မိစ္ဆာဝိညာဉ်တောင်ကြားကို ဖြတ်ကျော်ရန် ခက်ခဲတော့မည် မဟုတ်ပေ။ ထို့ပြင် သူ၏ ခုခံစွမ်းအားကလည်း များစွာတိုးတက်လာသည်။ ရှီးဖေး၏ ပျက်သုဉ်းကောင်းကင်ဘီးလုံးပင် သူ၏ လက်ရှိ ဝိညာဉ်လေနတ်ဘုရားဒိုင်းကို မဖျက်ဆီးနိုင်လောက်ဟု သူ တွေးလိုက်သည်။
ဝှစ်...
ကျန်းရီနှင့် ယဉ်ရို့ပင်းတို့ နောက်ထပ်တောင်တစ်လုံးဆီသို့ ပျံသန်းသွားလိုက်ကြ၏။ ကီလိုမီတာဒါဇင်အနည်းငယ် ပျံသန်းပြီးနောက်တွင် မျက်စိတစ်လုံး ပုတ်သင်ညိုကြီးတစ်ကောင်က သူတို့ထံသို့ ပြေးလာလေသည်။ ဤတစ်ကြိမ်တွင် ကျန်းရီသည် နတ်ဘုရားအသံ ကောင်းကင်အတတ်နှင့် ဝိညာဉ်လေနတ်ဘုရားဒိုင်းတို့ကိုပင် မသုံးတော့ဘဲ ဝိညာဉ်လေဓားများကိုသာ ထိုသားရဲထံ ပစ်လွှတ်လိုက်သည်။
ရွှက်...ရွှက်...
မျက်စိတစ်လုံး ပုတ်သင်ညိုကြီး ထက်ပိုင်းပြတ်သွားသည်။ ဝိညာဉ်လေဓားများကို သာမန်မျက်စိဖြင့် မမြင်နိုင်ရာ ကျန်းရီ လက်တစ်ချက်လှုပ်လိုက်သည်နှင့် မိစ္ဆာသားရဲကြီးက ထက်ပိုင်းပြတ်သွားသည်ဟုပင် ထင်ရလေသည်။
“ဝိုး...”
ယဉ်ရို့ပင်းက အံ့ဩဝမ်းမြောက်စွာ ပြောလိုက်သည်။
“ကျန်းလန်... ရှင့်ရဲ့ တိုက်ခိုက်စွမ်းအားက အဆအများကြီး တိုးတက်လာတာပဲ။ အခုဆို ကြယ်ခြောက်ပွင့်အဆင့် သိုင်းပညာရှင်တစ်ယောက်နဲ့တောင် ယှဉ်နိုင်နေလောက်ပြီ”
“ဟင်းဟင်း...”
ကျန်းရီက ခပ်သဲ့သဲ့ပြုံး၍ ပြန်ပြောလိုက်၏။
“ကြယ်ခြောက်ပွင့်အဆင့်က ငါ့ရဲ့ ပန်းတိုင်မဟုတ်ဘူး။ ငါ့ရဲ့ ရန်သူက ကြယ်ကိုးပွင့်အဆင့် ပညာရှင်တစ်ယောက်ပဲ။ အဲ့တော့ ငါ့ပန်းတိုင်ကို ရောက်ဖို့ အဝေးကြီး လိုသေးတယ်။ ပြီးတော့ ငါက ကြယ်ကိုးပွင့်အဆင့် ပညာရှင် ဖြစ်လာမှ မင်းရဲ့ အဖေက ငါ့ကို လက်ခံမှာ။ မဟုတ်သေးဘူး... ငါက အပြစ်သားကျွန်းကဆိုတော့ အဲ့လောက်နဲ့ မလုံလောက်လောက်သေးဘူး။ ငါက အတိတ်တုန်းက ဆန်းကြယ်ဧကရာဇ်လောက် စွမ်းအားကြီးလာပြီး လောကတစ်ခွင်လုံးက လူစွမ်းကောင်းတွေကို အနိုင်ယူနိုင်မှ ယဉ်မျိုးနွယ်က ငါ့ကို လက်ခံမှာ”
ယဉ်ရို့ပင်းသည် ချိုသာစွာပြုံး၍ တောက်ပသော မျက်ဝန်းများဖြင့် ခေါင်းညိတ်ကာ ဆိုလိုက်သည်။
“ကျွန်မ အဲ့နေ့ကို စောင့်မျှော်နေပါ့မယ်”
***